နောက်ဆုံးသတင်း/ဆောင်းပါးများ

သတင်းမီဒီယာများနှင့် စကားပြောခဲ့သည့် ငါးခူရ ရွာသား အသတ်ခံရမှုတွင် အစိုးရ လုပ်ကြံမှုများ ရှိနေ

MYARF
RB News
23.12.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအုပ်စုမှ သတင်းမီဒီယာများနှင့် စကားပြောခဲ့သည့် ရွာသားတစ်ဦး အသတ်ခံရခြင်း၏ နောက်ကွယ်တွင် အစိုးရ၏ လုပ်ကြံမှုများ ရှိနေကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအုပ်စု၊ အလယ်ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးဒူစ်မာမတ် (ခ) ရှုနာမျာ (ဘ) ဦးဘော်ဇူဇာမာန်သည် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် အစိုးရမှ ရွေးချယ်စေလွှတ်သည့် သတင်းထောက်များနှင့် စကားပြောခဲ့ပြီး၊ ညပိုင်းတွင် ပျောက်ဆုံးသွားခဲ့ရာ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်း ဒိုးတန်းကျေးရွာရှိ ချောင်းစပ်မှ ၎င်း၏ အလောင်းကို ရရှိခဲ့သည်။ အလောင်းပြန်လည် ရရှိရာတွင် ခေါင်းပါမလာဘဲ၊ ခန္ဓာကိုယ်သာ ရရှိခဲ့သည့် အတွက် ခေါင်းဖြတ်သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဦးဒူစ်မာမတ်သည် အသက် (၄၁) နှစ်အရွယ်ရှိပြီး၊ ယခင်က ကျောင်းသားများကို စာသင်ပေးခဲ့သည့် ဆရာတစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်အထိ အာဏာပိုင်များ၏ လက်ကိုင်တုတ်ဖြစ်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အာဏာပိုင်များ၏ သတင်းပေး အဖြစ် ယခင်ကကဲ့သို့ လုပ်ဆောင်ခြင်း မရှိတော့ကြောင်း ၎င်း၏ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သူက RB News သို့ပြောသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် သတင်းထောက်များနှင့် စကားပြောခဲ့ပြီးနောက် ၎င်း၏ ရခိုင်လူမျိုး သူငယ်ချင်းများနှင့် အတူ ငါးခူရဈေးအနီးရှိ အရက်ဆိုင်သို့ သွားရောက်၍ အတူ အရက်သောက်နေခဲ့သည်။ ၎င်းနှင့်အတူ ဦးဟာလာမျာ ဆိုသူလည်း ပါခဲ့ပြီး၊ ဦးဟာလာမျာက အရက်ဆိုင်မှ ပြန်ထွက်လာခဲ့သော်လည်း ဦးဒူစ်မာမတ်သည် ၎င်း၏ ရခိုင်သူငယ်ချင်းများနှင့် အတူ ဆက်လက်၍ အရက်သောက်နေခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“အဓိကကတော့ အစိုးရရဲ့ လှည့်ကွက်ပါ။ သတင်းထောက်အဖွဲ့ မလာခင်ကတည်းက သူ့ကို ဘယ်လို ထွက်ဆိုပေးရမယ်ဆိုတာ အာဏာပိုင်တွေက သင်ပေးပြီးသားပါ။ အဲဒီအတိုင်း မပြောရင် သူ့ကို ဖမ်းမယ်ဆိုတာ သူသိတယ်။ အဲဒီတော့ အစိုးရ ပြောခိုင်းတဲ့ အတိုင်း ပြောတယ်။ ပြောပြီးတော့ သူအသတ်ခံလိုက်ရတယ်။ ဆိုတော့ အဲလိုပြောလို့ သူ့ကို ကျွန်တော်တို့ဘက်က မကျေနပ်သူတွေက သတ်လိုက်တယ်ဆိုတဲ့ ပုံစံကို ပုံဖော်တာပါ။ ပြီးတော့ အစိုးရရဲ့ သတင်းတွေမှာလည်း ချဲ့ကားပြီး ရေးထားတယ်။ အမှန်ကတော့ သူ အရက်ဆိုင်မှာ ရခိုင်တွေနဲ့အတူ အရက်သောက်နေရင်းနဲ့ ပျောက်သွားခဲ့တာ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေထဲမှာ ရှားရှားပါးပါး အရက်သောက်တဲ့ထဲမှာ သူလည်း ပါတယ်။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“နောက်တစ်ချက်က နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အသက် (၂၂) နှစ် အရွယ် အာနောစ်ရဲ့ ကိစ္စပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားပါတယ်။ အဲဒီမှာ တရားလို လုပ်သူက ဦးဒူစ်မာမတ်ပါ။ အာနောစ်ကို သေနတ်နဲ့ ပစ်လိုက်သူက ထောင်ကျသွားတယ်လို့ သိရတယ်။ အဲဒါကြောင့် အဲဒီမကျေနပ်ချက်နဲ့ သူ့ကို အပြီးရှင်းတာရယ်၊ နောက်ပြီးတော့ အစိုးရဘက်လိုက်ပြောရင် ကျွန်တော်တို့ဘက်က လူတွေက လည်လှီးသတ်တယ်ဆိုတဲ့ ပုံစံမျိုး ပုံဖော်ထားပေါ့ဗျာ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။ အဓိကကတော့ အစိုးရက လုပ်ကြံတာပါ။” ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။

ဒေသခံရိုဟင်ဂျာ အများစုသည် လွန်ခဲ့သည့် နှစ်ရက်က အစိုးရ အစီအစဉ်ဖြင့် ရောက်ရှိလာခဲ့သည့် သတင်းထောက်များ အဖွဲ့ကို ယုံကြည်မှု မရှိသောကြောင့် ၎င်းတို့နှင့် တွေ့ဆုံပြီး အစိုးရအလိုကျ ပြောပေးခဲ့လျှင်လည်း အရေးတယူလုပ်ရန် မရှိသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ဦးဒူစ်မာမတ်ကို ဆဲဆိုရန်ပင် စိတ်မ၀င်စားကြဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus