နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖိနှိပ်ခံရသူတို့၏ ရင်ဖွင့်သံ



ယျာတင် (MYARF)
RB News
8.12.2014

န.စ.က ဆိုတဲ့ အဖွဲ့ကို ၁၉၉၂ ခုနှစ်က စပြီး အာဏာရှင် လူယုတ်မာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ စီမံကိန်းနဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီ အဖွဲ့ကို ရိုဟင်ဂျာ တစ်မျိုးသားလုံး မျိုးပြုတ်သွားတဲ့ အထိ နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်း နှိပ်စက်ဖို့ သီးသန့် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ ဖြစ်တယ် ဆိုတာလည်း အားလုံး အသိပါပဲ။ အမှန် တကယ် လက်တွေ့မှာလည်း လူစိတ်မရှိတဲ့ န.စ.က တွေက ရိုဟင်ဂျာ လူနည်းစု တွေကို ၂၁ ရာစုမှာ ကမ္ဘာပေါ်မှာ ဘယ်အရပ် ဒေသမှာမှ မရှိတဲ့ နှိပ်စက်မှုတွေနဲ့ ရက်ရက်စက်စက် နှိပ်ကွပ် ခဲ့တယ်။ အဲဒီလို ညှဉ်းပန်း နှိပ်စက်မှုတွေကြောင့် ဒေသခံ ရိုဟင်ဂျာ ထောင်ပေါင်း များစွာဟာ အလွန် ကြမ်းတမ်းပြီး အန္တရာယ် များလွန်းတဲ့ ပင်လယ် ခရီးကြမ်းကို လှေတွေနဲ့ ဖြတ်ပြီး တိုင်းတစ်ပါး နိုင်ငံတွေမှာ ခိုလှိုခဲ့ရတယ်။

န.စ.က ဆိုတဲ့ လူမျိုးပြုတ် သုတ်သင်ရေး အဖွဲ့က မြန်မာနိုင်ငံရဲ့ မူရင်း ဌာနေ တိုင်းရင်းသားတွေ ဖြစ်တဲ့ ရိုဟင်ဂျာ တွေရဲ့ အမျိုးသား မှတ်ပုံတင် ကဒ်ပြား တွေကို အတင်း အဓမ္မ သိမ်းယူပြီး ယာယီ သက်သေခံ လက်မှတ် ဆိုတဲ့ အဖြူကဒ် တွေနဲ့ အစားထိုး ပေးခဲ့တယ်။ ရိုဟင်ဂျာတွေက အစပိုင်းမှာ လက်ခံခြင်း မရှိခဲ့ပေမယ့် တစ်ရွာကနေ တစ်ရွာ လွတ်လပ်စွာ သွားခွင့် မပေးတော့ဘဲ ပုံစံ (၄) ဆိုတဲ့ ယာယီ ခရီးသွားလာခွင့် လက်မှတ်တွေ ယူတဲ့ အခါမှာ အဖြူကဒ်က မဖြစ်မနေ လိုတော့ န.စ.က ရဲ့အလိုကျ ထုတ်ပေးတဲ့ အဖြူကဒ်တွေကို မတတ်သာတဲ့ အဆုံး ကိုင်လိုက်ရတယ်။

လွတ်လပ်စွာ လက်ထပ်ခွင့်ကို ပိတ်ပင် တားဆီးပြီး လက်ထပ်ခွင့် လျှောက်ရပြန်တော့ အဲဒီ အဖြူကဒ်က လိုနေပြန်တယ်။ အဲဒီလိုနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ အတွက် န.စ.က ရဲ့အဖြူကဒ်က ရိုဟင်ဂျာတိုင်းရဲ့ လက်ထဲကို ရောက်လာခဲ့တယ်။ ပြောရမယ် ဆိုရင် န.စ.က ရဲ့ ရိုဟင်ဂျာ တွေအပေါ် ၂၁ နှစ် တိုင်တိုင် ရက်စက် ကြမ်းကြုတ်မှုတွေက ပြောလို့ ကုန်မှာ မဟုတ်ဘူး။

ကမ္ဘာ့ အလယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြား လာခဲ့တဲ့ န.စ.က အဖွဲ့ကို လက်ရှိ အစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့က ဥပဒေနဲ့ မညီညွတ်လို့ ဆိုပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ဖျက်သိမ်း လိုက်ပါတယ်။ သို့သော် ဥပဒေနဲ့ မညီညွတ်တဲ့ အဖွဲ့က ထုတ်ပေးခဲ့တဲ့ ယာယီ သက်သေခံ လက်မှတ်ကိုတော့ ယခု အချိန်ထိ ဥပဒေနဲ့ မညီညွတ်တဲ့ ကဒ်ပြားများ ဆိုပြီး သိမ်းယူခြင်း မရှိသေးပါဘူး။ အမှန်တော့ ဥပဒေနဲ့ မညီညွတ်တဲ့ အဖွဲ့က ထုတ်ပေး ထားတဲ့ လက်မှတ် တွေက ဥပဒေနဲ့ ညီညွတ်စရာ အကြောင်းမရှိပါဘူး။

အဲဒီလို ဥပဒေနဲ့ မညီညွတ်တဲ့ အဖွဲ့က ထုတ်ပေး ခဲ့တဲ့ ယာယီ သက်သေခံ ကဒ်ပြား ကိုင်ဆောင်တဲ့ သူတွေကို ဦးတည်ပြီး အဲဒီ ကဒ်တွေနဲ့ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် မရှိအောင်၊ မဲပေးပိုင်ခွင့် မရှိအောင် လွှတ်တော်ထိ အဆိုတင်ပြီး ဥပဒေ ရေးဆွဲ အတည်ပြု နေခြင်းကလည်း ဥပဒေနဲ့ ညီညွတ်စရာ အကြောင်းမရှိဘူး။ မိမိကိုယ်ကို နိုင်ငံသား တစ်ယောက်၊ တိုင်းရင်းသား တစ်ယောက်လို့ ခံယူသူ တစ်ဦးအနေနဲ့ ကန့်ကွက် ရှုတ်ချကြောင်း ပြောလိုပါတယ်။

Comment ရေးရန်

Rohingya Exodus