ရဲကို ဆိုင်ကယ်ဖြင့် တိုက်မိသဖြင့် ဆိုင်ကယ် အသစ်တစ်စီး လျော်ကြေးပေးရသည့် အပြင် ငွေ ၁၀ သိန်း ညှစ်ခံရ
Rohingya Eye
RB News
17.1.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရဲစခန်းမှ တပ်ကြပ်ကြီးလှမြင့်နှင့် အဖွဲ့သည် ဆိုင်ကယ်ဖြင့် မတော်တဆ တိုက်မိသည့် ကျောင်းသားလေး တစ်ဦးကို ရိုက်နှက်၍ ဆိုင်ကယ် အသစ်တစ်စီး လျော်ကြေး ယူသည့်အပြင် ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင် အလယ်ရွာမှ အဒူလ်အာမီးန် (ဘ) ဦးနူရူဟူဆောင်း (အသက် ၁၆ နှစ်) သည် ဇန်န၀ါရီလ (၁၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မော်တော်ဆိုင်ကယ်စီး၍ မြို့ပေါ်မှ ရွာသို့ ပြန်နေစဉ်၊ ရွှေဇားကျေးရွာအုပ်စု၊ ဂုံးန္နာဟ်ရွာ အလယ်ရှိ ဦးရှုနာမျာ (ကွယ်လွန်) ၏ နေအိမ်ရှေ့တွင် စေတီပြင်မှ ဆိုင်ကယ်များဖြင့် ပြန်လာနေသည့် မြို့မရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ဝင် (၄) ဦးတို့အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဆိုင်ကယ်နှင့် တိုက်မိခဲ့သည်။
ဆိုင်ကယ်တိုက်မိရာတွင် ဆိုင်ကယ်ပျက်စီးမှု မရှိသော်လည်း နယ်ထိန်းအဖွဲ့က ဆိုင်ကယ်စီးလာသူ အဒူလ်အာမီးန်ကို ၀ိုင်းဝန်း၍ ရိုက်နှက်ခဲ့သည့်အပြင် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ နော်ဘီဟူဆောင်း (အသက် ၁၈ နှစ်) ကိုလည်း ၀ိုင်းဝန်း၍ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
နယ်ထိန်း တပ်ကြပ်ကြီးလှမြင့်နှင့် အဖွဲ့သည် ဆိုင်ကယ်တိုက်မိမှုကို အကြောင်းပြုပြီး၊ အဒူလ်အာမီးန် ထံမှ ဆိုင်ကယ် အသစ်တစ်စီး လျော်ကြေးအဖြစ် ယူခဲ့သည့်အပြင် ငွေကျပ် ၁၀ သိန်းလည်း ညှစ်ယူခဲ့သည်။
“ဆိုင်ကယ်တိုက်မိတဲ့သူက ကျောင်းသားလေး တစ်ယောက်ပါ။ မတော်တဆ တိုက်မိတာကို အခွင့်ကောင်း ယူပြီး လူမဆန်စွာ ရိုက်တယ်။ နောက်ထပ် ဆိုင်ကယ်တစ်စီး ၀ယ်ပေးရတဲ့ အပြင် ငွေ ၁၀ သိန်းပါ ညှစ်တာ အခွင့်အာဏာကို အလွဲသုံးစား လုပ်တာပဲ။ အထက်လူကြီးတွေနဲ့ သေချာ စုံစမ်းပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။