နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးက ဒေသခံနှစ်ဦးကို မတရားဖမ်းဆီး ရိုက်နှက် ငွေညှစ်
RB News
14.7.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) လေးမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် ကင်းတောင်ကျေးရွာ အုပ်စုမှ ဒေသခံနှစ်ဦးကို မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင်လ (၇) ရက်နေ့က ဘူးသီးတောင်မြို့နယ် ကင်းတောင် ကျေးရွာအုပ်စု မှ ဦးဒေါဘီရ်အာမတ် (ဘ) ဦးဂူလာမ်ကာစင်နှင့် ဦးဖော်ဇော်အာမတ် (ဘ) ဦးဂူလာမ်ကာစင်တို့ ညီအစ်ကို နှစ်ဦးကို အမှတ် (၂) နယ်မြေ၊ စခန်း အမှတ် (၂၁) လေးမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် စခန်း၏ တပည့်များ ဖြစ်သည့် ဦးရှော်မ်ရှု (ဘ) ဦးရှုနာမျာနှင့် ဦးအာရ်ဖာအာမတ် (ဘ) ဦးဆီနာမီန် (ကြာညိုပြင်)၊ ဦးဇော်မြင့်နိုင် (ခ) ဦးအာနီးစ် (ယခင် န.စ.က) တို့ပူးပေါင်း၍ ကင်းတောင်ရွာမှ မတရားဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။
ဦးဒေါဘီရ်အာမတ်နှင့် ဦးဖော်ဇော်အာမတ်တို့ ညီအစ်ကို နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ကြပြီး၊ စခန်းမှူးက ညှဉ်းပန်း နှိပ်စက် မခံချင်ပါက ငွေကျပ် ၁၀ သိန်းပေးလျှင် ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မတရား ဖမ်ဆီးခံရသည့် ညီအစ်ကိုနှစ်ဦးက ညှဉ်းပန်း နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် လယ်ယာမြေများကို ရောင်းချ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့ကို ငွေကျပ် လေးသိန်း ငါးသောင်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် စခန်းမှူးသည် ဘူးသီးတောင် မြို့နယ်တွင် အဆိုးဝါးဆုံး စခန်းမှူး တစ်ဦး ဖြစ်နေပြီး၊ ဒေသခံ ရိုဟင်ဂျာများကို မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်သည့် အပြင် ထောင်ချခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောပါသည်။ ထိုကဲ့သို့ မတရားသဖြင့် ပြုလုပ်နေမှု များကြောင့် ဒေသခံများ မခံမရပ်နိုင် ဖြစ်လာလျှင် ဖြေရှင်းရ ခက်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ အဆိုပါ စခန်းမှူး၏ မတရားမှုများနှင့် ပတ်သက်၍ အထက်အရာရှိများက သိရှိသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု သိရှိရပါသည်။