နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ်နှင့် ကလေးငယ် တစ်ဦးကို တိုက်မိသည်ကို အကြောင်းပြု၍ ကျေးရွာ တာဝန်ခံက ငွေညှစ်



MYARF
RB News
8.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ တက္ကစီမောင်းသည့် အာရောဖ်အုလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၂ နှစ်) သည် ဇန်န၀ါရီလ (၃) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင်ရွာမှ ဆိုင်ကယ် စီးသွားစဉ် လမ်းတွင် ဖြတ်သန်း သွားနေသည့် အသက် (၇) နှစ် အရွယ် ကလေးငယ် တစ်ဦးကို ၀င်တိုက်မိခဲ့ပြီး၊ ကလေးငယ်မှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ 

သို့ဖြစ်၍ အာရောဖ်အုလ္လာက ကလေးကို ခေါ်ပြီး ဖခင်ထံသွားကာ ဆေးကုသ ပေးပြီး ကြေအေးမှု ရယူခဲ့သည်။ ဇန်န၀ါရီလ (၄) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဆိုင်ကယ် တိုက်မှု ဖြစ်သည်ကို ကြားသိခဲ့ပြီး ဦးကော်ဘိရ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟူစိန်း ကိုစေလွှတ်ကာ အာရော်ဖ်အုလ္လာ ထံမှ ဆိုင်ကယ်ကို လုယူ သိမ်းဆည်းခဲ့ပြီး ဆိုင်ကယ်ကို ဦးကော်ဘိရ်အာမတ်အား အငှားချ ပေးခဲ့သည်။ 

ဇန်န၀ါရီလ (၆) ရက်နေ့တွင် ကျေးရွာ တာဝန်ခံက အာရောဖ်အုလ္လာ ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူပြီး ဆိုင်ကယ်ကို ပြန်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဆိုင်ကယ် ပြန်ရသည့် အချိန်တွင် ပျက်စီး နေပြီး ပြုပြင်ရန် အနည်းဆုံး ငွေကျပ် သုံးသောင်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ကလေး၏ မိဘများက တိုင်တန်းခြင်း မရှိသော်လည်း ကျေးရွာ တာဝန်ခံက ရရှိထားသည့် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus