နောက်ဆုံးသတင်း/ဆောင်းပါးများ

UNHCR နှင့် WFP မှ ထောက်ပံ့သော ပစ္စည်းများကို စစ်သားများက လုယက်၊ ဒေသခံများကို ရိုက်နှက်

MYARF
RB News
25.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ ဒေသခံများကို ရိုက်နှက်ကာ UNHCR နှင့် WFP တို့မှ ပေးဝေခဲ့သည့် ပစ္စည်းများကို လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာတွင် လွန်ခဲ့သည့် အပတ်က UNHCR မှ ပလတ်စတစ်အခင်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများနှင့် WFP မှ ဘီစကွတ်မုန့်၊ ဟင်းချက်ဆီ၊ ဆန်စသည့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဆင်သေပြင်အရှေ့ရွာသို့ စစ်သား ၄၀ ဦးခန့်ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးဟု ဆိုကာ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးခဲ့ရာ အမျိုးသားအများစုက ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ စစ်သားများက ရွာအတွင်းတွင် တွေ့ရှိသော သက်ကြီးနှစ်ဦးနှင့် လူငယ် သုံးဦးတို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

ရိုက်နှက်ခံရသူများမှာ --

(၁) ဦးဇော်ဟီရ်အာမတ် (ဘ) ဦးတယာမ်ဂုလာလ် (အသက် ၆၅ နှစ်)
(၂) ဦးအိုဆေရာမန် (ဘ) ဦးအဗ်ဒူမော်ဂျီဒ် (အသက် ၆၁ နှစ်)
(၃) ဇူနိုက် (ဘ) ဦးဆယာဒ်အာမီးန် (အသက် ၁၆ နှစ်)
(၄) ယူနုစ် (ဘ) ဦးအာဘူလ်ကာစီးမ် (အသက် ၂၀ နှစ်)
(၅) ဆော်လီမ် (ဘ) ဦးအာဘူလ်ကာစီးမ် (အသက် ၁၅ နှစ်) -- တို့ဖြစ်ကြသည်။

ထို့နောက် စစ်သားများသည် နေအိမ်အချို့တွင် တွေ့ရှိသည့် UNHCR နှင့် WFP မှ ထောက်ပံ့ထားသော ပစ္စည်းများကို လုယက်၍ နေ့လည် ၂ နာရီ အချိန်တွင် ရွာမှထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

လုယက်ခံရသူအချို့နှင့် လုယက်ခံရသည့် ပစ္စည်းများမှာ --

(၁) ဦးကာလာမ် (ဘ) ဦးအာမီးရ်ဟူစိန်း ထံမှ ပလတ်စတစ်အခင်းတစ်ချပ်၊ အ၀တ်လျှော်ဆပ်ပြာနှင့် ရေချိုးဆပ်ပြာမွှေးတစ်ထုပ်၊ ကိုယ်သုတ်ပုဝါ၊ အတွင်းခံဘောင်းဘီ၊ ကလေးဝတ် အ၀တ်အထည်များ ပါဝင်သည့် အ၀တ်အစားထုပ် တစ်ထုပ်

(၂) ဦးရော်ရှိဒူလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် ထံမှ ဘီစကွတ်မုန့် အထုပ်ကြီး ၅ ထုပ် (အထုပ်ကြီးတစ်ထုပ်လျှင် အထုပ်ငယ် ၁၄၀ ထုတ်ပါရှိ) ဆီ ၁၀ လီတာ

(၃) ဦးဆော်လီမူလ္လာ (ဘ) ဦးအေဇာရ်မျာ ထံမှ ဘီစကွတ်မုန့် အထုပ်ကြီး ၄ ထုပ်၊ ဆီ ၅ လီတာနှင့် အခြားအိမ်များမှလည်း အလားတူ ပစ္စည်းများ လုယက်ခဲ့သည်။

ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် ၈း၄၀ နာရီ အချိန်ခန့်တွင် စစ်သားများသည် လောင်းဒုံကျေးရွာအုပ်စု၊ ကြိုက်ချောင်းနှင့် ဖောကီးတောင်ရွာတို့ကို ဖြတ်ကျော်၍ တောတောင်ထဲရှိ မြိုရွာဘက်သို့ သွားနေစဉ် ကြိုက်ချောင်းကျေးရွာမှ ဦးမာမတ်အာလောမ် (ဘ) ဦးမာမတ်ဒူလ္လာ (အသက် ၂၈ နှစ်) သည် တလင်းမှ ကောက်ရိုးများကို အိမ်သို့ သယ်သွားနေသည်ကို တွေ့ရှိပြီး တစ်စုံတစ်ရာ မမေးမြန်းဘဲ စစ်သား (၇) သီးက ၀ိုင်းဝန်း၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ထို့နောက် စစ်သားများက ဖောကီးတောင်ရွာမှ ရော်ဖိခ် (ဘ) ဦးမာမတ် (အသက် ၂၅ နှစ်) ကို တောင်မှ ထင်းခုတ်၍ လာနေသည်ကို တွေ့ရှိသောအခါ ၎င်းကိုလည်း ၀ိုင်းဝန်း၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးမာမတ်အာလောမ်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus