နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်မှ အုပ်ချုပ်ရေးမှူး၏ တပည့်က တရားမ၀င် ဇနီးကို ကိုယ်ဝန် ဖျက်ချခိုင်းရာမှ သေဆုံးမှု ဖြစ်ပွား

ကျော်ဇေယျာဦး


RB News
20.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဆင်းရဲသည့် မုဆိုးမ တစ်ဦး၏ သမီးဖြစ်သူကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့် ကျော်ဇေယျာဦးက တရားမ၀င် မယားငယ် အဖြစ် သုံးနှစ်နီးပါး ပေါင်းသင်းပြီး ခြိမ်းခြောက်၍ အကြိမ်ကြိမ် ကိုယ်ဝန် ဖျက်ချခိုင်းခဲ့ရာ ယခု တစ်ကြိမ်တွင် အဆိုပါ အမျိုးသမီး၏ အသက်ပါ ဆုံးရှုံးသွားခဲ့ရကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အလယ်သံကျော် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးမှ ဦးမောင်သက်နိုင် ဖြစ်လာခဲ့သည်။ ထိုအချိန်မှ စ၍ ၎င်း၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦးသည် ကျေးရွာသူ ကျေးရွာသားများအား အကြောင်း အမျိုးမျိုး ပြပြီး ငွေညှစ်ခြင်း၊ အနိုင်ကျင့် စော်ကားခြင်း၊ အမျိုးသမီး များအား အတင်း အဓမ္မ ဖြစ်စေ၊ ငွေကြေးဖြင့် ဖြစ်စေ သားမယား ပြုကျင့်မှုများ ပြုလုပ်ခြင်းများဖြင့် ကျော်ကြားနေသူ တစ်ဦးဖြစ်သည်။ ၎င်းတွင် တရားဝင် ဇနီးတစ်ဦး ရှိပြီး သားသမီး (၇) ဦး ရှိသည်။ ထို့အပြင် တရားမ၀င် ဇနီး (၃) ကိုလည်း တရားဝင် ဇနီးကဲ့သို့ ထားရှိကာ ပေါင်းသင်း နေသည်ကို ရွာသူရွာသားများ အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အားလုံးက သိရှိထားသည်။ အဆိုပါ တရားမ၀င် ဇနီးများမှ အငယ်ဆုံး ဖြစ်သည့် မဟူမိုက်ရာ (ဘ) ဦးဆုလ်တာန် (အသက် ၂၀ နှစ်) ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စ၍ အတင်းအဓမ္မ ခြိမ်းခြောက်၍ ပေါင်းသင်း နေခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ အဆိုပါ အမျိုးသမီးမှာ ကိုယ်ဝန် ငါးကြိမ် ဖျက်ချခဲ့ရကြောင်း မိသားစုဝင်များ၏ ပြောကြားချက်များ အရ သိရသည်။ မဟူမိုက်ရာ၏ အစ်ကို ဖြစ်သူ ဦးအာဆော်ဒူလ္လာက ယခုတစ်ကြိမ်တွင် ကိုယ်ဝန် (၇) လ ရှိနေချိန်တွင် ကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ မဟူမိုက်ရာနှင့် ပေါင်းသင်း နေခြင်းမှာ ဘာသာရေး အရ တရားဝင်သော်လည်း၊ ဥပဒေအရ တရားမ၀င်သေးကြောင်း၊ ယခုအချိန် ကလေးယူလျှင် နှစ်ဦးလုံး ထောင်ထဲရောက်ရမည် ဖြစ်ကြောင်း ပြောဆို စည်းရုံး၍ ကိုယ်ဝန် ဖျက်ချခိုင်းသော်လည်း အသက် အန္တရာယ် ရှိသည့်အတွက် လက်မခံခဲ့ကြောင်း၊ နောက်ဆုံးတွင် ကျော်ဇေယျာဦးက ကိုယ်ဝန် မဖျက်ချလျှင် အာဏာပိုင်များနှင့် ပူးပေါင်း၍ ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုသည်။

ကျော်ဇေယျာဦးသည် လွန်ခဲ့သည့်လက မောင်တူလာရွာမှ ဒေါ်လေဒို (ဘ) ဦးဘာဆာမျာ (အသက် ၆၀ နှစ်) နှင့် အတူ မဟူမိုက်ရာ၏ နေအိမ်သို့ ရောက်ရှိလာပြီး ကိုယ်ဝန်ဖျက်ချရန် အပင်တစ်မျိုး၏ အမြစ်ကို အမျိုးသမီး၏ အင်္ဂါမှ တဆင့်ထည့်သွင်းရာ ကိုယ်ဝန် မပျက်ဘဲ ထည့်သွားထားသည့် ဆေးဖက်ဝင် အမြစ်မှာ ၀မ်းထဲတွင် ကျန်ရစ်ခဲ့သည်။ သုံးရက်ကြာသည့် အခါ ဒုတိယ အကြိမ် ထည့်ခဲ့ပြီး ကိုယ်ဝန်ပျက်ကျ သွားသော်လည်း သွေးဆင်းမှု မရပ်ဘဲ ဧပြီလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကိုယ်ဝန်ဖျက်ချ ထားသည့် ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျော်ဇေယျာဦးသည် မဟူမိုက်ရာ သေဆုံးသွားသည့် သတင်းကို ရသည်နှင့် ချက်ချင်း ရောက်ရှိလာပြီး အမြန်ဆုံး မြေမြှပ် သဂြိုဟ်ရန် ခြိမ်းခြောက် ပြောဆိုလာသဖြင့် ယင်းနေ့ ညနေ ၄ နာရီတွင် မြေမြှပ် သဂြိုဟ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများက မရှိဆင်းရဲသည့် မုဆိုးမ တစ်ဦး၏ အပြစ်မဲ့ သမီးကို ခြိမ်းခြောက်၍ အတင်းအဓမ္မ ပေါင်းသင်းသည့် အပြင် ယခုကဲ့သို့ အသက်ပါ ဆုံးရှုံးရသည့် အထိ လူမဆန်စွာ ပြုမှုခြင်းအတွက် အထက် အာဏာပိုင်များက ဥပဒေအရ ထိရောက်စွာ အရေးယူပေးပါရန်နှင့် ၎င်းတို့အနေဖြင့် အားကိုးတကြီး စောင့်မျှော်လျက် ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus