ဂျာမန်လွှတ်တော်တွင် ရိုဟင်ဂျာအရေး၊ မြန်မာမွတ်စလင်အရေး ဆွေးနွေးပွဲ တိုက်ရိုက် ထုတ်လွှင့်မည်
ဘာလင်မြို့တွင် ညီလာခံ တက်ရောက်နေသည့် လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင် |
RB News
13.9.2016
ဘာလင်၊ ဂျာမဏီ ။ ။ စက်တင်ဘာလ (၁၄) ရက်နေ့ ဂျာမဏီ စံတော်ချိန် နံနက် ၁၀း၃၀ နာရီ (မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ) အချိန်တွင် ဂျာမန်လွှတ်တော်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဘာသာရေး ဖိနှိပ်ခြင်းနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် မြှင့်တင်ရေးနှင့် ပတ်သက်၍ ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပမည် ဖြစ်သည်။
အဆိုပါ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် အပါအ၀င် ဂျာမဏီနိုင်ငံမှာ အာဏာရပါတီ CDU/CDU လွှတ်တော်အမတ်များအုပ်စု ဥက္ကဌ Mr Volker Kauder, ဗြိတိန်နိုင်ငံမှ လွှတ်တော်အမတ် Ms Baroness Elizabeth Berridge, ပါကစ္စတန်နိုင်ငံမှ လွှတ်တော်အမတ် Ms Asiya Nasir, အီရတ်နိုင်ငံမှ လွှတ်တော်အမတ် Ms Vian Dakhil, နော်ဝေးနိုင်ငံမှ လွှတ်တော်အမတ် Mr Abid Raja တို့ပါဝင်မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် မြန်မာမွတ်စလင်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ဘာသာရေး အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။
ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို အောက်ပါလင့်ခ်မှ အထက်ဖော်ပြပါ အချိန်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ကြည့်ရှုရန်လင့်ခ် -- https://www.periscope.tv/cducsubt
အလားတူ စက်တင်ဘာလ (၁၄) ရက်နေ့ ဂျာမဏီ စံတော်ချိန် နံနက် ၁၁း၃၀ နာရီမှ ည ၇ နာရီထိ (မြန်မာစံတော်ချိန် ညနေ ၄ နာရီမှ ည ၁၁း၃၀ နာရီထိ) “ခုခံကာကွယ်ရမည့် အခွင့်အရေး - လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ကာကွယ်ခြင်းနှင့် အားပေးခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံရေး ညီလာခံတစ်ရပ်ကို ဂျာမန်လွှတ်တော်တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံတွင် ဂျာမန်ဝန်ကြီးချုပ် ဒေါက်တာအန်ဂျလာမာခဲလ် ကိုယ်တိုင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားမည် ဖြစ်သည်။
နိုင်ငံရေးညီလာခံ ကျင်းပနေစဉ် အပိုင်း (၃) ပိုင်းခွဲ၍ ဟောပြောမည် ဖြစ်ပြီး၊ ပထမပိုင်းတွင် “ဘာသာရေး လွတ်လပ်ခွင့် အတွက် စိန်ခေါ်မှု - ပါလီမန်အမတ်များ၏ လူနည်းစုများအတွက် အခွင့်အလမ်း” ကို ဆွေးနွေးဟောပြောမည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို ဂျာမဏီစံတော်ချိန် နေ့လည် ၃ နာရီမှ ၄ နာရီထိ (မြန်မာစံတော်ချိန် ည ၇း၃၀ နာရီမှ ည ၈း၃၀ နာရီထိ) အောက်ပါလင့်ခ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကြည့်ရှုရန်လင့်ခ် -- www.cducsu.de
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင် အပါအ၀င် ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ Mr Johannes Singhammer, အီရတ်နိုင်ငံမှ လွှတ်တော်အမတ် Ms Vian Dakhil, ပါကစ္စတန်နိုင်ငံမှ လွှတ်တော်အမတ် Ms Asiya Nasir တို့ပါဝင်ဆွေးနွေးမည် ဖြစ်သည်။
“ကျွန်တော်တို့ အခုကျင်းပနေတဲ့ ညီလာခံနဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ နိုင်ငံတကာက လွှတ်တော်အမတ်ပေါင်း များစွာ ပါဝင်တယ်။ ဆွေးနွေးပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာများ၊ မြန်မာမွတ်စလင်များ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖိနှိပ် နှိပ်ကွပ်ခံနေရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အကြောင်းတွေက ဆွေးနွေးပွဲရဲ့ သုံးပုံတစ်ပုံလောက်မှာ ပါနေတယ်။ အားလုံးကလည်း မြန်မာနိုင်ငံက မွတ်စလင်အရေးကို ပိုပြီး စိတ်ဝင်စားကြတယ်။ ရိုဟင်ဂျာတွေကလည်း အစ္စလာမ်ဘာသာ ကိုးကွယ်လို့ ပိုပြီး ဖိနှိပ်ခံနေရတာဆိုတာကို အားလုံးလက်ခံကြတယ်” ဟု လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က RB News သို့ပြောပါသည်။