နောက်ဆုံးသတင်း/ဆောင်းပါးများ

ဈေးဆိုင် ရောင်းနေသည့် လူငယ် တစ်ဦးကို နယ်ခြားစောင့်ရဲ များနှင့် ရခိုင် တစ်ဦးက အကြမ်းဖက်



Rohingya Eye
RB News
28.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဉ့်ကျ ကျေးရွာမှ ဆွေတာလောမ် (ဘ) ဦးရှော်မူလုခ် (အသက် ၂၄ နှစ်) သည် ရွာရှိ ဘောလုံးကွင်း အနီးတွင် စားကုန်ဆိုင် ရောင်းချသူ တစ်ဦး ဖြစ်သည်။ နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ဈေးဆိုင် ရောင်းနေသည့် ဆွေတာလောမ် ထံသို့ ကံပြင် ကျေးရွာအုပ်စု၊ စံပယ်ဘာရင်း (ရခိုင်ရွာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးနှင့် ရခိုင်လူငယ် တစ်ဦး (WY မူးယစ်ဆေးဝါး လုပ်ငန်းရှင် ဦးအောင်စိန်၏ တူ - အသက် ၂၉ နှစ်ခန့်) တို့ရောက်ရှိလာပြီး၊ (၄) ဦးစလုံးက ဆွေတာလောမ်ကို အကြောင်းမဲ့ ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။ 

ထိုကဲ့သို့ အကြမ်းဖက်နေသည်ကို ရွာသားများက တွေ့ရှိသော်လည်း မည်သို့မျှ မတုန့်ပြန်ဘဲ ရပ်ကြည့်နေခဲ့ကြသည်။ ထိုသို့ လူအများ စုဝေး၍ ရပ်ကြည့်နေသည်ကို ရမည်းသင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရှိသွား၍၊ အခင်းဖြစ်ပွားနေသည့် နေရာသို့ လိုက်လာခဲ့ကြသည်။ ရမည်းသင်းမှ နယ်ခြားစောင့်ရဲ များက ဆွေတာလောမ်ကို အကြမ်းဖက်နေသည်ကို မြင်တွေ့သည်နှင့် ဆွေတာလောမ်ကို အကြမ်းဖက် (၄) ဦး တိုက်ခိုက်နေသည့် နေရာမှ ဖယ်ထုတ်လိုက်ပြီး၊ အကြမ်းဖက် နေသူ (၄) ဦးကို ရမည်းသင်း ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ရမည်းသင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၊ စခန်းမှူးက အကြမ်းသမားများ ဖြစ်သည့် နယ်ခြားစောင့်ရဲ (၃) ဦးနှင့် ရခိုင်လူငယ် တစ်ဦး တို့ကို ပြောဆို ဆုံးမ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အကြမ်းဖက်ခံရသူ ဆွေတာလောမ်ကို လျော်ကြေး တစ်စုံတစ်ရာ မပေးသည့်အပြင် ကျေနပ်နှစ်သိမ့်မှုလည်း မပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

စံပယ်ဘာရင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသည် ရမည်းသင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ လက်အောက်ခံ စခန်းတစ်ခု ဖြစ်သည်။ 

ဦးရှဥ့်ကျ ကျေးရွာမှ လူကြီး တစ်ဦးက “နယ်ခြားစောင့်ရဲ တွေက အကြမ်းဖက်ရင် ရွာသားတွေ စုလာမယ်။ ပြီးရင် ရွာသားတွေက တုန့်ပြန်မယ်။ ရွာသားတွေ တုန့်ပြန်တာနဲ့ အဓိကရုဏ်းလို ဖြစ်လာမယ်။ အဲလို ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ တမင် ဖန်တီးမှန်း သိသာတယ်။ အခုလည်း နယ်ခြားစောင့်ရဲ တွေနဲ့ ရခိုင်လူငယ်တို့ကို ဥပဒေ အတိုင်း အရေးမယူဘူး။ သူတို့ရဲ့ လူမျိုးကြီး ၀ါဒအတိုင်းသာ လုပ်သွားတယ်။ နောက်နောင်လည်း ဒီလို ဖန်တီးပြီး ပဋိပက္ခ ဖြစ်အောင် လုပ်မှာကို စိုးရိမ် နေရတယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus