နောက်ဆုံးသတင်း/ဆောင်းပါးများ

မုန်တိုင်းသင့် ဒုက္ခသည် ရွာသားများကို နယ်ခြားစောင့် ရဲများက အတင်းအဓမ္မ စေခိုင်းမှု ပြုလုပ်လျက်ရှိ



Rohingya Eye
RB News
9.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာတွင် အိမ်ခြေပေါင်း ၁၂၀၀ ခန့်ရှိပြီး၊ လူဦးရေ ၅၄၀၀ ကျော် ရှိသည်။ အများအားဖြင့် တံငါးသည် လုပ်ငန်း၊ တောင်ယာ လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြပြီး ဆင်းရဲ နွမ်းပါးသူ များပြားသည့် ကျေးရွာ ဖြစ်သည်။

ဇူလိုင်လ (၂၉) ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် အိမ်ခေါင်မိုးများ၊ အိမ်အချို့နှင့် သစ်ပင် အများအပြား ပြိုလဲ ကျခဲ့သောကြောင့် ပြန်လည် နာလန်ထူနိုင်ရန် အလွန့်အလွန် ရုန်းကန်နေရလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့အပြင် ဆန်ဈေးနှုန်းများလည်း အဆမတန် မြင့်မားလာမှုကြောင့် စားဝတ်နေရေး အတွက် အခက်အခဲများ ကြုံတွေ့လျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း နှစ်ခုနှင့် တပ်မတော် တပ်ရင်းမှ တပ်စခန်း တစ်ခု ရှိသည်။ အဆိုပါ စခန်းများကို ၀ါးထရံ၊ သက်ကယ်များဖြင့် ဆောက်လုပ် ထားခဲ့ရာ၊ မုန်တိုင်း၏ အရှိန်ကြောင့် ကင်းစခန်းများ ပြိုလဲ ပျက်စီးသွားခဲ့သည်။ 

ဇူလိုင်လ (၃၁) ရက်နေ့မှ စ၍ ယနေ့ထိ ကင်းစခန်း တစ်ခု ပြန်လည် ပြုပြင် တည်ဆောက်ရန် အတွက် အဆိုပါ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသား ၆ ဦးစီကို နေ့စဉ် အတင်းအဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

မုန်တိုင်းဒဏ်ကြောင့် ကျေးရွာသားများ ရုန်းကန်နေရသည့် အချိန်တွင် အစိုးရမှ တစ်စုံတစ်ရာ ကူညီမပေးသည့် အပြင် လုံခြုံရေး တာဝန်ယူရသည့် နယ်ခြားစောင့် ရဲများနှင့် စစ်သားများက အကြင်နာတရား သနားညှာတာမှု ကင်းမဲ့စွာ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများက အလွန်စိတ်ပျက် လျက်ရှိနေကြသည်။

ကျောက်ပန္ဒူ ကျေးရွာတွင် ရခိုင်နှင့် ရိုဟင်ဂျာများ နေထိုင်ကြသော်လည်း ရခိုင်များကို အတင်းအဓမ္မ ခိုင်းစေခြင်း မပြုလုပ်ဘဲ ရိုဟင်ဂျာများကို ခိုင်းစေလျက် ရှိသည့်အပြင် ၀ါးများကိုလည်း ရိုဟင်ဂျာများထံမှ အတင်းအဓမ္မ ယူလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus