"ဒေါ်အောင်ဆန်းစုကြည်သိပါလေစ"
(ဓါတ်ပုံ - AP) |
ကျော်သူရ(ရှင်ပက္ခိ)
RB News
2.2.2018
၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့နေရပ်ရင်းကို ဘာကြောင့် စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါတွေ လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အခုဆိုရင် ၄ လကျော်လွန်သွားပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အဖြေကို အခုထိ လေ့လာလို့ မပြီးသေးတာလား၊ မလေ့လာဘဲ ထားလိုက်တာလား၊ လေ့လာပြီးသော်လည်း အမှန်ကို ထုတ်မပြောဘဲ နေနေတာလား။ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။
ပထမဦးဆုံးအနေနဲ့ ... ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခိုလှုံနေရသူ ရိုဟင်ဂျာတွေကို နိုင်ငံတကာ အစိုးရအဖွဲ့အစည်း၊ လူ့အခွင့်အရေး အဖွဲ့အစည်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက ဒုက္ခသည်၊ အသက်လုထွက်ပြေးလာခဲ့ရသူများ၊ လူသတ်ကွင်းမှ ရှောင်ထွက်လာနိုင်ခဲ့သူများ ဆိုပြီး သုံးနှုန်း ဖော်ပြနေကြပေမယ့် မြန်မာအစိုးရနဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေကတော့ ခိုးဝင်ဘင်္ဂလီ၊ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂလီ၊ ထွက်ပြေးသွားသူ စသဖြင့်သာ သုံးနှုန်းနေကြတာ တွေ့ရပါတယ်။
လူ့သဘာဝအတိုင်းပြောရရင် လူတွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ ဘယ်ဒေသကိုမဆို သွားချင်ကြတာက ဓမ္မတာပဲ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကတော့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့အတိုင်း သွားနေကြတာလည်းမဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်ဟာ မြန်မာထက် ဘက်ပေါင်းများစွာမှာ သာပြီး ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ပေမယ့် အခု ရိုဟင်ဂျာတွေ သွားနေတဲ့ဟာက မိမိအသက်ကို ဆက်လက်ရှင်သန်ခွင့်ရဖို့ကိုသာ မျှော်ကိုးပြီး သွားခဲ့တယ်ဆိုတာ သက်သေပြနိုင်စရာ အကြောင်းအရာအများကြီးရှိပါတယ်။ ပိတ်လှောင်ထားမယ့် စခန်းတွေထဲမှာ နေရမယ်ဆိုတာကို သိလျက်နဲ့ပေါ့။
ဒါကြောင့် ဘင်္ဂလားဒေရှ့် ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေတဲ့၊ ခိုလှုံဖို့သွားနေရတဲ့ ရိုဟင်ဂျာတွေကို သတင်းတွေထဲမှာ "ရှင်သန်ခွင့်ရဖို့ အသက်လုထွက်ပြေးနေရသူ ရိုဟင်ဂျာများ ၊ မိမိရဲ့မွေးရပ်မြေမှ မောင်းထုတ်ခံနေရသူ ရိုဟင်ဂျာများ" လို့ပဲသုံးမှ မှန်ကန်ပါလိမ့်မယ်။
ပြန်ခေါ်မယ့်ရက်တွေ အချိန်းအချက်တွေ ကျော်နေပေမယ့် ယနေ့ထိ ဘာလို့ မောင်းထုတ်ခံနေရတာလဲ။ မောင်းထုတ်နေသူတွေရဲ့ မောင်းထုတ်နေတဲ့ ဆွဲပြီးသား ဇယားအစီအစဉ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အောက်မှာ ကြည့်ကြရအောင်။ မောင်းထုတ်တဲ့ စနစ်တွေကိုတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်စု လေးငါးအုပ်စုရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေပေါ်မှာ အခြေခံပြီး ပြောပြပါမယ်။
(၁) ဆွဲတင်စစ်
အမှန်အတိုင်းဆိုရင် ဆွဲ၊တင်၊စစ် ဆိုတာကို လုပ်လာတာ ၂၇ နှစ် ရှိနေပါပြီ။ ဆွဲ၊တင်၊စစ် ဆိုတာ ရှင်းရှင်းပဲ အနက်ဖွင့်ရရင် လူဦးရေ အတိုးအလျှော့ စစ်ဆေးခြင်းပါပဲ။ သေတဲ့သူတွေနဲ့ နိုင်ငံခြားရောက်သွားသူတွေကို အိမ်ထောင်စုစာရင်းကနေ ပယ်ဖျက်ခြင်း၊ အသစ်မွေးလာတဲ့ကလေးတွေကို အိမ်ထောင်စုစာရင်းမှာ တင်သွင်းပေးခြင်းနဲ့ အပြောင်းအရွေ့ကိစ္စတွေကို ဆောင်ရွက်ပေးခြင်းပါပဲ။ ဒါပေမယ့် အခုလုပ်နေတဲ့ ဆွဲ၊တင်၊စစ် ပုံစံက ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားတဲ့ တရားခံတွေကို တရားစီရင်နေသလိုပုံစံမျိုးနဲ့ ပြုလုပ်နေတာ တွေ့ရပါတယ်။
အခုဆိုရင် ဆွဲ၊တင်၊စစ် ဆိုတာကြီးကို တနှစ်မှာ နှစ်ကြိမ်စီ ပြုလုပ်တယ်။ မိသားစုဝင်အားလုံးကို တစ်နေရာတည်းမှာရပ်စေပြီး ဓာတ်ပုံရိုက်တယ်။ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့အတွက် အခကြေးငွေကို ဒေသခံရိုဟင်ဂျာတွေ ဘက်ကပေးဆောင်ရတယ်။ တစ်အိမ်ထောင်ကို အနည်းဆုံး ၅၀၀၀ ကျပ်။
(၂)
အသစ်မွေးလာတဲ့ ကလေးတစ်ယောက်ကို မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ တင်ဖို့ လ.ဝ.က ဖက်က ထောက်ခံချက် လက်မှတ်တစ်ခုကို ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ အရှင်မွေးတယ်ဆိုပြီး ထောက်ခံချက်တစ်ခုကို ဆေးရုံက သားဖွားဆရာမဆီက ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးဖက်ကလည်း ထောက်ခံစာတစ်ခုကို ၅၀၀၀ ကျပ်ပေးပြီး ယူရတယ်။ ပြီးတော့ မိမိရဲ့တရားဝင်သားဖြစ်ကြောင်းကို သက်သေခံစာအဖြစ် အိမ်နီးနားချင်းနှစ်ဦးမှ သက်သေခံပေးရတဲ့ သက်သေခံစာတစ်ခုလိုတယ်။ ပြီးတော့ တရားဝင်လက်ထပ်တဲ့ လက်ထပ်ခွင့် စာချုပ်မိတ္တူတွေလည်း လိုအပ်တယ်။ ဒါတွေအားလုံးကို ငွေအကုန်အကျခံပြီး စုနိုင်ဖို့အတွက် အနည်းဆုံး (၃) ရက်လောက်လိုအပ်တယ်။ မိမိရဲ့ကလေးတစ်ယောက် မိမိအိမ်ထောင်စုစာရင်းမှာ တင်ဖို့အတွက် စာရွက်စာတမ်းတွေစုရတာကို ကြည့်ရင် နိုင်ငံတော် အဆင့်ရာထူးအတွက် လျောက်လွှာတင်ရသလို ဖြစ်နေတယ်။ စာရွက်တွေက မနည်းဘူးလေ။ သို့ပေမယ့် ယခုထိတော့စာရင်းထဲကို မဝင်နိုင်သေး။ စာရင်းတင်ဖို့အတွက် စုပြီးတဲ့ စာရွက်တွေကို ဆွဲ၊တင်၊စစ် အဖွဲ့ဆီသွားတင်ရတယ်။ အဲ့မှာလည်း ငွေ ၂၀၀၀၀ ကျပ်ပေးရတယ်။
တကယ်လို့ ကလေးရဲ့အသက်က (၃) နှစ်ပတ်ဝန်းကျင်မှာ ရှိနေရင်တော့ အိမ်ထောင်စုစာရင်းမှာ တင်မပေးနိုင်ဘူးလို့ ပြောတယ်။ တကယ်တော့ ဒီကလေးတွေကို အရင်နှစ် ဆွဲ၊တင်၊စစ် တုန်းက အိမ်ထောင်စုစာရင်းမှာ သူတို့ပဲ ငွေမပေးနိုင်လို့ မတင်ပေးတာက ရှင်းနေတာပဲ။ အရင်က တင်မပေးခဲ့တာလည်းသူတို့ပဲ။ အခု အသက်ကြီးတယ်လို့ အကြောင်းပြနေတာလည်း သူတို့ပါပဲ။ အဲဒီအချိန်မှာ မိဘက စိုးရိမ်စိတ်နဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ဗျာများနေရချိန် ဆွဲ၊တင်၊စစ် အဖွဲ့က အဲအချိန်မှာ အသင့်မွေးစားထားတဲ့ ပွဲစားက ချဉ်းကပ်လာပြီးတော့ သူလုပ်ပေးမယ်ပြောတာပါပဲ။ သိန်းနဲ့ချီတဲ့ ငွေပေးပြီး ပွဲစားကို အပ်မှ အဆင်ပြေတတ်တယ်။ မိဘက ဘာတတ်နိုင်မလဲ။ အယောက်တစ်ရာမှာ တစ်ယောက်လောက်ကပဲ ပွဲစားကိုအပ်ပြီး အဆင်ပြေသွားပေမယ့် တစ်နေ့လုပ်ပြီး တစ်နှပ်စားနေရသူတွေက ဘယ်တတ်နိုင်မလဲ။ မလုပ်ဘဲ နေလိုက်တော့တာပဲ။ ဒီတော့ ဒီကလေးတွေ ကြီးလာတော့ စာရွက်စာတမ်းမဲ့ ဖြစ်သွားရတယ်။ ဒါကရော သွယ်ဝိုက်တဲ့ နည်းနဲ့ မောင်းထုတ်နေတာ မဟုတ်ဘူးလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ချင်ပါတယ်။
ပြည်သူကို အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ဆိုပြီး အစိုးရက ဘယ်အချိန်မှာ အလုပ်အကိုင် ဖန်တီးပေးထားတာရှိလို့လဲ။ မရှိတဲ့ကြားကနေ ဆင်းရဲသားတွေရဲ့ မျက်ရည်စာတွေနဲ့ သူတို့ရဲ့ ဗိုက်ခေါက်ထူလာအောင်အထိ ငွေညှစ်ပြီး စားနေကြတာကတော့ လူ့အလုပ်မဟုတ်ပါဘူး။ အမှန်မှာ သူတို့မှာစားဖို့မရှိလို့ ဒီလိုမျိုး ဓားပြတိုက်နေတာမဟုတ်ဘူး။ ရိုဟင်ဂျာတွေ တကယ်ထွက်ပြေးသွားအောင် စနစ်ကျကျ ညစ်ပတ်နေတာပါပဲ။
(၃)
သေဆုံးသွားသူတယောက်ကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လိုက်ဖို့အတွက်လည်း အနည်းဆုံး ငါးထောင်ကျပ် ပေးရတယ်။
(၄)
နိုင်ငံခြားထွက်သွားနေသူ တစ်ယောက်ကို အိမ်ထောင်စု စာရင်းမှ ဖယ်ဖျက်လိုက်ဖို့အတွက်လည်း အနည်းဆုံး တစ်သောင်းကျပ်ပေးရတယ်။
(၅)
အိမ်ထောင်ပြုသော အမျိုးသမီးတွေကို မိဘရဲ့ အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပြီး လက်ရှိယောက္ခမ (သို့မဟုတ်) အခြား အိမ်ထောင်စုစာရင်းမှာ ပြောင်းရွေ့ စာရင်းသွင်းရာမှာလည်း စည်းနှစ်ခု သတ်မှတ်ထားတယ်။ တစ်ခုကတော့ အကယ်၍ သတို့သားနဲ့ သတို့သမီး တို့ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ နယ်မြေတစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တစ်ခုစီက ဖြစ်နေရင်တော့ သိန်းနဲ့ချီတဲ့ ငွေပေးမှ ရတယ်။ နောက်တစ်ခုက နယ်မြေတစ်ခုတည်းထဲက ဖြစ်ရင်တောင် ပြောင်းရွေ့ခ ဆိုပြီး အနည်းဆုံး ငွေကျပ် (၄) သောင်းပေးရတယ်။ မတတ်နိုင်သူတွေက ဒီအတိုင်းနေလိုက်တော့ သူတို့ရဲ့ မွေးလာတဲ့သားသမီးတွေကိုလည်း အိမ်ထောင်စုစာရင်းမှာ တင်ခွင့်မရတော့ဘူး။
(၆)
ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း အတော်ကို ရင်နာစရာဖြစ်အောင် ပြုလုပ်တယ်။ အမျိုးသမီးတွေကို ဝတ်ရုံချွတ်ခိုင်းခြင်း၊ လှောင်ပြောင်ခြင်း၊ စော်ကားခြင်းတွေ ပြုတတ်တယ်။
နောက်တစ်ခုက တချို့အိမ်ထောင်စုစာရင်းဆိုရင် အဘိုးအဘွား၊ သားသမီး မြေးမြစ် မျိုးဆက်လေးဆက်ထိကို တစ်ခုထဲမှာပဲ စုပုံထားတယ်။ အမှန်ဆိုရင် ယခင် ၁ဝ နှစ်ကတည်းကပင် ခွဲပေးဖို့လိုနေတာ။ အဲဒီတော့ အိမ်ထောင်စာရင်း စာရင်းတစ်ခုတည်းမှာပင် လူ ဒါဇင်နဲ့ချီ ဖြစ်သွားတာနဲ့ သူတို့က အတော်ကို အဆင့်နိမ့်တဲ့ စကားတွေနဲ့ လှာင်ပြောင်ကြတယ်။ စိတ်နှလုံးထဲနာကျင်အောင် ဆက်ဆံတတ်တယ်။ ရိုဟင်ဂျာတွေကို စိတ်ရော ကိုယ်ပါ နားကျည်းအောင်လုပ်နေတာ ဖြစ်တယ်။
ဒါတွေကတော့ ဆွဲတင်စစ်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခသံသရာပါပဲ။
ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် စားရေးသောက်ရေးအတွက် အင်မတန် ရုန်းကန်နေရပြီး ကျီးလန့်စာ စားသလို နေနေရတဲ့ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အနည်းငယ်တွေကိုလည်း မြန်မာပြည်က ထွက်ပြေးသွားအောင် တမင်ကြံစည်ပြီး နှိပ်စက်နေတာ မဟုတ်ဘူးလား။
ရိုဟင်ဂျာတွေ အဲဒါကြောင့် နေ့စဉ် အသက်လုပြီး ထွက်ပြေးနေရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိအောင် ဖြစ်အောင် ပြောပြချင်တယ်။
ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ သိပြီး မသိဟန်ဆောင်နေတာလား။ ကိုးကွယ်တဲ့ဘာသာ မတူလို့ပဲ တမင် ခွဲခြားဆက်ဆံပြီး လူတွေကို ထွက်သွားအောင် ဖိအားပေးနေတာ မဟုတ်ဘူး။
ငြိမ်းချမ်းရေး နိုဘယ်ဆု ဂုဏ်ပုဒ်ရှင်ရေ ... ဒါတွေအားလုံး အသင်သိပါလေစ။