နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်နိုင်ငံတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ



RB News
24.2.2016

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည (၆) နာရီ အချိန်တွင် ဂျပန်နိုင်ငံ၊ Gunma ခရိုင်၊ Maebashi မြို့တွင် Asahi သတင်းစာမှ သတင်းထောက် Mrs Mayuri Ito ဦးဆောင်၍ ဂျပန် ရှေ့နေများ အသင်းနှင့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။ 

ဆွေးနွေးပွဲသို့ ရိုဟင်ဂျာ အရေး စိတ်ဝင်စားသည့် ဂျပန် ရှေ့နေများ ၅၀ ခန့်နှင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်၊ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်းနှင့် အဖွဲ့ဝင် အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။ 

သတင်းထောက် Mr Ito က ဂျပန်နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူနေမှု ဘ၀ အခြေအနေ၊ လွန်ခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်၍ မှတ်တမ်းတင်ခဲ့သည့် ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာများ၏ အခြေအနေ၊ ရန်ကုန်ရှိ ရိုဟင်ဂျာ ခေါင်းဆောင်များ၏ ထွက်ဆို ပြောကြားချက်များ၊ မြန်မာ့ ဒီမိုကရေစီ အခြေအနေများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ် ၂၅% နှင့် အရေးကြီး ၀န်ကြီး ဌာန (၃) ကို ထိန်းချုပ် ထားမှုတို့ကို ဂျပန်ဘာသာဖြင့် အသေးစိတ် ဆွေးနွေးခဲ့သည်။ 

ထို့နောက် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ ယနေ့ထိ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် မရသေးသည့် ရိုဟင်ဂျာ (၁၁) ဦး ကိစ္စ၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက် နိုင်ငံဖြစ်သည့် အတွက် လူ့အခွင့်အရေး ကိစ္စတွင် ဦးစားပေးသွားရန် ဦးဟာရွန်ရော်ရှိတ်နှင့် ဦးအောင်တင် တို့က တင်ပြခဲ့သည်။ 

တက်ရောက်လာသူများမှ မေးမြန်းသည်များကို သတင်းထောက် Mrs Ito၊ ဦးဟာရွန်ရော်ရှိတ်နှင့် ဦးအောင်တင်တို့က ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ည (၈) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။






Comment ရေးရန်

Rohingya Exodus