နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းမှ ဒေသခံ ၂၀ ဦးကို အိမ်ထောင်စု စာရင်းမှ မတရားသဖြင့် ပယ်ဖျက်နေ



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) (နယ်မြေ ၅) စခန်းရှိ မ.က.ဖ ဦးစီးအရာရှိက ဒေသခံ ရိုဟင်ဂျာ (၂၀) ဦးကို BD ပြေးများ ဆိုကာ မတရားသဖြင့် စွပ်စွဲပြီး အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်မည်ဟု ကြေညာခဲ့သည်။

မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဖောကီးတောင်ရွာမှ သစ်လုပ်ငန်းရှင် ဦးမာမတ်ဆော်လာမ်၊ အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ဒုံးပိုက်ရွာမှ သစ်လုပ်ငန်းရှင် ဦးအာလီဂျူဟာရ် (ဘ) ဦးအဒူဆော်လာမ်နှင့် ကြိမ်ချောင်း ကျေးရွာမှ ဥက္ကဌဟောင်း ဦးအီဒိရီစ်တို့သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်း လုယက်မှု ဖြစ်ပွားပြီး အချင်းချင်း ရန်ဖြစ်ခဲ့သည်။ ထို့နောက် ဦးအာလီဂျူဟာရ်နှင့် ဦးအီဒိရီစ် တို့ပူးပေါင်း၍ ဦးမာမတ်ဆော်လာမ်သည် ဘင်္ဂလားဒေ့ရှ်ရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ဟု ကြိမ်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းခဲ့သည်။ 

ထိုသို့ တိုင်တန်းမှုကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့ ည (၆) နာရီအချိန်တွင် ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဦးမာမတ်ဆော်လာမ်ကို ကြိမ်ချောင်းဈေးမှ ဖမ်းဆီးပြီး ဒီဇင်ဘာလတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွယ်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချကာ ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ယခုလ (၁၀) ရက်နေ့တွင် ဒေသ (၂)၊ အမှတ် (၅) နယ်မြေ ငါးခူရစခန်းမှ မ.က.ဖ ဦးစီးအရာရှိက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များအား အစည်းအဝေး ခေါ်ယူပြီး အစည်းအဝေး၌ ဦးမာမတ်ဆော်လာမ်နှင့် အတူ အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်ရာတွင် ပါဝင်ခဲ့သောကြောင့် လောင်းဒုံ ကျေးရွာအုပ်စု ဖောကီးတောင်ရွာမှ ၁၆ ဦး၊ လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာမှ တစ်ဦး၊ အောင်စစ်ပြင် ကျေးရွာအုပ်စု ဒုံးပိုက်ရွာမှ ဦးအာလီဂျူဟာရ် အပါအ၀င် ၃ ဦး တို့ကို BD ပြေးများ အဖြစ် ကြေညာကာ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်သွားမည်ဟု ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အဆိုပါ ၂၀ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ စာရင်း ပေးပို့ခဲ့သည်။ ထိုသတင်းကို ဖောကီးတောင် ကျေးရွာသားများ ကြားသိပြီး ရွာအတွင်း အထိတ်တလန့် ဖြစ်နေကြသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus