နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေနောက်ငါးသား အုပ်ချုပ်ရေးမှူးက အာဏာ အလွဲသုံးစား ပြုလုပ်၍ ရွာသားများကို နှိပ်ကွပ်လျက်ရှိ




MYARF
RB News
5.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရေနောက်ငါးသား ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြသည် ဒိုင်းနက် အမျိုးသား တစ်ဦး ဖြစ်ပြီး ရိုဟင်ဂျာ လူမျိုး အိမ်ခြေ (၂၀၀) ခန့်၊ ဒိုင်းနက် လူမျိုး အိမ်ခြေ (၄၀) ခန့်နှင့် မြိုလူမျိုး အိမ်ခြေ (၂၅) အိမ်ခန့်ကို အုပ်ချုပ်နေသူ ဖြစ်သည်။ ၎င်းသည် ၂၀၀၈ ခုနှစ် ကတည်းက စတင်ပြီး ယခုအချိန်ထိ ကျေးရွာ အကြီးအကဲ ဆောင်ရွက်နေသူ ဖြစ်၍ ခရိုင်၊ မြို့နယ်ရှိ အာဏာပိုင် အဆင့်ဆင့်နှင့် ခင်မင် ရင်းနှီး နီးစပ်သူ ဖြစ်သောကြောင့် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းကာ ရိုဟင်ဂျာ လူမျိုးများကို ခွဲခြား ဆက်ဆံ ဖိနှိပ်ချုပ်ချယ်၍ အာဏာ အလွဲသုံးစား ပြုလုပ်နေသူ ဖြစ်သည်။ 

၎င်းနှင့် ပတ်သက်၍ ကျေးရွာသားများက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း အရေးမယူသည့် အပြင် တိုင်စာကို ၎င်း၏ လက်ထဲသို့ ပို့၍ တိုင်ကြားသူများကို မြို့နယ် အာဏာပိုင်များက ပြန်လည် နှိပ်ကွပ် စေခဲ့သည့် ဖြစ်ရပ်ပေါင်းများစွာ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး မဖြစ်မှီက မိသားစုဖြင့် နေထိုင်ရန် နေအိမ် ကောင်းကောင်းမွန်မွန် တစ်လုံးပင် မပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး၊ ယခုအခါ သွပ်မိုး၊ ပျဉ်ထောင်အိမ် နှစ်လုံး၊ ဈေးဆိုင်ခန်းနှင့် ဗွီဒီယိုရုံ အရှည် တစ်ဆောင်၊ ဆိတ်၊ ၀က် မွေးမြူရေး ခြံတစ်ခြံ၊ ကား၊ မော်တော်ဆိုင်ကယ်၊ ဟာလာစက်၊ သစ်သီးခြံ တစ်ခြံနှင့် လယ်မြေဧကပေါင်း များစွာ တို့ကို ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်၍ ပိုင်ဆိုင် ထားသည်ဟု ဒေသခံများက ဆိုသည်။ 

စက်တင်ဘာလ (၂၂) ရက်နေ့က ရေနောက်ငါးသား အလယ်ရွာမှ မော်လ၀ီ ဦးအာဘူတာဟေ့ရ် (အသက် ၄၅ နှစ်) ကို ၎င်း၏ ခြံမှ မာလကာသီး ခိုးစားသူကို ပြမပေးဟု မဆီမဆိုင် မတရား စွပ်စွဲ၍ ဆယ်အိမ်မှူးမှ တဆင့် ဆင့်ခေါ်၍ လူမဆန်စွာ ရိုက်နှက်ကာ ၀က်တင်းကုတ် ကျင်းထဲတွင် ထည့်သွင်း ချုပ်နှောင်ကာ ရဲလက်သို့ အပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus