နောက်ဆုံးသတင်း/ဆောင်းပါးများ

မစ္စရန်ဟီးလီ မပြန်မချင်း ညှဉ်းပန်းနှိပ်စက်မည်ဟု တောင်ပြိုမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးပြော

RB News
13.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ ကျွန်းပေါက်ပြုစု အပါဝင် ရွာအချို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မပြန်မချင်း ညှဉ်းပန်းနှိပ်စက်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျွန်းပေါက်ပြုစု၊ ဖက်လိပြင်နှင့် ကျောက်ချောင်း အလယ်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အင်အား ၄၀ ကျော် ၀င်ရောက် စီးနင်းပြီး အမျိုးသမီးများကို နေအိမ်များ၏ အပြင်သို့ ထုတ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးက Ms Yanghee Lee မပြန်မချင်း ဆက်လက် ညှဉ်းပန်းနှိပ်စက်မည် ဖြစ်ကြောင်း၊ နှိပ်စက်မှု မခံချင်လျှင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးချင် ထွက်ပြေး၍ ရကြောင်း၊ ၎င်းကိုယ်တိုင် ချောင်းဝ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးကို ထွက်ပြေးနေသူများအား မတားမြစ်ရန် ညွန်ကြားချက် ပေးထားကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်များမှ အထူးသဖြင့် ဆန်၊ ဆီ၊ ငြုတ်သီး၊ ထမင်း၊ ဟင်း ချက်သည့် အိုးခွက်များကို အဓိက ပစ်မှတ်ထား၍ ဖျက်ဆီးနေသည်ကို ကြည့်ခြင်းအား ဒေသခံများ၏ လူနေမှု ဘ၀ရပ်တည်နိုင်စွမ်းမရှိအောင် ပြုလုပ်ပြီး ဒုက္ခသည် ဘ၀ရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောပါသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း ကျွန်းပေါက်ဆင်အိုးနှင့် ရေတွင်းပြင် ကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် စစ်သားများက အလားတူ ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် ကြိမ်ချောင်းဈေးမှ ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ စားကုန်ပစ္စည်းများ ၀ယ်ယူပြီး ရေတွင်းပြင်သို့ ပြန်နေသည့် စက်တပ်လှေနှစ်စီးကို ပြူးမချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး ပစ္စည်းများ အားလုံးကို လုယက်ယူလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ လုယက်ခံရသူနှစ်ဦးမှာ ဦးအာမာန်အုလ္လာ (ဘ) ဦးမာမတ်အလီနှင့် ဦးမာမတ်ဟူဆောင်း (ဘ) ဦးရှုနာမျာ တို့ဖြစ်ကြသည်။ ၎င်းတို့သည် ရေတွင်းပြင်ကျေးရွာမှ ကားလမ်းဖြင့် သွားလာနိုင်ခြင်း မရှိသောကြောင့် စက်တပ်လှေငယ်များဖြင့် ကြိမ်ချောင်းဈေးမှ စားကုန်ပစ္စည်းများ ၀ယ်ယူ သယ်ဆောင်လာ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။



Comment ရေးရန်

Rohingya Exodus