နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် ရထားဆွဲ ပွဲတော်ရက် အတွင်း ရခိုင်လူငယ် များက ဘာသာရေး စော်ကားမှုများ ပြုလုပ်



Rohingya Eye
RB News
25.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဒေသခံ အာဏာပိုင် အဖွဲ့အစည်း များ၏ ဦးဆောင်မှုဖြင့် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မဈေးကြီးနှင့် ကမ္ဘာ့ရတနာဘဏ် ရှေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ ရထားဆွဲ ပွဲတော်သို့ ကျေးလက် ဒေသများမှ လာနိုင်ရေး အတွက် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့က ဗုဒ္ဓဘာသာဝင် များကို ကားများဖြင့် ပို့ဆောင် ပေးခဲ့သည်။ ပွဲတော်သို့ လာရောက်သူ (၃) ထောင်ကျော်ခန့် ရှိသည်ဟု ခန့်မှန်းရသည်။ 

ပွဲတော် ကျင်းပနေစဉ် ရိုဟင်ဂျာ အများစု နေထိုင်ရာ နာရီစင်ခွဆုံနှင့် အမှတ် (၅) ရပ်ကွက် ဈေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကားတစ်စီးနှင့် စစ်တပ်မှ ကားတစ်စီးတို့ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ချထားခဲ့သည်။ ပွဲတော် လုံခြုံရေး အတွက် စစ်တပ်မှ ကား (၃) စီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကား(၅) စီးနှင့် ရဲတပ်ဖွဲ့မှ ကား (၂) စီး ချထားခဲ့သော်လည်း ည (၁၀) နာရီ နောက်ပိုင်းတွင် မော်တော်ဆိုင်ကယ်၊ ကားများဖြင့် ပြန်သွားသူ များသည် အော်ဟစ်၍ ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ဆူပူခြင်းများ ပြုလုပ်ခဲ့သည်ကို လုံခြုံရေး တာဝန်ယူထားသည့် လက်နက်ကိုင် အာဏာပိုင်များက ဟန့်တားခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မြို့မ ဗလီကြီးရှေ့သို့ ဗုဒ္ဓဘာသာဝင် လူငယ်များ ကား (၄) စီးဖြင့် ရောက်ရှိလာပြီး ဗလီ တံခါးရှေ့တွင် စပီကာများဖြင့် သီချင်းဖွင့်ခြင်း၊ အရက်သောက်ခြင်း၊ ဗလီ အုတ်နံရံကို သေးပန်းခြင်း၊ စသည်တို့ကို ပုဒ်မ (၁၄၄) ကျော်လွန်ချိန် ည ၁၂ နာရီထိ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ ပြုမှုနေခြင်းမှာ ဘာသာရေးအရ စော်ကားခြင်းသာ ဖြစ်သော်လည်း ဖြတ်သန်း သွားလာ၍ လုံခြုံရေး တာဝန်ယူနေသည့် လက်နက်ကိုင် အာဏာပိုင်များက တားဆီး ဟန့်တားခြင်း လုံးဝ မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အနီးအနားရှိ ရိုဟင်ဂျာ လူငယ်များက ထိုသို့ ရမ်းကားနေခြင်းကို နှုတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး မည်သို့မှ တုန့်ပြန်ခဲ့ခြင်း မရှိဟု ဒေသခံများက ဆိုသည်။ 

“တကယ်လို့ ရိုဟင်ဂျာတွေကသာ မြို့မ ဘုန်းကြီးကျောင်း ရှေ့မှ သူတို့လုပ်သလို လုပ်မယ်ဆိုရင် ဖမ်းဆီး ထောင်ချခံရမယ့် အပြင် ရိုဟင်ဂျာ အိမ်တွေလည်း မီးရှို့ခံရမှာပါ။ တရား ဥပဒေက ရိုဟင်ဂျာတွေဘက်က ရပ်တည် မပေးတဲ့အပြင် တစ်ဖက်ကလူတွေကို အာဏာပိုင်တွေ ကိုယ်တိုင် မြှောက်ပေးထားသလို ဖြစ်နေတယ်” ဟု မြို့ခံ လူငယ် တစ်ဦးက ပြောပါသည်။ 

ညမထွက်ရ အမိန့်နှင့် လူ (၅) ဦးထက် ပို၍ အစုအဝေး မလုပ်ရ အမိန့်ကို ယခုလ (၈) ရက်နေ့တွင် နောက်ထပ် (၂) လ တိုးမြှင့်ခဲ့သည်။ အဆိုပါ အမိန့်တွင် အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ဈေး၊ ပန်းခြံနှင့် အများသွားလာသည့် လမ်းတွင် လူ (၅) ဦးထက် ပိုမစုရဟု ပါရှိသော်လည်း ဒေသခံ အာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် ရထားဆွဲ ပွဲတော်ကို ကျင်းပနိုင်သလို၊ ည (၁၁) နာရီကျော် နောက်ပိုင်းတွင် အပြင်မထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်၍ ဗလီရှေ့တွင် ရမ်းကားနိုင်ခြင်းသည် ပုဒ်မ ၁၄၄ ကို ဒေသခံ အာဏာပိုင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များကသာ ကျူးလွန်နေခြင်းမှာ ထင်ရှားနေသည်။ 

ထို့အပြင် အဆိုပါ အမိန့်တွင် တည်ငြိမ်မှုကို ပျက်ပြားအောင် ဆူပူ အကြမ်းဖက်ရန် အကြောင်းရှိသည့် အတွက် ဤအမိန့်ကို ထုတ်ပြန်ရခြင်း ဖြစ်သည် ဟု ပါရှိသော်လည်း အမှန်တကယ် ဆူပူ အကြမ်းဖက်သူ များမှာ ဒေသခံ အာဏာပိုင် များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များသာ ဖြစ်သည်။ 

အဆိုပါ ဗလီကြီးရှေ့တွင် ရမ်းကားနေခြင်းကို ရိုဟင်ဂျာများက တစ်စုံတစ်ရာ တုန့်ပြန်မည်ဆိုပါက ဆူပူသည်ဟု အကြောင်းပြ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို အကြမ်းဖက်ခြင်း၊ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း လုပ်ဆောင်နိုင်အောင် အကွက်ကျကျ ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့မိမြို့ဖ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus