နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ဘဇာတွင် ဆွဲ၊တင်၊စစ် ၌ မပါဝင်ပါက သေနတ်ဖြင့် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက်




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ လက်နက်ကိုင် အာဏာပိုင်များက ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက သေနတ်ဖြင့် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဘူးသီးတောင် မြို့နယ် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တောင်ဘဇာ ပတ်ဝန်းကျင် ကျေးရွာ အုပ်စုများ ဖြစ်သည့် ငရန့်ချောင်း၊ သင်္ဂနက်၊ ယင်းမကျောင်းတော်၊ အင်းချောင်း၊ ခြင်းသမား၊ မိကျောင်းဈေးနှင့် ဒါးပိုင်ဆရာတို့မှ ဒေသခံ ရိုဟင်ဂျာ ၂၀၀ ကျော်ကို အစည်းအဝေး ခေါ်ယူပြီး၊ မောင်တောမြို့နယ် ကျီးကန်းပြင် အခြေစိုက် မ.က.ဖ မှ ဒုညွန်ကြားရေးမှူး၊ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲမှူးကြီး စွမ်းဇာနည်၊ တောင်ဘဇာ စခန်းမှ ရဲမှူး စိုးအောင် တို့က မိန့်ခွန်း ပြောကြားရာတွင် ဤတစ်ကြိမ် ဆွဲ၊တင်၊စစ် တွင် သေချာ ပါဝင် ရမည် ဖြစ်ကြောင်း၊ မပါဝင်ပါက ၀တ္တရား နှောက်ယှက်မှုဖြင့် ထောင်ဒဏ် နှစ်နှစ်၊ BD ပုဒ်မဖြင့် ထောင်ဒဏ် ငါးနှစ် ချမည့်အပြင် နေအိမ်များပါ ပြိုချသွားပြီး၊ နောက်ဆုံး သေနတ်ဖြင့် ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ရပ်ရွာ လူကြီး တစ်ဦးက ဤအစီအစဉ်သည် မွတ်စလင်များ အတွက် သီးသန့် ပြုလုပ်ရန် အထက်မှ အမိန့်ညွန်ကြားစာ ထုတ်ပြန် ထားသည်ကို ပြရန် တောင်းဆိုရာ၊ ပြည်ထဲရေး ၀န်ကြီးဌာန၏ မူဝါဒသာ ဖြစ်ပြီး ညွန်ကြားစာ မရှိကြောင်း မ.က.ဖ ဒုညွန်ကြားရေးမှူးက ဖြေကြားခဲ့သည်။

ဆွဲ၊တင်၊စစ် ကို အကြောင်းပြု၍ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ငွေညှစ်နေခြင်းကို ဒေသခံများက တင်ပြသော်လည်း လူကြီးများနှင့် နားလည်မှု ယူရန်သာ ဖြေကြားခဲ့သည်။ ထို့အပြင် မ.က.ဖ အား န.စ.က အဖြစ် အသက်သွင်းခြင်း မဟုတ်သည့် ရခိုင်ပြည်နယ် အစိုးရ၏ စာနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus