နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေ (၈) နယ်မြေမှူးက ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ ဖမ်းဆီးခိုင်းပြီး ဇနီးဖြစ်သူက တဆင့် ငွေညှစ်



MYARF
RB News
24.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ မြင်းလွတ် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး ဦးကျော်သူရီက နယ်မြေ (၈) အပိုင် ကျေးရွာများရှိ ဆန်စက် ပိုင်ရှင်များ ထံမှ ဆန်စက် လည်ပတ်ခွင့် အတွက်ဟု ဆိုကာ ယခုနှစ် ဇန်န၀ါရီလမှ စ၍ လစဉ် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ထို့အပြင် ယင်းနယ်မြေ အပိုင် ကျေးရွာများရှိ လိုင်စင်မဲ့ကားငယ် များမှ ၂၀၁၆ ခုနှစ်တွင် လမ်းပေါ်၌ မောင်းနှင်ခွင့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ ကောက်ခံလျက် ရှိသည်။ ငွေမပေးသော ဆန်စက်များနှင့် ကားများကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ငွေများကို ဦးကျော်သူရီ၏ ဇနီးက ဦးဆောင်၍ ကောက်ခံလျက် ရှိပြီး၊ နယ်ခြားစောင့်ရဲ များက အမျိုးမျိုး စွပ်စွဲ၍ ဖမ်းဆီးခံရသူ များထံမှလည်း ၎င်းကသာ ငွေညှစ်လေ့ ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် မြင်းလွတ် ကျေးရွာအုပ်စု၊ ဟန္နားဖာရာမှ ဦးအေနာမူလ္လာသည် သပြေတော ကျေးရွာအုပ်စု၊ ဇုမ်ကာရာရွာရှိ ယောက္ခမ ဦးနော်ဇိရ် (ဘ) ဦးမောင်ဂုလ်၏ အိမ်သို့ အလည်အပတ် သွားရာ ယောက္ခမ ဖြစ်သူ ဦးနော်ဇိရ်၏ အိမ်ဝသို့ ရောက်သည့်အခါ မြင်းလွတ် နယ်မြေ (၈) စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ၎င်းအား စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံး တွေ့ရှိခဲ့ရာ ဖုန်းဟန်းဆက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်သဖြင့် ဘင်္ဂလား ဆင်းမ်ကဒ်လည်း ရှိနိုင်သည်၊ ရဲများကို မြင်၍ ၀ှက်ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ဦးကျော်သူရီက သပြေတော ကျေးရွာမှ ဦးမာမတ်ရော်ဖိတ် (ဘ) ဦးမာမတ်ဇော်လိလ် ပိုင်ဆိုင်သည့် ကားငယ် တစ်စီးကို တစ်ရက်အတွက် စီးရန် တောင်းခံခဲ့သည်။ ထိုစဉ် ဦးမာမတ်ရော်ဖိတ်၏ ကားငယ်သည် မောင်တောမြို့သို့ အငှားလိုက်သွား သဖြင့် ဦးကျော်သူရီကို မပေးနိုင်ခဲ့ပေ။ ကားမပေးနိုင်ခဲ့သည့် အပေါ် မကျေနပ် အငြိုးထားကာ ယင်းကားကို ဖမ်းဆီးရန် နယ်ခြားစောင့်ရဲ များကို အမိန့်ပေးခဲ့သည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြင်းလွတ်ဈေးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဦးမာမတ်ရော်ဖိတ်၏ ကားကို စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ရပ်တန့်ခိုင်း၍ စစ်ဆေးပြီး ကားထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ကားနှင့် အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့ကိုပါ ဖမ်းဆီး၍ နယ်မြေမှူး ဦးကျော်သူရီ၏ ဇနီးထံ အပ်နှံခဲ့သည်။ ဦးကျော်သူရီ၏ ဇနီးက ငွေကျပ် (၁၅) သိန်းပေးမှ ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ယာဉ်ပိုင်ရှင် ဖြစ်သူက ငွေကျပ် (၁၀) သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးကျော်သူရီက နယ်ခြားစောင့်ရဲ များကို နေ့စဉ် မြင်းလွတ်၊ သပြေတော၊ ဂေါ်ရာခါလီ၊ ဥဒေါင်း ကျေးရွာများသို့ သွားရောက်၍ ကင်းလှည့်ခိုင်းပြီး ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးခိုင်းပြီး ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus