နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ပြုပြင်သူများထံမှ ငွေညှစ်



MYARF
RB News
1.3.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ဟောင်းနွမ်း ပျက်စီးနေသဖြင့် တစ်စိတ်တစ်ပိုင်း ပြုပြင်သူများ ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးမှူး အပါအ၀င် ၀န်ထမ်း (၃) ဦးသည် နန်းရာကုန်း ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် အတူ ယင်းကျေးရွာအုပ်စုရှိ ရွာငယ် ငါးရွာတွင် တစ်အိမ်ပြီးတစ်အိမ် ၀င်ရောက် စစ်ဆေးခဲ့သည်။ ရွာသားများက အိမ်ဟောင်းနွမ်း ပျက်စီးသွားသည်ကို တစ်စိတ်တစ်ပိုင်း ပြုပြင်ခဲ့သည်။ အချို့က ပြတင်းပေါက် တစ်ခု၊ အချို့က တိုင်တစ်လုံး၊ အချို့က နံရံတစ်ပိုင်း၊ အချို့က ပျဉ်တစ်ချပ် စသည်များ ပြုပြင်ခဲ့သည်။ ထိုသို့ ပြုပြင်ခဲ့သည့် အိမ်များကို စာရင်းကောက်ပြီး အိမ်တစ်အိမ်လျှင် ငွေကျပ် (၅) သောင်းမှ တစ်သိန်း အထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယင်းကျေးရွာ အုပ်စုတွင် အိမ်ခြေ တစ်ထောင်ခန့် ရှိပြီး၊ (၅၇) အိမ်မှ ငွေညှစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖရုံချောင်း ကျေးရွာသို့ သွားရောက်ပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ခွင့်ပြုချက် ရယူပြီး အိမ်သစ် ဆောက်လုပ် နေသူများ၏ အိမ်ဆောက်လုပ်ခွင့် စစ်ဆေးခဲ့သည်။ ခွင့်ပြုချက် ပြနိုင်ကြသော်လည်း “သစ်တွေ ဘယ်ဆိုင်က ၀ယ်ခဲ့လဲ၊ ဈေးဘယ်လောက် ပေးရလဲ၊ ဘောက်ချာပြ၊ ဘယ်တော့ စဆောက်တာလဲ၊ ဘယ်တော့ ပြီးမလဲ၊ တစ်လအတွင်း ပြီးအောင် ဆောက်ရမယ်၊ သစ်အမျိုးအစား ဘယ်အမျိုးအစားလဲ” စသည်ဖြင့် မဆိုင်သည်များကို မေးမြန်းပြီးနောက် ခြိမ်းခြောက်၍ ငွေညှစ်သည်ဟု ဒေသခံများက ပြောပါသည်။ ထိုသို့ ခြိမ်းခြောက်၍ ပညာမတတ်သူများထံမှ ငွေကျပ် (၃) သောင်းမှ (၅) သောင်းထိ ညှစ်ယူခဲ့သည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ အတွင်း အိမ် (၁၃) လုံးမှ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus