နောက်ဆုံးသတင်း/ဆောင်းပါးများ

၉ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေးကို ၂၃၄ တပ်ရင်းမှ စစ်သားတစ်ဦးက အတင်းအဓမ္မ မုဒိန်းကျင့်



MYARF
RB News
29.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကျောက်ဖြူတောင် ကျေးရွာမှ အသက် (၉) နှစ်အရွယ်ခန့် ရှိသည့် ရိုဟင်ဂျာ မိန်းကလေး တစ်ဦးကို အမှတ် (၂၃၄) ခြေမြန်တပ်ရင်းမှ စစ်သား တစ်ဦးက အတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပြီး၊ အဆိုပါ မိန်းကလေးကို ဆေးရုံတင် ထားရကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေ (၄) ကျော်ခန့် အချိန်တွင် အသက် (၉) နှစ်အရွယ်ခန့် ရှိသည့် ဦးကာဒိရ်ဟူဆောင်း၏ သမီး မအာစ်မီဒါသည် အခြားသော ကလေးများနှင့် အတူ ခမရ (၂၃၄) တပ်ရင်း အနီးရှိ လယ်ကွင်း၌ နွားကျောင်းနေစဉ် မအာစ်မီဒါ ကျောင်းနေသည့် နွားက တပ်ရင်း၏ ခြံစည်းရိုး အနားသို့ ရောက်သွားသောကြောင့် မအာစ်မီဒါနှင့် အခြား နွားကျောင်းနေသည့် လူငယ် ယောက်ျားလေး တစ်ဦးတို့က နွားကို ပြန်ခေါ်လာရန် သွားခဲ့သည်။ 

ထိုစဉ် တပ်ရင်းအတွင်းမှ စစ်သား တစ်ဦး ထွက်လာပြီး ကလေးနှစ်ဦးကို ဖမ်းဆီးကာ တပ်ရင်း ခြံစည်းရိုး အတွင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ယောက်ျားလေးကို အခန်းတစ်ခန်းအတွင်း လှောင်ပိတ် ချုပ်နှောင် ထားခဲ့ပြီး မိန်းကလေးငယ်ကို လူမဆန်စွာ မုဒိန်းကျင့် ခဲ့ခြင်း ဖြစ်သည်။ အခန်းအတွင်း ပိတ်လှောင် ချုပ်နှောင် ခံထားရသည့် ယောက်ျားလေးသည် ပြတင်းပေါက်မှ တဆင့် ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး၊ အနီးအနားရှိ အခြားသော နွားကျောင်းနေသူများကို အကျိုးအကြောင်း ပြောပြပြီးနောက်၊ ၎င်းတို့က အနီးအနားရှိ စိုက်ခင်းများတွင် အလုပ်လုပ်နေသူ များကို ဆက်လက် ပြောပြခဲ့သည်။ ထို့နောက် မိန်းကလေးငယ်ကို လိုက်ရှာခဲ့ရာ တပ်ရင်း ခြံစည်းရိုး အတွင်း သတိလစ် လဲလျောင်းနေလျက် တွေ့ရှိခဲ့သည်။ မိန်းကလေးငယ်ကို အားလုံးက ပွေ့ချီ၍ တပ်ရင်းအနီးရှိ အားလူး စိုက်ခင်းတွင် ရှိသည့် တဲတစ်ခုတွင် ထားရှိခဲ့သည်။ ထို့နောက် နွားကျောင်းသား တစ်ဦးက ရွာထဲသို့ ပြန်လာ၍ မုဒိန်းကျင့်ခံခဲ့ရသည့် မိန်းကလေး၏ မိဘများထံ အကြောင်းကြားမှသာ မိန်းကလေးငယ်၏ ဖခင်နှင့် အစ်ကိုတို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ 

ဖခင်ဖြစ်သူက တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးကို တိုင်တန်းခဲ့ရာ၊ အဆိုပါ ဗိုလ်ကြီးက ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်း စစ်ဆေးခဲ့သည်။ ထို့နောက် ဗိုလ်ကြီးက တပ်အတွင်း တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့်ကို အကြောင်းကြားခဲ့သည်။ ည (၇) နာရီခန့် အချိန်တွင် မုဒိန်းကျင့်ခံရသည့် မိန်းကလေး သတိရလာခဲ့ရာ မိန်းကလေးငယ်ကို မေးမြန်းကြည့်မှ မုဒိန်းကျင့်သည့် မုဒိန်းကောင်ကို သိနိုင်ခဲ့သည်။ ၎င်းကို ခေါ်၍ စစ်ဆေးသည့်အခါတွင်လည်း အစပိုင်းတွင် ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ၀န်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သို့သော် တပ်ရင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်က မုဒိန်းကျင့်ခံ ခဲ့ရသည့် မိန်းကလေး၏ ဖခင်ကို အဓမ္မပြုကျင့်သူသည် စစ်တပ်ထဲဝင်ရန် အသစ်ရောက်လာသူသာ ဖြစ်ကြောင်း၊ တရားဝင် စစ်သား တစ်ဦး မဖြစ်သေးသောကြောင့် ၎င်းကို အရပ်သား အနေဖြင့်သာ အရေးယူရမည် ဖြစ်၍ တရားခံကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အပ်နှံရမည် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ပြောဆိုမှုသည် တပ်ရင်းအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် တစ်ခုကို စစ်တပ်မှ တာဝန်ယူ မဖြေရှင်းလို၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်း၍ ဟန်ပြ အလွှဲအပြောင်း ပြုလုပ်သည့် သဘော ဖြစ်နေကြောင်း ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။ 

ထို့နောက် ည (၁၁) နာရီခန့် အချိန်တွင် လက်ဝဲဒက်ပြင်ရှည် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ရင်း (ယခင် အမှတ် (၁၃) လုံထိန်း ရဲတပ်ရင်း) သို့ အကြောင်းကြားခဲ့ပြီး တရားခံကို လွှဲပြောင်း ပေးအပ်ခဲ့သည်။ နယ်ခြားစောင့်ရဲ များက ည (၁၂) နာရီခန့် အချိန်တွင် မုဒိန်းကျင့်ခံ ခဲ့ရသည့် မိန်းကလေးငယ်ကို ဘူးသီးတောင် ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးပြီး ပြန်သွားခဲ့သည်။ 

မုဒိန်းကျင့်ခံ ခဲ့ရသည့် မိန်းကလေး၏ မိသားစုမှာ အလွန်ပင် ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြသည်။ ယခုအခါ ဆေးကုသ စရိတ်ကို မည်သည့် အာဏာပိုင် အဖွဲ့အစည်းကမှ တာဝန်ယူ ဖြည့်ဆည်း ပေးခြင်း မရှိ၍ မိဘများက မြို့တွင်း ပတ်၍ တောင်းရမ်း၍ ဆေးကုသ စရိတ် စုဆောင်းနေရသည်။ 

ဤကဲ့သို့ ဆင်းရဲနွမ်းပါးသူများ အခက်အခဲ ကြုံတိုင်း လိုက်ပါ ကူညီပေးမည့် အရပ်ဖက် အဖွဲ့အစည်းများ မရှိခြင်းကလည်း အလွန်ပင် စိတ်ပျက်စရာ ကောင်းကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus