နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် အုပ်ချုပ်ရေးမှူးက လူ (၆) ဦးထံမှ ငွေ ၁၅ သိန်းညှစ်

Rohingya Eye
RB News
26.7.2015


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးသည် ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးအေနာတုလ္လာ (ဘ) ဦးမော်နုနှင့် ကျော်ဇေယျာဦး (ဘ) ဦးကာဒိရ်ဟူဆောင်း တို့နှင့် အတူ ဦးအာဘူကာလာမ်ကို ဆင့်ခေါ်၍ ၁၅ နှစ် အရွယ် လူငယ်တစ်ဦးကို အဆိပ်ခတ်သတ်သည်ဟု လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် သိန်း (၂၀) တောင်းခံသည်။ ဦးအာဘူကာလာမ်က မိမိသည် ဆင်းရဲသား တစ်ဦး ဖြစ်ကြောင်း၊ မိမိသည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး ယခုကဲ့သို့ ကြီးမားသည့် ငွေကြေး ပမာဏ မိမိထံတွင် မရှိကြောင်း တောင်းပန်၍ ပြောသော်လည်း အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လက်မခံသဖြင့် နောက်ဆုံးတွင် အိမ်ကို ရောင်းချ၍ ငွေကျပ် ၁၀ သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။


ဇူလိုင်လ (၁၇) ရက်နေ့တွင် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးသည် နွားကျောင်းနေစဉ် မိုးရေကြီးပြီး ရေစီးနဲ့အတူ မျှောပါသွားခဲ့ပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။ ၎င်းလူငယ်ကို ဆေးရုံသို့ ပို့ခဲ့သော်လည်း ယင်းနေ့ညပိုင်းတွင် သေဆုံးသွားခဲ့သည်။ ဦးအာဘူကာလာမ်ကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သေဆုံးသွားသည့် လူငယ်ကို အဆိပ်ခတ်သတ်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် လယ်ယာလုပ်ငန်းတွင် အလုပ်လုပ်ရန် ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ်မှ လူ (၅) ဦးကိုလည်း ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေညှစ်ခံရသူ (၅) ဦးကို ငွေကျပ် တစ်သိန်းစီ မပေးပါက အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အပ်နှံမည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus