နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
2.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှကံ (မြိုလူမျိုး) နှင့် ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကူများ ဖြစ်သော ဦးမော်နိုရ်အာမတ်၊ ဦးမာတာမီးန်၊ ဦးအဒူရော်ဟိမ်းနှင့် ဘဒကား ကျေးရွာအုပ်စု ပန်ဇီရွာမှ ဦးတာဟဲရ်တို့က ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများထံ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၅) ရက်နေ့တွင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲ များ၏ အကူများက Symphony ဟန်းဆက် တစ်လုံးနှင့် သီချင်း နားထောင်ရင်း လမ်းလျှောက် သွားနေသည့် ဘဒကား ကျေးရွာမှ ဂျူဟာရ် (ဘ) ဦးဖေရာန်အလီကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ ပန်ဇီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ အတင်း အဓမ္မ ခေါ်ဆောင် သွားပြီး ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည့် အပြင် ၎င်းကျေးရွာမှ ရှော်မုလုခ် (ဘ) ဦးအဒူဆော်လာမ် ထံတွင်လည်း ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု အတင်း အဓမ္မ ထွက်ဆိုခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် ရှော်မုလုခ်ကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ လွန်ခဲ့သည့် မေလ အလယ်ပိုင်းတွင်လည်း အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဘဒကား ကျေးရွာ အုပ်စု၊ တောင်ရွာမှ အာဘာစ်မျာ (ဘ) ဦးနော်ဇိရ်အာမတ်ကို RSO အဖွဲ့အား ထမင်းကျွေးခဲ့သည်ဟု လုပ်ကြံ လီဆယ် စွပ်စွဲ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းရွာမှ အခြား မိသားစု ၄ စုကိုလည်း ထိုကဲ့သို့ လုပ်ကြံ လီဆယ် စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ရာ မိသားစုများက ၎င်းတို့ တောင်းသည့် ငွေကို မပေးသဖြင့် နယ်ခြားစောင့် ရဲများနှင့် ဖမ်းဆီးရန် နေအိမ်များသို့ အကြိမ်ကြိမ် လာရောက် နှောက်ယှက် သဖြင့် ၎င်းမိသားစုများမှာ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင် နေရကြောင်း သိရှိရသည်။ 

ပန်ဇီစခန်းမှ နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြောင်း အမျိုးမျိုး ဖန်တီးကာ မကြာခဏ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus