နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ ဆင်သေပြင်ကို စစ်သားများ ၀င်စီးပြီးနောက် အမျိုးသမီးများ အလွန်စိုးရိမ်နေ

Rohingya Eye
RB News
November 19, 2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ အမျိုးသမီးများ အားလုံးကို ကြက်ရိုးပြင်ကျေးရွာတွင် နိုဝင်ဘာလ (၁၈) ရက်နေ့က မုဒိမ်းကျင့်ခဲ့သကဲ့သို့ မုဒိမ်းကျင့်မည်ကို အလွန်စိုးရိမ်နေကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် ၉  နာရီ အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာသို့ ၀င်ရောက် စီးနင်းရာ၊ ရွာရှိ အမျိုးသမီးများ အားလုံးက စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရွာထဲသို့ ၀င်လာသည်နှင့် နေအိမ်အတွင်း မုဒိမ်းကျင့်ခံရမည်ကို စိုးရိမ်၍ နေအိမ်များမှ ထွက်ပြီး တစ်နေရာတွင် စုနေခဲ့ကြသည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် အမျိုးသမီးများကို နေအိမ်များ အတွင်းသို့ ၀င်သွားရန် အတင်းအဓမ္မ ပြောခဲ့သော်လည်း အမျိုးသမီးများက ကြောက်ရွံ့၍ အိမ်များထဲသို့ မ၀င်ဘဲ စုနေသည့် နေရာတွင်သာ နေခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ ၎င်းတို့ လိုချင်သည်များကို ယူပြီး၊ စားသောက်ဖွယ်ရာများ ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဆိတ် (၅) ကောင်ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။ နေအိမ်များမှ လုယက်သွားသည့် ပစ္စည်းများတွင် ဆိုလာပြား (၅) ပြား၊ ဘက်ထရီ (၄) လုံးနှင့် လပ်တော့ ကွန်ပျူတာ တစ်လုံးတို့ ပါဝင်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဆိတ်များ လုယက်ခံရသူ (၃) မှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးရှီကာန်ဒါရ် (အသက် ၅၀ နှစ်) တစ်ကောင်လျှင် ကျပ် ငါးသောင်း တန်ဖိုးရှိ ဆိတ် (၂) ကောင်
(၂) ဦးဟာဘီဘူရာမန် (ဘ) ဦးမိုဂုလ်အာမတ် (အသက် ၅၃ နှစ်) တစ်ကောင်လျှင် ကျပ် ခုနှစ်သောင်း တန်ဖိုးရှိ ဆိတ် (၂) ကောင်
(၃) ဦးဇူဘိုင်ရ် (ဘ) ဦးအာဖ်တာအာမတ် (အသက် ၂၇ နှစ်) ကျပ် ငါးသောင်း တန်ဖိုးရှိ ဆိတ် တစ်ကောင် -- တို့ဖြစ်သည်။

ထို့အပြင် ဦးရှော်ဖီခ် (ဘ) ဦးစလင်း (အသက် ၂၈ နှစ်) သည် ၎င်း၏ စားကုန်ဆိုင်မှ ပစ္စည်းများကို နေအိမ်သို့သယ်ဆောင် ထားခဲ့ရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ငွေကျပ် တစ်သိန်းခွဲ တန်ဖိုးရှိ စားကုန်ပစ္စည်းများ လုယက်သွားခဲ့သည်။ ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသမျှ အမျိုးသားများကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ဆင်သေပြင်ကျေးရွာတွင် တစ်နာရီခွဲခန့် စိတ်တိုင်းကျ လိုင်စင်ရ သောင်းကျန်းသူများ၊ ဓါးပြများပမာ သောင်းကျန်းပြီးနောက် ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြောင်ရွာသို့ ၀င်ရောက်၍ လုယက်မှုများ၊ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အခြားသော စစ်သားများနှင့် နယ်ခြားစောင့်ရဲများ အဖွဲ့သည် ငန်းချောင်း ကျေးရွာသို့ ၀င်ရောက် စီးနင်းပြီး ရွာအတွင်းရှိ ကလေး၊ လူကြီး၊ အမျိုးသမီးများကို အလယ်တန်းကျောင်းတွင် အိမ်ထောင်စုစာရင်းများနှင့် အတူ စုဝေးခိုင်းခဲ့ပြီး၊ အိမ်ထောင်စု စာရင်းနှင့် တကွ လူဦးရေ စစ်ဆေးခဲ့ပြီး၊ အခြားရွာများမှ ရောက်ရှိနေသည့် ဧည့်သည် ၁၂ ဦးခန့်ကို လူအုပ်စုထဲမှ ဖယ်ထုတ်၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ အချို့မှာ သတိလစ်သည် အထိ ဖြစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အခြားရွာများမှ ဧည့်သည် ၁၂ ဦးခန့်ကို စစ်သားများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကားမှာ၍ ကားပေါ်သို့ တင်ဆောင်ပြီး ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အမျိုးသမီးများကို နေအိမ်များ အတွင်းသို့ သွင်း၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သောကြောင့် ငါးစားကြူးကျေးရွာအုပ်စု ပန်းမြောင်ရွာကို ၀င်ရောက်စီးနင်းပြီးသောအခါ ဆင်သေပြင် ကျေးရွာ၏ အရှေ့ဘက် တောင်တန်းတွင် စခန်းချ ထားကြောင်း သိရှိရသည်။ အမျိုးသမီးများက စစ်သားများနှင့် နယ်ခြားစောင့်ရဲများက တောင်တန်းတွင် စခန်းချထားသည်ကို သိရှိသွားပြီး ညပိုင်းတွင် ရွာအတွင်းသို့ စီးနင်းဝင်ရောက်၍ မုဒိမ်းကျင့်မည်ကို အလွန်စိုးရိမ်နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus