နောက်ဆုံးသတင်း/ဆောင်းပါးများ

လူဦးရေ စစ်ဆေးရေး အဖွဲ့မှ ဒေသခံ များကို ရိုက်နှက်၍ နေအိမ်များ ဖျက်ဆီး




Rohingya Eye
RB News
7.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူဦးရေ စာရင်း စစ်ဆေးခြင်းကို အကြောင်းပြု၍ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာ အုပ်စု၊ ဖန်းမြောင် (ဖော်ကီရ်ဒေါင်) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမည်ခံ လူဦးရေ စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ ဒေသခံ ရွာသားများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်သဖြင့် အင်အားသုံး၍ အမျိုးသမီး နှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် နေအိမ် တံခါးများကိုလည်း ရိုက်ချိုး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခံရသည့် အမျိုးသမီး နှစ်ဦးမှာ --

(၁) မဆော်ခူတာရာ (ဘ) ဦးဟာဆူးမျာ (အသက် ၂၁ နှစ်)
(၂) မတာဟေရာဘေဂမ် (ဦးယူနုစ်၏ ဇနီး) (အသက် ၂၂ နှစ်) -- တို့ဖြစ်သည်။

သြဂုတ်လ (၃၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း နန်းချောင်း (ဂါရာသီးဘီးလ်) ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဦးမာမတ်အာလမ် (ဘ) ဦးမာမတ်ဇော်လာလ် (အသက် ၆၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စီးနင်း၍ နေအိမ်ကို ဖျက်ဆီးခဲ့ကြသည်။ အဆိုပါ နေအိမ်မှာ ဓနိဖြင့် မိုးကာထားသော နေအိမ်ငယ် ဖြစ်သဖြင့် တစ်အိမ်လုံး ပျက်စီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လူဦးရေ စာရင်း စစ်ဆေးနေသည်ဟု ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ်မှာ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ စာရင်း ကောက်ခံလျက် ရှိသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ အမည်ခံ ထားသည့် လူဦးရေ စာရင်းတွင် ပါဝင် စစ်ဆေးခံရန် ငြင်းဆန်လျက် ရှိကြခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အင်အားသုံး၍ ရိုက်နှက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ပြုလုပ်၍ ခြိမ်းခြောက်လျက် ရှိသော်လည်း ဒေသခံ ရိုဟင်ဂျာ ရွာသားများက ပါဝင် စစ်ဆေးခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာ အမည်ဖြင့် လူဦးရေ စာရင်း ကောက်ခံမည် ဆိုပါက ပါဝင် စစ်ဆေးခံရန် အသင့်ရှိသည်ဟု ဆိုသည်။

မ.က.ဖ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ထွန်းဘော်က မောင်တောမြို့ရှိ လူဦးရေ စာရင်း အတိအကျကို သိလို၍ ကောက်ခံ နေခြင်း ဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာနှင့် သက်ဆိုင်မှု မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုလျက် ရှိသော်လည်း မောင်တောမြို့ရှိ ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာ ကွက်၍ လူဦးရေ စာရင်း ကောက်ခံလျက် ရှိပြီး၊ စာရင်း ရေးသွင်းသည့် ပုံစံတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ခေါင်းစဉ် တပ်၍ မှတ်တမ်းတင် နေသောကြောင့် ပါဝင် စစ်ဆေးခံရန် ငြင်းဆန် နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဇွန်လ (၁) ရက်နေ့မှ စ၍ ယနေ့ထိ ကျေးရွာများသို့ အင်အားဖြင့် ၀င်ရောက်၍ အမျိုးသမီးများကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ နေအိမ်များ အတွင်းရှိ တန်းဖိုးကြီး ပစ္စည်းများကို လုယက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ အသွားအလာများ ကန့်သတ် ပိတ်ပင်ခြင်း၊ စီးပွားရေး လုပ်ငန်းများ ပိတ်ပင် ထားခြင်း တို့ကို ယခင် န.စ.က များ ကျင့်သုံး ခဲ့သည့် မူအတိုင်း ဆက်လက်၍ ကျင့်သုံး နေခြင်းဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက်တွင် ရိုဟင်ဂျာ လူမျိုးများကို ညှဉ်းပန်း နှိပ်စက်ရန် န.စ.က ကို နိုင်ငံတော် မူဝါဒ တစ်ရပ် အနေဖြင့် တာဝန် ပေးအပ် ခဲ့သလို ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင်လည်း မ.က.ဖ ကို နိုင်ငံတော် မူဝါဒ တစ်ရပ် အနေဖြင့် တာဝန် ပေးထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

Comment ရေးရန်

Rohingya Exodus