နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်တွင် မိုးသည်းထန် မြေပြို၊ သတိထားသွားကြရန် အစိုးရနှိုးဆော်



ရွှေအောင်
27.6.2015

ရခိုင်ပြည်နယ် အတွင်း မိုးကြီးပြီး မြေပြို တာကြောင့် လမ်းပိတ် ဆို့မှုတွေ ရှိနေပြီး အခုရက်ပိုင်း သတိထားသွားလာကြဖို့ ပြည်နယ် အစိုးရက သတိပေး နှိုးဆော် ထားပါတယ်။

ပြည်နယ် အတွင်း ၂ နေရာ လောက်မှာ မိုးကြီးလို့ မြေပြိုပြီး လမ်းပိတ် ဆို့နေတာ ရှိနေတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကျနော် မနက်က နောက်ဆုံး အချိန် အထိ ဆက်သွယ်ထား ရသလောက်တော့ ကယ်ဆယ်ရေး စခန်း ဖွင့်ပြီး လုပ်ရတဲ့ ပုံစံတော့ မရှိဘူး၊ မင်းဘူးဘက်က ရခိုင်ဘက် လာတဲ့လမ်းမှာ လမ်းပြိုပြီး လမ်းပိတ်နေတာ ရှိပါတယ်။ လမ်း ၄ နေရာလောက်ပိတ်နေလို့ အဲ့ဒီနေရာတွေမှာ ဘေလီတံတားထိုးပြီး ပြင်ရမယ့်အပိုင်း ရှိပါတယ်။ နောက်တခါ ကျောက်တော်နဲ့ မြောက်ဦးဘက်လာတဲ့ လမ်းဘက်မှာလည်း မြေပြိုတာတွေ ရှိတယ်။”

မိုးများပြီး ချောင်းမြောင်းတွေ ရေမြင့်တက်လာလို့ ကားလမ်းထိပ်ထိ ရေထိုးလာတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။

ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးလေ၀သဌာနက ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ရခိုင်နဲ့ တနင်္သာရီ အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး ရေကြီးနိုင်တယ်၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

အဲ့ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပြီး ဒေသအလိုက် မိုးကြီးခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်နဲ့ တနင်္သာရီ၊ ထားဝယ်ဘက်တို့မှာ ရေကြီး ရေဖုံးလွှမ်းတာနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရခိုင်မှာ နောက် ၃ ရက်၊ တနင်္သာရီမှာ နောက် ၅ ရက်လောက်ထိ မိုးကြီးနိုင်သေးတယ်လို့ ခန့်မှန်းပြောပါတယ်။

“မုတ်သုံက ခုချိန်ထိကို အားအလွန်ကောင်းနေသေးတယ်။ ရခိုင်ရော၊ တနင်္သာရီရော အားအလွန်ကောင်းနေသေးတယ်။ နောက် နှစ်ရက်သုံးရက်လောက်နေမှ ရခိုင်ဘက်က နည်းနည်းလေး ကျသွားမယ်၊ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ နောက်ထပ် ငါးရက်ခြောက်ရက်လောက်ထိ အားကောင်းနိုင်တဲ့ အနေအထား ရှိပါသေးတယ်ဗျ။”

Comment ရေးရန်

Rohingya Exodus