နောက်ဆုံးသတင်း/ဆောင်းပါးများ

(ဓါတ်ပုံ - DPI/Samsul Said)

မနီလာမြင့်
RB News
11.9.2015

ဒီဝတ္တု ကလေးရဲ့ နာမည်ကို ရိုဟင်ဂျာမလေး လို့ ပေးရခြင်း အကြောင်း ကတော့ ကျွန်မ လေးစား နှစ်သက် ရတဲ့ အကိုကြီး အဆိုတော် လားရှိုး သိန်းအောင် ရဲ့ ရိုဟင်ဂျာမလေး သီချင်းကို ဂုဏ်ပြုသော အားဖြင့် ပေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္တု ကလေးဟာ အနည်းငယ်သော ရိုဟင်ဂျာ ပညာတတ် အသိုင်း အဝိုင်းရဲ့ အနည်းငယ်သော ဒုက္ခကိုသာ ထင်ဟပ် ပြသနိုင်စွမ်း ရှိပြီး တကယ့် လက်ရှိ ဘဝမှာ ဖြစ်ပျက် ခံစား နေရတဲ့ မျက်နှာမွဲ ပညာမဲ့ ရိုဟင်ဂျာ တို့ရဲ့ နေ့တဓူဝ ပေါင်းများစွာ ခံစား နေရတဲ့ အမျိုးမျိုး သော ဒုက္ခများ ကိုတော့ စာဖွဲ့ခြင်း အလို့ငှာ ကျွန်မ အလျဉ်း မစွမ်း နိုင်ပါ။ ရိုဟင်ဂျာ တို့ရဲ့ ဒုက္ခ များဟာ ပြောပြ၍ ကုန်နိုင် မည်မဟုတ် သောကြောင့်ပါ။

********

ညဖက် ဘူးသီးတောင် ဗလီကြီးမှာ ဒေါက်တာ လွန်းအောင် တယောက် အေရှာ (ညပိုင်း ဝတ်ပြုခြင်း) အပြီး ဗလီ အပြင်ဖက်မှာ မိတ်ဆွေ အချို့နဲ့ စကားလက်ဆုံ ကျနေ ပါတယ်။ မိတ်ဆွေ တယောက်က…

‘ဆရာ ဒီအပတ် တနင်္ဂနွေနေ့ ၁၀ တန်း အောင်စာရင်း ထွက်မယ် ကြားတယ် ဆရာ။ ကျွန်တော်တို့ တော့ မယ်လာ (အလှူပွဲကြီး) စားရ တော့မယ် ထင်တယ်။ ဆရာ့ သမီးကို ဆရာ ကိုယ်တိုင် ဖိဖိ စီးစီး သင်ပေး ထားဒါ ဆိုတော့ သူထူးထူး ချွန်ချွန် အောင်မှာ သေချာတယ်’

‘ဟာ ရှားကဲရ်ဘိုင် ဒီသတင်း ခင်ဗျား ဘယ်က ကြားဒါလဲ။ ကျွန်တော်လဲ ဒီ တနင်္ဂနွေ ထွက်မယ် ကြားတယ်။ ဒါပေမဲ့ သေချာ ပါ့မလားလို့’

‘သေချာတယ် ထင်တယ် ဆရာ။ ကျွန်တော် ပညာရေးမှူးရုံး က ဝန်ထမ်း ကိုအောင်ကျော် စီက ကြားဒါ’

‘ဒါဆို သေချာ မှာပေါ့။ ကျွန်တော် အိမ်ပြန် လိုက်အုံး မယ်ဗျာ။ သမီးကို ဒီသတင်း သွားပေး လိုက်အုံး မယ်။ သမီးက သူ့အောင်စာရင်း ဘယ်တော့ ထွက်မလဲ အရမ်းသိ ချင်နေဒါ။ အားလုံးဘဲ ပြန်မယ်ဗျာ’

ဒေါက်တာ လွန်းအောင် တယောက် အိမ်ကို ခပ်သွက်သွက် ပြန်လာ ခဲ့တယ်။ အိမ်ရောက် တော့ သမီးက အိမ်ရှေ့ခန်းမှာ သူ့မောင်လေး၊ ညီမလေး တွေကို စာသင် ပေးနေလေရဲ့။

‘သမီးရေ၊ ဒီအပတ် တနင်္ဂနွေ သမီးတို့ အောင်စာရင်း ထွက်မှာ သေချာ တယ် သမီးရေ။ ဖေဖေ အခုဘဲ ဗလီ က ကြားခဲ့ဒါ’

‘ဟင်… တကယ် ဖေဖေ.. အမလေး ဖေဖေ ရယ် သမီး ကြောက်လိုက်ဒါ။ သမီးရဲ့ Result က ဘယ်လို နေမလဲ မသိ ဘူးနော်’

‘အော်.. ငါ့သမီး ကလဲ၊ သမီး ဘာသာစုံ ကောင်းကောင်း ဖြေနိုင်ဒါဘဲ။ ဘာမှ စိုးရိမ် စရာ မရှိဘူး။ အင်ရှာ အလ္လာဟ် (အလ္လာ အရှင်မြတ် အမိန့်တော်ဖြင့်) ငါ့သမီး ထူးထူး ချွန်ချွန် အောင်မယ် ဆိုဒါ ဖေဖေ ယုံကြည် ပြီးသား’

‘အဲဒါ အားလုံး ဖေဖေ့ ကြောင့်ပါ ဖေဖေ။ ဖေဖေ ဆေးခန်းက တဖက်၊ လူမှုရေး လုပ်ငန်း တွေက တဖက်၊ မအားတဲ့ ကြားထဲက သမီးကို နေ့တိုင်း မှန်မှန် အချိန် ပုံမှန် ယူပြီး စာသင် ပေးခဲ့လို့ သမီး အခုလို ကောင်းကောင်း မွန်မွန် ဖြေနိုင် ခဲ့ဒါပါ ဖေဖေ’

‘ဟာ.. မမကြီး အောင်စာရင်း ထွက်တော့မယ် ဟုတ်လား။ အောင်ရင် ညီမတို့ကို မုန့်ဝယ် ကျွေးရ မယ်နော်’

‘အမလေး… ဂုဏ်ထူး များများ ထွက်အောင်သာ ဒူဝါလုပ် (ဆုတောင်း)။ နင်တို့ကို မုန့်တွေကော အဝတ် အစားတွေ ကော ဝယ်ပေးမယ်၊ စိတ်ချ’

********

စနေနေ့ ည ၉ နာရီ

‘ဖေဖေရယ်၊ မနက်ဖန် အောင်စာရင်း ထွက်တော့မယ်၊ သမီး သွားမကြည့် ရဲသေးဘူး။ ဖေဖေ အရင် သွား ကြည့်ပေး ပါနော်၊ သမီး ကြောက်လို့ပါ’

‘အော်… ငါ့သမီးကလဲ၊ သမီး ဒီလောက် ဖြေနိုင်ခဲ့တဲ့ ဟာကို၊ အေးပါကွာ၊ ဖေဖေ ဖဂျဲရ် (မနက်စောစော ဝတ်ပြုခြင်း) ဖတ်ပြီး အပြန် အရင် ကြည့်လာ ခဲ့မယ်။ သမီး နောက်မှ အေးအေး ဆေးဆေး ကိုယ့်ဘာသာ ကိုယ် သွားကြည့်ပေါ့၊ ဟုတ်ပြီလား။ မိန်းမရေ.. မနက်ဖြန် အိမ်မှာ ဟင်းကောင်းကောင်း ချက်ထားနော်။ အိမ်ကို လူတွေ သတင်း လာမေးကြ မှာကွ’

‘ကျွန်မ အကုန် စီစဉ်ပြီးသားပါရှင်’


တနင်္ဂနွေနေ့ မနက် ၆ နာရီ

‘သမီးရေ.. သမီး.. ငါ့သမီး ဂုဏ်ထူး ၅ ခု ထွက်တယ်ကွ၊ Chemistry တခုဘဲ မထွက်ဒါ၊ ဖေဖေ ထင်တယ်၊ ဒါလဲ ဂုဏ်ထူး မှတ်ကပ်နေ မှာဘဲ’

‘ဖေဖေ.. တကယ်နော် ဖေဖေ.. သမီး ပျော်လိုက်ဒါ ဖေဖေရယ်’ ဟုဆိုကာ အဖေကို ဖက်၍ ငိုပါ လေ တော့သည်။

‘မိန်းမရေ.. မင်း သမီးကို ကြည့်ပါ အုန်းကွာ၊ အရူးမလေးကျ နေဒါဘဲ’ ဟုဆိုကာ မျက်ရည် လည်ရွှဲဖြင့် ပြောလိုက် သောအခါ ကုလားထိုင် ပေါ်တွင် ငိုနေသော မိန်းမကို တွေ့ရလေသည်။ သား သမီး အငယ် တွေ ကတော့ မြူးတူး ခုန်ပေါက် နေကြတော့သည်။ တနေ့လုံးလည်း အိမ်မှာ ဧည့်သည် တွေနှင့် စကား ပြော၍ လည်းမကုန်၊ ချက်ပြုတ်၍ လည်း လက်မလည် နိုင်ဘဲ ပျော်ရွှင် စရာ အတိ နှင့် ပြီးခဲ့သော မင်္ဂလာ ရှိသော နေ့ တနေ့ပင် ဖြစ်ပါ တော့သည်။

*********

ဆုမြတ်နန္ဒာအောင် တယောက် အောင်စာရင်း ထွက်ပြီး တပတ်လောက် ပျော်ရွှင် ခဲ့ရ ပေမဲ့ တဖြည်းဖြည်း စိုးရိမ် စိတ်တွေ ဝင်လာ ရပါ တော့တယ်။ ဘာကြောင့် လဲ ဆိုတော့ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ ကို ၁၉၉၀ နောက်ပိုင်း ပြည်မ ဖက်ကို ခရီး သွားခွင့် ပိတ်လိုက် ပြီး ပထမ ပိုင်းတော့ အသက်မွေး ဝမ်းကျောင်း ဘာသာ ရတဲ့ ကျောင်းသား တွေနဲ့ စစ်တွေ တက္ကသိုလ် မှ Master တက်ခွင့် ရတဲ့ သူများ သာ ရန်ကုန် သွားရောက် ပညာ သင်ခွင့် ရှိပြီး ၁၉၉၈ လောက် ကစပြီး အသက်မွေး ဝမ်းကျောင်း ဘာသာ ရတဲ့ ကျောင်းသား တွေကော Master ရတဲ့ ကျောင်းသား တွေပါ ရန်ကုန် ကို ပညာသင်ခွင့် မရ တော့ပါဘူး။ ဘယ်လောက်ဘဲ အမှတ် ကောင်းကောင်း စစ်တွေ တက္ကသိုလ် မှာ ရိုးရိုး မေဂျာ တခုခု တက်၊ ကျောင်း ပြီးရင် ရိုဟင်ဂျာ တွေဟာ အစိုးရ ဝန်ထမ်းလည်း လုပ်ခွင့် မရှိဘဲ အိမ်မှာ ကျူရှင် လေးဘာလေး သင်ချင် သင်၊ ဒါမှ မဟုတ် မိဘ လက်ငုတ် စီးပွါးရေး ရှိတဲ့ သူကလည်း အဲဒါလေး ဘဲ ဆက်လုပ်။ အဲဒါလည်း မရှိ ယင်တော့ ဟိုယောင်ဝါး ဒီယောင်ဝါး နဲ့ ဝေလေလေ လုပ်ပေါ့။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ ဟာ ဦးနု အစိုးရ လက်ထက် ပါလီမန် ဒီမိုကရေစီ ခေတ်က အခြား တိုင်းရင်းသား များနည်းတူ တန်းတူ အခွင့် အရေး ရခဲ့ ပေမဲ့ ၁၉၆၂ ဦးနေဝင်း အာဏာ ရရှိပြီး နောက်ပိုင်း ရိုဟင်ဂျာ လူမျိုးတွေ ကို တဖြည်းဖြည်း နဲ့ စံနစ် တကျ ခွဲခြား အုပ်ချုပ် လာဒါ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး လက်ထက် ဦးခင်ညွန့် အာဏာ ရှိချိန် မှာ အဆိုး ဆုံးပေါ့။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုး တွေရဲ့ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး တွေကို စံနစ် တကျ ရည်ရွယ် ချက်ရှိရှိ နိမ့်ပါး အောင် ဖျက်စီး လာဒါ အခု ၂၀၀၉ မှာတော့ ဆိုးရင်း ဆိုးရင်း နဲ့ ဒီထက် ဆိုးစရာ လည်း မရှိ တော့ဘူး။ လူတွေ ရဲ့ စိတ်ဓါတ်တွေ လည်း ကျရင်း ကျရင်းနဲ့ ကုန်းကောက် စရာ တောင် မရှိတော့ ပါဘူးရှင်။

အောင်စာရင်း ထွက်ပြီး ရက် ၂၀ ခန့် အကြာ မြို့နယ် ပညာ ရေးမှူးရုံးမှ ခေါ်၍ ကျွန်မ နဲ့ ဖေဖေ တို့ သွားခဲ့ ကြတယ်။ ပညာရေးမှူး မှ ကျွန်မရဲ့ အမှတ် စာရင်း နဲ့ ကျွန်မ ဟာ ရခိုင် ပြည်နယ် တခု လုံးမှာ ဒုတိယ၊ ရခိုင် ပြည်နယ် တခု လုံးမှာ မြန်မာစာ နှင့် အင်္ဂလိပ်စာ အမှတ် အများဆုံး ရရှိ ကြောင်း ပြောပြ ပါတယ်။ ဖေဖေ က ပညာရေးမှူး အား

‘ဆရာ… အခုလို ကြားရ တဲ့အတွက် ကျွန်တော် အရမ်း ဝမ်းသာ ပါတယ်ဗျာ။ သမီးဟာ အခု ဆိုရင် ရခိုင် ပြည်နယ် ရဲ့ဂုဏ်၊ ကျောင်းရဲ့ ဂုဏ်ကို ဆောင်နိုင် ခဲ့ပြီ။ နောင်ကို လည်း ရခိုင် ပြည်နယ် ဖွံ့ဖြိုး တိုးတက် ရေး၊ ဒေသ ဖွံ့ဖြိုးရေးတို့ကို ကျရာ နေရာက စွမ်းစွမ်း တမန် ပါဝင် ဆောင်ရွက် လိမ့်မယ် ဆိုဒါ ကျွန်တော် ရဲ၇ဲ ကြီး အာမခံ ရဲပါတယ်ဗျာ။ သမီး ရန်ကုန် ဆေးတက္ကသိုလ် မှာ ပညာ သင်ကြား နိုင်ရေး အတွက် ဆရာ တို့ ကူညီ ဆောင်ရွက် ပေးပါ လို့ ကျွန်တော် အနှုးအညွှတ် မေတ္တာ ရပ်ခံ ပါတယ်ဗျာ’

ပညာရေးမှူးမှ… ‘ကျွန်တော် တို့လဲ ကြိုးစား ကြည့်ပါမယ်။ ဒါပေမဲ့ ဥပဒေ ကို ကျော်လွန် ပြီးတော တော့ ကျွန်တော် တို့လဲ ဘာမှ မတတ် နိုင်ဘူးဗျာ… ဟုတ်ပြီ ကိုလွန်အောင် ရေ၊ ကျွန်တော် လဲ အစည်း အဝေး ရှိလို့ သွားလိုက် အုံးမယ်… Good Luck ဗျာ’ ဟု ဆိုပြီး နှုတ်ဆက် ထွက်ခွါ သွားပါ တော့တယ်။

ပညာရေးမှူး ရုံးက အပြန် မှာတော ဖေဖေကော ကျွန်မကော တလမ်းလုံး စကား တခွန်းမှ မပြော နိုင်ကြ တော့ ပါဘူး။ နှစ်ယောက် စလုံး ရဲ့ ရင်ထဲမှာ အတွေး ကိုယ်စီ နဲ့ ဝမ်းသာ ရမှာလား၊ ဝမ်းနဲ ရမှာလား ပင်ခွဲ ခြား မသိ နိုင်တော့ ပါဘူး။ အိမ်ပြန် အရောက် မေမေ အိမ်ပေါက်ဝ မှ ဆီးကြို၍ အကျိုး အကြောင်း မေးဒါ ကိုပင် ပြန် မဖြေ နိုင်ဘဲ အခန်းထဲ သို့ တန်းဝင်၍ အားရ ပါးရ ငိုချ လိုက်ပါ တော့တယ်။

အောင်စာရင်း ထွက်ပြီး နောက်ပိုင်း ကျွန်မလည်း ပတ်ဝန်းကျုင် ကခလေးတွေ အိမ်က ခလေး တွေကို စာသင် ရဒါ စိတ်မ ပါနိုင် တော့ဘဲ စိတ်နဲ့ လူနဲ့ ကပ်အောင် ကိုမနည်း ကြိုးစား နေရတယ်။ ဖေဖေ လည်းဒီ လိုပါဘဲ။ ဆေးခန်း ထိုင်ရ ဒါသိပ် စိတ်မပါ တော့ဘူး။ အရင်ဆို ဆေးကု နေရ ရင် ထမင်းမေ့ ဟင်းမေ့ နေတတ် တဲ့ ဖေဖေ အခု တော့ လူနာ တွေကို တခါ တလေ ဟောက်တတ် နေပြီ။ ဒါပေမဲ့ ပတ်ဝန်းကျင် က နားလည် ပေးကြ ပါတယ်။ ဖေဖေ တော်တော် စိတ် မကောင်း ဖြစ်နေ တယ်ဆိုဒါ။ မေမေ လည်း ဒီလို ပါဘဲ။ အိမ်မှု ကိစ္စ တွေကို တာဝန် အရ သာလုပ် နေရဒါ စိတ်မပါ ဘူးဆိုဒါ။ တခါ တလေ ကျွန်မ မသိ အောင် ငိုထားဒါ မေမေ့ မျက်နှာ က သက်သေ ပြနေ ပါတယ်။ ခလေး တွေဆို အော်ဟစ် မက စားရဲ တော့ဘဲ ဟင်းလည်း ဂျီမကျ တော့ဘူး ထင်ပါရဲ့။ ထမင်း ဝိုင်းမှာ ဘာအသံ မှ မကြားရ တော့ဘဲ ခပ်မြန်မြန် သွက်သွက် စားပြီး အခန်း ထဲကို ခပ်ကုပ်ကုပ် ဝင်၊ ကိုယ့်စာအုပ် ကိုယ်ထုတ် ပြီး စာကြည့် နေကြ လေရဲ့။ တအိမ် လုံးလည်း တိတ်ဆိတ်လို့။

‘အင်း.. မဖြစ်သေး ပါဘူး။ ဒီအခြေ အနေ က လွန်မြောက် အောင် ငါလုပ် မှဖြစ် တော့မယ်။ ငါ ဝမ်းနည်း ပြနေရင် တအိမ်လုံး အခြေ အနေ ပိုဆိုး သွားနိုင်တယ်။ ငါ စိတ်ဓါတ် မကျဘဲ ကိုယ်ရတဲ့ ဘာသာ ကို အကောင်းဆုံး၊ အထူးချွန် ဆုံးဖြစ် အောင်ကြိုး စားပြီး ပျော်ပျော် ရွှင်ရွှင် နေပြ သွားယင် ငါ့ မိသားစု အခြေ အနေ အရင် လို ပုံမှန် ပြန်ဖြစ် လာနိုင်တယ်။ ငါ ဒီနေ့ က စပြီး ငါ့ မိသားစု အရင်လို ပျော်ပျော် ရွှင်ရွှင် ပြန် ဖြစ်အောင် ကြိုးစား သွားမယ်။ ငါ စိတ်ဓါတ် ကျလို့ စုမြတ်နန္ဒာ ရေ။ ဖြစ်နေတဲ့ ဘဝ ကို ဒီထက် မရှုံး အောင်၊ အရှုံး ထဲက အမြတ် ထွက်အောင် အကောင်းဆုံး ကြိုးစား ပြနိုင် ရမယ် ‘Fighting’ စုမြတ်နန္ဒာ၊ အားတင်း ထားဟု ဆိုကာ ကိုယ့် စိတ်ဓါတ် ကို ကိုယ် အကြိမ်ကြိမ် ပြန် ကောက် ကောက် တင်ရ လေသည်။

တနေ့ မနက်စာ (Breakfast) စား အပြီး အငယ် တွေက ကျောင်းသွား ကုန်ကြပြီ။ ဖေဖေ အိမ်ရှေ့က ဆေးခန်း လေးမှာ မထိုင်ခင် ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ် ဧည့်ခန်း ထဲမှာ စကား လက်ဆုံ ကျနေ ကြတယ်။

‘လက်ရှိ သန်းရွှေ အစိုးရ ကတော့ ကွာ သူတို့ရဲ့ အကြံပေး ကလိမ် ကကျစ် တွေနဲ့ ပေါင်းပြီး တိုင်းပြည် ထဲမှာ ခိုးဝင် ဘန်ဂါလီ၊ ခိုးဝင် ဘန်ဂါလီ ဆိုပြီး မိုးမွှန်အောင် ဝါဒ ဖြန့်နေ ကြတယ်။ ချီးစားတဲ့ ကောင်တွေ ကလဲ ယုံတော် မူကြတယ်။ ဖေဖေ မေးလိုက် ချင်တယ်၊ ဒီအစိုးရ ကို၊ ပြောရေး ဆိုခွင့် ရှိယင် ပေါ့ကွာ။ ကျွန်တော် တို့ ရိုဟင်ဂျာ တွေ ထဲက ဘယ်သူတွေ ကများ ခိုးဝင် လာဒါလဲ။ ခိုးဝင် လာတယ် ဆိုယင် ခိုးဝင် လာကြောင်း အထောက် အထား ခိုင်ခိုင် မာမာ ပြပါလို့။ ဒါမျိုး ဆိုရင်တော့ သူတို့ သေမလောက် ကြောက် ကြတယ်။ တကယ်တန်း နိုင်ငံ တကာနဲ့ နင်လား ငါလား ပြောရ ဆိုရ ပြီဆိုရင် တော့ ခိုးဝင် ဆိုဒါ မရှိ ပါဘူး၊ ခိုးထွက် နေဒါဘဲ ရှိပါ တယ်ဆိုပြီး မျက်နှာ ပြောင်တိုက် မျက်နှာ ငယ်ငယ် နဲ့ ပြောရဲတယ်။ တကယ့် ဗြောင်လိမ်၊ ဗြောင်စား တွေပါကွာ’

‘ဖေဖေ တို့ လူမျိုး တွေကို သူတို့ က ပညာ မဲ့တွေ ဖြစ်အောင် စံနစ် တကျ အကွက် ကျကျ စီမံ ပြီး သူတို့ ဗိုလ်ကျ ချင်တိုင်း ကျနေ ဒါပေါ့ကွာ။ န စ က ဆိုတဲ့ ကောင်တွေ ကလဲ တနေ့ တမျှိုး မရိုး ရအောင် ငွေညှစ် ဒမြ တိုက်နေ ကြတယ်။ ဌာန ဆိုင်ရာ အသီးသီး က ဝန်ထမ်းတွေ ကလဲ မိုက်ကြေး ခွဲ၊ ဆက်ကြေး တောင်း ပုံစံ မျိုး လုပ်နေ ကြတယ်။ ဒါတွေ ဟာ အစိုးရ အထက် ပိုင်းက ပုဂ္ဂိုလ် တွေရဲ့ ညွှန်ကြား ချက်နဲ့ လုပ်နေ ဒါကွ’

‘ဖေဖေ ဆိုရင် ကွာ နိုင်ငံ သားတွေဘဲ တက်ခွင့် ရတဲ့ ရန်ကုန် ဆေး တက္ကသိုလ် က ဒေါက်တာ ဘွဲ့ ရခဲ့ တယ်။ ဖေဖေ့ အဖေ ဆိုရင် ဘူးသီးတောင် မြို့နယ် စခန်းမှုး ဟောင်း၊ အဲဒါ နိုင်ငံသား ဘဲ လုပ်လို့ ရဒါကွ။ ဖေဖေ့ ရဲ့ အဖိုး ဆိုယင် အဖိုးတို့ ရွာရဲ့ အစိုးရ အသိ အမှတ် ပြု သူကြီး၊ အဖိုးကို အစိုးရ က ချီးမြှင့် ထားတဲ့ ဝန်ထမ်းကောင်း လက်မှတ် တွေ ဖေဖေ့ မှာ အခုထိ ရှိတယ်။ အဖိုး က ဖေဖေ တို့ကို သူ့ ငယ် ဘဝ အကြောင်း၊ အဖိုးရဲ့ အဖေ၊ အဖိုးရဲ့ အဖိုး တွေ အကြောင်း အမြဲတန်း ပြောပြလေ့ ရှိတယ်။ အဖိုးရဲ့ အဖိုး ဒီဒေသ ကနေ ဆော်ဒီအရေးဗီးယား မှာ ရှိတဲ့ မက္ကာမြို့ ကို ဟဂ်ျသွား လုပ်ဒါ အသွား အပြန် လမ်းခရီး မှာ တနှစ် နီးပါး ကြာကြောင်း၊ လမ်းပန်း ဆက်သွယ် ရေးတွေ ဘယ်လို ခက်ခဲ ကြောင်း၊ ဒီဒေသ ရဲ့ အဖြစ် အပျက် တွေကို ဖေဖေ တို့ ငယ်ငယ် က အမြဲတန်း အဖိုးဆီက အိပ်ရာဝင် ပုံပြင် တွေ အဖြစ် ကြားခဲ့ ရတယ်။ အဲဒါ ကိုများ ဖေဖေ တို့ လူမျိုး တွေကို မနေ့ တနေ့ က ခိုးဝင် လာတဲ့ လူတွေ တဲ့ကွာ’

‘အေး.. ဖေဖေ တို့ လူမျိုးတွေ ထဲကဘဲ အစိုးရ နဲ့ ပူးပေါင်းပြီး စီးပွါးရေး လုပ်ကိုင် နေတဲ့ ခရိုနီ ဆိုတဲ့ ကောင်တွေ ကလဲ သူတို့ လုပ်ပိုင် ခွင့်တွေ ရဖို့၊ သူတို့ မိသားစု ကောင်းစား ဖို့ အတွက် ကိုယ့် လူမျိုး တွေကို ဘန်ဂါလီ ဇာတ် သွင်းနေ ကြတယ်။ အသား ထဲက လောက်ထွက် တဲ့ ကောင်တွေ ပေါ့ကွာ။ ပညာမဲ့၊ ဥစ္စာမဲ့ တဲ့ လူတွေ ကို မဖြစ် စလောက် ငွေလေးပြ၊ မဟုတ်တန်း တရား တွေနဲ့ မြူဆွယ်၊ မစားရ ဝခမန်း တွေ ပြောပြီး ဘန်ဂါလီ အဖြစ် ခံယု ခိုင်းနေ တယ်ကွာ။ White Card တွေ ယူခိုင်း နေတယ်ကွာ။ အေး.. သူတို့ ကိုင်သလား ဆိုတော့ သူတို့ကျ မကိုင်ဘူး။ ပန်းရောင်ကဒ်၊ ကြံ့ခိုင်ရေးကဒ်၊ ဒေသ ဖွံ့ဖြိုးရေးကဒ်၊ ရှိသမျှကဒ် အကုန် ကိုင်ထား ကြတယ်။ ကိုယ့် လူမျိုးကျ ဖြစ်ချင် သလိုဖြစ်၊ ငါတို့ ကောင်းစားရင် ပြီးရော တွေပေါ့’

‘မကြာခင် ရွေးကောက်ပွဲ လာတော့မယ်။ လာကြ ပါလိမ့်မယ် အဲဒီ ခရိုနီ ဆိုဒါတွေ။ သူတို့ ကို မဲထည့်ရင် ဘာလုပ် ပေးမယ်၊ ညာလုပ် ပေးမယ်၊ ဘယ်လို အခွင့် အရေး တွေရမယ်၊ တပြည်လုံး နဲ့ တန်းတူ နိုင်ငံသား အခွင့် အရေး တွေရမယ် ဆိုပြီး အာပေါင် အာရင်း သန်သန် နဲ့ မဲဆွယ် စည်းရုံး တော့မယ်။ အေး.. သူတို့ ရဲ့ နောက်ကွယ် မှာ သူတို့ကို ကြိုးကိုင် နေတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး က ကောင်တွေ ရှိတယ်။ ဖေဖေ တော့ မြင်ယောင်တယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင် ရသွား လို့ အစိုးရ ဖြစ်လာရင် ဖေဖေတို့ လူမျိုး တွေကို တတိယ နိုင်ငံ သွားချင် သွား၊ ပင်လယ်ထဲ မျောချင် မျော၊ ကြိုက်တဲ့ လမ်းရွေးလို့ ပြောလိမ့် မယ်’

‘ဖေဖေ တို့ရဲ့ ဘိုးစဉ် ဘောင်ဆက် တွေနဲ့ ဖေဖေ တို့ဟာ မြန်မာနိုင်ငံ တနိုင်ငံ လုံးနဲ့ တန်းတူ နိုင်ငံသား မှတ်ပုံတင် ရခဲ့ ကြတယ်။ ခင်ညွှန့် လက်ထက် ကျတော့မှ ဗုဒ္ဓ ဘာသာ ကိုးကွယ် သူတွေကို ပန်းရောင် ကဒ် လဲပေးပြီး ကျန်တဲ့ လူတွေကိုတော့ ယခင် အမျိုးသား မှတ်ပုံတင် ဘဲ ကိုင်ရတယ်။ အခြား ဘာသာ ဝင်တွေ ထဲက နိုင်ငံ့ ဝန်ထမ်းတွေ၊ လဝက ရုံးကို ပြောနိုင် ဆိုနိုင် အထောက် အထား ပြနိုင် သူတွေ၊ သူတို့ အသိ အမှတ် ပြုထားတဲ့ တိုင်းရင်း သားတွေ လောက်ဘဲ ပန်းရောင်ကဒ် ရကြဒါပါ။ ဒါတောင် အခက် အခဲ တွေ အများကြီး၊ ငွေတွေ အများကြီး အကုန် အကျခံ ပြီးမှ ရကြဒါ။ အေး.. ဒါပေမဲ့ နိုင်ငံသား အထောက် အထား ခိုင်ခိုင် မာမာ ရှိခဲ့တဲ့ ဖေဖေ တို့ရဲ့ နောင် မျိုးဆက်တွေ ဖြစ်တဲ့ သမီးတို့ အလှည့် ကျတော့ White Card (ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြား) တဲ့ကွာ။ ဘယ်လောက် ရင်နာဖို့ ကောင်းလဲ။ အစိုးရ ကို အပြန် အလှန် မပြော ဆိုရဲ့ ဖေဖေ့ မိတ်ဆွေ အချို့ စီကလည်း နိုင်ငံသား မှတ်ပုံတင် တွေသိမ်းပြီး ဝှိုက်ကဒ် တွေနဲ့ လဲပေး လိုက်တယ်တဲ့။ ဖေဖေ ဆိုလည်း အမျိုးသား မှတ်ပုံတင် သာရှိဒါ ပါကွာ။ ရိုဟင်ဂျာ အများ နည်းတူ နိုင်ငံသား အခွင့်အရေး အကုန်လုံး ရုပ်သိမ်း ခံရ ဒါပါဘဲ။ ဘူးသီးတောင်မြို့ ကနေ ဘယ်မြို့မှ သွားလို့ မရတော့ဘူး။ ဖေဖေ့ အဖိုးတို့ရွာ သွားချင် ယင်တောင် ခရီး သွာလာခွင့် လက်မှတ် (ပုံစံ ၄) ယူရတယ်။ အဲဒါလဲ ရက် အကန့်အသတ် နဲ့၊ အလွန်ဆုံး တပတ် ထက်မပိုရဘူး။ ပြည်တွင်း မှာတော့ ခိုးဝင် ဘန်ဂါလီ၊ ခိုးဝင် ဘန်ဂါလီ ဆိုပြီး ဝါဒ ဖြန့်ဒါ… ဖေဖေတို့ လူမျိုးတွေရဲ့ သန်းခေါင် စာရင်း တွေထဲမှာ လာကြည့် (BD ပြေး) ဘင်္ဂလားဒေ့ရှ် ပြေးဆိုပြီး မှတ်ချက် ရေးထားဒါ တွေဘဲ တွေ့လိမ့်မယ်။ (BD ခိုးဝင်) ဘင်္ဂလားဒေ့ရှ် မှခိုးဝင် ဆိုပြီး တွေ့ရင် ဖေဖေ့ ကိုပြော၊ ဖေဖေ့ ဆမ (ဆေးကုသခွင့် လက်မှတ်) အသိမ်းခံ လိုက်မယ်’

နိုင်ငံရေး စကားတွေ ဘယ်တော့မှ ပြောဆိုလေ့ မရှိဘဲ အမြဲတမ်း စိတ်ဝင် တစားသာ နားထောင် လေ့ရှိ တဲ့ မေမေ ကတောင် သမီးဇော နဲ့ နိုင်ငံရေး စကားတွေ ပြောဆို တတ်နေပြီ။ မေမေ က…

‘ဘန်ဂါလီ တွေက သူတို့ နိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝ ရှိတယ်။ ဆိုက်ကား သမားမှာ လည်း ဆိုက်ကား သမား အခွင့်အရေး၊ ဆိုက်ကား သမား သမဂ္ဂ၊ အလုပ်သမား မှာလည်း အလုပ်သမား အခွင့် အရေး အလုပ်သမား သမဂ္ဂ​​ ရှိတယ်။ ဆိုက်ကား သမားတွေ၊ လယ်သမားတွေ၊ သူတို့ အခွင့်အရေး အချိုး ဖေါက်ခံရ ပြီဆိုရင် အစိုးရ အဖွဲ့တောင် တုန်လှုပ် သွားအောင် လုပ်နိုင် စွမ်းရှိတယ်။ ဘယ် ဘန်ဂါလီမှ ဒီနိုင်ငံမှာ လူ့အခွင့်အရေး အချိုး အဖေါက် ခံဖို့၊ နှိပ်စက် ညှင်းပန်း ခံဖို့၊ သူတို့ အမေ နှမတွေ အစော်ကား ခံဖို့ မလာဘူး။ သူတို့ နိုင်ငံက ငါတို့ နိုင်ငံထက် ချမ်းသာတယ်၊ လုံခြုံမှု ရှိတယ်။ ဘန်ဂလာ တစ်တာကာ မြန်မာငွေ ၂၀ ကျပ် လောက်ရှိတယ်။ ရူးနေတဲ့ ဘန်ဂါလီ တောင် ဒီနိုင်ငံ ကို ကြောက်တယ်။ ကျွန်မ အစိုးရ ကို မျက်နှုခြင်း ဆိုင်မေး လိုက်ချင်တယ်။ ကျွန်မတို့ ရိုဟင်ဂျာ မို့ ရိုဟင်ဂျာ ပြောဒါ အပြစ်လား။ ဒါမှ မဟုတ် ကျွန်မတို့ လူဖြစ် လာခြင်းက အပြစ်လား။ ကျွန်မတို့ရဲ့ နာမည်ကို ကျွန်မတို့ ဘဲပေးမယ်။ ဘယ်သူ ကမှ ပေးပိုင်ခွင့် မရှိဘူး လို့ မျက်နှာခြင်း ဆိုင်ပြောလိုက် ချင်တယ်’

‘သမီးတို့ က အစ္စလာမ် ဘာသာ ကိုးကွယ် နေဒါ အပြစ်ပေါ့ မေမေရယ်။ သမီးတို့ရဲ့ အဓိက အပြစ်က အဲဒါဘဲ။ သူတို့ရဲ့ အယူဝါဒ က သူတို့နဲ့ အယူ မတူရင် ရန်သူ၊ သူတို့နဲ့ အယူအဆ မတူရင် ထွက်သွား၊ ဝေးလေ ကောင်းလေ ဘဲတဲ့။ မတူဒါ တွေကို ဘေးဖယ်ပြီး တူဒါတွေ ကို တိုင်းပြည်နဲ့ လူမျိုး အကျိုး အတွက် လက်တွဲ လုပ်မယ် မရှိဘူး’

ဖေဖေ ကဆက်ပြောတယ်…

‘နောက်ရှိသေးတယ် သမီးရေ၊ သမိုင်းကို လိမ်ဒါ၊ အမှန်ကို အမှားလုပ်ဒါ၊ အဲဒါ အဆိုးဆုံးဘဲ။ အခု ဖေဖေ တို့ နေတဲ့ ဘူးသီးတောင်မြို့က အယင် ဘူးစီးဒေါင်မြို့၊ ဖေဖေ့ အဖေရဲ့ ရွာ မီးချောင်းဈေးရွာ က အယင် မင်းဂီးဇီးရွာ၊ အဲဒါတွေ ကပြဿနာ မရှိဘူး။ ဖေဖေတို့ နိုင်ငံက မြန်မာနိုင်ငံ ဆိုတော မြန်မာ့ အခေါ် အဝေါ် နဲ့ ကိုက်ညီတဲ့ နာမည်တွေနဲ့ မြန်မာမှု ပြုဒါ ဖေဖေတို့ လက်ခံတယ်။ အဲ… မောင်တောမြို့ ကျတော မောက် တက်ဖ်၊ အဲဒီက တဆင့် မောင်န်ဒူး အဲဒီက တဆင့် မောင်တော ဖြစ်လာဒါ။ အဲဒါကို အစိုးရ အလိုကျ ဇာတ်ဆရာ တွေက ဘယ်လိုရေးကြ သလဲ ဆိုတော့ အရင်က မြို့သူကြီး မောင်တော ဆိုတဲ့လူ အုပ်ချုပ်ခဲ့ လို့ မောင်တော ဖြစ်လာတယ် လို့ ရေးကြတယ်။ ဒါက ကလိမ် ကကျစ် ကျဒါ။ ပြဿနာ ရှိသွားပြီ။ အဲဒါရဲ့ နောက်မှာ ကလိမ်စေ့ ငြမ်းးဆင်တော့မဲ့ အကြံဥာဏ် တွေ အများကြီး ရှိတယ်’

‘ဖေဖေ တို့ရဲ့ ဒေသမှာ ဟိုးပဝေသဏီ ကထဲက ဖေဖေတို့ ရိုဟင်ဂျာ လူမျိုး အများစု နဲ့ အခြား တိုင်ရင်းသား တွေဖြစ်တဲ့ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို၊ ခမီ၊ ဘရူဝါး (မြန်မာကြီး) စသဖြင့် လူမျိုးစုတွေ အတူ အကွ အေးအေး ချမ်းချမ်း နေထိုင် လာခဲ့ကြဒါ ဘာပြဿနာ မှမရှိခဲ့ ကြဘူး။ ပြဿနာ တွေက အခုမှ ဆက်တိုက် ဖြစ်လာဒါ။ အတူ ယှဉ်တွဲ မနေနိုင်ဘူး ဆိုဒါ အခုမှ ဖြစ်လာဒါ။ ဒီလိုတွေ ဖြစ်အောင် စီစဉ် အကွက် ချပေးနေတဲ့ နောက်ကွယ်က လက်မဲကြီးတွေ ရှိတယ် ဆိုဒါ သေချာတယ်’

‘ဖေဖေတို့ လူမျိုးတွေမှာ အစိုးရ ကို လက်နက်ကိုင် ပုန်ကန် ခဲ့ဒါ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ် အစိုးရ တက်တက် ကိုယ့်တာဝန် ကိုယ် ကျေကျေ ပြွန်ပြွန် ထမ်းဆောင် ခဲ့ကြဒါ ချည်းဘဲ။ အခုမှသာ ရိုဟင်ဂျာ တွေကို ဝန်ထမ်း အဖြစ် မရွေးချယ် တော့လို့သာ ဖေဖေတို့ တာဝန် မယူနိုင်တော့ဒါ။ တာဝန် မဲ့ဒါ မဟုတ်ဘူး။ ဖေဖေတို့ ဆီမှာ ၁၉၄၀ ပတ်ဝန်းကျင် လောက်က လက်နိုင်ကိုင် အဖွဲ့ တဖွဲ့ ပေါ်ခဲ့ ဘူးတယ်။ အဲဒါ ကလည်း အင်္ဂလိပ် အထွက် ဂျပန် အဝင်၊ ဂျပန် အထွက် တွေမှာ တိုင်းပြည်က မင်းမဲ့ နိုင်ငံလို ဖြစ်နေ တော့ သူခိုးကြီး တော့ ဓါးမြ၊ ဓါးမြ ကြီးတော သူပုန် ဆိုသလို ဓါးမြသာသာ အဖွဲ့ ကြီးပါ။ ဖေဖေတို့ ရိုဟင်ဂျာ လူမျိုး တရပ်လုံး ကလဲ ဒီအဖွဲ့ ကြီးကို မထောက်ခံ ခဲ့ကြ ပါဘူး။ အဲဒီ အဖွဲ့ ကလည်း ၁၉၅၈ မှာ အစိုးရဆီ လက်နက်ချ ပြီး အဲဒီ ကထဲက ဖျက်သိမ်း ဖြစ်လိုက် ပါပြီ။ အဲဒိါကို မရှိတော့တဲ့ အဖွဲ့ ကြီးကို သူတို့ဟာ သူတို့ အသက်သွင်းပြီး ဖေဖေတို့ ပြည်သူတွေကို RSO နဲ့ ဆက်သွယ်တယ်၊ RSO တွေ ဘယ်နေ့ ဘယ်အချိန် ဝင်လာတယ်၊ ဘယ်နေရာမှာ ဗုံးဖေါက်တယ် ဆိုပြီး ကိုယ်တိုင် ဖေါက် ပြီးရင် ပြည်သူ တွေကို ဖမ်းဆီး၊ ထောင်ချ၊ ငွေညှစ်နဲ့ ဖေဖေတို့ လူတွေ တော်တော် များများလည်း သေကြေကြ၊ ထောင်ကျ၊ ဘဝပျက် ပေါင်းများခဲ့ ရပြီ’

‘တကယ်တန်း ဖေဖေတို့ ရဲ့နောက်မှာ အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် အဖွဲ့ မရှိလို့ သူတို့ ဒီလို အနိုင်ကျင့် ချင်တိုင်း ကျင့်လို့ ရနေဒါ။ မင်းတို့ ကြည့်လေ။ အင်အား တောင့်တင်းတဲ့ တပ်မတော် ရှိတဲ့ တိုင်းရင်းသား တွေကို ဆိုယင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ဖေဖေတို့တွေ ရိုးသားလွန်း အားကြီးခဲ့ လို့၊ ယုံကြည်လွန်း အားကြီးခဲ့ လို့ အခုလို သူတို့ လက်ခုပ် ထဲက ရေ ဖြစ်နေဒါ။ ဖြစ်ပြီးခဲ့တဲ့ သမိုင်းတွေ ကနေ ဖေဖေတို့ သင်ခန်းစာတွေ အများကြီး ယူရမယ်။ နောင်ကို ဖေဖေ တို့သမိုင်း မမှားရ လေအောင် အများးကြီး ဂရုစိုက် ရမယ်။ စည်းလုံး ညီညွတ် ရမယ် သမီးရေ’

‘ကဲ… စကားလဲ ကောင်းနေ ကြတယ်။ ဖေဖေလဲ ဆေးခန်း ထိုင်ဖို့ အချိန်တောင် ကျော်နေပြီ။ ဆေးခန်း ဖွင့်လိုက် အုံးမယ်။ မုန်တိုင်း ပြီးရင် လေပြေ လာစမြဲပါလေ။ တချိန်ချိန် တော့ ကံကြမ္မာက ဒို့တွေကို မျက်နှာသာ ပေးလာ မှာပါ။ ဒို့တွေ စည်းလုံး ညီညွတ်ဖို့သာ အရေးကြီး ဒါပါ’

**********

နိုဝင်ဘာလ ကုန်တော့မယ်။ အခုထိ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားဒါ ပြန်စာ မလာ သေးဘူး။ ရန်ကုန် ဖက်မှာတော့ အကြောင်း ကြားစာတွေ ရပြီ ကြားတယ်။ ကျွန်မတို့ လည်း ခေါင်းမာမာ နဲ့ ဆေးတက္ကိသိုလ် တခုဘဲ လျှောက်ထားတယ်။ ဘယ်လို လာမလဲတော့ မသိဘူး။

ဒီဇင်ဘာ လဆန်း ကျတော့ အကြောင်းကြားစာ ရောက်လာပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ရှိတဲ့ ဘာသာရပ် များကိုသာ လျှောက်ပါတဲ့။ ဟင်း… ဘယ်လိုများ လုပ်ရပါ့ မလဲ။ ဖေဖေနဲ့ တိုင်ပင် ရအုံးမယ်။

‘ဖေဖေ.. အကြောင်းကြားစာ ရောက်ပြီ။ ဘယ်လို လုပ်ရမလဲ ဖေဖေ’

‘ဘယ်လို လုပ်ရမလဲ သမီးရယ်၊ စစ်တွေ မှာ ရှိတဲ့ မေဂျာဘဲ လျှောက်ကြ ရုံဘဲ ရှိတော့ ဒါပေါ့။ ခေါင်းမာပြီး ကျောင်း ဆက်မတက် ရင်လဲ ကိုယ်ဘဲ ဒီ့ထက် နစ်နာ အုံးမယ်။ အင်း… သမီးကို ဖေဖေ့ထက် ထူးချွန်တဲ့ ဆရာဝန် မကြီး ဖြစ်စေချင် တဲ့ဆန္ဒ လုံးဝ ရေစုန်မျော သွားပြီ ပေါ့ကွာ’

‘အော်.. ဖေဖေရယ်၊ ဆရာဝန် ဖြစ်မှ တိုင်းပြည်နဲ့ လူမျိုး အကျိုး သယ်ပိုး နိုင်ဒါ မဟုတ် ပါဘူး။ ဘယ် ကဏ္ဍ ကမဆို သယ်ပိုး နိုင်ပါတယ် ဖေဖေရယ်။ အခု သမီး ကျောင်းပြီးအောင် ဆက်တက်မယ်၊ ရတဲ့ မေဂျာ မှာ ထူးချွန် အောင်လုပ်မယ်။ ပြီးယင် ဒီမှာဘဲ ဆရာမ ပြန်လုပ်ပြီး သမီးတို့ ဒေသက လူတွေရဲ့ ပညာရေး အတွက် သေသေချာချာ ကြိုးစား အားထုတ် သွားမယ် ဆိုယင် သူတို့လေး တွေရဲ့ ဘဝ ကိုတောင် မြှင့်တင် နိုင်ပါ သေးတယ်။ ဆရာဝန် ဖြစ်ယင် သူတို့တွေ ရဲ့ ကျန်းမာရေး ကိုဘဲ ကောင်းအောင် လုပ်ပေး နိုင်မှာ’

‘အော်… သမီးရယ်၊ ငါ့သမီး တောင် ငယ်ငယ်လေးနဲ့ လူကြီးဖြစ် သွားပါရောလား။ အရွယ်နဲ့ မလိုက် အောင် ရင့်ကျက် သွားပါရောလား။ အင်းလေ.. ဒါတွေက အရှုံးထဲက အမြတ်တွေ ဘဲပေါ့ကွာ။ ငါ့သမီး အတွက် ဖေဖေ အမြဲတန်း ဂုဏ်ယူတယ် သမီး။ ဖေဖေ့ သမီးက ဖေဖေ့ထက် တော်ရမယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုး ဖေဖေ့ထက် သယ်ပိုး နိုင်ရမယ်။ ဖေဖေ သမီးကို ယုံကြည် အားကိုးတယ် သမီး’

‘စိတ်ချပါ ဖေဖေ။ ဖေဖေ့ ဆန္ဒ ပြည့်ဝ စေရ မယ်လို့ သမီး ဂတိ ပေးပါတယ်’

*********

ဇန္နဝါရီ ပထမပတ် မှာ ကျွန်မ Physics မေဂျာ ရကြောင်း အကြောင်း ကြားစာ ရောက်လာ ပါတယ်။ ကျောင်းတွေ ကတော့ ဖွင့်နေ ပါပြီ။ ကျွန်မလည်း စစ်တွေမှာ ပညာ သင်ခွင့် အတွက် ခရီး သွာလာခွင့် ပါမစ်တွေ ဘာတွေ သွားယူ ရပါတယ်။ ဖေဖေက လိုက်ပို့ချင် ပေမဲ့ ဖေဖေတို့က စစ်တွေ အထိ သွားခွင့် မရှိ ပါဘူး။ ကျွန်မတို့ လူမျိုးတွေ က အမိုး ဖွင့်ထားတဲ့ ထောင်ထဲမှာ နေကြ ရဒါလေ။ စစ်တွေ ခရီး သွားခွင့် ကို ဘူးသီးတောင်နဲ့ မောင်တောက ကျောင်းသားတွေ အားလုံး ဇန္နဝါရီ ၂၁ ရက်နေ့မှ ရကြတယ်။ ကျောင်းသားတွေ အားလုံး အတူတူ စုသွားကြ မှာမို့ ဖေဖေနဲ့ မေမေ့ကို စိတ်မပူဖို့ အားပေးရ ပါတယ်။ မေမေက ကျွန်မကို

‘သမီးရေ.. မေမေက အခု ရေကန်ထဲက ငါးကလေးကို ပင်လယ်ထဲ လွှတ်ပေးလိုက် ရပြီနော်။ သမီး အစစ အရာရာ သွားသတိ၊ လာသတိ၊ စားသတိ နဲ့ ကိုယ့်ကို ကိုယ် ထိန်းသိမ်း စောင့်ရှောက် နော်သမီး။ မိန်းခလေး ဆိုဒါ အစစ အရာရာ ထိန်းသိမ်းနိုင်မှ တော်ကာကျ ဒါကွဲ့။ ဒါပေမဲ့.. မေမေ့ သမီးက လိမ္မာပြီး သားပါ။ ကိုယ့်ကို ကိုယ် ထိန်းသိမ်း နိုင်မယ် ဆိုဒါ မေမေ ယုံကြည် ပြီးသား ပါကွယ်’

‘စိတ်ချပါ မေမေ၊ မေမေတို့ ဖေဖေတို့ အရှက်ရ စေမဲ့ အပြုအမူ မျိုး သမီး ဘယ်တော့မှ မလုပ်ဘူး ဆိုဒါ ဂတိ ပေးပါတယ် မေမေ’

စစ်တွေ မသွားခင်ည က ရှေ့ခရီး အတွက် စိတ်လှုပ်ရှား နေဒါရော၊ မိသားစုနဲ့ တခါမှ မခွဲဘူးတော့ စိတ် မကောင်းဒါရော ကြောင့် တော်ရုံနဲ့ အိပ်မပျော် ခဲ့ပါဘူး။

*********

ဇန္နဝါရီ ၂၁ ရက်နေ့ နံနက် စောစော ဖေဖေ မေမေနဲ့ မိတ်ဆွေ အချို့ ကျွန်မကို သင်္ဘောဆိပ် လိုက်ပို့ ကြတယ်။ သင်္ဘောဆိပ် မှာတော့ လူတွေ စည်ကားလို့ပေါ့။ စစ်တွေ သွားမဲ့ ကျောင်းသား တွေကော မိဘ ဆွေမျိုး တွေကော၊ မောင်တောက ကျောင်းသွား တက်မဲ့ ကျောင်းသား တွေရယ်၊ မိဘ ဆွေမျိုး တချို့ ကို လည်းတွေ့ရတယ်။ ဖေဖေ့ကို မိတ်ဆွေ တဦး လာရောက် နှုတ်ဆက်တယ်။

‘ဟာ… ဒေါက်တာ လွန်းအောင်၊ မတွေ့ရဒါ အတော်တောင် ကြာပြီနော်၊ ဒါ သမီးလား၊ သမီး အကြောင်း ကြားတယ် ဒေါက်တာရေ၊ ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူ နေကြဒါ’

‘ဟာ… အကို၊ ဟုတ်တယ် အကိုရေ၊ မတွေ့ဒါ တော်တော် တောင်ကြာနေပြီ၊ မတွေ့ဆို ကျွန်တော်တို့ရဲ့ ခရီး သွားလာခွင့် ကလဲ သိတဲ့ အတိုင်းလေ၊ ဒီရွာနဲ့ ဒီရွာ သွားဖို့တောင် တော်တော် ခက်ဒါ၊ တမြို့နဲ့ တမြို့ ဆိုတော့ စဉ်းတောင် မစဉ်းစား ရဲ့တော့ပါဘူးဗျာ။ အခုတောင် သမီးကို စစ်တွေ အထိ လိုက်ပို့ ချင်ဒါ၊ စစ်တွေ ဆိုတဲ့ နယ်ကိုတော့ ကျော်လို့တောင် မရ တော့ဘူးလေ’

‘ဟုတ်တယ်ဗျာ၊ ကျွန်တော်လဲ သားကို လာပို့ဒါ၊ စစ်တွေထိ လိုက်ပို့ချင်ဒါ၊ မရ ပါဘူးဗျာ။ ဒါကြောင့် ဘူးသီးတောင် ထိဘဲိပို့ရဒါ။ သားကိုလဲ ပို့ရင်း ဈေးလဲ ဝယ်ရင်းပေါ့။ ဒါသားလေဗျာ။ အခု ဒုတိယ နှစ် ရောက်နေပြီ၊ Physics တက်နေဒါ၊ သမီးလဲ Physics ဘဲ ရတယ် ကြားတယ်။ နှမျောစရာကြီးဗျာ၊ အင်းလေ.. ဖြစ်သမျှ အကြောင်း အကောင်းကြီး ဘဲပေါ့ဗျာ၊ ရတဲ့ အခြေအနေ တခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရ တော့မှာဘဲ။ သားလဲ ၁၀ တန်းတုန်းက ဂုဏ်ထူး ၂ ခု ထွက်တယ်။ သူ့ အမှတ်နဲ့ Institute တခုခု ဝင်တယ်။ ဒါပေမဲ့ သွားလို့ မရဘူး။ မတတ်နိုင် ဘူးဗျာ။ အခုလို ကျောင်းဆက် တက်ခွင့် ရဒါကို ဘဲ ကြံဖန် ကျေးဇူး တင်ရမလို ဖြစ်နေပြီ။ မိတ်ဆက် ပေးရ အုံးမယ်။ သား နာမယ် က မိုးဇော် တဲ့၊ သမီးကလဲ Physics ဘဲ ဆိုတော့ လိုအပ်ဒါ ရှိယင် အကူအညီ တောင်းလို့ ရတယ်နော်။ သားကလဲ သမီး လိုအပ်ဒါ ရှိယင် အကူအညီ ပေးလိုက် နော်သား’

‘ဟုတ်ကဲ့ပါ ခင်ဗျား’

‘အော်… သားက လူချောဘဲ၊ အဖေ အတွက်တောင် အရပ်ရှည် နေပြီ၊ အပြင်မှာ တယောက်ထဲ တွေ့ရင် မှတ်မိမှာ တောင်မဟုတ်ဘူး။ သမီးရေ၊ ဒါ ဖေဖေတို့ အကိုလို လေးစားရတဲ့ မောင်းတောမြို့နယ် မြို့သူကြီးရွာ က အထက်တန်း ပြ ဆရာ ဦးအောင်ဇော်တဲ့။ မောင်တော အထက်တန်းကျောင်း မှာ တာဝန် ကျတယ်။ အခုတော Retire ယူလိုက်ပြီ။ ဟိုးအယင် သွားလို့ လာလို့ ကောင်းတုန်း ကတော အဖေ မောင်တော သွားတိုင်း အမြဲတွေ့နေ ကျပေါ့။ အခုတော မတွေ့ဒါတောင် တော်တော် ကြာနေပြီ။ သားကလဲ Physics ဘဲ ဆိုတော အတော်ဘဲကွာ။ သမီးကို မသိဒါ လေးတွေ ကူညီ ပေးလိုက် ပါကွာ။ အန်ကယ်က သမီးကို လွှတ်သာ လွှတ်လိုက် ရဒါ၊ စိတ်ပူ နေဒါကွ။ သမီးကလဲ တခါမှ ခရီး မသွားဖူး သေး ဘူးလေ’

‘စိတ်ချပါ အန်ကယ်၊ ကျွန်တော် အစစ အရာရာ ကူညီ ပေးလိုက် ပါမယ်’

‘ကဲ.. သမီးရေ၊ သင်္ဘော ထွက်ဖို့လဲ အချိန် နီးနေပြီ။ သင်္ဘောပေါ် တက်ရင် ကောင်းမယ် ထင်တယ်’

‘ဟုတ်ကဲ့ ဖေဖေ၊ ဖေဖေနဲ့ မေမေ လဲ ကျန်းမာရေး ကို ဂရုစိုက်နော်။ သမီးကို အစစ အရာရာ စိတ်ချ ပါနော်’

ဖေဖေ့ကို ကြည့်လိုက် တော့လည်း မျက်နှာ မကောင်း၊ မေမေ ကလည်း မျက်ရည်တွေနဲ့၊ ကျွန်မ စိတ်ထဲ မကောင်း လိုက်ဒါ။ သင်္ဘောပေါ် သာတက်လိုက် ရတယ်၊ ရင်ဘတ် ထဲက အစိတ် အပိုင်းတွေ အားလုံး ကုန်းပေါ်မျာ ကျန်ခဲ့ သလို ပါဘဲ။ ပစ္စည်းတွေ နေရာချပြီး မကြာခင် သင်္ဘော ထွက်ပါ တော့တယ်။

မနက်က စိတ်လှုပ် ရှားနေဒါ ကြောင့် မနက်စာ ကောင်းကောင်း မစားခဲ့ဒါ ကြောင့်ရော၊ စိတ်မကောင်း ဒါတွေကြောင့် ရော၊ လူက ရင်ထဲမှာ လျှပ်လျှပ်၊ လျှပ်လျှပ် နဲ့ မူးသလိုလို အန်ချင် သလိုလို လုံးဝ နေလို့ မကောင်းဘူး။ ကိုမိုးဇော် ကိုတော့ ကျွန်မ Seat ပတ်ဝန်းကျင်မှာ တွေ့၊ တွေ့နေရ တတ်တယ်။ ခနနေတော့ ကျွန်မ မခံနိုင် တော့ဘဲ Toilet ထဲသွားပြီး ထိုးအန်ချ ပစ်လိုက်တယ်။ အဲဒီတော့မှ ရင်ထဲမှာ နဲနဲ နေလို့ ကောင်းသွားပေမဲ့ လူက အရမ်း နှုံးနေတယ်။ ကျွန်မ Toilatet ကနေ Seat ကို ပြန်အသွား ကိုမိုးဇော် ရောက်လာပြီး…

‘ညီမ.. နေလို့ မကောင်းဘူးလား။ ဘယ်လို ခံစားနေ ရလို့လဲ’

‘ဟုတ်တယ် အကို… လူက မူးနေပြီး အန်ချင် သလိုလို ဖြစ်နေလို့ သွားအန် ပလိုက်ဒါ၊ အခုတော့ နဲနဲ သက်သာ သွားပါပြီ’

‘အဲဒါဆို ခုံမှာ အနား ယူလိုက်အုံး ညီမ၊ အကို့မှာ အချိုရည် ဘူးတွေ ပါတယ်။ ယူလာခဲ့မယ်။ အဲဒါဘဲ သောက်လိုက်။ လောလောဆယ် ဘာမှ မစားနဲ့အုံး။ အော်… ညီမမှာ အမူးပြေဆေး ပါလား၊ အကို့မှာ အဲဒါ တော့ မပါဘူး’

‘အင်း… ဆေးတွေက သေတ္တာ ထဲမှာ၊ အခု ထုတ်ရ ခက်မယ် ထင်တယ်။ အရေးပေါ် သောက်ရမဲ့ ဆေးတွေလဲ ဖေဖေ ထည့်ပေး လိုက်တယ်။ လူလဲ စိတ်ရှုပ်နေဒါနဲ့ ဘယ်နား ထားမိမှန်းတောင် မသိတော့ ပါဘူး အကိုရယ်’

‘ကိစ္စ မရှိဘူး၊ အခု ခုံပေါ်မှာ အနား ယူလိုက်။ အကို အချိုရည် သွားယူလိုက်မယ်။ သင်္ဘော ပေါ်မှာ အကို့ အမ ဝမ်းကွဲနဲ့ မိတ်ဆွေတွေ ပါတယ်။ သူတို့စီမှာ ဆေးပါမယ် ထင်တယ်၊ အကို အခု ပြန်လာခဲ့မယ်’

‘ဟုတ်ကဲ့… ကျေးဇူး တင်ပါတယ် အကို’

ခဏ နေတော့ ကိုမိုးဇော် ပြန်ရောက် လာပြီး…

‘ရော့ ညီမ၊ ဒီဆေးလေး တလုံး သောက်လိုက်၊ ကျန်ဒါ သေချာ သိမ်းထား၊ ရော… အချိုရည် လည်း သောက်လိုက်အုံး၊ လန်းသွားအောင်။ ညီမက ဒါပထမဆုံး ခရီးသွား ဘူးဒါ ထင်တယ်။ အဲဒါကြောင့်ပါ။ ခရီး သွားရင် ဒါမျိုးက ဖြစ်တတ် ပါတယ်။ ဘာမှ အားငယ်စရာ မလိုဘူး။ သင်္ဘောပေါ် မှာ အကိုကော ကျောင်းသား ကျောင်းသူ တွေကော အများကြီး ရှိဒါဘဲ’

‘အားမငယ် ပါဘူး အကိုရယ်၊ တခါမှ မိသားစုနဲ့ မခွဲဘူးလို့ စိတ်မကောင်းဘဲ ဖြစ်ဒါပါ’

‘ညီမ တမျိုးတော့ မထင်နဲ့နော်၊ အကိုက စစ်တွေမှာ တနှစ် နေဘူးတော့ ညီမ မသိဒါ ရှိရင် ညွှန်ပြ ပေးနိုင် အောင် မေးဒါပါ။ ညီမ စစ်တွေ ရောက်ရင် နေဖို့ ထိုင်ဖို့ ဘယ်လို စီစဉ် ထားလဲ’

‘စစ်တွေမှာ မေမေ့ အကို ဝမ်းကွဲ မိသားစု ရှိတယ်။ ဒီနေ့ ဦးလေး လာကြို လိမ့်မယ်။ အဲဒီမှာ ခဏ နေပြီး အဆောင် ရှာမယ်လို့ စဉ်းစားထားတယ်။ ဦးလေးကတော့ သူ့အိမ်မှာ နေဖို့ ပြောပါတယ်။ ဦးလေးက မိသားစု များဒါရော၊ ဦးလေးအိမ်က ကျောင်းနဲ့ ဝေးဒါရော ကြောင့် အဆောင်မှာ နေယင် ကောင်းမယ်လို့ ထင်ဒါဘဲ။ ဦးလေးကိုလဲ ကိုယ့်ကြောင့် တာဝန် မကြီး စေချင်ဘူးလေ။ ဖေဖေတို့ ကတော့ သင့်တော် သလို စီစဉ်လို့ ပြောထား ဒါဘဲ။ ဟိုရောက်ရင် ဖေဖေ့ မိတ်ဆွေ အချို့လဲ လာတွေ့ ကြမယ် ပြောတယ်’

‘အင်း.. ကောင်းပါတယ်၊ အဆောင် ဆိုရင်တော့ အကိုလဲ ညွှန်ပြ ပေးနိုင်မယ် ထင်တယ်။ အကို ကတော့ မနက်ဖြန် ကျောင်းသွား အပ်မယ်။ ညီမကတော့ တော်တော် ပင်ပန်း နေပြီ ထင်တယ်။ မနက်ဖြန် တရက် အနား ယူလိုက်အုံး။ သဘက်ခါမှ ကျောင်းလာအပ် ရင်ကောင်းမယ် ထင်တယ်။ ကျောင်းတွေက ဖွင့်နေ ပြီနော်။ နောက်တော့ မကျ စေနဲ့’

‘အင်း.. အဲဒီလို လုပ်ရင် ကောင်းမယ် ထင်တယ်’

‘အဲဒါဆိုရင် သဘက်ခါ အကို Physics Department အရှေ့မှာ မနက် ၁၀ နာရီ စောင့်နေ မယ်လေ။ ညီမက ပထမဆုံး အခေါက်ဆိုတော့ ဘာမှ သိအုံးမှာ မဟုတ်ဘူး’

‘ကျေးဇူးပါဘဲ အကိုရယ်၊ အကိုနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရဒါ ကျွန်မ အတွက် အစစ အရာရာ အဆင်ပြေ နေတော့ ဒါဘာဘဲ’

‘ရပါတယ်၊ ညီမတို့လို Fresher တွေကို ကူညီဖို့ အကိုတို့ Senior တွေမှာ တာဝန် ရှိပါတယ်။ အကိုလဲ ၁ နာရီလောက် သင်္ဘောပေါ်က ဆိုင်မှာ ထမင်းသွား စားမယ်။ ညီမကော လိုက်အုံး မလား။ ညီမလဲ ခဏနေ ရင် အစာနဲနဲ စားလိုက်ရင် ကောင်းမယ် ထင်တယ်နော်။ အစာ မရှိရင် ပိုမူးနေအုံးမယ်’

‘ကျွန်မမှာ ထမင်းချိုင့် ပါ ပါတယ်။ မေမေ ထည့်ပေး လိုက်ဒါ၊ အများကြီးဘဲ အကို။ ကျွန်မ တယောက်ထဲ မကုန်ဘူး။ အကို အရင် စားလိုက်လေ။ ပြီးမှ ကျွန်မ စားမယ်’

‘ရပါတယ် ညီမရဲ့၊ အားနာ စရာကြီး’

‘ရပါတယ် အကိုရဲ့၊ ထမင်းချိုင့် မပါတဲ့ လူတွေကို ကူညီဖို့လဲ ညီမတို့မှာ တာဝန် ရှိပါတယ်’

‘ဒါဆိုရင်လဲ ပြီးရော၊ ညီမ ဒါနလေး မြောက်သွားအောင် ကူညီ လိုက်အုံးမယ်’

‘ဟင်းဟင်း… ရော့ အကို၊ ထမင်းချိုင့် အထုတ်၊ အထဲမှာ ပုဂံတွေကော၊ ဇွန်းတွေကော ပါတယ် ပြောတယ်။ ညီမ အတွက် နဲနဲဘဲ ချန်ထားနော်။ ညီမ အစာ မခံအောင်သာ နဲနဲ စားရမှာ။ စားချင်စိတ် မရှိဘူး’

‘ဟုတ်ပြီ.. ဗိုက်ဆာ နေဒါနဲ့ အတော်ဘဲ။ အကို့ Seat မှာဘဲ လွတ်လွတ်လပ်လပ် သွားစားလိုက် မယ်နော်။ ပြီးမှ ပြန်လာ ခဲ့မယ်။ အကုန် မစားဘူးနော် စိတ်ချ’

‘ရပါတယ်…’

ကိုမိုးဇော် ထမင်းချိုင့် အထုတ် ယူပြီး သူ့ Seat ကို သူ ပြန်သွား ပါတော့တယ်။

*********

ကျွန်တော် Seat ကို ပြန်အရောက် စစ်တွေကို ကျောင်းလာ တက်တဲ့ အမနဲ့ သူ့အဖေါ် သူငယ်ချင်း နှစ်ယောက် ရောက်လာပြီး

‘ကောင်းလေးနော် ကောင်လေး၊ မျက်စိကို နောက်နေဒါဘဲ။ ငါများ နေမကောင်း ဖြစ်လို့ ကတော့ နင် သိလိုက်မှာ တောင် မဟုတ်ဘူး’

‘ဟာ.. မဟုတ်ပါဘူး အမရာ၊ အမမှာက သူငယ်ချင်းတွေ ပါတယ်လေ။ သူက တယောက်ထဲ ဖြစ်နေ လို့ပါ။ နောက်.. သူ့ အဖေကလဲ အစစ အရာရာ ကူညီဖို့ ပြောလိုက်လို့ပါ’

‘အဲဒီတော့ နင်က ဖိုးကျိုင်းတုတ်ပေါ့။ ငါက အလကား စဒါပါ။ ဟဲ့.. ကောင်မလေးက ချစ်စရာ လေးနော်။ ငါတို့ကိုလဲ မိတ်ဆက် ပေးအုံးလေ။ အောင်မယ်.. ထမင်းချိုင့် တွေဘာတွေနဲ့၊ ကြီးပွါး နေတယ်ပေါ့။ အမလေး.. ငါတို့များ ကျတော့ ဘယ်သူမှ ကျွေးမဲ့ မွေးမဲ့သူ မရှိပါလားနော်’

‘အမကတော လုပ်ပြီ။ ကိုယ့်ဘာသာ ကိုယ် သွားမိတ်ဆက် ပါလား။ အမတို့က လူကြီတွေ ဖြစ်ပြီး Fresher ကောင်မလေး တယောက် နေမကောင်း ဖြစ်နေဒါ မေးဖေါ်တောင် မရဘူး’

‘ငါတို့က နင့်ကို ချောင်းနေလို့ပါ။ ဟဲ့.. ဟုတ်ပါဘူး။ နင်ကူညီ ပေးနေလို့ မသွားသေး ဒါပါ။ အေး.. အခုဘဲ သွားလိုက် အုံးမယ်’

‘သွား သွား.. မဟုတ် တရုတ်တွေ တော့ လျှောက်မပြေ နဲ့နော်’

ခဏ နေတော့ အမတို့ အုပ်စုနဲ့ သူနဲ့ စကားလက်ဆုံ ကျနေဒါ တွေ့တယ်။ ကျွန်တော်လည်း ထမင်းစားပြီး ခဏ အကြာ ထမင်းချိုင့် ပြန်သွား ပို့လိုက်တယ်။

‘အော်… အမတို့က ဒီရောက် နေဒါကိုး။ ညီမရေ… စားကောင်းကောင်းနဲ့ ညီမ အတွက် မကျန်မှာ စိုးလို့ မနည်း ဘရိတ် အုတ်လိုက်ရတယ်။ စားလို့ ကောင်းမှ ကောင်း’

‘ရပါတယ်… ကျွန်မက အစား နည်းပါတယ်’

‘အင်း … ညီမလဲ ထမင်း စားလိုက်အုံး၊ တော်ကြာ အစာခံ သွားအုံးမယ်။ စားပြီးရင်လဲ အချိုရည် သောက် လိုက်၊ အစာကြေ သွားအောင်လို့’

‘ဟုတ်ကဲ့’

‘အဟမ်း… အဟမ်း’

အမရဲ့ ချောင်းဟန့်သံ တိုးတိုး ကြားလိုက် ရတယ်။ သူမ မျက်နှာမှာလဲ ရှက်ရိပ်ကလေး ပြေးသွားဒါ တွေ့လိုက် ရတယ်။

‘အမ.. ကျွန်တော် ပြန်လိုက် အုံးမယ်နော်’

‘အေး.. အေး၊ ခနနေ ပြန်လာ ခဲ့အုံး’

ကျွန်တော် သုတ်ခြေတင် ပြေးလာရ ပါတော့တယ်။ အမနဲ့ တော့ မလွယ်ဘူး။

‘ညီမရေ… အမမောင်က အရမ်း သဘော ကောင်းဒါ။ လူ တဖက်သား ကိုလဲ အရမ်း ကူညီ တတ်ဒါ။ အမတို့ စစ်တွေမှာ ဘာဘဲ လိုလို သူ့ဘဲ အားကိုး နေရဒါလေ’

‘ဟုတ်ကဲ့ အမ.. ကျွန်မကိုလဲ သင်္ဘောပေါ် ရောက်ကထဲက ကူညီ နေတော့ ဒါပါဘဲ’

‘အေး.. သူက အဲလို ဖင်ပေါ့ လူတွေကိုလဲ ကူညီတတ်၊ အရည်အချင်း လဲရှိ၊ စကားပြောလဲ ယဉ်ကျေး၊ ဆရာ ဆရာမ တွေနဲ့လဲ အဖွဲ့ကျ ရင်းနှီးတော့ အမတို့ ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူ တွေက ဘယ်ကိစ္စ မဆို သူ့ကိုဘဲ ဆရာ တင်နေရ ဒါလေ။ သူက စာကလဲတော်၊ ရုပ်ကလေး ကလဲ ဖြောင့်တော့ တချို့ ရခိုင် ကျောင်းသားတွေက သူ့ကို ကြည့် မရကြဘူး။ တခါတလေ ပြဿနာ ရှာတတ် ကြတယ်။ သူက အလိမ္မာ နည်းနဲ့ ရှေင်တတ်လို့သာ အခုထိ ပြဿနာ မဖြစ်သေးဒါ’

‘အင်း… ကျွန်မတို့လဲ စစ်တွေမှာ တော်တော် သတိထား နေရမယ်နော်’

‘ဟုတ်တယ်… စစ်တွေမြို့က အမတို့ ရိုဟင်ဂျာတွေ တော်တော် သတိထား နေရတဲ့ နေရာဘဲ။ ဘူးသီးတောင်တို့ မောင်တောတို့ ကျတော့ အမတို့ လူမျိုးတွေ များတော့ နဲနဲ တော်သေးတယ်။ အဲဒါလဲ တကယ်တော့ မလွယ်ပါ ဘူးကွယ်။ ဌာနဆိုင်ရာ ပေါင်းစုံက နည်းမျိုးစုံနဲ့ ငွေညှစ်မှုတွေ၊ ရခိုင်တွေရဲ့ ရန်စ မှု တွေကို နေ့တိုင်း ကြုံတွေ့ နေရဒါ ပါဘဲကွယ်’

‘ဟုတ်ပြီ… စကားကောင်း နေလိုက်ဒါ ညီမလဲ နားလိုက်တော့၊ အမတို့လဲ ထမင်း သွားစားလိုက် အုံးမယ်။ အကူအညီ လိုယင် ပြေနော် ညီမ။ ဘာမှ အားမနာနဲ့၊ အခုအချိန် ကစပြီး အမတို့ ကျောင်းသား ကျောင်းသူ တွေက မိသားစု လို တယောက်နဲ့ တယောက် ယိုင်းပင်းပြီး နေရတော့မှာ’

‘ဟုတ်ကဲ့ အမ… ကျွန်မကို လဲ ကိုယ့်ညီမ လိုဘဲ နားမလည်ဒါ ရှိရင် သင်ပြပေးပါ၊ ခိုင်းစရာ ရှိရင် ခိုင်းပါ အမ’

‘အေးအေး.. ညီမ တယောက် ကောက်ရဒါ ပေါ့ကွယ်။ နားတော့ နားတော့.. ညီမ’

‘ဟုတ်ကဲ့’

********

ကျောင်းအပ်ဖို့ သွားတော့ ကိုမိုးဇော်ကို Department ရှေ့မှာ စောင့်နေဒါ တွေ့တယ်။ ကိုမိုးဇော်က ကျောင်းအပ်ဖို့ အစစ အရာရာ ကူညီ ပေးတယ်။

‘ညီမ… ဦးလေး အိမ်မှာ နေရဒါ အဆင်ပြေ ရဲ့လား’

‘ပြေပါတယ် အကို၊ ဒါပေမဲ့ ကျောင်းနဲက တော်တော် ဝေးတယ်။ အဆောင် နေမှ အဆင်ပြေမယ် အကို၊ နို့မို့ဆို တနေ့ တနေ့ အသွား အပြန် လမ်းမှာဘဲ ၄ နာရီကျော် အချိန် ကုန်မယ်’

‘အစိုးရ အဆောင်ကိုတော့ အကိုတို့ လူမျိုးတွေ နေဖို့ အဆင်မပြေဘူး။ အဲဒီမှာ အကိုတို့ အတွက် မလုံခြုံ ဘူး။ ဒါပေမဲ့ အပြင် မူဆလင်ဆောင် တွေရှိပါတယ်။ အကို့ အခန်းဖေါ် ကျောက်ဖြူက သူငယ်ချင်း တယောက်ရဲ့ အမနေတဲ့ အမျိုးသမီး အဆောင် တခုရှိတယ်။ သူငယ်ချင်း နဲ့ အတူ ရောက်ဖူးတယ်။ အဆောင်လေး က သန့်သန့် ပြန့်ပြန့်လေး၊ နေရာလဲ ကောင်းတယ်။ ချက်စားချင်လဲ ရတယ်။ အဲဒီမှာဘဲ လပေး စားလို့လဲ ရတယ်။ အဲဒီ အဆောင်က တခြား အဆောင်တွေ ထက် ဈေးတော့ နဲနဲ ကြီးတယ်။ ဒါပေမဲ့ Facility ကောင်းတယ်’

‘ဟုတ်ကဲ့ အကို… ကျွန်မ သူငယ်ချင်းတွေနဲ့ တိုင်ပင် လိုက်အုံးမယ်နော်။ သူတို့လဲ အဆောင်ရှာ နေကြတယ်’

နောက်ဆုံးတော့ အကို ညွှန်ပြပေးတဲ့ အဆောင်မှာဘဲ နေဖြစ် ပါတယ်။ အဲဒီ အဆောင်က အဆင်အပြေ ဆုံး မို့လို့ပေါ့။

********

စစ်တွေမှာ ကျောင်းတက်ရဒါ ကျွန်မတို့ အမျိုးသမီးတွေ အတွက် အခက်အခဲ အများကြီး မရှိပေမဲ့ အမျိုး သားတွေ ကတော တော်တော် သတိထား လိမ္မာ ပါးနပ်စွာ နေထိုင်ရတယ်။ အဲဒီ အထဲမှာ အကိုလည်း ပါဒါပေါ့။ အကိုက စာလည်းတော်တယ်၊ ရုပ်ရည်လည်း သန့်ပြန့်တယ်၊ ပေါင်းသင်း ဆက်ဆံရေး လည်းကောင်းတော့ ဆရာ ဆရာမ တွေက ချစ်ကြတယ်။ နောက်ပြီး အကိုတို့ အိမ်က စီးပွါးရေး ကောင်းကြတယ်။ အကို့ရဲ့ အကို အကြီးဆုံးက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရန်ကုန် စက်မှုတက္ကသိုလ် မှာ ကျောင်းသွား တက်ပြီး ကျောင်းပြီးတော့ ရန်ကုန်မှာဘဲ အလုပ် လုပ်၊ ရန်ကုန်က ရိုဟင်ဂျာ စီးပွားရေး လုပ်ငန်းရှင် တယောက်ရဲ့ သမီးနဲ့ အိမ်ထောင်ကျပြီး အခု ရန်ကုန်မှာဘဲ စီးပွားရေး လုပ်နေဒါ တော်တော် အောင်မြင်တယ် ပြောတယ်။ အဲဒီတော့ အကိုက ဝတ်နိုင် စားနိုင်တော့ တချို့ ရခိုင် ကျောင်းသားတွေနဲ့ ပတ်ဝန်ကျင် က ရခိုင် တချို့က မျက်စိ စပါးမွှေး ဆူးကြတယ်။ မသိမသာ တမျိုး၊ သိသိ သာသာ တမျိုး ရန်စဒါ မကြာခဏ ကြုံရလေ့ ရှိတယ်။ အခုထိတော့ ကြီးကြီး ကျယ်ကျယ် ပြဿနာမျိုး မတက်သေးပါဘူး။ ဒါပေမဲ့ တော်တော်ကြီး သတိထား နေရတယ် ပြောတယ်။

အကို့ရဲ့ အကို အကြီးဆုံးက ရန်ကုန် ကနေ စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည် နဲ့ ဖိနပ် မျိုးစုံ ကို စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောကို ဖြန့်တယ်။ ဘန်ဂလားဒေ့ရှ် ကိုလည်း နယ်စပ် ကုန်သွယ်ရေး ကတဆင့် ဖြန့်တယ်။ မောင်တောမှာလည်း ပွဲရုံဖွင့် ထားပြီး အကို့ အဖေနဲ့ မိသားစု စုပေါင်း လုပ်ကိုင်ကြ တယ် ပြောတယ်။ အကို ကလည်း စစ်တွေက ကိစ္စတွေ တာဝန်ယူ ဆောင်ရွက် ရတယ်။ အကိုတို့ အိမ်ရဲ့ စီးပွားရေးက တော်တော် အောင်မြင်တယ်။

အဆောင်ကို အကို့ သူငယ်ချင်း ကိုတင်ဝင်းလှိုင်နဲ့ မကြာခဏ လာလည်တတ်တယ်။ တရက်ခြား ဆိုသလို ပါဘဲ။ ကိုတင်ဝင်းလှိုင်ရဲ့ အမ မယဉ်မင်းလှိုင်နဲ့ လည်း ကျွန်မ တော်တော် ရင်းနှီးနေပြီလေ။ ဆောင်ကို လာလည်ရင်း တရက် အကို ပြောဘူးတယ်။

‘အကို့ကို အကို့ရဲ့ အကိုက စစ်တွေမှာ ကျောင်းမတက်ဘဲ ရန်ကုန်ကို ခေါ်ချင်နေဒါလေ။ သူ့လုပ်ငန်းမှာ လူရင်း လိုအပ်နေတယ်တဲ့။ သူ့နည်း သူ့ဟန်နဲ့ သူရအောင် ခေါ်မယ်ပေါ့။ အကိုကလဲ သွားချင်နေဒါ။ ဒါပေမဲ့ အဖေက သွားချင်ရင် စစ်တွေမှာ ကျောင်းပြီးမှ သွားရမယ် တဲ့လေ။ အဖေက သူ့ သား သမီး အားလုံးကို ပညာတတ် ဖြစ်စေချင်တယ်။ အကိုက အဖေ့ရဲ့ ဆန္ဒကြောင့်သာ စစ်တွေမှာ ကျောင်းတက် ရဒါ။ ရန်ကုန် သွားချင်စိတ်က ပိုများနေဒါ။ အခုတော့ အကို စစ်တွေမှာ ကျောင်းတက်လိုက်ဒါ မှန်သွား တယ်လို့ ခံစားရတယ်’

ဒီလိုနဲဘဲ ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်က သိပ်ပြောပြ လောက်တဲ့ အခက်အခဲ ကြီးကြီး မားမား မတွေ့ လိုက်ရဘဲ ပြီးဆုံး သွားတယ်။ ကျွန်မတို့ အောက်တိုဘာ လကုန်လောက် စာမေးပွဲပြီး ပြီး နိုဝင်ဘာလဆန်း လောက် ပြန်ဖို့ စီစဉ် ထားကြတယ်။ ကျောင်းသား ကျောင်းသူ တော်တော် များများလည်း အတူတူပြန်ဖို့ စီစဉ် ထားကြ တယ်လေ။ ကျွန်မတို့ ဘူးသီးတောင်က ကျောင်းသားတွေ ကတော့ ဘူးသီးတောင်မှာ ဆင်းနေရစ် ခဲ့ပြီး အကိုတို့ မောင်တောက ကျောင်းသား ကျောင်းသူတွေ ကတော ဘူးသီးတောင် ကတဆင့် မောင်တောကို ကားနဲ့ ခရီး ဆက်ကြမှာပေါ့။

‘ညီမ… ကျောင်းပိတ်ရက်မှာ အကို ညီမဆီကို ဖုံးဆက်ချင်တယ် ရမလား။ ညီမ အိမ်က ကြိုက်ပါ့မလား’

‘အင်း… ရပါတယ်၊ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ ဖုံးပြောဒါ ညီမအိမ်က နားလည်မှု ပေးပါတယ်။ နောက်… အကိုနဲ့ ခင်မင်နေဒါလဲ မေမေတို့ သိကြတယ်လေ။ အကို့ မေမေတောင် ညီမ မေမေဆီ တခါ တလေ ဖုံးဆက်တယ် ပြောတယ်။ ဒါပေမဲ့ အကို ဖုံးဆက်ချင်ရင် ည ၈ နာရီ နောက်ပိုင်းမှ ဆက်ပါလား အကို။ ဖေဖေက ည ၈ နာရီလောက် အီရှာဖတ်ဖို့ (ညပိုင်း ဝတ်ပြုဖို့) ဗလီ သွားတတ်ပြီး မိတ်ဆွေတွေနဲ့ စကားပြော လက်ဖက်ရည် သောက်ပြီး ၁၀ နာရီ ဝန်းကျင်လောက်မှ ပြန်လာ တတ်ဒါ။ ဖေဖေ့ ရှေ့မှာ မိတ်ဆွေ ယောက်ကျားလေး တွေနဲ့ သိပ်စကား မပြောရဲဘူး’

‘အိုကေ… အဲဒါဆို အကို့ အတွက်လဲ အဆင်ပြေ သွားဒါပေါ့။ အကိုလဲ အန်ကယ့် အရှေ့မှာ ဖုံးပြောရမှာ အားနာတယ်’

ဒီလိုနဲ့ ကျွန်မလည်း ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ပြီး မေမေ့ကို ကူညီ၊ တခါတလေ ဖေဖေ့ ဆေးခန်းမှာ လိုအပ်ဒါလေးတွေ ကူညီ၊ မောင် နှမတွေနဲ့ ပတ်ဝန်းကျင်က ခလေးတွေကို စာသင်ရင်းနဲ့ဘဲ ကျောင်းပိတ် ရက်ကို အေးအေး ဆေးဆေး ဖြတ်သန်း ခဲ့တယ်။ အကို ကလည်း တရက်ခြား အမြဲ ဖုံးဆက်တယ်။ စစ်တွေနဲ့ ကျောင်းကြီးကိုတော့ သတိရသား။ အဓိက အကို့ ကိုပေါ့။ တရက် အကိုက ဖုံးထဲမှာ…

‘ညီမ… အကို့ရဲ့ အကို ဝမ်းကွဲ တယောက် ဗိုက်နာနာ နေလို့၊ သူက အစာအိမ် တခုခု ဖြစ်နေတယ် ထင်တယ်တဲ့။ အဲဒါ သူက အန်ကယ်နဲ့ ပြချင်တယ် ပြောတယ်။ အဲဒါ အကိုတို့ လာမဲ့ တနင်္လာနေ့ လာပြဖို့ စီစဉ် ထားတယ်။ ဖြစ်တယ် မဟုတ်လား’

‘ဟင်း… အစာအိမ် နာနေတဲ့ သူက ကားစီးလို့ ရပါ့မလား’

‘အော်… Serious လဲ မဟုတ်ပါဘူး။ နဲနဲ နဲနဲ နာနေဒါ တလလောက် ရှိပြီ ပြောတယ်။ ကြိုတင် ကုထား တော့ ကောင်းဒါပေါ’

‘မောင်တောမှာ ဆရာဝန် မရှိလို့လား’

‘အော်… အကို့ရဲ့ အကိုက အန်ကယ်နဲ့ ပြချင် နေဒါ။ ဘယ့်နှယ့် ကိုယ့် အဖေနဲ့ ပြချင်တဲ့ လူနာကို တခြား ဆရာဝန် ညွှန်နေရ ဒါလဲ’

‘အော်… မဟုတ်ပါဘူး၊ အကိုကဘဲ လူနာကို ဖေဖေနဲ့ ပြဖို့ အတင်းကြီး တိုက်တွန်း နေမှာစိုးလို့ပါ။ လူနာ ကို သနားလို့’

‘လူနာကိုတော့ သနားတယ်၊ အကို့ကိုတော့ မသနား ဘူးပေါ့ ဟုတ်လား’

‘ဘာမှလဲ မဆိုင်ဘူး။ ကဲပါ… ဆေးခန်းပြမယ် ဆိုလဲ လာခဲ့ပေါ့။ အကိုတို့ လာမယ် ဆိုဒါ မေမေ့ကို ပြောပြ ထားလိုက်မယ်’

‘အိုကေ… အင်ရှာ အလ္လာဟ် (အလ္လာဟ်အရှင်မြတ် အလိုတော်ဖြင့်) တနင်္လာနေ့ မနက် ၁၀ နာရီ လောက် အကိုတို့ ရောက်မယ် ထင်တယ်’

မေမေ့ကို အကိုတို့ လာမဲ့ အကြောင်း ပြောပြ လိုက်တယ်။ မေမေက…

‘ကောင်းပြီလေ… အဲဒီနေ့ သူတို့ ဒီမှာ ထမင်းစားဖို့ မေမေ စီစဉ် ထားလိုက်မယ်။ သူတို့ကို ဒီမှာဘဲ ထမင်း စားခိုင်းပေါ့။ သူတို့ လာမဲ့ အကြောင်း သမီး ဖေဖေကိုလဲ မေမေ ပြောပြ ထားမယ်လေ’

အဲဒီနေ့က အကိုတို့ အိမ်မှာ ထမင်း စားဖြစ်ကြတယ်။ ညနေ ၄ နာရီ လောက်မှ ပြန်သွားကြတယ်။ မောင်လေး ညီမလေးတွေက အကို့ကို သဘောတွေ ကျလို့ပေါ့။ သူတို့က ပြောကြတယ်၊ အကိုက ချောတယ်၊ သဘောကောင်း တယ်တဲ့။ အင်း… ဟုတ်တယ် ထင်ပါရဲ့။

ဒီလိုနဲ့ဘဲ ကျောင်ပိတ်ရက်တွေ ကုန်ဆုံးလို့ ၂၀၁၀ - ၂၀၁၁ ပညာသင်နှစ် ကြီး ပြန်စတော့မယ်။ ကျွန်မ လည်း ကျောင်းပိတ်ရက်တွေ အမြန်ကုန်ဆုံး စေချင်ပြီ။ ကျောင်းကြီးကို လွမ်းဒါလား၊ သူငယ်ချင်းတွေကို လွမ်းဒါလား၊ ဒါမှမဟုတ်… အကို့ကို လွမ်းဒါလား။ တခုခု တော့ တခုခုဘဲ။

********

၂၀၁၁ ဇန္နဝါရီ လဆန်းမှာ ကျောင်းတက်ဖို့ စစ်တွေကို ကျွန်မတို့ ပြန်လာခဲ့ ကြတယ်။ အကို့ကို ကျောင်းမှာ လည်း အမြဲတွေ့တယ်။ အဆောင်ကိုလည်း ကိုတင်ဝင်းလှိုင်နဲ့ အတူ အမြဲတမ်း လာလည်လေ့ ရှိတယ်။

********

တရက် ကိုတင်ဝင်းလှိုင်နဲ့ ကျွန်တော် ညီမတို့ အဆောင်က အပြန် ကိုတင်ဝင်းလှိုင်က…

‘ဟေ့ကောင်… မိုးဇော်၊ မင်း ဒီလိုဘဲ နန္ဒာ့ကို ဖွင့်မပြောဘဲ နေတော့ မှာလားကွ။ မင်းကွာ…သူ့ကို မချစ် ဒါလဲ မဟုတ်ဘူး။ သူကလဲ မင်းကို စိတ်ဝင်စား ပါတယ်ကွ။ ဘာ့ကြောင့် ဖွင့်မပြောဒါလဲ’

‘ဖွင့်ပြောမှာပါ…ကိုတင်ဝင်းလှိုင်ရာ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ သူ့ကို အရင် မိဘ တွေနဲ့ နားဖေါက် ပြီးမှ ပြောမယ်။ အဲဒါမှ သူ့ကို တန်ဖိုးထားရာ ရောက်မှာပေါ့။ သူကလဲ အဲဒီလို ဖြစ်စေချင် ပုံရတယ်’

‘မင်းတို့ ဟာကလဲကွာ…Romantic မဆန်လိုက်ဒါ၊ မင်းတို့ ဓလေ့ ထုံးစံတွေတော့ မသိဘူး ပေါ့ကွာ။ ငါကတော့ ကြိုက်ရင် ကြိုက်တယ်ဘဲ။ လူငယ်ချင်း ပြောမှ Romatic ဒါကွ’

‘အောင်မာ… ခင်ဗျားက ကျွန်တော့်ကိုသာ ပြောနေဒါ။ ခင်ဗျားကျတော့ရော မမြခင်ကို ကြိုက်တယ် ဆိုပြီး ဘာလို့ အခုထိ ဖွင့်မပြော သေးဒါလဲ’

‘မင်း မတွေ့ဘူးလားကွာ… သူက ငါ့ကို တွေ့တိုင်း ရန်ချည်း တွေ့တွေ့ နေဒါ။ ငါ့ကို မကြိုက်ဘူး ထင်ပါ တယ်ကွာ။ သူ့ကို အိမ်က သဘောတူထားတဲ့သူ ရှိတယ် ကြားတယ်ကွ။ မင်းတို့လို အဆင်ပြေ နေလို့ ကတော့ကွာ အခုဆို ခလေး နှစ်ယောက်လောက် ရနေပြီ’

‘မိဘတွေကို ကျော်ပြီး မလုပ်ချင် လို့ပါ အကိုရာ။ အမေတို့က သူလဲ ဒုတိယနှစ်၊ ကျွန်တော်လဲ တတိယ နှစ်ဘဲ ရှိသေးတယ် ဆိုတော့ အလျှင်မလိုသေး ဒါပါ။ သူ နောက်ဆုံးနှစ်မှာ စေ့စပ်ပေးမယ် ပြောတယ်’

********

ဒီလိုနဲ့ဘဲ ကျွန်မတို့တွေ ကျောင်းတက်နေရင်း ဇူလိုင်လမှာ မထင်မှတ်ထားတဲ့ ကြံမ္မာဆိုး တခုက ဝင်ရောက် လာပါတော့တယ်။

အကိုက အတန်းထဲမှာ စာတော်တော့ အတန်းထဲက မိတ်ဆွေ အချို့က စာပြခိုင်းကြ၊ စာအုပ်ငှားကြ လုပ်ကြတယ်။ တရက် အကို့ မိတ်ဆွေ ရခိုင် အမျိုးသမီး တယောက်က စာအုပ် ငှားတယ်တဲ့။ အကိုကလဲ ငှားလိုက် ဒါပေါ့။ အဲဒါကို ရခိုင် ကျောင်းသား အချို့က မကျေနပ်ဘဲ ရန်စ ကြတယ် တဲ့လေ။ အကိုလည်း သူတို့နဲ့ အကျယ် အကျယ် ဆက်မပြောဘဲ မော်ကွန်းထိမ်းရုံးကို သွားတိုင်လိုက်တယ်တဲ့။

တရက် အကို အဆောင်ကနေ ကျောင်းကို အသွား အနောက်က ဆိုင်ကယ်နဲ့ လူ ၄ ယောက်ရောက် လာပြီး ရန်စ စော်ကား တယ်တဲ့။ အကို့ကိုလည်း ၃ ရက် အတွင်း စစ်တွေမြို့က ထွက်သွာပါတဲ့။ အကိုက လည်း သည်းမခံနိုင်တော့ဘဲ စစ်တွေကို မင်းတို့ အဖေ ပိုင်လို့လား ဘာလားနဲ့ စကား အခြေအတင် များကြ တယ်တဲ့လေ။

နောက်ပိုင်း ရက်တွေ အကို ကျောင်းသွားရင် ကိုတင်ဝင်းလှိုင်ရယ်၊ မိတ်ဆွေတချို့နဲ့ အတူတူ သွားတယ်။ ဒါပေမဲ့ တရက် အနောက်က ဆိုင်ကယ်နဲ့ လူ ၁၀ ယောက်လောက် ရောက်လာပြီး အကိုတို့ အုပ်စုကို ရန်စပြီး ဝိုင်းရိုက်တယ်တဲ့လေ။ အကိုတို့က ၄ ယောက်၊ သူတို့က ၁၀ ယောက်လောက် နောက်ပြီး လက်နက်တွေ ပါတော့ အကိုတို့ အုပ်စု တော်တော်လေး အထိနာ သွားတယ်။ သူတို့ရဲ့ အဓိက Target က အကိုပေါ့။ အကို့ တကိုယ်လုံးလည်း ရစရာ မရှိတော့ဘူး။ အကို့ ကိုလည်း မင်း… နောက်ထပ် ၃ ရက် အတွင်း စစ်တွေမြို့က ထွက်မသွားရင် မင်းရဲ့ အရိုးကို ပင်လယ်ထဲ မျှောပစ်မယ် လို့ ခြိမ်းခြောက် တယ်တဲ့။ ခဏနေတော့ ပတ်ဝန်းကျင် မူဆလင်ရွာ ထဲကလူတွေ ထွက်လာလို့၊ ထွက်လာတဲ့ လူအုပ်ကလဲ များလို့ သူတို့ ထွက်သွားကြတယ်။

ရဲစခန်း သွားတိုင်တော့လဲ သူတို့ အရေးယူ ပေးပါမယ်၊ ဒါပေမဲ့ တခြား ဒေသက လူတွေကလဲ ဒီမြို့ကို လာရင် အနေအထိုင် တတ်ရတယ်။ မြောက်ကြွ မြောက်ကြွ မလုပ်ရဘူး ဆိုပြီး သြဝါဒတွေ တသီ တတန်း ကြီး ချွေလိုက်တယ်တဲ့။

မိတ်ဆွေ အချို့နဲ့ ဆရာ ဆရာမတွေက အကို့ကို ဒီမြို့ကနေ ခဏထွက်သွားဖို့ အကြံပေးကြတယ်။ ကျွန်မ လည်း ရခိုင်တွေရဲ့ အကြောင်းကို သိတော့ အဲဒီလို လုပ်ရင် ကောင်းမယ် ထင်တယ်။ နောက်တခါ ဆိုရင် ဒီထက် ပိုဆိုးဖို့ဘဲ ရှိတယ်။ ကိုယ့် အသက်ထက် ဘာမှ အရေးမကြီးဘူးလေ။ အကို့ကို ဒီရက်ပိုင်း အပြင် မတွက်ဖို့ မှာခဲ့တယ်။ မနက်ဖြန် ကျောင်းက အပြန် အကို့ဆီကို လာခဲ့မယ်လို့ ပြောလိုက်တယ်။

နောက်တနေ့ ကျောင်းတက်ချင်စိတ်လည်း မရှိတော့ဘဲ အကို ကြိုက်တတ်ဒါလေး ချက်ပြီး အကို့ဆီ ထွက်လာခဲ့တယ်။

‘အကို သက်သာရဲ့လား’

‘အင်း… မဆိုးပါဘူး’

‘အကို… အကို အခု ဘယ်လိုလုပ်မယ် ဆုံးဖြတ်ထားလဲ’

‘မနေ့က ဖေဖေတို့နဲ့ကော ရန်ကုန်က အကိုနဲ့ကော စကားပြော ဖြစ်တယ်။ သူတို့က အကို့ကို စစ်တွေက နေ ချက်ချင်း ထွက်သွား ခိုင်းနေတယ်’

‘အဲဒါ မှန်တယ် အကို၊ ကိုယ့် အသက်ထက် ဘာမှ အရေးမကြီးဘူး။ လောလောဆယ် ခြောက်လ တနှစ် လောက် အကို စစ်တွေက ရှောင်လိုက်ရင် ကောင်းမယ်’

‘အကို့ အကိုက အခု ရန်ကုန်ကို ခေါ်ဖို့ စီစဉ်နေပြီ။ ဖေဖေကလဲ အခု သဘောတူတယ်။ သူတို့က အကို့ ကို ရန်ကုန်မှာ ဒီပလိုမာ တခုခု ဆက်တက် ခိုင်းနေတယ်။ အကို့ရဲ့ အလုပ်မှာလဲ လူရင်း လိုအပ်နေ တယ်တဲ့။ အကိုက မင်း… စာဆက်သင် ချင်ရင် နိုင်ငံခြားထိ ပညာသင်ဖို့ လုပ်ပေးမယ်။ ဒါပေမဲ့ စစ်တွေမှာ တော့ လုံးဝ မနေရ တော့ဘူးလို့ ပြောတယ်’

‘ကောင်းပါတယ် အကို… အကို့ အတွက် အကောင်းဆုံး အစီအစဉ်တွေ ပါဘဲ’

‘ညီမ… အကို မသွားချင်ဘဲ သွားရ တော့မယ်။ အကို ရန်ကုန်ကို သွာမယ်လို့ ဆုံးဖြတ် လိုက်ပြီ။ နိုင်ငံခြား တော့ မသွားတော့ဘူး။ ညီမနဲ့ ဒီ့ထက် မဝေးနိုင်ဘူး။ ညီမ… ညီမကို အကို ချစ်တယ်’

‘----------------‘

‘ညီမ… အကို ရန်ကုန် သွားမှာ ညီမ သဘောတူ ရဲ့လား။ ညီမ သဘောမတူရင် အကို မသွားဘူး။ မောင်တောမှာဘဲ အကို နေလိုက်မယ်။ အဲဒီမှာဘဲ အလုပ် ဆက်လုပ်မယ်’

‘အကို့ ဘဝ တိုးတက် ဖို့အတွက် အားလုံး ဝိုင်းစီစဉ် ကြဒါ ညီမ ဘာသဘော မတူစရာ ရှိလဲ။ ညီမ ကတော အကို့ အတွက် ဝမ်းသာရမှာပါ။ အကို့ ဘဝ တိုးတက်ရေး အတွက် ရန်ကုန်ကို သွားလိုက်ဒါ အကောင်းဆုံး ဖြစ်မှာပါလေ’

‘အဲဒါဆိုရင် အကို့ကို ကတိ တခုပေး။ အကို့ကို ဆက်ဆက် စောင့်နေပါမယ်လို့’

‘စိတ်ချပါ အကို၊ ညီမ အကို့ကို ဆက်ဆက် စောင့်နေပါ့မယ်’

‘အကို ရန်ကုန်ကို လုံးဝ မသွားချင်ဘူးနော်။ ညီမကို ခွဲပြီး ဘယ်ကိုမှ မသွာချင်ဘူး။ အကို ညီမနဲ့ အတူတူ စစ်တွေမှာဘဲ ကျောင်းဆက် တက်ချင်ဒါ။ အခု မတတ်နိုင် လွန်းလို့သာ ရန်ကုန်ကို သွားရဒါ။ အဲဒါတော့ ညီမ သိစေချင်တယ်’

‘ညီမ နားလည်ပါတယ် အကိုရယ်’

‘ညီမ… အကို ရန်ကုန်မှာ အလုပ် ကြိုးစားမယ်။ အကို့ အလုပ် အောင်မြင်လာတဲ့ တနေ့ ညီမလဲ ကျောင်းပြီး သွားရင် အကိုတို့ ရန်ကုန်မှာဘဲ နေကြရင် မကောင်းဘူလား’

‘မကောင်းဘူး ထင်တယ် အကို၊ ညီမတို့တွေက ဒီလိုဘဲ ကိုယ်လွတ် ရုန်းသွားမယ် ဆိုရင် အဖက်ဖက်က နိမ့်ပါးနေတဲ့ ညီမတို့ လူမျိုးတွေရဲ့ အခြေအနေ ဘယ်လိုဖြစ်မလဲ။ ညီမတို့ လူမျိုးတွေရဲ့ လူမှုဘဝ တိုးတက်ရေး အတွက် ညီမတို့လို ပညာတတ်တွေမှာ တာဝန် ရှိတယ် အကို’

‘ညီမပြောဒါ အကို နားလည်ပါတယ်။ အင်းလေ… အချိန်တွေ အများကြီး ရှိပါသေးတယ်။ အကို ရှိတဲ့ နေရာကို ညီမ မလာနိုင်ရင် ညီမရှိတဲ့ နေရာကို အကို လာခဲ့မှာပါ’

‘အကုန်လုံး ကတော့ အကို့ကို မနက်ဖန် ပြန်လို့ ပြောကြတယ်။ အကိုက သဘက်ခါမှ ပြန်ရင် ကောင်း မလားလို့။ ညီမ ရှိတဲ့ နေရာမှာ အကို နောက်တရက် ဆက်နေချင် သေးတယ်’

‘မနက်ဖန် ပြန်လိုက်ဒါ ကောင်းမယ် အကို။ ဒီတရက်လေး အတွက် တဘဝလုံးစာ ဒုက္ခ မရောက်စေ ချင်ဘူး’

‘ညီမ… အကို မလွဲသာလွန်းလို့ ရန်ကုန် သွားရတယ် ဆိုဒါ ယုံနော်’

‘ယုံပါတယ် အကိုရယ်…’

********

သင်္ဘောဆိပ်ကို ကျောင်းသား အချို့ရယ်၊ အကို့ကို ချစ်တဲ့ ရန်ကုန်က ဆရာမ ၂ ယောက်ရယ်၊ ရွာထဲက မူဆလင် လူကြီးအချို့ရယ် လိုက်ပို့ ကြတယ်။ ကျွန်မကိုတော့ အကိုက လမ်းခရီးမှာ ဘာဖြစ်မယ် မသိလို့ သင်္ဘောဆိပ်ထိ လိုက်မပို့ ခိုင်းလို့ အဆောင်မှာဘဲ ကျန်ရစ်ခဲ့ရတယ်။ အကို ထွက်သွာလို့ အပြင်လည်း ရောက်ရော ကျွန်မ စိတ်မထိမ်း နိုင်ဘဲ ငိုချ လိုက်ပါ တော့တယ်။ ၂၀၁၁ စာသင်နှစ် ကတော ကျွန်မ အတွက် ပျော်ရွှင်ခြင်း ကင်းစွာနဲ့ ပြီးဆုံး သွားပါတယ်။

အကိုလည်း ၂၀၁၁ စက်တင်ဘာလမှာ ရန်ကုန်ကို ရောက်ရှိ ခဲ့တယ်။ အကိုလည်း စစ်တွေက ထွက်ပြီး ကထဲက တရက်မပျက် ကျွန်မဆီ ဖုံးဆက်ပါတယ်။ အခု အကို ရန်ကုန်မှာ အကို့ အကိုရဲ့ လုပ်ငန်းမှာ စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်းနဲ့ Diploma တခု ဆက်တက်ဖို့ စုံစမ်းနေကြောင်း သိရတယ်။

အကိုတို့ လုပ်ငန်းက အဓိက မိတ္ထီလာ၊ ကျေက်ဆည်၊ မန္တလေးဖက်က ငရုတ်၊ ကြက်သွန်၊ ဆနွင်း တဲ့ ဒေသ ထွက်ကုန်တွေနဲ့ ရှမ်းပြည်ဖက်က ဒေသထွက်ကုန်တွေကို ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြန့်ဒါ ဆိုတော့ အဲဒီကုန်တွေကို အချက်အချာ ဒေသဖြစ်တဲ့ မိတ္ထီလာမှာစုပြီး ပါကင်လုပ် အဲဒီကတဆင့် စစ်တွေကို ပို့ပြီး တချို့ကို စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ဘင်္ဂလားဒေ့ရှ်ကို ဖြန့်ပြီး တချို့ကို ရခိုင်ပြည်နယ်ကို ဖြန့်တယ် ပြောတယ်။

********

အကိုက ကျွန်တော့်ကို မိတ္ထီလာမှာ ရှိတဲ့ လူ ၂ ယောက်နဲ့ မလုံလောက်လို့ ၂၀၁၂ ဖေဖေါ်ဝါရီမှာ မိတ္ထီလာ ကို ပို့ခဲ့တယ်။ မိတ္ထီလာမှာ ခြံနဲ့ ဂိုဒေါင်ငှားပြီး ပစ္စည်းတွေ ပါကင် လုပ်ပြီး စစ်တွေပို့တယ်။ ကျွန်တော်တို့ ကတော့ အခန်း ငှားပြီး နေတာပေါ့။ အကို့ရဲ့ မိတ်ဆွေ ပွဲရုံလုပ်ငန်း ပိုင်ရှင် ကိုနေမင်းစိုး ကလည်း အစစ အရာရာ အကူအညီ ပေးတယ်။ ကျွန်တော်တို့ ပစ္စည်း တော်တော် များများကို ကိုနေမင်းစိုး ဆီကယူပြီး သူ့ဆီမှာ မရှိတဲ့ ပစ္စည်းတွေ ကိုသာ အခြားပွဲရုံ တွေဆီက ယူတယ်။

ကိုနေမင်းစိုးနဲ့ ကျွန်တော့် အကိုက လွန်ခဲ့တဲ့ ၈ နှစ် ကျော်ကထဲက စီးပွားရေးအရ မိတ်ဆွေတွေ ဖြစ်ခဲ့ပြီး အခုထက်ထိ လက်တွဲ လုပ်ကိုင်နေတုန်းဘဲ။ အကို အစစ အရာရာ အားကိုးရတဲ့ စီးပွားရေး မိတ်ဆွေ တယောက်ပေါ့။ ကိုနေမင်းစိုးရဲ့ ဦးလေးတွေ ကလည်း ရန်ကုန်မှာ စက်မှုလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ပြီး အကိုနဲ့လည်း ရင်းနှီးတယ် ပြောပါတယ်။

ကျွန်တော်တို့လည်း မိတ္ထီလာမှာ ရေရှည် နေထိုင်ရမှာ ဆိုတော့ ကိုနေမင်းစိုးက သူနေတဲ့ခြံရဲ့ ဘေးခြံနဲ့ တိုက် ရောင်းနေတော့ အကို့ကို ဝယ်ဖို့ အကြံပေးတယ်။ အကိုက ဈေးကလည်းတော်၊ နေရာလည်း ကြိုက်တော့ ဝယ်လိုက်ပြီး ကျွန်တော်တို့ အဲဒီခြံမှာ ပြောင်နေကြတယ်။ အိမ်နီးချင်းတွေ ဖြစ်သွားကြတဲ့ ကျွန်တော်တို့ကို ကိုနေမင်းစိုးတို့ မိသားစုက အစစ အရာရာ အကူအညီ ပေးပြီး မကြာခင်မှာ နှစ်အိမ့် တအိမ် ဆိုသလို ဖြစ်သွားကြတယ်။

ကိုနေမင်းစိုးက အခုထိ အိမ်ထောင်မပြုသေးဘဲ အမေနဲ့ ညီမ ရှင်မင်းစိုးတို့ နဲ့အတူ နေထိုင်တယ်။ ကိုနေမင်းစိုး ဖခင်ကတော သူ ၁၁ နှစ်သားကထဲက ဆုံးသွားတယ် ပြောတယ်။ အန်တီကလည်း ကျွန်တော်တို့ကို အစစ အရာရာ ဂရုစိုက်တယ်။ ကျွန်တော်တို့လည်း မနက်ကထဲက အိမ်က ထွက်သွား လိုက်ဒါ ညနေ ၆ နာရီ ၇ နာရီ လောက်မှ ပြန်ရောက်ဒါ ဆိုတော့ အန်တီနဲ့ ကိုနေမင်းစိုးက ညစာကို သူတို့ အိမ်မှာဘဲ စားဖို့ ခေါ်တယ်။ ကျွန်တော်လည်း ညစာကို အဲဒီမှာဘဲ စားဖြစ်တယ်။

********

ကျွန်မ တတိယနှစ် တက်ဖို့ ၂၀၁၂ ဇန္နဝါရီမှာ စစ်တွေ ပြန်လာခဲ့တယ်။ အကို မရှိတော့ ကျောင်းတက် ရဒါ အရင်လို အဓိပ္ပါယ် မရှိတော့ သလိုဘဲ။ ဒါပေမဲ့ ကျွန်မ ပညာကို ကြိုးစား သင်ယူပါတယ်။ ပညာရေးက ကျွန်မတို့ အတွက် အရေးကြီးတယ် မဟုတ်လား။

ဒါပေမဲ့လည်း မထင်မှတ်တဲ့ ပြဿနာ တခုက နောက်ထပ် ကြုံရ ပြန်တယ်။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုး တွေရဲ့ ဘဝ ကတော့ ဒီလိုပါဘဲ။ မထင်မှတ် ထားတဲ့ ပြဿနာတွေ အချိန်မရွေး ဝင်လာနိုင်တော့ လူတွေ က အမြဲကို သတိ အနေအထားနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး အသက်ရှင် နေရဒါ။ လူတွေလည်း ပင်ပန်းလှပြီ။ တခါတလေ ကမ္ဘာကြီးမှာ ဒီလောက် ဒုက္ခ ရောက်တဲ့ လူမျိုး နောက်ထပ် ရှိပါအုံး မလားလို့ တွေးမိတယ်။ ကျွန်မစိတ်ထင် မရှိတော့ဘူး ထင်တယ်။

မေလ အကုန်ပိုင်း သံတွဲမှာ မူဆလင် ခရီးသွား ၁၀ ယောက်ကို နေ့ခင်း ကြောင်တောင် ကားပေါ်က ဆွဲချ ပြီး သတ်တဲ့ ကိစ္စဖြစ်ပြီး နောက်ပိုင်း စစ်တွေမှာလည်း အခြေအနေတွေက သိပ်မတည်ငြိမ် တော့ဘူး။ ဘယ်နေ့ ဘယ် အချိန် ထ ပေါက်ကွဲမလဲ ဆိုဒါ ကျီးလန့်စာ စားနေရတယ်။ ကျောင်းတွေလည်း ပိတ်လိုက် ပြီး ကျွန်မတို့လည်း ကိုယ့် ဒေသကို ကိုယ် အမြန်ဆုံး ပြန်ခဲ့ ကြတယ်။

စစ်တွေမှာလည်း ရခိုင်တွေရဲ့ ရန်စမှုက နေ့စဉ်ဆက်တိုက် ဆိုသလိုပါဘဲ။ ဒါတွေ အားလုံး နောက်ကွယ် က လက်မဲကြီးရဲ့ အကြံ အစည်တွေ ထင်ပါရဲ့။ မဟုတ်ရင် ဒီလို ဖြစ်လာစရာ အကြောင်း မရှိဘူး။ သူတို့မှာ အာဏာရှိတယ်၊ လက်နက်ရှိတယ်။ အာဏာနဲ့ ဖြေရှင်းရင် တရက်တောင် မကြာပါဘူး။ ဆူပူ အုံကြွချင်တဲ့ သူတွေ အိမ်ထဲကတောင် ထွက်ရဲမှာ မဟုတ်ဘူး။ ၈၈ တုန်းက တပြည်လုံး အတိုင်းအတာ နဲ့ အုံကြွခဲ့ဒါတောင် နှိမ်နှင်း နိုင်ခဲ့သေးဒါဘဲ။

ဇွန်လ ၃ ရက်နေ့ စစ်တွေမှာ ရခိုင်နဲ့ မူဆလင် ပြဿနာ ဖြစ်တယ်။ မူဆလင်တွေရဲ့ အိမ်တွေနဲ့ ဆိုင်တွေ တော်တော် များများ မီးရှို့ခံခဲ့ရတယ်။ မူဆလင်တွေဟာ ကိုယ့်ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ပင်လယ်ဖက် ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်။ တောထဲက အရွက်တွေစားပြီး အသက်ရှင်ခဲ့ရတယ်။ တော်တော် များများလည်း အသက် ဆုံးရှုံး ခဲ့ရတယ်။ ကျန်တဲ့သူတွေကလည်း သူတို့ကို ဘယ်နေ့ ဘယ်အချိန် လာသတ် မလဲ ထိုင်စောင့် နေကြရတယ်။ ဒါပေမဲ့ မူဆလင်တွေရဲ့ စိတ်ထဲမှာ နာကျင်မှုတွေက အထွဋ် အထိပ်ထိ ရောက်နေတော့ သူတိုကလည်း ဆုံးဖြတ်ပြီးသား။ ရရာ လက်နက် အသင့် ကိုင်ဆောင် ထားပြီး ငါသွားရင် အနည်းဆုံး ၂ ယောက်တော့ အပါ ခေါ်သွားမယ်လို့ သံဓိဌာန် ချထားကြတယ်တဲ့။

ဒါပေမဲ့… ဒီကိစ္စက ကမ္ဘာမှာ ဟိုးလေး တကျော် ဖြစ်ခဲ့တယ်။ ရိုဟင်ဂျာ ဆိုဒါကိုလည်း ကမ္ဘာကြီးက ပိုသိ သွားတယ်။ တကမ္ဘာလုံးက ကန့်ကွက်ကြတယ်။ အဲဒီတော့မှ ဦးသိန်းစိန် အစိုးရလည်း သူတို့ရဲ့ လုပ်ရပ် တွေ နဲနဲလျှော့ပြီး ကမ္ဘာကျော်တဲ့ မိန့်ခွန်း တရပ် မြွက်ကြားခဲ့တယ်။ ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ် ကိုယ် မီးရှို့ဒါပါတဲ့။ သူတို့တွေကို ကမ္ဘာကြီးက သနားရင် တတိယနိုင်ငံ ခေါ်သွားကြပါတဲ့။

ဦးသိန်းစိန်ရေ… ရိုဟင်ဂျာတွေက သူတို့ရဲ့ ဥစ္စာပစ္စည်းတွေကို အသက်နဲ့ ရင်းပြီး ရှာထားရဒါ။ ခင်ဗျားရဲ့ ၁,၀၀၀ တန်လေး တရွက် မီးရှို့ကြည့် ပါလား။ ရှို့ရဲ့ ပါ့မလားလို့။ အင်းလေ… ခင်ဗျားတို့က ပိုက်ဆံတွေ မတရား ရထားဒါ ဆိုတော့ မပြောတတ်ဘူး။ ကျွန်မကတော ၂၀၀ တန်လေး တရွက် ပျောက်သွားရင် တောင် နှမျောလို့ မဆုံးဘူး။ ကျွန်မတို့ရဲ့ ဘိုး ဘွား ဘီ ဘင် တွေလည်း မြန်မာနိုင်ငံမှာ မွေးဒါ၊ ကျွန်မတို့ လည်း မြန်မာနိုင်ငံမှာ မွေဒါ၊ အဲဒီတော့ ကျွန်မတို့ရဲ့ ပထမနိုင်ငံ ဟာလည်း မြန်မာနိုင်ငံ၊ ဒုတိယ နိုင်ငံ ဟာလည်း မြန်မာနိုင်ငံ၊ တတိယ နိုင်ငံဟာလည်း မြန်မာနိုင်ငံဘဲ ဖြစ်စေရမယ် ဦးသိန်းစိန်။ အဲဒါ ခင်ဗျား ယုံကြည်ထားလိုက်။

စစ်တွေက လူတွေလည်း အခုထိ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်မလာ နိုင်ဘဲ ဒုက္ခသည် စခန်းတွေမှာ ဆင်းရဲ ကြပ်တည်းစွာ နေထိုင် ကြရတယ်။ စီးပွားရေးတွေလည်း အကုန်လုံး ပျက်စီး သွားကြတယ်။ တဖြေးဖြေးနဲ့ ဒီ အစိုးရရဲ့ လုပ်ရပ်တွေဟာ လူမျိုးစု ငယ်ကလေး တခုကို စံနစ်တကျ Genocide လုပ်တဲ့ အဆင့်ကို ရောက်လို့ ကျော်လွန် နေပြီ။

********

ကျွန်မလည်း ကျောင်းပိတ်ထားလို့ အိမ်ပြန်ရောက်တော့ အိမ် အလုပ်ကလေး နဲနဲု လုပ်လိုက်၊ ဖေဖေ့ကို ကူညီလိုက်နဲ့ ယောင်ခြောက်ဆယ် ဖြစ်နေတယ်။ ကျောင်းတွေ ပိတ်ထားတော့ ခလေးတွေ ကလည်း စာမသင်ချင် ကျွန်မကလည်း စာမပြချုင်နဲ့ တအိမ်လုံး ဝေလည်လည် ဖြစ်နေကြတယ်။

အကိုကတော့ ညစဉ် ဖုံးဆက်ပါတယ်။ အကို့ရဲ့ လုပ်ငန်းတွေ ကတော့ အားရစရာ ပါဘဲ။ တော်တော် အဆင်ပြေတယ် ပြောတယ်။ အကိုလည်း ကိုယ့် ဒေသကို ခဏတဖြုတ် ပြန်လာချင်ပေမဲ့ ဘယ်လိုမှ ပြန်လာလို့ မရဘူးလေ။ ကျွန်မတို့ရဲ့ ဘဝ ကလည်း တနိုင်ငံ ထဲမှာနေပြီး ကမ္ဘာကြီး ခြားနေသလိုပါဘဲ။ ကမ္ဘာကြီးက ရွာလေးတရွာ ဖြစ်နေပြီ ဆိုဒါ ကျွန်မတို့ ရိုဟင်ဂျာလူမျိုးတွေ အတွက်တော့ မမှန်ဘူး။ ရခိုင် ပြည်နယ်ထဲက တရွာနဲ့ တရွာ သွားဖို့တောင် အရမ်း ခက်ခဲတဲ့ ကိစ္စ၊ ကမ္ဘာကြီးဆီ သွားဖို့ ဆိုဒါတော့ လုံးဝ မစဉ်းစားနဲ့။ ဒီအမိုး ဖွင့်ထားတဲ့ ထောင်ကြီးထဲ မှာဘဲ ဆက်လက် ကျင်လည်အုံးပေါ့ စုမြတ်နန္ဒာရေ… ကမ္ဘာကြီးက တနေ့တခြား ဖွံ့ဖြိုးတိုးတက် နေတယ်ဆိုဒါ နင်နဲ့ ဘာမှ မဆိုင်ဘူး။

********

မိတ္ထီလာမှာ အနေကြာ လာဒါနဲ့အမျှ ကိုနေမင်းစိုးတို့ မိသားစုနဲ့လည်း တမိသားစုလို ဖြစ်နေပါပြီ။ အန်တီ ကလည်း ကျွန်တော့်ကို သား တယောက်လို ဂရုစိုက်သလို မရှင်မင်းစိုး ကလည်း အကို တယောက်လို နွဲ့ဆိုး ဆိုးတတ်တယ်။ ကျွန်တော့ အတွက်တော့ မရှင်မင်းစိုးက ညီမ တယောက်လို ပါဘဲ။

ညီမကို သတိရဒါ ရင်ကွဲမတတ် ဖြစ်ခဲ့ပေမဲ့ အခုတော့… တနေ့ တနေ့ အလုပ်နဲ့ လက်နဲ့ မပြတ် ဖြစ်နေ တော့ နဲနဲ နေသာ ထိုင်သာ ရှိလာတယ်။ ညီမနဲ့ ည ည ဖုံးပြောရဒါ ကျွန်တော့် အတွက် အကြည်နှုးဆုံး အချိန်တွေပါဘဲ။ ညီမနဲ့ ဖုံးပြောပြီးရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ခဏတဖြုတ် အပြေးကလေး ပြန်သွားချင်စိတ် ပေါက်မိတယ်။ ဒါပေမယ့်… ဘယ်လိုမှ မတတ်နိုင် ပါဘူး။ ကျွန်တော်တို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါ နိုင်တဲ့ ဘဝတွေပါ။

********

‘ကံဆိုးမ သွားရာ မိုး လိုက်လို့ရွာ’ ဆိုတဲ့ စကားက ကျွန်တော့ အတွက် ဖြစ်လာဒါ ထင်တယ်။ ပြဿနာ တွေ မဖြစ်ချင်လို့ ပြဿနာတွေနဲ့ အဝေးဆုံး နေရာကို ထွက်ပြေးလာ ခဲ့ပေမယ့် ကျွန်တော် လာတဲ့ နေရာ ကိုလည်း ပြဿနာက အဆင်သင့် စောင့်ကြိုနေတယ်။

၂၀၁၃ မတ်လမှာ မိတ္ထီလာ မူဆလင် ရွှေဆိုင် တဆိုင်မှာ ဖြစ်တဲ့ အရောင်းအဝယ် ပြဿနာကနေ မိတ္ထလာ တမြို့လုံးထိ ပြန့်နှံ့ သွားပါတယ်။ အဲဒီ ပြဿနာကိုလည်း ကျွန်တော် သွေရိုးသားရိုး မထင်ဘူး။ ပြဿနာ မဖြစ်ခင် တပတ် အရင်က အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ “ဝီရသူ” ဆိုတဲ့ ဘုန်းကြီး မိတ္ထီလာကို လာသွား တယ်။ မိတ္ထီလာမြို့ရဲ့ မူဆလင် အိမ်တွေ၊ ဆိုင်တွေ တော်တော် များများ မီးရှို့ ဖျက်စီးခံ ရတယ်။ ကိုနေမင်းစိုးရဲ့ ပွဲရုံနဲ့ ကျွန်တော်တို့ ဂိုဒေါင်လည်း ဖျက်စီးခံလိုက် ရတယ်ကြားတယ်။

အဲဒီ သတင်းတွေ ကြားတော့ အန်တီက ကြောက်လန့်ပြီး ရင်ဘတ်ထဲက အောင့်လာပါရော။ အန်တီက ဒီအခြေအနေနဲ့ ဘယ်လိုမှ လမ်းမြန်မြန် လျှောက်လို့ ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အိမ်မှာဘဲ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားနေကြတယ်။ ကျွန်တော့် မိတ်ဆွေ နှစ်ယောက် ကိုတော့ အမြန်ဆုံး ဒီနေရာ ကနေ ထွက်သွား ခိုင်းလိုက်တယ်။ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးကလည်း တဖြေးဖြေး နီးလာပြီ ကြားတယ်။ ကိုနေမင်းစိုးရဲ့ အိမ် အနောက်ဖက်မှာ ဂိုဒေါင်တလုံး ဆောက်နေဒါ ရှိတယ်။ ကိုနေမင်းစိုးက..

‘မိုးဇော်… မင်း မေမေတို့ ညီမလေးတို့နဲ့ အနောက်က ဂိုဒေါင်မှာ ခဏသွား ပုန်းနေ။ အပေါ်ထပ်မှာ Ceiling ရိုက်ထားဒါ တဝက်တပျက်နဲ့။ အဲဒီမှာ လူတယောက် ကောင်းကောင်း ရပ်နိုင်တယ်။ အဲဒီ နေရာက လုံခြုံ တယ် ထင်တယ်။ ငါ… ခလေးတွေ ဘာသာရေးပညာ သင်တဲ့ ကျောင်းဖက် ခဏ သွာလိုက်အုံးမယ်။ အဲဒီမှာ ခလေး ၁၀၀ ကျော်က နယ်ကလာတဲ့ ကျောင်းအိပ် ကျောင်းစာတွေ။ သူတို့ကို ဘေးလွတ်ရာကို ပို့ရအုံးမယ်။ ဆရာ ၃ ယောက် ငါ့ကို စောင့်နေတယ် ပြောတယ်။ ကဲ မိုးဇော်… မေမေတို့ကို သေချာ ဂရု စိုက်လိုက်ပါကွာ။ ငါ ခလေးတွေ ကိစ္စ ပို အရေးကြီးလို့ အဲဒီဖက် ပြေးလိုက်အုံးမယ်’

‘သွား သွားအကို… ကျွန်တော် ဒီမှာ အန်တီတို့ကို သေသေချာချာ စောင့်ရှောက် ထားပါ့မယ်။ အကိုက အားကိုးရတဲ့ ကျောင်းဂေါပက ဆိုတော့ အားလုံးက အကို့ကို မျှော်နေကြမယ်။ အကိုလာရင် သူတို့ ပိုအား တက်သွားလိမ့်မယ်’

‘အေး အေး… ဟုတ်ပြီကွာ၊ အမေနဲ့ ညီမလေးကို မင်းလက်ထဲ အပ်လိုက်ပြီကွာ။ အလ္လာဟ် တဝကာလ်ဘဲ (အလ္လာဟ်အရှင်မြတ် အလိုတော် အတိုင်းဘဲ)။ ငါသွားပြီ၊ ငါစိတ်ချ မယ်နော်’

‘စိတ်ချပါ အကို၊ ဒီဖက်ကို လုံးဝ နောက်ဆံမတင်း ပါနဲ့။ ကျွန်တော် တယောက်လုံး ရှိတယ်။ ကျောင်းသား တွေကိုသာ သေသေချာချာ ဂရုစိုက် လိုက်ပါ အကို’

********

ကိုနေမင်းစိုး ကျောင်းကို ရောက်ပြီး ခဏ အကြာမှာ ဒုတ်၊ ဓါး ကိုင်ဆောင်ထားတဲ့ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီး ကျောင်းရှေ့ကို ရောက်လာ တော့တယ်။ ကိုနေမင်းစိုးက ဆရာတွေနဲ့ ခလေးတွေကို ကျောင်း နောက်ပေါက်က ထွက်ပြေးခိုင်းပြီး အရှေ့မှာ သူလူအုပ်ကြီးကို ပြောဆိုပြီး အချိန်ဆွဲ ထားမယ် ဆိုပြီး ကျန်ခဲ့တယ်။ လူအုပ်ကြီးက အရှေ့ကနေ ကျောင်းသားတွေကို ထုတ်ပေးဖို့ တောင်းဆိုတယ်။ ကိုနေမင်းစိုးက ကျောင်းပေါ်ကနေ ကျောင်းသားတွေမှာ ဘာအပြစ်ရှိလို့လဲ ဆိုပြီး အပြန်အလှန် ပြောဆို ပြီး အချိန် ဆွဲထားခဲ့တယ်။ နောက်ဆုံး ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ရှေ့တံခါးပေါက်ကို ချိုးဖျက် ဝင်လာပြီး တွေ့တဲ့ ကိုနေမင်းစိုးကိုဘဲ စိတ်ကြိုက် ဆွမ်းကြီးလောင်းခဲ့တယ်။ ကျောင်းကိုလည်း ဖျက်စီး ခဲ့ကြတယ်။ အပြင်က သစ်ပင် တပင်ပေါ်မှာ တက်ပုန်းပြီး ကိုနေမင်းစိုးကို စိတ်မချလို့ စောင့်နေတဲ့ ဆရာ တယောက်က လူအုပ်ကြီးလဲ ထွက်သွားရော၊ ကိုနေမင်းစိုးဆီ အပြေး သွားရောက်ခဲ့တယ်။ ကိုနေမင်းစိုး က ဆရာ့ကို သူ့အမေနဲ့ ညီမလေးတို့ကို မိုးဇော်အား တသက်လုံး စောင့်ရှောက်ဖို့ မေတ္တာရပ်ခံကြောင်း ပြောပေးဖို့နဲ့ မိုးဇော်ကို သူစိတ်ချကြောင်း အထပ်ထပ် မှာကြားခဲ့ပြီး ဆရာ့ လက်ပေါ်မှာဘဲ အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူသွားကြောင်း ကျွန်တော် နောက်ပိုင်း ကြားခဲ့ရတယ်။

********

အန်တီလည်း သားပြန်မလာလို့ အခြေအနေက ပိုဆိုးလာတယ်။ ကျွန်တော်တို့မှာ ဖုံးတွေပါလာလို့ အပြင် လောကနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ရန်ကုန်က ကျွန်တော့် အကိုနဲ့ ကိုနေမင်းစိုးရဲ့ ဦးလေးတွေရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ အတွက် ရန်ကုန်က Ambulance တစီး ပို့ဆောင်ခဲ့ပြီး အဲ့ဒီ Ambulance နဲ့ဘဲ ရန်ကုန်ကို ထိတ်ထိတ် လန့်လန့်နဲ့ ရောက်ရှိခဲ့တယ်။

ဒါပေမဲ့… အန်တီက စကားတောင် မပြောနိုင် တော့ပါဘူး။ သူ့သားကိုဘဲ ခြေဟန် လက်ဟန်နဲ့ မေးနေ တယ်။ အားလုံးကတော ကိုနေမင်းစိုး မတ္ထီလာက အိမ်နဲ့ လုပ်ငန်းတွေကို စောင့်ရှောက်ဖို့ နေခဲ့ကြောင်း လိမ်ထားကြတယ်။ ဒါပေမဲ့ ယုံကြည်ဟန် မတူပါဘူး။ ရန်ကုန်ရောက်ပြီး ၂ ရက် အကြာ အန်တီလည်း အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံခဲ့တယ်။

အခုဆိုရင် မိတ္ထီလာက မူဆလင်များဟာလည်း ကိုယ့် အိမ်မှာ ကိုယ် မနေနိုင်ကြတော့ဘဲ ဒုက္ခသည် စခန်း မှာနေကြရတယ်။ အဲဒီထဲမှာ လူကုံထံတွေကော စီးပွားရေး လုပ်ငန်းရှင်တွေ ကောပါတယ်။ ရခိုင်ပြည်နယ် မှာ နှစ်ပေါင်းများစွာ စံနစ်တကျ ပြုစုပျိုးထောင် ကျင့်သုံးခဲ့တဲ့ စံနစ်ဆိုးကြီးကို အခု ပြည်မဖက်မှာပါ အသက်သွင်းဖို့ ကြိုးစားလာပြီ။ ဒါကို ပြည်သူလူထု တရပ်လုံးက တာဝန်သိသိနဲ့ မဆန့်ကျင်ကြရင် မကြာမီ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတခု ဖြစ်လာလိမ့်မယ်။

********

မရှင်မင်းစိုးက ပထမပိုင်း ထိတ်လန့် ကြောက်ရွံ့နေတတ်ပြီး အန်တီဆုံးပြီး နောက်ပိုင်း ဘယ်သူနဲ့မှ စကား မပြောတော့ဘဲ တယောက်ထဲ တိတ်ဆိတ် ငေးကြောင်စွာ နေတတ်တယ်။ လုံးဝ မအိပ်လို့ ဆရာဝန် ခေါ်ပြီး စိတ်ငြိမ်ဆေးတွေ၊ အိပ်ဆေးတွေ တိုက်သိပ်နေရတယ်။ ကျွန်တော်လည်း ရန်ကုန်ရောက်ပြီး အချိန် တော်တော်များများ ကို မရှင်မင်းစိုး နားမှာဘဲ နေပြီး အားပေး နှစ်သိမ့် နေရတယ်။ မရှင်မင်းစိုးကို လည်း ဘာမှ အားမငယ်ဖို့ ကျွန်တော် တသက်လုံး စောင့်ရှောက်မဲ့ အကြောင်းဂတိ ပေးလိုက်တယ်။ အဲဒီ လိုလုပ်ဒါ မှန်လား မှားလား ကျွန်တော့်ကို ကျွန်တော်လည်း မဝေခွဲတတ် တော့ဘူး။

ဒီကိစ္စတွေ အကုန်လုံး ညီမကို ရှင်းပြ၊ ညီမရဲ့ အကြံဥာဏ် တောင်းတော့ ညီမ စ ကြားကြားချင်း ဆွံ့ အ သလို ဖြစ်သွားပြီး စကား တော်တော်နဲ့ ပြန်မလာဘူး။ တော်တော်လေး ကြာမှ ညီမတို့ သေသေချာချာ စဉ်းစား ကြဒါပေါ့လို့ လေသံ တိုးတိုးလေးနဲ့ ပြောတယ်။

အကို ဘယ်လိုလုပ်ရမလဲ ညီမရေ… ဖြစ်နိုင်ရင် အကိုလည်း ကိုနေမင်းစိုးနဲ့ အတူတူ ကမ္ဘာကြီးရဲ့ အပြင် ဖက်ကို ထွက်သွားချင်စိတ် ပေါက်မိတယ်။

********

အကို့ဆီက အဖြစ်အပျက်တွေ အကုန်လုံး ကြားပြီးနောက်ပိုင်း ကျွန်မလည်း ဘယ်လိုလုပ်ရမှန်း မဝေခွဲ တတ်တော့ဘဲ ကျွန်မလည်း မရှင်မင်းစိုး လိုဘဲ လူတွေနဲ့ စကားပြောချင်စိတ် မရှိတော့ဘဲ တယောက်ထဲ နေချင်မိတော့တယ်။ ကျွန်မ အကို့ကို လက်လွှတ် မဆုံးရှုံးချင်သလို မရှင်မင်းစိုးကိုလည်း သနားတယ်။ အကို့ ကိုလည်း တာဝန်မဲ့ သူတယောက် မဖြစ်စေချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်မတို့ ၃ ယောက်စလုံး ကမ္ဘာကြီး ပေါ်မှာ မရှိတော့ရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။

ကျွန်မ တဖြေးဖြေးနဲ့ သေချာ စဉ်းစားတော့ ကိုနေမင်းစိုး လို ရှဟီဒီ (အများအတွက် စွန့်လွှတ်သူ) တယောက်ရဲ့ ဆန္ဒကို မပယ်ရှား သင့်ဘူးလို့ အဖြေထွက်တယ်။ ဘယ်ရှု့ဒေါင့်ကဘဲ စဉ်းစား စဉ်းစား နောက်ဆုံး ဒီအဖြေဘဲ ထွက်တယ်။ အကို့ကိုလည်း ကျွန်မက တဖက် မရှင်မင်းစိုးက တဖက်နဲ့ မတွေဝေ အောင် စိတ်ဒုက္ခ မရောက်အောင် လုပ်ဆောင်နိုင်ဒါ ကျွန်မ တယောက်ဘဲရှိဒါ ကျွန်မ သေသေချာချာ သဘော ပေါက်သွားတယ်။

တရက် အကို့ကို ကျွန်မ အားတင်းပြီး ဖုံးဆက်တယ်။ အကို ရန်ကုန်မှာ အလုပ်အကိုင် တိုးတက်အောင် ကြိုးစားဖို့၊ မရှင်မင်းစိုးလည်း ဂရုတစိုက် အားပေးဖို့။ တသက်လုံး သစ္စာရှိရှိ စောင့်ရှောက်ဖို့။ ကိုနေမင်းစိုး လို ရှဟီဒီ တယောက်ရဲ့ ဆန္ဒကို ကျွန်မတို့ လုံးဝ မပယ်ရှား သင့်ကြောင်း၊ ကျွန်မ ကလည်း ဒီဒေသက ဘယ်လိုမှ ထွက်သွားလို့ ရမှာ မဟုတ်တဲ့အတွက် ဒီ ဆုံးဖြတ်ချက် သာလျှင် ကျွန်မတို့ အားလုံးအတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း အကို့ကို ရှင်းပြတယ်။ ကျွန်မ အကို့ကို နောင်ကို မိတ်ဆွေတွေ လိုဘဲ ဆက်ဆံတော့မှာ ဖြစ်ကြောင်း ပြောပြီး အမြန်ဆုံး ဖုံးချလိုက်ပါတယ်။ ဒီ့ထက်ဆက်ပြောရင်တော့ ကျွန်မ ငိုမိတော့မှာ မို့လို့ပါ။ အကိုကတော့ ကျွန်မ ပြောဒါကိုသာ နားထောင်ပြီး အကို့ဖက်က ဘာတခုမှ ပြန်ပြော ဒါ မကြားရဘူး။ အကိုလည်း ဆွံ့ အ သွားပြီ ထင်ပါရဲ့။

********

ကျွန်မ လူကသာ အိပ်ရာပေါ်မှာ… အိပ်မပျော်တဲ့ ညတွေကလည်း များလှပါပြီ။ ညီမလေးတွေ အကုန်လုံး အိပ်ပျော်သွားတဲ့ အချိန်မှာ ကျွန်မ တိတ်တဆိတ်ကလေး ထပြီး ဘုရားဝတ်ပြုဖို့ ကိုယ်လက် သန့်ရှင်းပြီး ည လူခြေတိတ်မှ ဘုရားဝတ်ပြုပါတယ်။ ဘုရားဝတ်ပြု အပြီး ကျွန်မ ဘုရားသခင်ဆီ တိုင်တည်ပါတယ်။

‘ယာ အလ္လာဟ်… ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ၊ မူဆလင်တွေဟာ ဘာတွေများ အပြစ်တွေ လုပ်ထားလို့ အခုလို ဒုက္ခ ပင်လယ်ထဲမှာ မျောထားဒါလဲ အရှင်။ ကျွန်မတို့ဆီမှာ အရှင်မှ လွဲလို့ အားကိုးစရာ အလျဉ်း မရှိပါဘူး။ ဒါတွေဟာ ကျွန်မတို့ကို စမ်းသပ်နေဒါ ဆိုရင် လုံလောက်ပါပြီ အရှင်။ ယာ… အလ္လာဟ်၊ ကျွန်မ တို့မှာ ဒီ့ထက်ပိုပြီး ခံနိုင်ရည် စွမ်းအား မရှိတော့လို့ပါ။ ကျွန်မတို့ လူမျိုးတွေနဲ့ အစ္စလာမ်တွေရဲ့ ဘဝကို ကယ်တင် စောင့်ရှောက်ပါ အရှင်’

‘ယာ အလ္လာဟ်… အကိုက စောင့်ပါ ဆိုတော့လည်း ကျွန်မ စောင့်ခဲ့ရတယ်။ အကိုက နေရစ်ခဲ့တော့ ဆိုရင် လည်း ကျွန်မ နေခဲ့မှာပါ။ ဒါပေမဲ့ အကို့ရဲ့ လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းကို ကျွန်မ ကျေနပ် ဂုဏ်ယူနေမှာပါ။ အကို့ရဲ့ ရှေ့ဘဝ ခရီးကိုလည်း ဒီ့ထက်မက တိုးတက် အောင်မြင်မှုတွေ အေးချမ်းသာယာမှုတွေ ပေးသနား တော်မူပါ ယာ အလ္လာဟ်… အာမင်းန်။



နီလာမြင့် (ဒိန်းမတ်)
၃၀-၀၈-၂၀၁၅
ရိုဟင်ဂျာများနဲ့ ကမ္ဘာသူ ကမ္ဘာသားများ
အားလုံး ဘေးဘယာ ကင်းကွာပြီး ကိုယ့် ကြမ္မာ
ကိုယ် ဖန်တီး နိုင်ကြ ပါစေ။



RB News
10.9.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲမြို့ လိပ်ရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အသစ် ပြောင်းရွှေ့လာသော တာဝန်ခံ ရဲမှူးသည် ယခင် န.စ.က လက်ထက်က ဒေသခံ ပြည်သူများကို ရက်စက်ခဲ့သည့် အမှုပွဲစားများ ဖြစ်သည့် လိပ်ရကျေးရွာမှ အာယုပ် (ဘ) ဦးကာဆိမ်းနှင့် မောင်မောင် (ဘ) ဦးဘာသာမျာ နှင့် ကျောက်ချောင်း ကျေးရွာမှ အာတိတ်ကာမာလ် (ခ) မောင်မောင်စိုး (ဘ) ဦးအဒူဆူဗာန် တို့ကို လက်ကိုင်တုတ်များ အဖြစ် အသုံးချကာ ရှောင်တခင် စစ်ဆေးခြင်း ခေါင်းစဉ်တပ်ကာ အနီးအနားရှိ ကျေးရွာများသို့ ၀င်ရောက်၍ စစ်ဆေးရန် ကြိုတင် စီမံကိန်း ရေးဆွဲခဲ့သည်။ ၀ါယာကြိုး တစ်ပင် တွေ့လျှင် ငွေကျပ် နှစ်သိန်း၊ မိုဘိုင်းဖုန်း အားသွင်းကြိုး တွေ့လျှင် ငွေကျပ် သုံးသိန်း၊ မိုဘိုင်းဖုန်း အပျက်၊ အကောင်း တွေ့လျှင် ဖြစ်စေ၊ မတွေ့လျှင် ၎င်းတို့ ယူဆောင် လာသည့် ဖုန်းဖြင့် အကွက်ဆင် ဖန်တီးကာ ငွေညှစ်ရန် စီစဉ်ခဲ့ကြောင်း အဆိုပါ ရဲမှူးနှင့် နီးစပ်သူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ ရဲမှူးသည် ၎င်း၏ စီမံချက် အတိုင်း လိပ်ရ ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးနူရ်မုစ်တာဖာ (ဘ) ဦးမာဆောင်းကို နေအိမ်မှ သြဂုတ်လ (၃၀) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင် သွားကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည့် အပြင် လူမဆန်စွာ ရိုက်နှက်၍ ခံဝန် လက်မှတ်ထိုး ခိုင်းပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။

စက်တင်ဘာလ (၈) ရက်နေ့တွင် ကျောက်ချောင်း ကျေးရွာအုပ်စု၊ ဂုံးနားရွာမှ ဦးကာမာလ်အာမတ် (ဘ) ဦးဆော်ယာဒ် အား မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆက်လက်၍ ရေတွင်းပြင်၊ ဇီးပင်ချောင်း၊ ကျွန်းပေါက်ပြုစုနှင့် ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ ဒေသခံများအား မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ရန် စီမံကိန်း ရေးဆွဲ ထားကြောင်း သိရှိရသည်။ 

ဒေသခံများက ယခုကဲ့သို့ မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်နေခြင်းများကို ပြည်ထောင်စု အစိုးရမှ အမြန်ဆုံး တားဆီး ဟန့်တား အရေးယူ ပေးရန် လိုလားကြောင်း၊ အကယ်၍ ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက အဆိုပါ ရဲမှူးနှင့် ဒေသခံများ အကြား ထိပ်တိုက် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။


MYARF
RB News
10.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် စက်တင်ဘာလ (၄) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် လောင်းဒုံး ကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာသို့ သွားရောက်ပြီး ယင်းရွာမှ ရှော်ဟိတ် (ဘ) ဦးဇော်ကော်ရီယာ (အသက် ၁၉ နှစ်) ကို ဖမ်းဆီးပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည့် အပြင် ၎င်းဝတ်ဆင် ထားသည့် ရွှေတမတ်သား လက်စွပ်ကိုလည်း ဓါးပြသဖွယ် လုယက်ခဲံသည်။ 

ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲများသည် ယင်းရွာမှ ရော်ဖိခ် (အသက် ၂၆ နှစ်) နှင့် ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ အာယုဖ်ခါန် (ဘ) ဦးဘာဒူး (အသက် ၂၅ နှစ်) တို့ကို ဖမ်းဆီးပြီး WY မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု စွပ်စွဲကာ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ စခန်းမှ နယ်ခြားစောင့် ရဲများသည် ရွာများထဲသို့ နေ့ရောညပါ ၀င်ရောက်ပြီး အကြောင်းမဲ့ စစ်ဆေး ရိုက်နှက်ခြင်း၊ မတရားသဖြင့် ငွေညှစ်ခြင်း၊ ခြိမ်းခြောက်၍ အဖိုးတန် လက်ဝတ်တန်ဆာများနှင့် အခြားသော ပစ္စည်းများကို လုယက်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်အောက်ခံ စခန်းတစ်ခု ဖြစ်သည့် ကြက်ကျိန်း တံတား ကင်းစခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ်က စံကားပင်ရင်း ရွာမှ ဦးရှော်ဘိရ်အာမတ် (ဘ) ဦးကာလူ (အသက် ၃၅ နှစ်) နှင့် ဦးအာဘူတော်ယုပ် (ဘ) ဦးရှောင်ရှုအာလောမ် (အသက် ၂၈ နှစ်) တို့ကို သတင်းပေး တပည့်များ အဖြစ် မွေးစားထားပြီး ၎င်းတို့ကို အသုံးချကာ တံတား တစ်ဖက်ကမ်းရှိ ဒေသခံ ရွာသားများကို ဆင့်ခေါ်၍ မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

စက်တင်ဘာလ (၉) ရက်နေ့တွင် တောင်ပြို ဘက်မှ လာသော ဒေသခံ နှစ်ဦးကို ရပ်တန့်ခိုင်းပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ပြန်လာသည်ဟု စွပ်စွဲကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။



Rohingya Eye
RB News
8.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ရွှေသိန်း၏ လက်အောက်ခံ မောင်တော မြို့နယ် မြို့မ ရဲစခန်းမှ ရဲများသည် ဒေသခံ ရိုဟင်ဂျာ များအား ဥပဒေမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ဆက်တိုက် ကျူးလွန်လျက် ရှိနေကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၃) ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်တုန်း ကျေးရွာမှ ဦးဘိုက်လ္လာ (အသက် ၃၈ နှစ်) သည် ၎င်း၏ ဆိုင်အတွက် ပစ္စည်းဝယ်ယူရန် မောင်တောမြို့ မြို့မဈေးသို့ သွားနေစဉ် မြို့မကညင်တန်းရှိ လူကုန်ကူးမှု ရဲအဖွဲ့က ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ရဲများက WY မူးယစ်ဆေးဝါး (၅) လုံးကို ၎င်း၏ အိတ်ထဲသို့ ထည့်ပေးပြီး မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိသည်ဟု လုပ်ကြံ စွပ်စွဲကာ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ရဲများက ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့တွင်ပင် မောင်တောမြို့နယ် တောင်ပိုင်း ကျေးရွာများမှ ဈေးဆိုင်သည်များ မောင်တော မြို့မဈေးတွင် ပစ္စည်းများ ၀ယ်ယူပြီး မြို့မ ကညင်တန်း ကားဂိတ် ရှိရာသို့ သွားနေစဉ် ပြည်သူ့ ဆေးရုံရှေ့မှ ရဲများက တားဆီး၍ ဈေးဆိုင်သည် တစ်ဦးကို ဗိုလ်မှူးရွာရှိ ဒေါက်တာခင်မောင်လတ်၏ နေအိမ်ရှေ့သို့ ခေါ်ဆောင် သွားပြီး ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး တရားမ၀င် ပစ္စည်း မရရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုဖြင့် လုပ်ကြံကာ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့သည်။ ငွေညှစ်ခဲ့သည့် ရဲများမှာ ဒေါက်တာခင်မောင်လတ်၏ နေအိမ်ရှေ့ရှိ ရဲကင်းစခန်းမှ ရဲများ ဖြစ်ကြသည်။ 

မြို့မကညင်တန်း ရွာမှ အာဇာတ် (ဘ) ဦးဖူရူအမတ် (အသက် ၂၃ နှစ်)၊ နူရ်ဟာနန်း (အသက် ၁၅ နှစ်)၊ ဦးအာမိရ်အီဆက် (အသက် ၅၃ နှစ်)၊ ဦးအာမိရ်ဟူဆောင်းအာမတ် (အသက် ၄၅ နှစ်) နှင့် ဂူလူဟာဆောင်း (ဘ) ဦးနူရ်ဟာဆောင်း (အသက် ၂၈ နှစ်) တို့ငါးဦးသည် စစ်တွေမြို့မှ ငါးများ ၀ယ်ယူ၍ မောင်တောမြို့ ငါးဈေးများတွင် ဈေးကောက် ပုံမှန် ပေးသွင်းပြီး ရောင်းချနေသူများ ဖြစ်သည်။ ၎င်းတို့ကို မြို့မ ရဲစခန်း နယ်ထိန်းရဲ ခေါင်းဆောင် ရဲအုပ်တိုးတိုး ဦးဆောင်သော အဖွဲ့က ဈေးကောက် ပုံမှန် ပေးသွင်းခြင်း မရှိဟု ဆိုကာ စက်တင်ဘာလ (၃) ရက်နေ့ ည ၇ နာရီ အချိန်တွင် ဖမ်းဆီး၍ ယခုအချိန်ထိ ချုပ်နှောင် ထားကြောင်း သိရသည်။ အဆိုပါ နယ်ထိန်းရဲများသည် ယင်းနေ့ ညနေ ၅ နာရီ အချိန်တွင် မြို့မ ဘုန်းကြီးကျောင်းရှေ့ ဆိုင်တန်းရှိ မောင်နီရွာမှ ဦးမူဟီဘုလ္လာ (အသက် ၃၉ နှစ်) ၏ ဆိုင်ကို ပိုင်ရှင်အား အသိမပေးဘဲ ဆိုင်တံခါး ရိုက်ချိုးကာ ၀င်ရောက်၍ ရှာဖွေ ခဲ့သော်လည်း တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ အဆိုပါ ဆိုင်နှင့် ကပ်လျက် ရှိသည့် ဆိုင်မှ ရဲများကို မေးမြန်းသည့် အခါ မူးယစ် ဆေးဝါး ရှာဖွေ နေခြင်း ဖြစ်သည်ဟု အကြောင်းပြန်ခဲ့သည်။ ပိုင်ရှင်အား အသိမပေးဘဲ တံခါး ရိုက်ချိုးကာ ၀င်ရောက် စစ်ဆေးခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး၊ ပြည်သူများ၏ ဥစ္စာ ပစ္စည်းများ လုံခြုံမှု ကင်းမဲ့နေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုလျက် ရှိကြသည်။ 

စက်တင်ဘာလ (၅) ရက်နေ့က မြို့မ ရဲစခန်းမှ ညပိုင်း ကင်းလှည့် ရဲအဖွဲ့မှ ရဲတပ်ဖွဲ့ ၄ ဦးသည် ည ၇ နာရီ အချိန်တွင် မော်တော်ဆိုင်ကယ် များဖြင့် ကင်းလှည့်နေစဉ်၊ မြို့မတောင် ရပ်ကွက် ဥက္ကဌဟောင်း ဦးအီနုစ်၏ ဆိုင်ရှေ့တွင် ထိုင်၍ မိုဘိုင်းဖုန်း အခွံဖြင့် သီချင်းနားထောင် နေသည့် မောင်နီရွာသား ဟာဘဲ့စ် (ဘ) ဦးအားဇူး (အသက် ၂၈ နှစ်) ကို ရဲများက လက်ထိပ်ခတ် ဖမ်းဆီးကာ ထိုနေရာတွင်ပင် ခြေထောက်ဖြင့်ကန်၊ လက်သီးများဖြင့် ထိုးသဖြင့် အပြစ်မဲ့ ရိုက်နှက်ခံနေရသူ ဟာဘဲ့စ်က အော်ဟစ် အကူအညီ တောင်းရာ၊ အနီးအနားမှ ဈေးဆိုင်သည် နှစ်ဦး ရောက်ရှိလာပြီး၊ ၎င်းတို့က ရများကို ဟာဘဲ့စ်သည် စိတ်ကျန်းမာရေး အားနည်းသူ ဖြစ်ကြောင်း၊ ၎င်း၏ မိုဘိုင်းဖုန်း ထဲတွင် ဆင်းမ်ကဒ် မရှိကြောင်း ပြောဆိုမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဇူလိုင်လ (၃) ရက်နေ့ကလည်း ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာ၊ ဒူမ်းဆေးရွာမှ ဦးဒိလ်မိုဟာမတ် (အသက် ၅၀ နှစ်) သည် မောင်တောမြို့ ယူနိုက်တက် စားကုန်ဆိုင် လိုင်းတန်းရှိ ဆိုင်တစ်ဆိုင်မှ ပစ္စည်းများ ၀ယ်ယူ၍ ဆိုက္ကားဖြင့် ကညင်တန်း ကားဂိတ်ရှိရာသို့ သွားနေစဉ် လူကုန်ကူးမှု ရဲအဖွဲ့က ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုဖြင့် လုပ်ကြံကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။ 

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက “ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တည်ငြိမ် အေးချမ်းရန် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ မြို့များတွင် လုံခြုံရေး အဆင့် တိုးမြှင့် သတ်မှတ်ခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ယခုလက်ရှိ မောင်တောမြို့ရှိ ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များသည် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသလို၊ တည်ငြိမ် အေးချမ်းအောင် လုံခြုံရေး အဆင့် တိုးမြှင့်ခဲ့သည်ဟူသော စကားနှင့်လည်း တစ်လွှဲစီ ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။



Rohingya Eye
RB News
8.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်လှေကား ကျေးရွာ အခြေစိုက်၊ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လက်အောက်ခံ ဇင်ပိုင်ညာ ကျေးရွာ၊ ဖူးတ်ခါလီရွာ အခြေစိုက် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် စက်တင်ဘာလ (၃) ရက်နေ့တွင် မောင်နှမ ကျေးရွာမှ မင်္ဂလာကြီး ကျေးရွာသို့ ဆိုင်ကယ်စီး၍ သွားနေသည့် မောင်နှမ ကျေးရွာမှ ဒေသခံ လူငယ် အဒူလ်ဟာကိမ်း (ဘ) မော်လ၀ီရှော်ဘိရ် (အသက် ၂၁ နှစ်) ကို ကင်းစခန်း ရှေ့တွင် စစ်ဆေးခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ၎င်း၏ အင်္ကျီအိတ်ကပ် ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခု ထည့်ပေးကာ ဘင်္ဂလား ဆင်းမ်မိသည်ဟု လုပ်ကြံ၍ ငွေကျပ် လေးသိန်း ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် သြဂုတ်လ (၂၈) ရက်နေ့ကလည်း ၎င်းတို့ အခြေစိုက်သည့် ရွာမှ စားကုန်ဆိုင် ပိုင်ရှင် မော်လ၀ီ ဆော်လိမ် (ဘ) ဦးအာမောတ်ဟူစိန်း (အသက် ၂၃ နှစ်) ၏ ဆိုင်ထဲသို့ ၀င်ရောက် ရှာဖွေ စစ်ဆေးပြီးနောက် တရားမ၀င် ပစ္စည်း မရရှိခဲ့သော်လည်း ဆိုင်ထဲတွင် ဘင်္ဂလားဆင်းမ်ကဒ် တစ်ခုကို ရဲများကိုယ်တိုင် ထားကာ ဘင်္ဂလားဆင်းမ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

ယင်းနေ့တွင်ပင် အဆိုပါ နယ်ခြားစောင့် ရဲများသည် ဇင်ပိုင်ညာ ကျေးရွာမှ ဖြတ်သန်း သွားနေသည့် ကျောက်လှေကား ကျေးရွာမှ ဦးဟာရှိမ်း (ဘ) ဦးနူရ်အာမတ် (အသက် ၃၅ နှစ်) ကို စစ်ေးဆပြီး၊ ရဲများ၏ ထုံးစံအတိုင်း ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုကို အိတ်ထဲ ထည့်ပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။




သို့

ကွပ်​ကဲ​ရေးမှူး
အမှတ်​(၁) နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့
ကျီးကန်း​ပြင်​၊ ​မောင်​​တောမြို့

ရက်​စွဲ။ ။ ၂၀၁၅ ခုနှစ်​၊ စက်​တာဘာလ (၈)ရက်

အ​ကြောင်းအရာ။ ။ အင်းဒင်​ နယ်​ခြား​စောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး တောင်းဆို​သော​ငွေ မ​ပေးနိုင်​ သဖြင့် ဒုက္ခသည်​ တစ်​ဦး မတရား ​ထောင်​ချခံရမည့် အ​ရေးနှင့် ကြုံ​တွေ့​နေရခြင်းကို လိုအပ်​သလို ​ဆောင်​ရွက်​​ပေးပါရန်​ တင်ပြခြင်း။


ရို​သေ​လေးစားစွာဖြင့်

၁။ အထက်​ပါ အ​ကြောင်းအရာနှင့် ပတ်​သက်​၍ ရခိုင်​ပြည်​​နယ်​၊ ​မောင်​​တော​မြို့နယ် ​တောင်​ပိုင်း၊ ချိန်​ခါလီ ဒုက္ခသည်​ စခန်း​မှ ရိုဟင်​ဂျာ တစ်​ဦးကို နယ်​ခြား​စောင့်​ရဲ များက အ​ကြောင်းမဲ့ ဖမ်းဆီးလိုက်​ပြီး ​ငွေဆယ်​သိန်း​တောင်းဆို​နေရာ ဖမ်​ဆီးခံရ​သော ဒုက္ခသည်​ဖြစ်​သူက ​နယ်​ခြား​စောင့်​ရဲများ ​တောင်းနေ​သည့် ​ငွေကို မ​ပေးနိုင်​သဖြင့်​ ​ထောင်​ချခံရမည့်​ အ​ရေးနှင့်​ ကြုံ​တွေ့​နေရ​ပါသည်​။

၂။ ၂၀၁၅ ခုနှစ်​ စက်​တင်​ဘာလ (၄) ရက်​​နေ့တွင်​ ​မောင်​​တော​​မြို့နယ်​​တောင်​ပိုင်း၊ အင်းဒင်​စခန်းလက်​​အောက်​၊ ကိုးတန်​​ကောက်​ နယ်​ခြားစောင့်​ရဲတပ်​ဖွဲ့စခန်းမှ ကင်းစခန်းမှူး ဦးခိုင်​လင်းစိုးက ချိန်​ခါလီ ဒုက္ခသည်​စခန်း​​နေ (ယခင်​- ရ​သေ့​တောင်​မြို့နယ်​၊ သရက်​ပြင်​​ကျေးရွာ) ဦးရှော်​ဖီရာမာန်​ (ဘ )​ ဦးရော်​ရှိတ်​အာမတ်​ကို ဘင်္ဂလာ ဆင်းမ်းကဒ်​ဖြင့်​ ဖုန်းသုံးစွဲ​နေသည်​ဟု အ​ခြေအမြစ်​မရှိ စွပ်​စွဲ၍ ဖမ်းဆီး​လိုက်​ပြီး လွှတ်​​ပေး​ရေးအတွက်​ ​ငွေကျပ်​ ၁၀-သိန်း​တောင်းနေ​ပါသည်​။ ဒုက္ခသည်​ဖြစ်​သူ ဦးရှော်​ဖီရာမာန်​သည်​ ကင်းစခန်းမှူး ဦးခိုင်​လင်းစိုး​ ​တောင်းဆို​သော ​ငွေကို မ​ပေးနိုင်​သဖြင့် ၎င်းကို ကင်းစခန်းမှူး ဦးခိုင်​လင်းစိုးက အင်းဒင်​နယ်​ခြား​စောင့်​ရဲစခန်းသို့ အပ်​နှံလိုက်​ပါသည်​။ အင်းဒင်​စခန်း၏ ရဲမှူးကလည်း ဖြစ်​ရပ်​မှန်​ကို စစ်​​ဆေးခြင်းမရှိဘဲ ကိုးတန်​​ကောက်​ ကင်းစခန်းမှူး ဦးခိုင်​လင်းစိုး၏ မဟုတ်​မမှန်​ အစီရင်​ခံ​ခဲ့ခြင်းကို ​ထောက်​၍ ဦးရှော်​ဖီရာမာန်​ထံက အလားတူ ​ငွေဆယ်​သိန်း ​တောင်းဆို​နေလျက်​ရှိရာ ​ငွေမ​ပေးနိုင်​သဖြင့်​ ဆက်​လက်​ထိန်းသိမ်းထားပါသည်​။

၃။ ဖမ်းဆီးခံရသူသည်​ ယခင်​က ရ​သေ့​တောင်​မြို့နယ်​ သရက်​ပြင်​​ကျေးရွာက ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ ဇွန်​လတွင်​ ဖြစ်​ပွားခဲ့​သော ပဋိပက္ခကာလတွင်​ ၎င်း၏အိမ်​ မီးရှို့ခံရပြီး​နောက်​ ၎င်းကဲ့သို့ အိမ်​မီးရှို့ခံခဲ့ရသည့်​ အခြား​သော​ကျေးရွာသားများနှင့်​အတူ မောင်​​တောမြို့နယ်​ ​​တောင်​ပိုင်း၊ ချိန်​ခါလီ​ကျေးရွာသို့ ​ပြောင်း​ရွှေ့လာ​ရောက်​​ပြီး ဒုက္ခသည်​အဖြစ် နေထိုင်​​နေသူတစ်​ဦး ဖြစ်​ပါသည်​။ အများကြည်​ညို​ လေးစားခံရသူ ရပ်​လူကြီး တစ်​ဦးဖြစ်​သည်​နှင့်​အညီ ယခု​နေ​ထိုင်​လျက်​ရှိသော ဒုက္ခသည်​စခန်းသို့ UN မှ အကူအညီ​ပေး​ရေးအဖွဲ့များ​ ​ရောက်​လာလျှင်​ ၎င်းက လိုက်​ပါ ကူညီ​ပေး​လေ့ရှိပါသည်​။ ထိုသို့ လုပ်​​နေခြင်းကို မနာလို၍ နယ်​ခြား​စောင့်​ ရဲများက ယခင်​ကလည်း သူ့ကို အကြိမ်​ကြိမ်​ ဖမ်းဆီးပြီး စွပ်​စွဲချက်​အမျိုးမျိုးဖြင့်​ ​ငွေညှစ်​ခဲ့ဖူးပါသည်​။

၎။ ယခုအခါ ထမင်း​နှစ်​နပ်​ပင်​ နပ်​မှန်​​အောင်​ မစားနိုင်​ရှာ​သော အဆိုပါ ဒုက္ခသည်​က အင်းဒင်​စခန်း၏ ရဲမှူး​တောင်းဆို​နေ​သော ၁၀ သိန်း​ ပမာဏသော ​ငွေကို မ​ပေးနိုင်​သဖြင့်​ အဆိုပါဒုက္ခသည်​လည်း ဘင်္ဂလာဆင်းမ်ကဒ်​အမှုဖြင့်​ ​ထောင်​ချခံရမည့်​အ​ရေးနှင့်​ ကြုံ​နေရပါသည်​။

၅။ ဘင်္ဂလာဆင်းမ်ကဒ်​ဖြင့်​ ဖုန်းလည်း သုံးစွဲခြင်းမရှိ၊ ကင်းစခန်းမှူး ဦးခိုင်​လင်းစိုးကလည်း ဘင်္ဂလာဆင်းမ်းကဒ်​ဖြင့်​ မိ၍ ဖမ်းဆီးခြင်းမဟုတ်​ဘဲ ဒုက္ခသည်​တစ်​ဦးကို ကိုယ်​ချင်းစာနာစိတ်​ကင်းမဲ့စွာ ငွေညှစ်​ရန်​ ကြံစည်​​နေ​သော ကိုးတန်​​ကောက်​ နယ်​ခြားစောင့်​ရဲတပ်​ဖွဲ့စခန်းမှ ကင်းစခန်းမှူး ဦးခိုင်​လင်းစိုးနှင့်​ အင်းဒင်​စခန်းမှ ရဲမှူး၏ တရားဥပ​ဒေမဲ့ လုပ်​ရပ်​များကို ကွပ်​ကဲ​ရေးမှူးမှ လိုအပ်​သလို စီစစ်​​ဆောင်​ရွက်​​ပေးပါရန်​ ရို​သေ​လေးစားစွာ တင်​ပြအပ်​ပါသည်​။

တင်​ပြသူ

အ​ကြောင်းစုံကို အမှန်​အတိုင်းသိရှိ​သော ​မောင်​​တော​ဒေသခံတစ်​ဦး



Peace Father
RB News
6.9.2015

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်သည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အပေါဆုံး မြို့တစ်မြို့ ဖြစ်လို့နေသည်မှာ အလွန်ပင် လူသိ ထင်ရှား ကျော်ကြား နေပါသည်။ တရုတ် နိုင်ငံထုတ် WY ဟုခေါ်သည့် မူးယစ်ဆေးဝါး၏ အဓိက ဈေးကွက်မှာ မြန်မာနိုင်ငံ၏ အနောက်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံ ဖြစ်ပါသည်။ မောင်တော မြို့နယ်သည် ဘင်္ဂလာဒေရှ့်နိုင်ငံနှင့် နယ်စပ် ဖြစ်နေသဖြင့် မူးယစ်ဆေးဝါးများ တစ်ဖက်နိုင်ငံသို့ ခရီးမဆက်ခင် အချိန်တွင် မဖြစ်မနေ ခရီးတစ်ထောက် နားခိုရသော နေရာလေး ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကို အလွန်ပင် တင်းကျပ်စွာ တားမြစ်ထားနေပါလျက် တရုတ်နိုင်ငံမှ ထုတ်လုပ်သော အဆိုပါ WY ဟုခေါ်သော မူးယစ်ဆေးဝါး များကို မိုင်ပေါင်း ထောင်နှင့်ချီသော ခရီးကိုဆန့်၊ စစ်ဆေးရေးဂိတ်များ အထပ်ထပ်ကိုကျော်ပြီး မောင်တောမြို့အထိ အလွယ်တကူ သယ်ယူလာ၍ တစ်ဖက်နိုင်ငံသို့ သွားရောက် ရောင်းဝယ်နိုင်ခြင်းသည် လူအများ စဉ်းစားစရာ အချက်တစ်ချက် ဖြစ်လို့နေပါသည်။ ဤသို့ မြန်မာနိုင်ငံ၏ အရှေ့ဖျားဆုံး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ အနောက်ဖက်စွန်း မောင်တောမြို့နယ်အထိ မူးယစ်ဆေးဝါးများ အလွယ်တကူ သယ်ယူလာနိုင်ခြင်း၏ နောက်ကွယ်တွင် မည်သူရှိပါသနည်း။ မည်သူများက သယ်ယူလာ၍ မည်သူ့ကို ရောင်းချနေပါသနည်း။

ဤအကြောင်းအရာများနှင့်ပတ်သက်၍ အနည်းအကျဉ်း တင်ပြလိုပါသည်။ မောင်တောမြို့နယ်သို့ မူးယစ်ဆေးဝါးများ လမ်းသုံးသွယ်ဖြင့် လမ်းခရီးချောမွေ့စွာ ဝင်ရောက်လာနေပါသည်။ ပထမလမ်းသွယ်ကတော့ အစိုးရအာဏာပိုင်များ မှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပါသည်။ အထူးသဖြင့် ရဲဝန်ထမ်းများမှ တဆင့် ဖြစ်ပါသည်။ ပြောရလျှင် မောင်တောခရိုင်မှ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် မြို့မရဲစခန်းမှူး တို့သည် မူးယစ်ဆေးဝါး အများဆုံး ရောင်းဝယ်နေသူများ ဖြစ်ကြပါသည်။ မူးယစ်ဆေးဝါးများကို ၎င်းတို့၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား တပည့်များဖြင့် အဆင့်ဆင့် သယ်ယူလာခိုင်းပြီး မောင်တောမြို့နယ်သို့ ရောက်လာလျှင် ၎င်းတို့နှင့် ခင်မင်းရင်းနှီးသော ဒေသခံပြည်သူအချို့သို့ ရောင်းချလေ့ရှိပါသည်။ ထို့သို့ ရောင်းချရာတွင် ခရိုင်ရဲမှုးက သူ့စခန်းမှ လက်အောက်ဝန်ထမ်းများ ဖြစ်ကြသော ရဲအုပ် ဦးသောင်းထွန်း ၊ ရဲအုပ် ဦးအောင်ခင်သန်း၊ တပ်ကြပ် ဦးသန်းဝင်း (ခ) ဦးမောင်ချေ တို့ဖြင့် လည်းကောင်း၊ မြို့နယ်ရဲမှူး နှင့် မြို့မရဲစခန်းမှုး တို့က သူတို့၏ လက်အောက် ဝန်ထမ်းများဖြစ်ကြသော ရဲအုပ် ဦးတိုးတိုး၊ တပ်ကြပ် ဦးလှမြင့်၊ တပ်ကြပ် ဦးတင်အေး စသောရဲဝန်ထမ်းများဖြင့်လည်းကောင်း ရောင်းချလေ့ရှိပါသည်။ ထိုသို့ ရောင်းချပြီးနောက်ပိုင်းလည်း ဝယ်ယူသူက တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာ သွားရောက် ရောင်းဝယ်နိုင်ရန် ၎င်းတို့ ရဲများ ကိုယ်တိုင်က ပစ္စည်းများ သယ်ပေးသွားလေ့ရှိပါသည်။ မူးယစ်ဆေးဝါး ကုန်ကူးရောင်းဝယ်နေသူ ရဲဝန်ထမ်းများ၏ ကိုယ်ပိုင်ကား ဝယ်စီးနေမှု၊ တိုက်ကြီးများဆောက်မှု၊ ရွှေဆိုင်မှ ရွှေဝယ်ယူမှုနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်မှု တို့ကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကြောင့် ကြွယ်ဝ ချမ်းသာနေမှုကို အထင်းသား တွေ့ရှိပါလိမ့်မည်ဖြစ်ပါသည်။ 

ဒုတိယ လမ်းသွယ်မှာ ရခိုင် အမျိုးသားပါတီ၏ ပါတီရံပုံငွေအတွက် ယင်းပါတီဝင်များ၏ သယ်ယူလာမှုကတဆင့် ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ အများသိပြီး ဖြစ်သလို ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ယူထားသော ဝန်းထမ်းများသည် အများအားဖြင့် ရခိုင်လူမျိုးများဖြစ်ကြပါသည်။ ရခိုင်လူမျိုးများသည် ရခိုင်ပြည်နယ်ကို ရခိုင်များကသာ အုပ်ချုပ်ရမည်ဟူသော အကြံဖြင့် အားလုံး တက်ညီလက်ညီ ကြိုးပမ်းနေသည်နှင့်အညီ ရခိုင်အမျိုးသားပါတီကြီးကို ဝန်းရံကြပါသည်။ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးကသာ အုပ်ချုပ်ရမည်ဟုသော အကြံဖြင့် အလုပ်လုပ်နေသည်နှင့်အတူတူ မည်သည့် အစိုးရဌာနတွင် တာဝန်ထမ်းဆောင်နေပါစေ ၎င်းတို့သည် ရခိုင်အမျိုးသားပါတီ၏ လမ်းညွှန်ချက်အတိုင်းသာ အလုပ်လုပ်လေ့ရှိပါသည်။ ထို့ကြောင့် သွားလာရေး လမ်းအဆင့်ဆင့်ရှိ စစ်ဆေးရေး စခန်းများတွင် တာဝန်ကျ ရခိုင်လူမျိုးများသည် ရခိုင်အမျိုးသားပါတီ၏ ပစ္စည်းဟုဆိုလျှင် ထိုပစ္စည်းဝန်ထုပ်များကို စစ်ဆေးခြင်းမရှိဘဲ လွှတ်ပေးလေ့ရှိရာ ရခိုင်အမျိုးသားပါတီဝင်များမှ တဆင့်လည်း မောင်တောမြို့နယ်သို့ မူးယစ်ဆေးဝါးများ တသွင်သွင် ဝင်ရောက်လာလေ့ရှိပါသည်။ ၎င်းတို့ယူလာသော မူးယစ်ဆေးဝါးများကိုလည်း သူတို့နှင့် ခင်မင်းရင်းနှီးသော ဒေသခံ ရိုဟင်ဂျာအချို့နှင့် ဘင်္ဂလားတွင် မွေးဖွားပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင်နေသော ရခိုင်အချို့ကို ရောင်းချပြီး ဝယ်ယူသူက တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာ သွားရောက်ရောင်းဝယ်နိုင်ရန် ကူညီပေးလေ့ရှိပါသည်။ 

တတိယ လမ်းသွယ်ကတော့ ပုဂ္ဂလိကလမ်းသွယ် ဖြစ်ပါသည်။ အထူးသဖြင့် ရခိုင်အမျိုးသား အမျိုးသမီးများနှင့် ဘုန်းကြီးဆရာတော်အချို့က သယ်ယူလာနေခြင်း ဖြစ်ပါသည်။ အမှတ်(၃) ရပ်ကွက်နေ ဦးထွန်းမင်းနိုင်၊ အမှတ်(၄) ရပ်ကွက်နေ ဦးသံခဲ၊ ဝေသာလီရွာနေ သိန်းနိုင် [ဗန်းပြ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်]၊ ဒေါ်ပေါက်စ (ခ) မမချေ [မမချေ-ကွမ်းယာဆိုင်]၊ မြို့မကညင်တန်းနေ ဦးခိုင်မင်းထွန်း စသည်တို့သည် မောင်တောမြို့ပေါ်က မူးယစ်ဆေးဝါး ဘုရင်များဟု တင်စားရလောက်သူများဖြစ်ကြပါသည်။ ၎င်းတို့သည် အာဏာပိုင်များကို လစဉ်ကြေးသွင်းပြီး မူးယစ်ဆေးဝါးများ တရားဝင်သဖွယ် ရောင်းနေသူများပင်ဖြစ်ပါသည်။ ထို့အပြင် မောင်တောမြို့နယ်၊ မြို့မကညင်းတန်းကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်နှင့် ရွှေဇား-အောင်ဘာလရွာရှိ ဘုန်းကြီးကျောင်း၏ ဆရာတော်တို့သည်လည်း ယင်းတို့၏ ဘာသာရေးခေါင်းဆောင် ဆိုသော သြဇာကို အလွဲသုံးစားပြု၍ မူးယစ်ဆေးဝါးများ တရားဝင် သယ်ယူလာနိုင်ပြီး ရောင်းဝယ်နေလျက်ရှိပါသည်။ ဆရာတော်များက ယူလာသော မူးယစ်ဆေးဝါးများကို ဘင်္ဂလားနွယ်ဖွားဖြစ်ပြီး မြန်မာနိုင်ငံထဲ ဝင်လာနေထိုင်နေသော ရခိုင်လူမျိုးအများက ဝယ်ယူပြီး ရွှေဇား- အောင်ဘာလရွာ၊ မောင်တောမြောက်ပိုင်း ခြံပြင်ကျေးရွာနှင့် နံသာတောင်ကျေးရွာများမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သူတို့ကိုယ်တိုင် သယ်ယူသွားပြီး ရောင်းချနေပါသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြီးပြင်းလာသူများဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာဒေသ အသီးသီးကို အကျွမ်းတဝင် သိရှိနေသူများ ဖြစ်သလို နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်လည်း တစ်ပြိုင်နက် ခံယူထားသောကြောင့် ၎င်းတို့တွင် နှစ်နိုင်ငံစလုံး၌ သွားရေးလာရေး နေရေးထိုင်ရေးအတွက် အခက်အခဲမရှိတတ်ပေ။ 

"မူးယစ်ဆေးဝါး ကင်းရှင်းနယ်မြေ" ဆိုသည့် မြို့ပေါ်ခွဆုံ၌ တင်ထားသော ဆိုင်းဘုတ်၏ သိက္ခာမကျရေးအတွက်မှာမူ ဒေသအာဏာပိုင်များအနေဖြင့် ၎င်းတို့ကို လစဉ်ကြေးမသွင်းဘဲ မူးယစ်ဆေးဝါးများ အနည်းအကျဉ်း ရရာနေရာက ဝယ်ယူပြီး အရောင်းအဝယ်ပြုလုပ်နေသော ဒေသခံ ရိုဟင်ဂျာများအချို့ကို လိုက်လံဖမ်းဆီးပြီး ထောင်ချလိုက်ခြင်း ဖြစ်သည်။ ခြွင်းချက်အနေဖြင့် ၎င်းအာဏာပိုင်တို့တောင်းဆိုသော လာဘ်ငွေ ပေးနိုင်သူများကိုမူ လွှတ်ပေးလေ့ရှိပါသည်။ တစ်ရွာမှ တစ်ရွာသို့ပင် လွတ်လပ်စွာ သွားလာနိုင်ခွင့်မရှိသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ အရှေ့ဖျားဆုံးမှ မူးယစ်ဆေးဝါးမှာ သယ်ယူလာပြီး မူးယစ်ဆေးဝါး ဒိုင်အဖြစ် ရောင်းဝယ်နေသည်ဟု စွပ်စွဲခဲ့လျှင်မူ မည်သို့ ယုတ္တိဆန်ပါမည်နည်း။ လက်လုပ်လက်စား ရောင်းဝယ်နေသူများကတော့ ရှိမှာ မလွဲပင်။ သတင်းမီဒီယာ မရှိသော မောင်တောမြို့နယ်က အောက်ခြေအာဏာပိုင်များ၏ ခြစားမှုများ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် ဖီလာဆန့်ကျင်သော လုပ်ဆောင်မှုများ စသည့် တရားဥပဒေမဲ့ ထင်ရာဆိုင်း လုပ်ဆောင်နေမှုများ၊ မူးယစ်ဆေးဝါးများ တရားဝင်သဖွယ် ရောင်းဝယ်နေသော အာဏာပိုင်များနှင့် ဒေသခံများ၏ သတင်းမှန်များသည် အချိန်ကာလ ကြာမြင့်သည်အထိ ပျားရည်ဆမ်းခရီးလို ဖြစ်နေခဲ့ပါသည်။

ယခုအခါ ပြည်ထောင်စုအစိုးရမှ အထူးမူးယစ်ရဲတပ်ဖွဲ့ဝင်(၁၅) ဦး မောင်တောမြို့သို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါး ကုန်ကူးသူများကို ရှာဖွေ စီစစ်၊ စစ်ဆေးနေသည်ဟုကြားသိရပါသည်။ သို့ဖြစ်၍ အတန်ကြာကြာ လျှောက်လှမ်းခဲ့သော မူးယစ်ဘုရင်များ၏ ပန်းခင်းလမ်းပေါ်မှာ ယခုတစ်ကြိမ် ဆူးခလုတ်များ ကျရောက်လာနေပြီလားဟု အားကိုးယုံကြည်စွာ တွေးမိရင်း ပြည်ထောင်စုအစိုးရမှ အထူးမူးယစ်ရဲတပ်ဖွဲ့ဝင်(၁၅) ဦး၏ မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် ဘာသာလူမျိုး မခွဲခြားဘဲ ရောင်းဝယ်နေသူမှန်သမျှကို ဖော်ထုတ်ဖမ်းဆီး အရေးယူနေမည့် မူးယစ်ဘုရင်များ သုတ်သင်ရေးအစီစဉ်ကို ရင်တမမနှင့် စောင့်မျှော်နေပါကြောင်းပါခင်ဗျား.....။

Peace Father သည် မောင်တောမြို့မှ ဒေသခံ တစ်ဦး ဖြစ်သည်။



RB News
6.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့ပေါ်တွင် လျှပ်စစ်မီးကို ည ၆ နာရီမှ ၁၂း၃၀ နာရီ အချိန်ထိ ပုံမှန် ပေးလျက်ရှိသော်လည်း အမှတ် (၂) ရပ်ကွက်နှင့် မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ တို့တွင် သတ်မှတ်ထားသည့် အတိုင်း မပေးဘဲ အချိန် အနည်းငယ်သာ ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ နောက်ဆုံးပတ်က မောင်တော မြို့နယ်တွင် မုန်တိုင်း တိုက်ခတ်ပြီးနောက် (၆) ရက်ကြာ လျှပ်စစ်မီး ပြတ်တောက် သွားခဲ့သည်။ သို့သော်လည်း အမှတ် (၂) လျှပ်စစ် ၀န်ကြီးဌာန၏ ကြိုးပမ်းမှုဖြင့် (၆) ရက်အကြာတွင် လျှပ်စစ်မီး ပြန်လည် ရရှိခဲ့သည်။ 

မောင်တော မြို့တွင် နေ့စဉ် ည ၆ နာရီမှ ၁၂း၃၀ နာရီထိ ပုံမှန် မီးပေးလျက် ရှိသော်လည်း အမှတ် (၂) ရပ်ကွက်နှင့် မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ တို့တွင် ည ၆ နာရီမှ ၇ နာရီထိ တစ်ကြိမ်၊ ည ၁၀ နာရီမှ ၁၂း၃၀ နာရီထိ တစ်ကြိမ် ခွဲခြား၍ ပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အမှတ် (၂) ရပ်ကွက်နှင့် မောင်နီရွာတို့တွင် ထိုကဲ့သို့ ခွဲခြား၍ လျှပ်စစ်မီးလျက် ရှိသည်မှာ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာ အများစု နေထိုင်သည့် ရပ်ကွက်၊ ရွာများတွင် လျှပ်စစ်မီးကို ပုံမှန် အတိုင်း မပေးရန် လျှပ်စစ်ဌာနမှ ၀န်ထမ်းများကို ညွန်ကြားထားသည့် အတွက် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
6.9.2015

မောင်တော ။ ။ သြဂုတ်လ (၂၆) ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာ၊ သံဒါကျေးရွာနှင့် ဇော်မတက် ကျေးရွာများတွင် အခြေစိုက်သည့် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများမှာ နယ်ခြားစောင့်ရဲ အင်အား တစ်ရာခန့်သည် ညသန်းခေါင်ယံ အချိန်တွင် ရွာများထဲသို့ ၀င်ရောက်၍ နေအိမ်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ဧည့်စာရင်း တိုင်ကြား၍ တည်းခိုနေသည့် အပြစ်မဲ့ ဧည့်သည်များကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲများသည် နံနက် (၃) နာရီအချိန်တွင် ဇော်မတက် ကျေးရွာမှ ဦးဇီယာဘုလ်ဟောက် (အသက် ၃၀ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက် စစ်ဆေးစဉ် ဧည့်စာရင်း တိုင်ကြား၍ တည်းခိုနေသည့် ဧည့်သည် (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ အလယ်သံကျော် ကျေးရွာရှိ နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး သြဂုတ်လ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဖမ်းဆီးခံသူများ၏ မူရင်း ကျေးရွာများက အုပ်ချုပ်ရေးမှူး များမှ တဆင့် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) မော်လ၀ီ အာသီအုလ္လာ (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၅၀ နှစ်) - သံဒါ ကျေးရွာမှ - ညှစ်ခံရငွေ ကျပ် သုံးသောင်း 
(၂) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးလာလ်မျာ (အသက် ၆၀ နှစ်) - သံဒါကျေးရွာမှ - ညှစ်ခံရငွေ ကျပ် သုံးသောင်း
(၃) မော်လ၀ီနူရ်မာမတ် (အသက် ၃၅ နှစ်) - အလယ်သံကျော် ကျေးရွာမှ - ညှစ်ခံရငွေ ကျပ် တစ်သိန်း -- တို့ဖြစ်သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲများသည် သြဂုတ်လ (၂၆) ရက်နေ့တွင် ၀ါးချ ကျေးရွာရှိ ဦးဖွေယာစ် (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၆၀ နှစ်) ၏ နေအိမ် တံခါးကို ရိုက်ချိုး၍ ၀င်ရောက် စစ်ဆေးခဲ့ပြီး မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသော်လည်း အဖိုးတန် Rado နာရီတစ်လုံးနှင့် အ၀တ်အထည် အချို့ကို လုယက် ယူဆောင် သွားခဲ့သည်။ 

၎င်းတို့သည် ထိုကဲ့သို့ ရှောင်တခင် စစ်ဆေးမှုကို အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ G-1 ၏ အမိန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာများသည် အစိမ်းနုရောင်ကဒ်ကို လက်ခံရန် ငြင်းဆန် နေသောကြောင့် လက်နက် အင်အားဖြင့် ခြိမ်းခြောက်၍ လက်ခံလာအောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။



MYARF
RB News
5.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ အုပ်စု အခြေစိုက် ခြေမြန်တပ်ရင်း (၃၅၂) မှ တပ်ရင်းမှူးနှင့် ၎င်း၏ လက်အောက်ခံ စခန်း ဖြစ်သည့် ဝေလာတောင် သက်ရွာ ဘုန်းကြီးကျောင်းတွင် လုံခြုံရေး တာဝန်ယူထားသည့် စခန်းမှ တာဝန်ခံ ဗိုလ်ကြီး တို့နှစ်ဦး ပူးပေါင်း၍ ပတ်ဝန်းကျင်ရှိ ဒေသခံ ရိုဟင်ဂျာ ရွာသူရွာသား များကို ဘုန်းကြီးကျောင်းသို့ ဆင့်ခေါ်ကာ မတရားသဖြင့် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လျက် ရှိသည်။

စက်တင်ဘာလ (၂) ရက်နေ့တွင် လှိုင်သီ ကျေးရွာအုပ်စု ရှီတာရွာမှ နူရ်အစ္စလာမ် (ဘ) ဦးမော်နီဇာမာ (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း၊ ဇာဖောရ်အာလာမ် (ဘ) ဦးအလီဟူဆောင်း (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်း၊ ဆာဘေရ်အာမတ် (ဘ) ဦးအဘူကာဆိမ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် တစ်သိန်း တို့ကို ဘင်္ဂလားဖုန်းများ သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ခြိမ်းခြောက်၍ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ စက်တင်ဘာလ (၃) ရက်နေ့တွင်လည်း ဦးအီမာန်ဟူဆောင်း (ဘ) ဦးဘာဆာမျာ (အသက် ၃၅ နှစ်) ထံမှ ငွေကျပ် တစ်သိန်း၊ ဦးလာလ်မျာ (ဘ) ဦးကာဆိမ်အလီ (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ခမောင်းဆိပ် တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူး စီးရန် အတွက် ရွာသားများက ဆိုင်ကယ် တစ်စီး ပေးထားရသည်။ ဘောက်ရှုးဖွေရာ အုပ်စု၊ ဖူရာန်မိုင်ဂျွာရွာမှ ဦးခိုင်ရုလ်အာမီးန် (ဘ) ဦးအလီအာမတ်၏ ဆိုင်ကယ်ကို စက်တင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့ထိ (၃) ရက်ဆက်တိုက် ပေးထားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ 

မကြာခင် ရောက်ရှိလာမည့် လူကြီးခရီးစဉ် အတွက် ရဟတ်ယာဉ်ကွင်း ပြင်ဆင်ရန်ဟု ဆိုကာ အောင်ဇံကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃၀) ဦးကို စက်တင်ဘာလ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းရန် ခမောင်းဆိပ် တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးနှင့် အောင်ဇံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တို့က ဆင့်ခေါ် ထားကြောင်း သိရှိရသည်။



MYARF
RB News
5.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ G-1 ရဲမှူးကြီး အောင်မင်းထွေးသည် လွန်ခဲ့သည့် သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် ငါးခူရ၊ ကြိမ်ချောင်းနှင့် တမန်းသား ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများသို့ သွားရောက်၍ နီးစပ်ရာ ကျေးရွာအုပ်စု များမှ ရပ်မိရပ်ဖများ၊ ဘာသာရေး မော်လ၀ီ ဆရာများကို ဆင့်ခေါ်၍ အစည်းအဝေးများ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးများတွင် အဓိကအားဖြင့် အစိမ်းနုရောင်ကဒ်များ မဖြစ်မနေ ယူကြရန် တွန်းအားပေး ပြောဆိုခဲ့သည်။ ၎င်းက အစိမ်းနုရောင်ကဒ် မယူသူများသည် ၀က်၊ ခွေး၊ နွား စသည့် တိရစ္ဆာန်များနှင့် တူသည်ဟု လူ့ဂုဏ်သိက္ခာကိုပင် မငှဲ့ကွက်ပဲ အလွန် ရိုင်းစိုင်းစွာ ပြောဆို ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရဲမှူးကြီး အောင်မင်းထွေးက အစိမ်းနုရောင်ကဒ်များ မယူလျှင် စီးပွားရေး၊ ဘာသာရေးနှင့် ခရီးသွားလာရေးများ ပိတ်ပင်ခြင်း ခံရမည့်အပြင် အိမ်မှ အပြင်သို့ပင် ထွက်ခွင့် မပေးဘဲ အားလုံးကို RSO အဖြစ် စွပ်စွဲကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 

အလားတူ အမှတ် (၂) နယ်မြေ အောင်ဇံ ကျေးရွာအုပ်စုရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကလည်း ရပ်မိရပ်ဖ များနှင့် ဘာသာရေး ဆရာများကို အစည်းအဝေး ခေါ်ယူပြီး အစိမ်းနုရောင်ကဒ်များ လက်ခံယူရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
5.9.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စံအောင်ကျော်နှင့် တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် စက်တင်ဘာလ (၁) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် အနောက်ပြင် ကျေးရွာမှ ဦးဟာမိတ်၏ နေအိမ်ကို ၀န်းရံကာ ဦးဟာမိတ်ကို ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် ဦးဟာမိတ်၏ ဇနီး ဒေါ်ဆာန်ဒူးဘာနု (ဘ) ဦးဖောဇောရောင်း (အသက် ၃၇ နှစ် - ကိုယ်ဝန်ဆောင်) ကိုဖမ်းဆီးညီ့း ကြိုးဖြင့် ချည်နှောင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် စစ်သားများက ဦးဟာမိတ်သည် တရားမ၀င် နွားပွဲစားလုပ်ခဲ့သည်ဟု စွပ်စွဲ၍ ဇနီးဖြစ်သူ လူမျိုး၊ ဘာသာ ခွဲခြား၍ ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ခင်ပွန်းဖြစ်သူကို တရားမ၀င် နွားရောင်းဝယ် ပြုလုပ်သည်ဟု စွပ်စွဲ၍ ဇနီးသည်အား စစ်သားများက ကြိုးဖြင့် ချည်နှောင်၍ ဖမ်းဆီး ငွေညှစ်ခြင်းမှာ ဥပဒေမဲ့ ပြုလုပ်သော လုပ်ရပ် ဖြစ်သည်။ ထို့အပြင် စစ်သားများက အပြစ်မဲ့ အမျိုးသမီး တစ်ဦးကို ရာဇ၀တ်ကောင် ကဲ့သို့ ကြိုးဖြင့် ချည်နှောင်ကာ လူအများ ရှေ့မှောက်တွင် ကာအိနြေ္ဒ ပျက်ပြားစေသည့် အထိ ဆွဲ၍ ခေါ်ဆောင်သွားခြင်း၊ လူကဲ့သို့ မဆက်ဆံဘဲ တိရစ္ဆာန် ကဲ့သို့ ဆက်ဆံခြင်းမှာလည်း ဥပဒေမဲ့ လုပ်ရပ်များပင် ဖြစ်သည်။ 

အဆိုပါ ခြေမြန်တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူးနှင့် အဖွဲ့သည် စက်တင်ဘာလ (၂) ရက်နေ့တွင်လည်း ဦးမာမတ်ဂျော်လာလ် (ဘ) ဦးကာဆိမ် (အသက် ၃၅ နှစ်) အပါအ၀င် အနောက်ပြင် ကျေးရွာသား ၂၅ ဦးကို ရခိုင်များထံတွင် နေ့စား အလုပ်လုပ်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ ချုပ်နှောင်၍ ရိုက်နှက်ခဲ့သည်။ ထို့အပြင် နောက်နောင် မည်သည့် အခါမှ ရခိုင်များနှင့် ပေါင်းသင်းမည် မဟုတ်ဟု ခံဝန်ချက် လက်မှတ်ရေးထိုး ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထိုသတင်းကို ရသေ့တောင် မြို့နယ်၊ ဥဂ္ဂါကျေးရွာမှ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူး ဦးမောင်လှစိန်က ကြားသိပြီးနောက် “ငါတို့ တစ်မြေတည်းနေ လူမျိုးနှစ်မျိုး သင့်မြတ်လာနေတာကို စစ်သားတွေက ဘာကြောင့် ပိတ်ပင် နှောက်ယှက် နေရတာလဲ၊ နောက်တစ်ကြိမ် လူမျိုးရေး အဓိကရုဏ်း ဖြစ်စေချင်လို့လား” ဟု ဝေဖန် ပြောဆိုခဲ့ကြောင်း သိရသည်။



MYARF
RB News
5.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာအုပ်စု၊ နိယာရ်ဘိလ် အနောက်ရွာမှ ဦးရှားကဲရ် (ဘ) ဦးဆူလေမန်သည် ပုဇွန်၊ ငါး ရောင်းဝယ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဆင်းရဲသား တစ်ဦး ဖြစ်သည်။ ၎င်းသည် ပုဇွန်များ ရောင်းချရာတွင် ယင်းရွာ၌ ပုဇွန်အ၀ယ်ဒိုင် ဖွင့်၍ ပုဇွန်ဝယ်ယူနေသော ရွာသား ဦးနူရ်ဟာရှိမ် (ဘ) ဦးရှုကူရ်နှင့် ဦးဇာဂိရ်ဟူစိန်း (ဘ) ဦးဂျော်မိလ်ဟူစိန်း တို့ထံ ဈေးနှုန်း နည်း၍ မရောင်းဘဲ၊ အောက်ပြူးမ ကျေးရွာနှင့် ငါးခူရ ကျေးရွာဈေးရှိ ပုဇွန်အ၀ယ်ဒိုင် များထံ သွားရောက်၍ ရောင်းချလေ့ ရှိသည်။ 

ဦးရှားကဲရ်က ၎င်း၏ ကျေးရွာရှိ ပုဇွန် အ၀ယ်ဒိုင်များထံ ပုဇွန်များ မရောင်းချခြင်းနှင့် ပတ်သက်၍ အ၀ယ်ဒိုင် နှစ်ဦး ဖြစ်သည့် ဦးနူရ်ဟာရှိမ်နှင့် ဦးဇာဂိရ်ဟူစိန်း တို့က မကျေနပ်သောကြောင့် ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ ဦးရှားကဲရ်က ပုဇွန်များကို မှောင်ခိုလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည်ဟု လုပ်ကြံ၍ တိုင်ကြားခဲ့သည်။ 

ထိုသို့ တိုင်ကြားပြီးနောက် စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ဦးရှာကဲရ်က ပုဇွန် ကီလို ၂၀ ဖြင့် အောက်ပြူးမ ကျေးရွာသို့ သွားနေစဉ် ကပ္ပခေါင်း ကျေးရွာ တံတားအနီးတွင် စောင့်နေသည့် ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးက ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ကာ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် နယ်ခြားစောင့် ရဲများက ဦးရှားကဲရ် ထံမှ ငွေကျပ် ၃ သိန်း ၇ သောင်း ညှစ်ယူသည့် အပြင် ပါလာသည့် ပုဇွန် ကီလို ၂၀ ကိုလည်း သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



မဇ္ဈိမ
5.9.2015

ရန်ကုန် ။ ။ ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှား ကျန်းမာရေး စင်တာ တစ်ခု ဖွင့်လှစ်ရန် ရှိရာ MER-C Indonesia က တည်ဆောက်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်သည်။

"ရခိုင်ပြည်နယ် အစိုးရလည်း မြောက်ဦး ဒေသမှာ ဒီကျန်းမာရေး စင်တာ အတွက် မြေနေရာ သတ်မှတ် ချပေးပြီး ဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံ ဆိုင်ရာ MER-C အဖွဲ့ ၃ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဂျိုဆာရီဇယ်ဂျုနေးက မကြာသေးမီက ပြောခဲ့သည်။

မြန်မာအစိုးရကလည်း အဆိုပါ ကျန်းမာရေးစင်တာစီမံကိန်းတွင် ကူညီပေးလျက်ရှိသည်။

သြဂုတ် ၂၈ ရက်က MER-C (Medical Emergency Rescue Committee) အဖွဲ့သည် ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးအကူအညီဖြင့် စစ်တွေမှတစ်ဆင့် မင်းပြားသို့ ရောက်ရှိခဲ့သည်။

မင်းပြားတွင် အင်ဒိုနီးရှားအစိုးရ တည်ဆောက်ပေးခဲ့သည့် ဗုဒ္ဓဘာသာများအတွက် စာသင်ကျောင်းနှင့် မွတ်စလင်များအတွက် စာသင်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ တစ်ကျောင်းနှင့် တစ်ကျောင်းအကြား မီတာ ၅၀၀ သာကွာခြားသည်။

ဖေဖော်ဝါရီလအတွင်းကလည်း MER-C အဖွဲ့က ကျောင်းများအတွက် အထောက်အကူဖြစ်စေရန် ဂျင်နရေတာနှစ်လုံးကို လှုဒါန်းခဲ့သည်။

မင်းပြားသို့ အဖွဲ့ရောက်ရှိစဉ် ရေဘေးကြောင့် အခြေအနေများဆိုးဝါးကြုံတွေ့နေမှုကိုလည်း မြင်တွေ့ခဲ့ကြရသည်။

ယခုတည်ဆောက်မည့် ကျန်းမာရေးစင်တာသည် မွတ်စလင် ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာများ ၁၇၀၀ ကျော်နေထိုင်သည့် ရွာနှစ်ကြားတွင် တည်ရှိပြီး စတုရန်းမီတာ ၄၀၀၀ အကျယ်အဝန်းရှိသည်။

အဆိုပါ နိုင်ငံပိုင်မြေနေရာအတွက် ဒေသခံလယ်သမားများကို လျော်ကြေးအဖြစ် အင်ဒိနီးရှားငွေ ရူပီး ၁၇ ဒသမ ၆ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကျန်းမာရေးစင်တာ တည်ဆောက်ရေး ကုန်ကျစရိတ်အဖြစ် ရူပီး သုံး ဘီလီယံ ကုန်ကျခံမည် ခန့်မှန်းထားသည်။ အဆိုပါအဖွဲ့သည် အစောပိုင်းကလည်း စစ်တွေမြို့အတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စင်း ပေးအပ်လှုဒါန်းခဲ့သည်။

MER-C အဖွဲ့ကို ၁၉၉၉ ခု သြဂုတ်လတွင် ဂျာကာတာမြို့၌ အင်းဒိုနီးရှားတက္ကသိုလ်ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်များထဲတွင် စစ်ပွဲများကြောင့် ထိခိုက်သူများ၊ သဘာဝဘေးအန္တရာယ်ခံရသူများကို
ဆေးကုသမှုပေးရန်လည်းပါဝင်သည်။

(ဓါတ်ပုံ - EPA/လင်းဘိုဘို)

Kamayut Media
5.9.2015

၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အဖြစ် ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးရွှေမောင်ကို ရွေးကောက်ပွဲ ကော်မရှင် ပယ်ချခဲ့တဲ့ အတွက် ကျေနပ်မှု မရှိကြောင်း စက်တင်ဘာ ၄ရက်မှာ ပြောဆို ခဲ့ပါတယ်။



အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel နဲ့အဖွဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းအား တွေ့ဆုံစဉ်။ (ဓာတ်ပုံ- ညိုအုန်းမြင့်)

မသိင်္ဂီလင်း
5.9.2015

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အတွက် တရား မျှတမှု ရှိဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လိုလား စောင့်ကြည့် နေသလို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် တတ်အားသရွေ့ ကူညီ ပံ့ပိုးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာ အစိုးရ တာဝန်ရှိသူ တချို့နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့မှာတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကူညီပေးနိုင်မယ့် နည်းလမ်းတွေအကြောင်း ပြောဆိုခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က VOA ကို အခုလိုပြောပါတယ်။

“သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ကတော့ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးပေါ့နော်။ နောက်တခါ အစိုးရပိုင်းကနေပြီးတော့ ဆောင်ရွက်ပေးနေတဲ့အပိုင်းပေါ်မှာ ရွေးကောက်ပွဲကိစ္စလိုဟာမျိုးတွေကို ဆွေးနွေးသွားပါတယ်။ နောက်တခါ သူတို့ရဲ့- ကျနော်တို့ အစိုးရနဲ့ဆက်သွယ်တဲ့ ဆက်သွယ်တဲ့ကိစ္စမျိုးတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေ ဝိုင်းကူလုပ်ပေးရမလဲပေါ့နော်။ တဘက်မှာလည်း ဝါရှင်တန်မှာရှိနေတဲ့ …. လူနဲ့က ရွေးကောက်ပွဲအတွက်ကို တရားမျှမျှတတဖြစ်ဖို့ ပိုပြီးတော့ မျှော်လင့်တယ်။ အဲလိုတော့ ပြောသွားပါတယ်ခင်ဗျ။”

ဝန်ကြီးဦးစိုးသိန်းကလည်း အမေရိကန်အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်လင်း မြင်သာမှုရှိပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ ပြောခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“ဦးစိုးသိန်းအနေနဲ့ကလည်း ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့၊ စနစ်မှန်ဖို့၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေအရလက်ခံဖို့ဆိုပြီးတော့ အမေရိကန်မှာ အခြေစိုက်တဲ့ International Republican Institute တို့၊ ကာတာစင်တာတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ သူတို့နဲ့ MOU လက်မှတ် ထိုးထားတဲ့အတွက် ရွေးကောက်ပွဲတွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးနိုင်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ၊ အဓိကကျတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် အစိုးရဘက်ကနေ ဆောင်ရွက်သွားမယ့်အကြောင်း အပြန်အလှန်ဆွေးနွေးကြတာကို တွေ့ရပါတယ်ခင်ဗျ။”

လက်ထောက်ဝန်ကြီး Daniel Russel ဟာ အမေရိကန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ လက်ထောက်ဝန်ကြီးရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာတော့ လက်ထောက်ဝန်ကြီးက အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုအစီအစဉ် အဖွဲ့ဝင် မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တွေရဲ့ အမြင်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တခု အတွင်း စကား ပြောနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း။ ဇန်န၀ါရီ ၁၀၊ ၂၀၁၄။

အင်ကြင်းနိုင်
5.9.2015

ရခိုင်ပြည်နယ် အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်တွေက ပယ်ချ လိုက်ပါတယ်။ ဒီလို ပယ်ချတာဟာ ဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့ ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ် မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အနေနဲ့ ရခိုင်ပြည်နယ်တွင်း ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင်း ၇ နေရာ စုစုပေါင်း ၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးသွင်းထားတာပါ။

အဲဒီထဲမှာ ရခိုင်ပြည်နယ်က သူတို့ယှဉ်ပြိုင်မယ့် နေရာအားလုံးနဲ့ ရန်ကုန်တိုင်းဒေသ ကြီးတွင်း ၆ နေရာက ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိဘူးလို့ ခရိုင်ကော်မရှင် တွေက ပယ်ချခဲ့တဲ့ အကြောင်း မောင်တောခရိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် ပါတီဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကိုပြောပါတယ်။

“ပယ်တဲ့ အကြောင်းပြချက်ကတော့ ရှည်ရှည်ဝေးဝေးမရှိဘူး။ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိ သဖြင့် ပယ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ပဲ။ အန်ကယ်တို့သိတာကလည်း ရွေးကောက်ပွဲဥပဒေမှာ မပြိုင်နိုင် တဲ့လူက ရူးသွပ်တဲ့လူဖြစ်ရမယ်၊ လူမွဲကြေညာခြင်း ခံရတဲ့လူဖြစ်ရမယ်၊ ထောင်ထဲကလူဖြစ်ရမယ်၊ မတရား အသင်းနဲ့လည်း ဆက်သွယ်တဲ့လူဖြစ်ရမယ် စသည်ဖြင့်ပေါ့။ အန်ကယ်တို့က ဒါတွေ ဘာတခုမှမှ မငြိစွန်းဘူး။ သူတို့ပြောချင်တာက အန်ကယ်တို့ရဲ့မိဘများ နိုင်ငံသားမဟုတ်ဘူး၊ အမျိုးသားမှတ်ပုံတင်ကိုင်ရုံနဲ့ နိုင်ငံသားလို့ သူတို့က အသိအမှတ်မပြုနိုင်ဘူးဆိုတဲ့စကား ပြောနေတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးမှာ နိုင်ငံသားမှတ်ပုံတင်တွေ ရှိနေ တဲ့အတွက်လည်း ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ဦးကျော်မင်းကဆိုပါ တယ်။ ဒါကြောင့် အခုလို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချတာဟာ ဥပဒေနဲ့မညီဘူးလို့ သူကပြော ပါတယ်။

“အမျိုးသားမှတ်ပုံတင်အပြင် စိစစ်ရေးကဒ်ပြားဆိုတာ ၈၂ ခုနှစ်နောက်ပိုင်း ပေါ်တဲ့ကိစ္စ၊ အဲဒါကိုလည်း ကျနော် တို့ရခိုင်ပြည်မှာ လူတွေကို ထုတ်ပေးတာမဟုတ်ဘူး။ အဲဒီတော့ မိဘများ နိုင်ငံသားဖြစ်ကြောင်း ဘာနိုင်ငံသား လက်မှတ် ပြရမလည်း၊ အဲဒါ လက်တွေနဲ့ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဦးတို့ကမြင်တယ်။ နောက်ပြီးတော့ အမျိုးသားမှတ်ပုံတင်ရှိရင် နိုင်ငံသားပေါ့။ အဲဒါရှိလို့လည်း အမျိုးသားမှတ်ပုံတင် ရှိတဲ့လူတွေကို ရွေးကောက်ပွဲ ၀င်ခွင့် ပြုတယ်။ ကျနော်လည်း အမျိုးသားမှတ်ပုံတင် ကိုင်တဲ့လူပဲ။ ဥပဒေမှာခွင့်ပြုလို့ နိုင်ငံသားလက်မှတ်ဆိုလို့ ကျနော်တို့ လျှောက်တာပါ။ လက်တွေ့ကျမှ အဲဒါက နိုင်ငံသားလက်မှတ်မဟုတ်ဘူး၊ ဘိုးဘွားဘီဘင် ပြရမယ် ဆိုတော့ ကျနော်က အသက် ၇၀ ရှိပြီ၊ ကျနော့်ဘီဘင်က နှစ် ၅၀၊ ၁၀၀၊ ၁၅၀ ရှိသွားပြီ၊ ၁၅၀ အရင်က အထောက်အထား ဘယ်ကနေရှာလို့ရမလည်း။”

ဦးကျော်မင်းကိုယ်တိုင်လည်း မောင်တော်ခရိုင်ကော်မရှင်ရဲ့ ပယ်ချမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရှိတဲ့ စစ်တွေမှာ မနေ့က သွားရောက်ပြီး အယူခံဝင်ထားပါတယ်။ အဖြေကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မှာသိရမယ်လို့ ဦးကျော်မင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မိဘတပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသားမဖြစ် သေးတဲ့အချက်မှာ ငြိစွန်းနေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောခရိုင်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့အယူခံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါ တယ်။ ဒီလိုပယ်ချခဲ့မှုကို အာဆီယံအမတ်များအဖွဲ့ကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် တွင်း ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးကျော်မင်းကိုမေးကြည့်တော့

“ကျနော်တို့ ရခိုင်ပြည်ဘက်မှာ ပဋိပက္ခတွေရှိတာကိုး။ အဲဒီတော့ ပဋိပက္ခလုပ်ချင်တဲ့လူတွေ ရှိကောင်းရှိမယ်။ အားနည်းတဲ့လူက နည်းနည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားရှိပါတယ်။ အင်အားရှိတဲ့လူက အနိုင်ကျင့်တဲ့ပုံစံမျိုး ရှိနိုင်ပါတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဌ ဦးကျော်မင်းကိုယ်တိုင်လည်း အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင် ပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါ တယ်။ ဒါပေမဲ့ အရင် နအဖ စစ်အစိုးရက သူနဲ့ သူ့မိသားစုဝင်တွေကိုပါ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ ပါတယ်။



ကိုဉာဏ်ဝင်းအောင်
ဗွီအိုအေမြန်မာပိုင်း
4.9.2015

မြန်မာနိုင်ငံ မှာ ကျင်းပ မယ့် ရွေးကောက်ပွဲ ဟာ ပြည်သူ လူထု ရဲ့မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက် လာတဲ့ ရွေးကောက်ပွဲဖြစ်မှသာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုကို တကယ် လုပ်နေတယ် ဆိုတာကို နိုင်ငံတကာက လက်ခံနိုင်မှာ ဖြစ်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆို သွားပါတယ်။ ဒီသတင်း ကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ် ။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး၊ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းတို့နဲ့ ဒီကနေ့မှာ သီးခြားစီ တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးဦးအောင်မင်း နဲ့ တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စတွေပေါ် အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားတွေ ကို ရှင်းလင်းပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲဟာ လူထု လက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်မှသာ မြန်မာအစိုးရ က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာ သိသာမှာဖြစ်တယ်လို့ Daniel Russel က ၀န်ကြီးဦးအောင်မင်းကို ပြောဆိုကြောင်း အဲ့ဒီ့တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးမင်းဇော်ဦးက ပြောပါတယ်။

"အဓိက ကတော့ ဝန်ကြီးဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး အနေနဲ့ ဒီအဆင့်အထိ ရောက်လာတဲ့အပေါ် သူတို့အနေနဲ့ အများကြီး အသိအမှတ်ပြုတဲ့ အကြောင်း သူတို့ ထပ်ခါတလဲလဲ ပြောသွားပါတယ်။ သူတို့အနေနဲ့ကတော့ လက်မှတ်ထိုးနိုင်တဲ့အဆင့်အထိ ရောက်အောင် ဒီငြိမ်းချမ်းရေးကို ဆက်လုပ်သွားဖို့ သူတို့အနေနဲ့ မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောသွားတာပေါ့နော်။

နောက်တခုကတော့ Election ပေါ့။ အခုလက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီ Election က ရေချိန်တခုအနေနဲ့ ဒါကို ပြသသွားမှာပါ ဆိုတဲ့ သဘောကို ပြောပါ တယ်။ ဆိုလို တာက ဒီElection က လူထု လက်ခံနိုင်တဲ့ တကယ့် လူထုရဲ့ မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက်လာတယ်ဆိုလို့ရှိရင် ဒါက ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပြီးတော့ လုပ်နေတယ်ဆိုတဲ့ သင်္ကေတ သဏ္ဍာန် ဆောင်မယ်ပေါ့နော် ဆိုတဲ့ ဒါကိုလည်း ပြောသွားပါတယ်။

ဝန်ကြီးဦးအောင်မင်းဖက်က ပြန်လည်ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဦးမင်းဇော်ဦးက ပြောတာက -

"အစိုးရဘက်က Agreement တခုဖြစ်လာတယ်ပေါ့နော်။ အခု NCA (Nationwide Ceasefire Agreement) ပြီးသွားတဲ့ အဆင့်အထိ ဖြစ်လာအောင် ဘယ်လိုမျိုး ညှိနှိုင်းခဲ့တယ်ဆိုတာတွေ ရှင်းပြတယ်။ နောက်ပြီးတော့ အခုကျန်နေတဲ့ အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးရေး၊ ဘယ်လိုနည်းလမ်း ရှာမလဲဆိုတဲ့ အပေါ်မှာ အစိုးရအနေနဲ့ကတော့ အားလုံးပါဝင်ရေးဆိုတဲ့ မူကို မပစ်ပယ်ဘူး။ ဘယ်အဖွဲ့တွေက ဘယ်လိုအဆင့်မှာ ပါမလဲဆိုတာတော့ နည်းလမ်းနဲ့ ရှာပြီး လုပ်သွားမယ်ဆိုတာတော့ ရှင်းပြသွားပါတယ်။"

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြန်မာအာဏာပိုင်တွေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အခုလို နိုင်ငံတကာအကြီးအကဲတွေက မြန်မာအစိုးရကို လာရောက် တိုက်တွန်း ဆွေးနွေး ပေမယ့်လဲ မြန်မာအစိုးရ ကိုယ်တိုင်က အပြောင်းအလဲတွေ ကို ဖေါ်ဆောင်တာ အားနည်းနေသေးတယ်လို့ Gender Equality Network ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မမေစပယ်ဖြူက သုံးသပ်ပြောဆိုပါတယ်။

"ကျမတို့နိုင်ငံရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နိုင်ငံတကာ က ဖြစ်သင့်တဲ့ အရာတွေ ဦးစားပေးသင့်တဲ့အရာတွေ ပေါ့နော် တိုက်တွန်းတာတွေ ကတော့ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ခက်တာက အဲ့ဒီ့ တိုက်တွန်းတဲ့ဟာတွေက တိုးလို့ မပေါက်ဘူးလို့ ကျမတို့ကတော့ အဲ့လိုမြင်တာပါပဲ။ အခု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တို့ နောက် ကျမတို့ မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ကိစ္စတွေမှာ အမေရိကန် သံရုံးအနေနဲ့ရော အမေရိကန်အစိုးရအနေနဲ့ရော ကျမတို့ အစိုးရကို တိုက်တွန်းတာတွေ၊ နိုင်ငံတော်တော် များများကတော့ ဖြစ်သင့်တဲ့ ဟာတွေကို သူတို့ကို တိုက်တွန်းအားပေးနေတာပဲ။ ဒါပေမဲ့ အခုအချိန်အထိကတော့ မျှော်လင့်ချက် ဝေးနေဆဲပဲပေါ့နော်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်က အပြန် ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အခြားသော အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၅ရက်နေ့မှာ သီးခြားတွေ့ဆုံသွားဖို့ ရှိပါတယ် ။



MYARF
RB News
3.9.0215

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် အနီးအနားရှိ ကျေးရွာများသို့ သွားရောက်၍ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး အပြစ်မဲ့ ဒေသခံ ရွာသားများကို ဘင်္ဂလားဖုန်း သုံးနေသည်ဟု စွပ်စွဲကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

နယ်ခြားစောင့် ရဲများ စစ်ဆေးလျက် ရှိသော ကျေးရွာများထဲတွင် ဒိုးတန်း ကျေးရွာသို့ နယ်ခြားစောင့်ရဲ (၇) ဦးက နေ့ရောညပါ စစ်ဆေးနေခြင်း အဆိုးဆုံး ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့က အဆိုပါ (၇) ဦး အဖွဲ့သည် ဒိုးတန်း ကျေးရွာသို့ ၀င်ရောက်ပြီး ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု ဆိုကာ အုစ်မာန် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း၊ ဦးဆော်ယာဒ်အာမတ် (ဘ) ဦးမိုဟာမတ် အာမီးန် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့အပြင် သြဂုတ်လ (၉) ရက်နေ့ကလည်း အာရ်ဖာန် (ဘ) ဦးမိုဟာမတ်ရှော်ရိဖ် (အသက် ၂၄ နှစ်) ကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။ သြဂုတ်လ (၂၉) ရက်နေ့ ညပိုင်းတွင်လည်း လူနေအိမ်များကို စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု ဆိုကာ ဦးမုစ်တာဖာ (ဘ) ဦးနူရ်အာမတ် (အသက် ၄၂ နှစ်) ထံမှ ငွေကျပ် သုံးသိန်း၊ ကော်ဘိရ်အာမတ် (ဘ) ဦးမိုဟာမတ်ဟာဆောင် (အသက် ၂၈ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည့် အပြင် မိုဟာမတ်အုလ္လာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၂၆ နှစ်) ၏ ဆိုင်ရှိ ငွေသေတ္တာမှ ငွေကျပ် သုံးသိန်း လုယက်ယူခဲ့သည်။ ယင်းနေ့တွင် ငွေကျပ် တစ်သိန်း ညှစ်ခံရသည့် ကော်ဘိရ်အာမတ် (ဘ) ဦးမိုဟာမတ်ဟာဆောင် ထံမှ ဇူလိုင်လ (၅) ရက်နေ့ကလည်း ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း သိရသည်။ 

ဒိုးတန်း ကျေးရွာသို့ မကြာခဏ ၀င်ရောက်၍ ရှောင်တခင် စစ်ဆေးလျက် ရှိသည့် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရွာသားများကို လူမဆန်စွာ ရိုက်နှက် ရက်စက်ပြီး ဘင်္ဂလားဖုန်းများ သုံးနေသည့်ဟု လုပ်ကြံ စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ် နေခြင်းမှာ ဥပဒေကို ချိုးဖောက်၍ ပြုလုပ်နေခြင်း ဖြစ်ပြီး၊ ယင်းသို့ ပြုလုပ်နေခြင်းကို အထက်အရာရှိများ သိရှိသော်လည်း ဟန့်တားခြင်း မရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒိုးတန်းမှ ရွာသားများ စီးနင်းနေသည့် ဆိုင်ကယ်များကို အတင်းအဓမ္မ လုယူ၍ စီးနင်းသွားပြီး ငါးခူရရှိ ၎င်းတို့ စခန်းသို့ ယူဆောင် သွားလေ့ရှိသည်။ နယ်ခြားစောင့် ရဲတစ်ဦးက “မင်းတို့ ကုလားတွေကို လက်ခြေထောက် သုံးပြီး ရက်စက် ဖိနှိပ်လို့ ရမှ စိတ်ချမ်းသာတယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
3.9.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ တာဝန်ခံ ဦးဆော်လီမူလ္လာသည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် သစ်တော ဦးစီးဌာန တို့မှ ခွင့်ပြုချက် မယူဘဲ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စိမ်းညှင်းပြား ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းတို့ကို လာဘ်ငွေများ ပေးပြီး လွှသမား ၁၅ ဖွဲ့ဖြင့် မေယုတောင်မှ သစ်ဖြူများ ခုတ်ဖြတ်၍ စစ်တွေမြို့မှ ရခိုင် သစ်လုပ်ငန်းရှင်များကို ရောင်းချလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ စက်တင်ဘာလ (၃) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဦးဆော်လီမူလ္လာ၏ သစ်ခွဲသမား အဖွဲ့ခေါင်းဆောင် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်းတစ်ရွာမှ ဦးဟိုင်ရုလ်ဘော်ရှော်ရ် (ဘ) ဦးအဒူမော်ဂျိတ် (အသက် ၃၀ နှစ်) သည် သစ်ခွဲနေစဉ် သစ်သားတုံး တစ်ပိုင်း ၎င်း၏ ကိုယ်ပေါ်သို့ ပြိုကျ၍ ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို နေ့လည် ၃း၃၀ နာရီ အချိန်တွင် စက်လှေ တစ်စီးဖြင့် ဖရုံချောင်း ကျေးရွာသို့ သယ်ဆောင် လာခဲ့သည်။ သို့သော် ညောင်ချောင်း ကျေးရွာမှ နယ်ခြားစောင့် ရဲများက စစ်ဆေးရမည်ဟု ဆိုကာ စက်လှေပေါ်မှ ကမ်းပေါ်သို့ တင်ဆောင် ခွင့်မပြုဘဲ စက်လှေ ပေါ်တွင်သာ ထားစေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ညနေ နေ၀င်ချိန်တွင် နယ်ခြားစောင့် ရဲများက ဘူးသီးတောင် ရဲစခန်းသို့ ပို့ရမည်ဟု ဆိုကာ အဆိုပါ စက်လှေကို ဘူးသီးတောင် ရဲစခန်းသို့ စေလွှတ် လိုက်သည်။ 

ဖရုံချောင်း ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အမာခံ တပည့်တစ်ဦး ဖြစ်ပြီး ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်နေသူ တစ်ဦး ဖြစ်သည်။ ရွာသားများကို အစိမ်းနုရောင်ကဒ် လက်ခံယူရန် ဖိအားပေးနေသူလည်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



မြန်မာမွတ်စလင်မ် လူမျိုးတုံး သုတ်သင်ခံရမှု သိရှိရေး ကွန်ဗင်းရှင်း
====================================

ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ကိစ္စဟာ ဌာနေ တိုင်းရင်းသား အသိုင်းအဝိုင်းကြီး တစ်ခုလုံးထဲက နေ ဗမာ အစိုးရက စနစ်တကျ သုတ်သင် ဖယ်ရှား နေတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပြီး လူမျိုးတုံး သုတ်သင်ခံရမှု ဆိုတဲ့ လုပ်ရပ်ရဲ့ ဥပမာ တစ်ခုပဲ ဖြစ်ပါတယ်။
(၂ဝ၁၅ ခုနှစ် မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ အော်စလို ညီလာခံမှာ တင်သွင်းတဲ့ နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူး ရဲ့ အဆိုကို တခြား နိုဗယ်ဆုရှင် ၆ ဦး ကထောက်ခံ ခဲ့ပါတယ်)

တရားမျှတမှု မရှိတဲ့ အခြေအနေ တစ်ရပ်မှာ ကြားနေခဲ့မယ် ဆိုယင် တကယ်တော့ သင်ဟာ ဖိနှိပ်သူတွေဖက်ကို ရွေးလိုက်တာပဲ ဖြစ်တယ်။
(နိုဗယ်ဆုရှင် ဒတ်စမွန်တူးတူး)

List of Speakers

Dr. Gregory Stanton (Genocide Watch)
Dr. Wakar Uddin (Arakan Rohingya Union)
Mr. Htay Lwin Oo (Civil Rights Movement)
Mr. Matthew Smith(Fortify Rights)

EVENT TIME, PLACE & CONTACT

Date : September 5,2015
Time : 5:00 PM
Place : Culver City Senior Center
1095 Overland Ave Culver City, CA 90232
Contact : Phone : 818-649-9049
Email: info@ba-ma.org



မသိင်္ဂီလင်း
3.9.2015

ဒီနေ့ ညနေ နေပြည်တော်ကို ရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ လာမယ့် ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေ နဲ့ ဆွေးနွေး သွားမယ်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးက ပြောပါတယ်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ရဲ့ ခရီးစဉ် အကြောင်း အပြည့်အစုံ ကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြ ပေးပါမယ်။

မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ ညပိုင်းမှာ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အကြောင်းကို ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ မြန်မာနိုင်ငံကို လာမယ့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားမှာပါ။"

ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ လည်း တွေ့သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံ ဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာခရီးစဉ်မှာတော့ မကြာမီကျင်းပတော့မယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့အတူ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဆွေးနွေးမှုတွေနဲ့ အခြားအကြောင်းအရာတွေ ကို ဆွေးနွေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။

"သူ မြန်မာနိုင်ငံမှာ ရှိနေတုန်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူအသီးသီးတွေနဲ့ ဆွေးနွေးသွားပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အားပေးထောက်ပံ့မှုတွေကိုလည်း အလေးအနက်ထားပြောဆိုသွားမယ့်အပြင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာ တိုးတက်မှုတွေရှိလာအောင် အားပေးသွားပါမယ်။"

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေမှတဆင့် မွန်ဂိုလီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးမှုတွေအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။



2.9.2015

ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ ခံထားရတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးရွှေမောင်နဲ့ ဒေါ်ခင်ခင်လွင် တို့ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပယ်ချလိုက် ပါတယ်။

မိဘတွေ နိုင်ငံသားတွေ မဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်နယ်ကော်မရှင်မှာ မနေ့က အယူခံဝင်ခဲ့ တာဖြစ်ပြီး ထပ်မံ ပယ်ချခံရတာဖြစ်တယ် လို့ ဒေါ်ခင်ခင်လွင်က ပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကျမက နိုင်ငံသား တစ်ယောက် အနေနဲ့ တင်ပြမယ်၊ ဘယ်လိုဖြစ်လို့ လဲဆိုတော့ ကျမတို့ပေးတဲ့ မူရင်းတွေကို သေချာ မကြည့်ဘဲနဲ့ ကျမတို့ကို မောင်တော ခရိုင်ကနေ ချမှတ်လိုက်တာ ကို အတည်ပြု ပါတယ်ဆိုပြီးမှ ပြည်နယ်ကော်မရှင်က ပြောလိုက်တာ၊ ကျမတို့က တစ်ကယ် ဝမ်းနည်းသွားတယ်၊ ယူသွားတဲ့စာရွက်စာတမ်းကို အတင်းဖွင့်ပြတာတောင်မကြည့်ဘူး၊ ခေါင်းကိုဟိုဘက် လှည့်ပြီးအောက်ငုံ့နေ တယ်၊ အဲ့ဒါကို ကျမတို့က အယူခံနိုင်စာဘဲဖြစ်ဖြစ်၊ အသနားခံ စာဘဲဖြစ်ဖြစ်၊ ကျမတို့ဘက်ကအမှန်တရားကို ကျမတို့ရေးပြီးတော့မှ တင်ပြဖို့အစီအစဉ် ရှိတယ်"

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရွှေမောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ခင်လွင်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်ဦးလုံးကို မိဘတွေ နိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက် နဲ့ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ သူတို့နှစ်ဦးအပါအ၀င် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၂၈ ဦး ရှိပြီး အများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်ရုံးခွဲတွေရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံးဖြစ်တဲ့ အတွက် အဲဒီမှာအယူခံရှုံးနိမ့် သူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရှိတော့ပါဘူး။



2.9.2015

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Daniel Russel ဟာ မြန်မာအစိုးရ အရာရှိတွေ အပါအ၀င် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အတွက် စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့ အထိ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါ တယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမေရိကန်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုတာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ရေး တိုက်တွန်း အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ မနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ တရုတ်ပြည်ကနေမှ မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ နှစ်စဉ် ကျင်းပတဲ့ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ထောက်ဝန်ကြီး Russel ဟာ မွန်ဂိုလီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးတာအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။


မေခ
2.9.2015

လာမယ့် ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံး အတိုင်းတာနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေ ထဲက အယောက် ၈၀ ကျော် ပယ်ချ ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအချို့မှာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ ရင်ဆိုင် နေရပေမဲ့ လိုအပ်မှပဲ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမှုကို ရက်ရွှေ့ဆိုင်းသွားမယ်လို့ ကော်မရှင် ဥက္ကဌက ပြောခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သွားယူ ထားတဲ့ မမေခ က သတင်းပေးပို့ ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၇ ထောင်နီးပါးထဲကနေ ၈၀ ကျော်ကို ပယ်ချထားတယ်လို့ ကော်မရှင်က ကြေညာပေမဲ့ ဘယ်ပါတီက ဘယ်နှစ်ဦးဆိုတာကိုတော့ အတိအကျ ထုတ်ပြန်သွားတာ မရှိပါဘူး။ ပယ်ချခံရသူတွေ အယူခံဝင်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဆုံးဖြတ်တာ ခရိုင်ပဲ.. နော်။ အယူခံလွှာ တင်တဲ့အခါကျတော့ တိုင်းနဲ့ပြည်နယ်ကို တင်ရတယ်။ တိုင်းနဲ့ပြည်နယ် အဆုံးအဖြတ်က ဖိုင်နယ်လေ။ ထို့အတူပဲ နော် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကျတော့ တိုင်းနဲ့ပြည်နယ်မှာ တင်ရတယ်။ အယူခံတာကျတော့ တို့ ကော်မရှင်ကို အယူခံတယ်။ တို့က အဖွဲ့လေးဖွဲ့ပြီး စစ်ပါတယ်။ ဆုံးဖြတ်ထားတာက ပြည်ထဲရေးတို့ လ၀ကတို့ကနဲ့ လာတဲ့ဟာနဲ့ တို့က ဘာမှ စဉ်းစားစရာ မလိုပါဘူး။ အယူခံတာက ခုနကပြောသလိုပါပဲ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေပဲ တို့ဆီမှာ အယူခံလို့ရပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ လေးယောက်ပဲရှိတယ်နော်။ ကျန်တဲ့ ၈၈ ယောက်က အောက်ကဟာချည်းပဲ နော်။”

လက်ရှိတွင် မွေးဖွားချိန်မှာ မိဘနိုင်ငံသား မဟုတ်ခြင်းကြောင့် ပယ်ချခံရသူများမှာ အများဆုံး ဖြစ်နေပါတယ်။ ဒီအပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ အမတ်ဖြစ်လာသူ ဦးရွှေမောင်ဟာ ခုရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာ တင်သွင်းထားတာမှာ၊ မွေးဖွားချိန် မိဘနိုင်ငံသား မဟုတ်တာကြောင့် ပယ်ချခံခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဟိုတုန်းကတော့ မစစ်မိလို့ဖြစ်ချင်ဖြစ်မယ်၊ မတွေ့မိလို့ ဖြစ်ချင်ဖြစ်မယ်။ ကန့်ကွက်သူ မရှိလို့ ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒါကြောင့် သူက အရွေးခံရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီ case မျိုးပဲ လွှတ်တော်ထဲကို ရောက်ပြီးမှ လွှတ်တော်ထဲ တက်နေမှ မိဘနှစ်ပါးကနေ တိုင်းရင်းသားမဖြစ်လို့ လွှတ်တော်ထဲကနေ ၄ ယောက် ပြန်လွှတ်လိုက်ရပါတယ်။ ဒီကော်မရှင်က စစ်ဆေးတာ အကုန်မှန်ပါတယ်။ ဒီကော်မရှင်က မတွေ့လို့ပဲ ဖြစ်ပါမယ်။ လ၀က ကနေပြီးတော့ သူဟာ မွေးဖွားစဉ်က မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဘူးဆိုရင် ပယ်ကိုပယ်ရပါမယ်။”

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ဦး ပယ်ချခံရတယ်လို့ NLD ပါတီက ဦးဥာဏ်ဝင်း က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ဗဟိုအလုပ်အမှုဆောင် ဦးသာဝင်း ကတော့ ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်လောင်း ပယ်ချခံထားရခြင်း မရှိသေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။ ကော်မရှင်အနေနဲ့ကတော့ ဘယ်ပါတီက ဘယ်နှစ်ယောက် ဆိုတာကို ရက်ပိုင်းတွင်းမှပဲ ကြေညာမယ်လို့ ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ သတင်းသမားများအနေနဲ့ မည်သည့်မဲရုံမဆို သတင်းယူခွင့်ရမှာ ဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ မဲရုံပရဝုဏ်အတွင်းမှာပါ သတင်းယူခွင့် ပြုသွားမယ်လို့ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးသူတွေအနေနဲ့ မှတ်ပုံတင်မရှိပေမဲ့ အသက် ၁၈ နှစ် ပြည့်ပါက မဲပေးနိုင်သလို ပျက်စီး ပျောက်ဆုံးပါကလည်း မဲပေးနိုင်ကြောင်း၊ မှတ်ပုံတင်ပျက်စီးပါက ယာဉ်မောင်းလိုင်စင်၊ အလုပ်ကဒ်ပြားတို့နဲ့ မဲပေးနိုင်ကြောင်း၊ မဲစာရင်းတွင် နာမည်ပါရန်သာလိုကြောင်း ဦးတင်အေးက ပြောပါတယ်။ ဒီပြင် မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးတာမှာ သက်သေခံလက်မှတ်နဲ့ မဲပေးရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ နောက်ဆုံးမဲစာရင်းတွေကို လာမယ့် စက်တင်ဘာ ၁၄ မှာ ထုတ်ပြန် ကြေညာမှာဖြစ်ပြီး ဒီမဲစာရင်းတွေမှာ အမှားအယွင်း တစုံတရာရှိပါက စက်တင်ဘာ ၂၇ ရက်အထိ အမှား ပြန်လည် ပြင်ဆင်ပေးမှာပါ။ သဘာဝဘေးအန္တရာယ် ဖြစ်နေသောနေရာတွေမှာ လိုအပ်ပါက ပြင်ဆင်တဲ့ရက်ကို ထပ်မံ တိုးပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ကြိုတင်မဲတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ ပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။

Rohingya Exodus