နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းမှ အပြစ်မဲ့ ဒေသခံများကို ရဲနှင့် စစ်တပ်မှ ဖမ်း၍ ငွေညှစ်



MYARF
RB News
10.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာနှင့် ငါးခူရ ကျေးရွာ အခြေစိုက် စစ်စခန်းနှင့် ရဲစခန်းများမှ စစ်သားများနှင့် ရဲများက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေစိုက်သည့် စစ်စခန်းမှ စစ်သား (၇) ဦးသည် ဦးအိုမောရ်မျာ (ဘ) ဦးကာဒိရ် (အသက် ၆၅ နှစ်) ကို မလေးရှားသို့ လူကုန်ကူး နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ စခန်း တာဝန်ခံ ဗိုလ်ကြီးက “ဒီကုလားကို ညနေ ၄ နာရီထိ ရိုက်၊ ပြီးရင် ငွေ ၄ သိန်း ယူပြီး ပြန်လွှတ်ဟု” စစ်သားများကို အမိန့် ပေးခဲ့ကြောင်း သိရှိရပါသည်။ စစ်သားများက ၎င်းတို့၏ အရာရှိမှ ပေးသည့် အမိန့်အတိုင်း လူမဆန်စွာ ရိုက်နှက်ပြီး ညနေ (၆) နာရီ အချိန်တွင် ငွေကြေး မတတ်နိုင်သည့် ဦးအိုမောရ်မျာ ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သား များသည် ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဦးအိုမောရ်မျာ၏ သားဖြစ်သူ ဦးဇာဟိတ်ဟူဆောင်း (အသက် ၃၀ နှစ်) ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး၍ ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ များသည် ကပ္ပကောင်း ကျေးရွာသို့ ၀င်ရောက်၍ အိမ်များကို ၀င်ရောက် စီးနင်းပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို RSO နှင့် ပတ်သက် နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ (၃) ဦးမှာ --

(၁) ဦးအာယုဖ် (ဘ) ဦးမာမတ်အာယာစ်
(၂) ဦးရော်ရှိဟူစိန်း (ဘ) ဦးအာမတ်ဟူစိန်း
(၃) ဦးလာလူး -- တို့ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus