နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ သားသတ်လိုင်စင် ကိုယ်စားလှယ်က သတ်မှတ်ထားသည်ထက် အဆမတန် ကောက်ခံလျက်ရှိ

MYARF
RB News
3.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့မှ သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင်က လိုင်စင်ခ အဆမတန် ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတွင် တောင်ပြိုလက်ဝဲမြို့ အတွက် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်၏ သားသတ်လိုင်စင် ကိုယ်စားလှယ်ကို အမှတ် (၂) ရပ်ကွက်မှ ဦးလှတင် ကို လိုင်စင်ချပေးခဲ့ကြောင်း၊ လိုင်စင်ကြေး အဖြစ် ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းနှုန်း ကောက်ခံရန် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုအခါ သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင်က ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းနှင့် အသား တစ်ပိဿာစီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သားသတ်လိုင်စင် ကိုယ်စားလှယ် ဦးလှတင် သည် မည်သည့်အခါကမှ မရရှိခဲ့သည့် အခွင့်အရေးကို ရရှိထားခြင်း ဖြစ်ပြီး၊ မြို့အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လိုင်စင်ချပေးသည်ကို မာန်မာန ထောင်လွှား၍ ဒေသခံများကို မောက်မာစွာ ဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ စော်ကားခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဇွန်လ (၂၆) ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်မှ ဦးအဒူကော်ရီးမ် (ဘ) ဦးဖော်ကိရ်အာမတ်၏ နွားတစ်ကောင် အတွက် လိုင်စင်ကြေး ၃ သောင်းကျပ်နှင့် အသား တစ်ပိဿာ၊ ဦးဆိဒိခ် (ဘ) ဦးရှိကန်ဒေါရ်၏ နွားတစ်ကောင် အတွက် လိုင်စင်ကြေး ၃ သောင်းကျပ်နှင့် အသားတစ်ပိဿာ တို့ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း၊ မြို့အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးထားသည့် အတိုင်း ကောက်ခံခြင်း မရှိဘဲ အဆမတန် ကောက်ခံလျက် ရှိကြောင်း၊ ၎င်းနှင့် မသက်ဆိုင်သည့် လယ်ယာသုံးရန် ကျွဲ၊ နွားများ ရောင်းဝယ်မှုများမှလည်း အလားတူ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus