24.9.2015
အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီမြို့က လူမျိုးတုန်း သတ်ဖြတ်မှု မှတ်တမ်းပြတိုက် United States Holocaust Memorial Museum ကနေ တည်ထောင် ထားတဲ့ Simon-Skjodt Center for the Prevention of Genocide အဖွဲ့ဟာ ဒီနေ့ ကမ္ဘာပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အန္တရာယ် ရှိနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး၊ ကြိုတင်သတိပေးတဲ့ Early Warning Project အဖြစ် တနင်္လာနေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံကို နိုင်ဂျီးရီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန် စတဲ့ နိုင်ငံတွေရဲ့ အထက်မှာထားပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ် အရှိဆုံး နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ် ထားပါတယ်။ မြန်မာနိုင်ငံကို ဘာကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ် အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်တာလဲ ဆိုတာ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ရှင်းပြထားတာကို ကိုရဲခေါင်က တင်ပြပေးပါမယ်။
အတိတ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်တွေဖြစ်တဲ့ ဒါဖာ၊ ဘော့စနီးယား၊ ရ၀မ်ဒါနဲ့ ဂျူးလူမျိုးတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ မဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာတွေ ကြိုတင်ဖြစ်ပေါ်ခဲ့တာ တွေ့ရတာကြောင့်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အခုလို ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွေကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ ထပ်မဖြစ်တော့အောင် ထိထိရောက်ရောက် တားမြစ်နိုင်မယ်လို့ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ပြောပါတယ်။
“ကျနော်တို့ ဒီပရောဂျက်က ပြောဖို့ ကြိုးစားနေတာဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လက်ရှိ ဖြစ်နေတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဘယ်နိုင်ငံတွေမှာ ကြီးမားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်လာဖို့ ဘေးအန္တရာယ် ရှိနေသလဲဆိုတာကို အသိပေးတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံက နံပါတ်တစ်အဖြစ် ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကို သွားကြည့်မယ်ဆိုရင် ဒုက္ခသည် စခန်းလို နေရာတွေမှာ နေထိုင်နေရတယ်။ ဥပဒေအကြောင်းအရ အသိအမှတ်ပြု မခံရတဲ့အတွက် သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ ရဖို့ ကန့်သတ်ခံထားရပါတယ်။ ဒါတွေအားလုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ရပ်တွေ မဖြစ်လာခင်မှာ တွေ့ရတတ်တဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ခုနှစ်က ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မူဆလင် ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် အသိုင်းအ၀ိုင်း နှစ်ဘက်စလုံးမှာ သေဆုံးသူတွေရှိခဲ့ပြီး၊ အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်မှာလည်း ကျေးရွာတွေ ဖျက်ဆီးခံရမှုနဲ့ ရွှေ့ပြောင်းနေထိုင်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာဟာ တဘက်သတ်ကျူးလွန်မှု သတ်ဖြတ်မှုတွေ မဟုတ်ဘဲ လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား အပြန်အလှန် ဖြစ်ပွားတဲ့ ပဋိပက္ခတခုအဖြစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သုံးသပ်သူအချို့လည်း ရှိပါတယ်။
မစ္စတာ Cameron Hudson ကတော့ မြန်မာနိုင်ငံက အစွန်းရောက် သံဃာတော်တွေက အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာဟာလည်း စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုဖြစ်တယ်လို့ ဆိုပါတယ်။
“အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ၊ နှိမ်ချရေးသားမှုတွေကို သြဇာအာဏာရှိတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင်က နိုင်ငံပိုင် မီဒီယာတွေမှာ ဖြန့်ချိနေကြတာဟာ အန္တရာယ်ကြီးပါတယ်။ စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုလည်းဖြစ်ပါတယ်။ ရိုဟင်ဂျာလူနည်းစုတွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာလည်း တိုက်ခိုက်သူတွေကို အပြစ်ပေးမခံရဘဲ ရှိနေပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ ဒီလူနည်းစုကို တိုက်ခိုက်တာတို့ ဖိနှိပ်တာတို့ကို လုပ်လို့ရတယ်လို့ ယူဆတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာအောင် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။”
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အလားအလာရှိတဲ့ နိုင်ငံတွေကို အဆင့်သတ်မှတ်ရာမှာ ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး လေ့လာသုံးသပ်တယ် ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့အသုံးပြုတဲ့ နည်းစနစ်ကတော့ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဘာကြောင့် စတင် ဖြစ်ပေါ်ရတယ်ဆိုတာ ရှင်းပြထားတဲ့ သီအိုရီ သုံးခုကို အသုံးပြုပါတယ်။ ဒီသီအိုရီတွေဟာ လူမှုရေး သိပ္ပံ ပညာရှင်တွေနဲ့ သုတေသီတွေက ဖန်တီးထားတဲ့ ပညာရပ်ဆိုင်ရာ သီအိုရီနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အခြေခံပြီး ဒီလို သတ်ဖြတ်မှုတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ရှင်းပြထားတဲ့ စံနမူနာ ပုံစံတွေကို သုံးပါတယ်။ ကျနော်တို့က ဒီသီအိုရီ သုံးခုစလုံးကို ပေါင်းစည်းပြီး မော်ဒယ်တခု ဖန်တီးလိုက်ပါတယ်။ ဒီမော်ဒယ်ကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် သုံးခုကို ဖန်တီးတွက်ချက်ပါတယ်။ အဲဒီကြိုတင်ခန့်မှန်းချက် ရလဒ် သုံးခုကို ပျမ်းမျှခြင်းယူပြီး တခုတည်းသော အဆင့်တခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ကိန်းဂဏန်းကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် ထုတ်တဲ့ နည်းလမ်းဖြစ်ပြီး၊ ဒီကနေ ရာသီဥတု ခန့်မှန်းတာလို ကိစ္စတွေ အပါအ၀င် နေရာအတော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။”
ခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံတွေကို စာရင်းပြုစု ဖော်ထုတ်ရာမှာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုကို စုပေါင်းထားတဲ့ Expert Opinion Pool ဆိုတဲ့ အပိုင်းလည်း ပါဝင်နေပါတယ်။ ဒီအပိုင်းမှာ ပါဝင်သုံးသပ်ထားတဲ့ ကျွမ်းကျင်သူတွေရဲ့ ဘက်လိုက်မှုမရှိအောင် ဘယ်လို လုပ်ထားတယ်ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အပိုင်းမှာ ရာပေါင်းများစွာသော ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီလို အရေအတွက် များပြားတဲ့ ကျွမ်းကျင်သူတွေကို ပါဝင်စေပြီး၊ သူတို့ရဲ့သုံးသပ်ထားတဲ့ အမှတ်တွေကို ပျမ်းမျှခြင်း ယူပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို ဘက်လိုက်မှု အနည်းဆုံးဖြစ်အောင် ကန့်သတ်ပေးပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ ဘေးအန္တရာယ် ရှိနေတာဟာ လူနည်းစုဖြစ်တဲ့ အစွန်းရောက် သံဃာတော်တွေကြောင့်တင် မဟုတ်ဘဲ၊ အစိုးရနဲ့လည်း ဆိုင်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ ဗုဒ္ဓဘာသာဝင် လူများစုကတော့ ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုဘဲ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရောက်လာတဲ့ ဘင်္ဂါလီတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Rohingya Eye
RB News
22.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ အလယ်ရွာမှ နူရ်ကာလာမ် (ဘ) ဦးဟာလာမျာ (အသက် ၂၅ နှစ်) သည် ရွှေဇား စေတီပြင်ဈေးရှိ ၎င်း၏ ကွမ်းယာဆိုင်တွင် ကွမ်းရောင်းနေစဉ် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ၎င်းသုံးနေသည့် GSM ဖုန်းကို စစ်ဆေးမည်ဟု ဆိုကာ ယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်ကာ ငွေကျပ် နှစ်သိန်း ညှစ်ယူသည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကားမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
စက်တင်ဘာလ (၂၁) ရက်နေ့တွင် ရွှေဇား ကင်းဘဲရွာမှ မုစ်တာဖာကာမာလ် (ဘ) ဦးနိုရာမတ် (အသက် ၂၇ နှစ်) သည် ၎င်း၏ အိမ်ရှေ့တွင် GSM ဖုန်းဖြင့် သီချင်းနားထောင် နေစဉ်၊ ရွာထဲပတ်နေသည့် ရွှေဇား ကညင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများကို မြင်၍ မဟုတ်မတရား စွပ်စွဲခံရပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရှောင်ထွက် သွားရာ နယ်ခြားစောင့် ရဲများက လိုက်လံဖမ်းဆီးပြီး ရိုက်နှက်၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေခဲ့သော်လည်း မည်သည့် ပစ္စည်း တစ်စုံတစ်ရာမှ မရှိခဲ့ပေ။ သို့သော်လည်း နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။
အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ညအချိန်တွင် ရွာထဲသို့ ၀င်ရောက်၍ ရိုဟင်ဂျာများ၏ နေအိမ် နောက်ဖေးများတွင် ပုန်းအောင်းပြီး အိမ်သူအိမ်သားများ ဖုန်းဖြင့် စကားပြောဆိုသံ ကြားလျှင် အိမ်ထဲသို့ ၀င်ရောက်ကာ ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် စကားပြောနေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသဖြင့် ဒေသခံများနှင့် နယ်ခြားစောင့် ရဲများ အကြား တင်းမာမှုများ ဖြစ်ပွားပြီး မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရသည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
22.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို မညှာမတာ ဆက်ဆံခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း များကို ယခုလတွင် အသစ်ပြောင်းရွှေ့ လာသည့် စခန်း တာဝန်ခံ စစ်တွေ ဇာတိသား ရဲအုပ်က လုပ်ဆောင် နေသည်ဟု သတင်း ရရှိပါသည်။
စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဦးဇာဖောရ်အာလောမ် (ဘ) ဦးဆွေယာဒ် (အသက် ၃၅ နှစ်) သည် မိမိ၏ နေအိမ် ခြံဝင်း အတွင်းရှိ သစ်ပင်တစ်ပင်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ခုတ်လှဲနေစဉ် အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အကြောင်းကြားခြင်း မရှိဟုဆိုကာ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
စက်တင်ဘာလ (၂၀) ရက်နေ့တွင် စားကုန်ဆိုင် ပိုင်ရှင် မောန်ဇူရ်အာလောမ် (ဘ) ဦးအာဘူကာလာမ် (အသက် ၂၇ နှစ်) သည် ည ၇ နာရီ အချိန်တွင် CDMA ဖုန်းဖြင့် သီချင်းနားထောင် နေစဉ် နယ်ခြားစောင့်ရဲ နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်း၏ ဖုန်းကို စစ်ဆေး၍ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ကာ လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ည ၈ နာရီ အချိန်တွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။
ထို့အပြင် ယင်းနေ့ ညနေ ၅ နာရီ အချိန်တွင်လည်း ဘော်ဒူဆလာမ် (ဘ) ဦးအဒူဆလာမ် (အသက် ၂၀ နှစ်) နှင့် အနိုဝါရ် (ဘ) ဦးဂျော်မိလ်ခါန် တို့၏ စားကုန်ဆိုင် ထဲသို့ နယ်ခြားစောင့် ရဲများ ၀င်ရောက်၍ ရှာဖွေရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ်ကို ဆိုင်ထဲတွင် ထား၍ လုပ်ကြံပြီး ဖမ်းဆီးရန် ကြိုးစားရာ ဆိုင်ရှင်နှစ်ဦးလုံး ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။
အဆိုပါ နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ ကင်းစခန်း ရှေ့မှ ကျောင်းသားများ စက်ဘီးစီး၍ ဖြတ်သွားလျှင် ရပ်တန့်ခိုင်းပြီး ကျောင်းဝတ်စုံ ချွတ်ခိုင်းကာ စခန်းအတွက် ရေခပ်ခိုင်းခြင်းကို မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
22.9.2015
RB News
22.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် အစိုးရမှ တရားဝင် ခွင့်ပြုထားသည့် MPT ဆင်းမ်ကဒ်သုံး ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ် တွေ့သည်ဟု ဆိုကာ ရဲများက ဒေသခံ တစ်ဦးကို ဖမ်းဆီးခဲ့သည်။
စက်တင်ဘာလ (၁၇) ရက်နေ့တွင် ဟာဘီအနောက်ရွာမှ ရွာသူရွာသား များသည် သုံးဘီး တက္ကစီကားဖြင့် ကုရ်ဘာနီ အီးဒ်အတွက် ဈေးဝယ်ရန် မောင်တောမြို့သို့ လာစဉ် လမ်းခရီးတစ်လျှောက်တွင် ရှောင်တခင် စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးခြင်းကို ခံခဲ့ရသည်။ အဆိုပါ စစ်ဆေးရေး အဖွဲ့များသည် ရိုဟင်ဂျာ လူမျိုးကိုသာ သီးသန့် စစ်ဆေးသည့် အဖွဲ့များ ဖြစ်သည်။ မောင်တောမြို့မှ နယ်ထိန်းရဲ အဖွဲ့က ဘက္ကားဂုံးနား ကျေးရွာအုပ်စုရှိ သီဟိုဠ်ခြံရှေ့ လမ်းဘေးတွင် ထိုင်၍ စစ်ဆေးရာ ခရီးသွားများထံမှ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသော်လည်း မော်လ၀ီ မူဟန္နုဒ္ဒိန် (ဘ) ဦးဇီယာဘူဒိန် (အသက် ၃၆ နှစ်) ၏ MPT ဆင်းမ်ကဒ်သုံး GSM ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ်မှ ဖုန်းနံပါတ် တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီး နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့သို့ ရဲကားဖြင့် တင်ဆောင်ပြီး ခေါ်ဆောင် သွားခဲ့သည်။
အဆိုပါ နယ်ထိန်း အဖွဲ့သည် ဖမ်းဆီးထားသူ ထံမှ ငွေညှစ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ပြီး ညနေပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရောက်ရှိလာသည့် အခါ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာ ကြားရှိ တံတားစောင့် ရဲများက ရိုဟင်ဂျာ အမျိုးသမီးများကို စခန်းထဲသို့ ခေါ်သွင်းကာ ခန္ဓာကိုယ် အနှံ့ကို ကိုင်ကွယ်၍ စစ်ဆေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ အမျိုးသမီးများကို စစ်ဆေးပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ခြိမ်းခြောက်၍ ငွေကျပ် ငါးထောင်မှ တစ်သောင်း ကျပ်စီ ညှစ်ယူခဲ့သည်ဟု ဆိုသည်။
![]() |
| (ဓါတ်ပုံ - Paula Bronstein/Getty Images) |
RB News
22.9.2015
22.9.2015
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် ရခိုင်အစွန်းရောက် အုပ်စု တစ်စုက ယနေ့ည ၁၁ နာရီ အချိန်တွင် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။
ရခိုင်အစွန်းရောက် အုပ်စုသည် အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာ လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်မှ တားဆီးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စကားများနေစဉ် ဗျူဟာမှူးနှင့် တာဝန်ကျ အရာရှိကြီးများ ရောက်ရှိလာပြီး ရပ်ကွက် အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားသည့် အကြမ်းဖက်သမား များကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အောင်မင်္ဂလာမှ ဒေသခံ တစ်ဦးက RB News သို့ အတည်ပြု ပြောကြားသည်။
ဗျူဟာမှူးက အောင်မင်္ဂလာ ရပ်ကွက်သူ/သား များကို အလှည့်ကျ ကင်းစောင့်ရန် မှာကြား သွားကြောင်းဟု အဆိုပါ ဒေသခံက ပြောပါသည်။
လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပါတီများမှ အောင်နိုင်ရေး အတွက် လှုပ်ရှားလျက် ရှိပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ရခိုင်ပြည်နယ်တွင်းတွင် ထူးခြား ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
MYARF
RB News
22.9.2015
22.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ကြပ်ကြီး မင်းဇော် အပါအ၀င် နယ်ခြားစောင့်ရဲ သုံးဦးသည် စက်တင်ဘာလ (၁၇) ရက်နေ့ ည ၈း၅၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း ကျေးရွာသို့ ၀င်ရောက်ပြီး ကင်းသမား နှစ်ဦးကို ခေါ်ယူပြီး အဆိုပါ ကင်းသမား နှစ်ဦးကို ဆယ်အိမ်မှူးများ အဖြစ် ဟန်ဆောင်ခိုင်းကာ ရွာအတွင်းရှိ လူနေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သဖြင့် ငွေညှစ်နိုင်ခဲ့ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ဦးဟာဆောင်း၊ ဦးဂျာဘဲရ်၊ ဦးကိန်ဖူးရူး၊ ဦးဖွေဂျီးအာလောမ်၊ ဦးဟူဆောင်း၊ ဦးနူရ်မာလ်ဟာကိမ်း တို့၏ နေအိမ်များနှင့် ဆိုင်တစ်ဆိုင်တို့ စစ်ဆေးခံခဲ့ရသည်။
နယ်ခြားစောင့် ရဲများသည် ဦးနူရ်မာလ်ဟာကိမ်း၏ အိမ်သို့ ၀င်ရောက်သည့် အခါ ဦးနူရ်မာလ်ဟာကိမ်း၏ သမီး ဒေါ် ….. သည် အိမ်ရှေ့ ကြမ်းပြင်ပေါ်တွင် ရှိနေခဲ့ပြီး၊ နယ်ခြားစောင့်ရဲများကို တွေ့သည့်အခါ အိမ်နောက်ဖေးသို့ ပြေးဝင်သွားရာ နယ်ခြားစောင့် ရဲများက နောက်ဖေးထိ လိုက်လံပြီး ခြေထောက်ဖြင့် ကန်ကျောက်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းစေ ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ခန္ဓာကိုယ်ကို ကိုယ်တွယ်၍ စစ်ဆေးခဲ့သည်။
အဆိုပါ နယ်ခြားစောင့် ရဲများသည် ညတိုင်းလိုလို ရွာထဲသို့ ၀င်ရောက်ပြီး လူနေအိမ်များကို အကြောင်းမဲ့ စစ်ဆေးကာ နှောက်ယှက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အချို့ မပြောမဆိုတတ်သည့်သူများနှင့် အမျိုးသားများ မရှိသောအိမ်များမှ လုပ်ကြံ ငွေညှစ်လေ့ရှိသည်။ နေ့ပိုင်းတွင်လည်း လမ်းသွားလမ်းလာ များကို စစ်ဆေးပြီး အမျိုးမျိုး ကြံဖန် စွပ်စွဲကာ ငွေညှစ်လေ့ ရှိသည်။
![]() |
| (ဓါတ်ပုံ - AP) |
MYARF
RB News
21.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ကုရ်ဘာနီ အီးဒ်နေ့တွင် ရခိုင်များက ရိုဟင်ဂျာများကို အကြမ်းဖက်မည်ဟု ခြိမ်းခြောက် ပြောဆိုနေကြသည်။ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ် များတွင် ရခိုင်များက ကုရ်ဘာနီ အီးဒ်နေ့တွင် ဘင်္ဂလီများက နွားများ သတ်မည်၊ ငါတို့ ရခိုင်များက ဘင်္ဂလီတွေကို သတ်ကြမည်ဟု ခြိမ်းခြောက် ပြောဆိုလျက် ရှိကြောင်း ဒေသခံ ရိုဟင်ဂျာများက RB News သို့ပြောပါသည်။
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များဟု ယူဆရသည့် သူစိမ်း ရခိုင်များ သွားလာ လှုပ်ရှားနေသည်ကို တွေ့ရသည်။ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ၊ ကံပြင်၊ စံပယ်ပင်၊ လောင်းဒုံ၊ ကြိမ်ချောင်း၊ ရန်အောင်ပြင်၊ သူရိန်း၊ အောင်သာယာ၊ နွားရုံတောင် ကျေးရွာအုပ်စု ရခိုင်ရွာနှင့် မောင်တော မြို့နယ် တောင်ပိုင်း ဝေသာလီ၊ ခရေမြိုင်၊ ဗောဓိကုန်း၊ သရေကုန်းဘော် ကျေးရွာအုပ်စု ရွာသစ်၊ ကိုင်းကြီး၊ မောရ၀တီ စသည့် ကျေးရွာများနှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ သဲချောင်းနှင့် နံ့သာတောင် ကျေးရွာများ၊ ဘူးသီးတောင် မြို့ပေါ် ရပ်ကွက်များ၊ မြောက်ပိုင်း ကျေးရွာများ၊ အထူးသဖြင့် ကင်းချောင်း ကျေးရွာတွင် သူစိမ်း ရခိုင်များကို တွေ့ရှိနေရသည်။
တစ်ခါတစ်ရံ အဆိုပါ သူစိမ်းရခိုင်များသည် မောင်တောမြို့နယ် မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ လှုပ်ရှားနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောပါသည်။ ညပိုင်းတွင် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်ကြီးများတွင် စုဝေး၍ အစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။
၎င်းတို့၏ လှုပ်ရှားမှုများနှင့် ခြိမ်းခြောက်မှုများကြောင့် ဒေသခံ ရိုဟင်ဂျာများက ကုရ်ဘာနီ အီးဒ်နေ့တွင် အကြောင်း တစ်ခုခု ရှာ၍ ပြဿနာ ဖန်တီးမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။
ယခုလ လဆန်းပိုင်းတွင် ဘူးသီးတောင် မြို့နယ်၊ ကကျဘက် ကံပြင် ကျေးရွာအုပ်စု စေတီတောင်ရှိ ဘုန်းကြီးကျောင်း (လေးမျက်နှာ စေတီ) တွင် သိုလှောင်ထားသည့် လက်နက်များကို စစ်တပ်က သိမ်းဆည်းခဲ့သည်။
MYARF
RB News
20.9.2015
20.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ အရှေ့ ခမောင်းဆိပ်ရွာမှ ဦးမာမတ်အာလာမ် (ဘ) ဦးအဘူကာဆိမ်း (အသက် ၃၆ နှစ်) ၏ နေအိမ်ကို စက်တင်ဘာလ (၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အောင်ဇံရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူး ဝေလင်းကိုနှင့် အဖွဲ့က ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရခြင်းမှာ ဦးမာမတ်အာလာမ်ကို RB News သို့ သတင်းပို့သူဟု ဆိုကာ ဖမ်းဆီးရန် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရဲမှူးနှင့် အဖွဲ့က ဦးမာမတ်အာလာမ်၏ နေအိမ်ကို ၀န်းရံ၍ စစ်ဆေးနေစဉ် ကံကောင်း ထောက်မစွာဖြင့် ရှောင်ထွက် နိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ရဲမှူး၏ စက်ကွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိသဖြင့် ရဲမှူး၏ လက်ကိုင်တုတ် များမှ တစ်ဆင့် ငွေကျပ် သုံးသိန်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ယခုအခါ ခမောင်းဆိပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက ဝေစု မရခဲ့ဟုဆိုကာ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဦးမာမတ်အာလာမ်ကို ဖမ်းဆီးရန် နေအိမ်သို့ လာရောက်၍ ရှာဖွေ ခဲ့သည်။ ၎င်းကို မတွေ့ရှိသဖြင့် အိမ်အနီးရှိ ဆိုင်ခန်းကို သိမ်းသည်ဟု ဆိုကာ ကင်းစခန်းမှူးက သော့အသစ် တစ်ခု ခတ်သွားခဲ့သည်။
ဦးမာမတ်အာလာမ်တွင် ကင်းစခန်းမှူးအား ငွေပေးရန် ငွေလည်းမရှိ၊ ဆိုင်လည်း ဖွင့်၍ ရောင်းမရ၊ ညပိုင်း၌ အိမ်တွင် အိပ်မရဘဲ ဒုက္ခပင်လယ်ဝေ နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ဦးမာမတ်အာလာမ်သည် RB News သို့ မည်သည့်အခါမှ သတင်းပေးပို့ခဲ့ခြင်း မရှိကြောင်း RB News မှ အတည်ပြုပါသည်။
MYARF
RB News
20.9.2015
မောင်တော ။ ။ စက်တင်ဘာလ (၁၇) ရက်နေ့ နေ့လည် တစ်နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာအုပ်စု၊ နိယာရ်ဘိလ်ရွာမှ ဦးလာလူး (ဘ) ဦးဆုလ်တာန်နှင့် သူငယ်ချင်း တစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးဖြင့် ကြိမ်ချောင်းသို့ သွားနေစဉ် ငါးစကြူး လမ်းမကြီးရှိ ညောင်ပင် အနီးသို့ ရောက်သောအခါ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြာစောင့် ရဲတပ်သား ကိုကိုပျိုနှင့် အခြား နယ်ခြားစောင့်ရဲ တစ်ဦးတို့ စီးနင်းလာသည့် ဆိုင်ကယ်နှင့် မတော်မဆ တိုက်မိခဲ့သည်။
ဆိုင်ကယ်နှစ်စီးစလုံး၏ ဒူးကာများ ပျက်စီး၍ လဲကျသွားခဲ့သည်။ နယ်ခြားစောင့်ရဲများ ထိခိုက် ဒဏ်ရာရခြင်း မရှိသော်လည်း ဦးလာလူး၏ ကိုယ်ပေါ်သို့ ဆိုင်ကယ်ကျသဖြင့် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ နယ်ခြားစောင့်ရဲ များသည် လဲကျမှ ထ၍ ဆိုင်ကယ်ပိ နေသည့် ဦးလာလူးကို မထူသည့် အပြင် ဆိုင်ကယ်ပိ နေသည့် အခြေအနေတွင် လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။
ဦးလာလူးကို လူမဆန်စွာ ရိုက်နှက်နေသည်ကို ဆိုင်ကယ်နောက်မှ စီးနင်းလာသူက တွေ့နေရသဖြင့် ကြောက်ရွံ၍ ထွက်ပြေး သွားခဲ့သည်။
ထို့နောက် ဦးလာလူးကို ဆိုင်ကယ်နှင့် အတူ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လူမဆန်စွာ ထပ်မံရိုက်နှက်ကာ ဖမ်းချုပ်ထားခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးလာလူးမှာ နှာခေါင်း၊ နှုတ်ခမ်း၊ ဦးခေါင်း ကွဲပြတ်၍ သွေးများ အဆက်အပြတ် စီးခဲ့ကြောင်း သိရသည်။
ညနေပိုင်း နေ၀င်ချိန်တွင် ငါးစကြူးကျေးရွာ အုပ်ချုပ်ရေးမှူး သွားရောက်၍ နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကျပ် ၂၈၄၀၀၀ ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရခြင်းမှာ ဦးလာလူး၏ အမှား သက်သက် မဟုတ်ဘဲ နယ်ခြားစောင့် ရဲများ၏ အမှားလည်း ရှိသည်။ နယ်ခြားစောင့် ရဲများက ဟွန်းမတီးဘဲ လမ်းကွေ့မှ ၀င်ရောက်လာမှုကြောင့် တိုက်မိခြင်း ဖြစ်သည်ဟု သိရသည်။
မသိင်္ဂီထိုက်
20.9.2015
ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် တချို့နဲ့ ငြိစွန်းပြီး ပယ်ချ ခံထားရတဲ့ ကိုယ်စားလှယ်လောင်း တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ခွင့် ပြန်လည် ခွင့်ပြု ခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရရေးနဲ့ ပွင့်လင်း မြင်သာတဲ့ ရွေးကောက်ပွဲ တခု ဖြစ်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဘက်က ကန့်သတ်ချက် တချို့ကို ဖယ်ရှား ပေးစေ လိုတယ်လို့လည်း နိုင်ငံရေး ပါတီ တချို့က ပြောဆို လိုက်ပါတယ်။ မသိင်္ဂီထိုက်က စုစည်း တင်ပြ ထားပါတယ်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်ထားတာမှာ ၁၇ ဦး ပယ်ချခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း ၂ ဦးတို့ကို ပြန်ပြီး ယှဉ်ပြိုင်ခွင့်ပေးခဲ့တာပါ။ မောင်တောမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်ဇော်မြင့်နဲ့ ရန်ကုန်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်စိုးစိုးအေးတို့ကို ပြန်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပါတီရဲ့ဥက္ကဋ္ဌ ဦးကျော်မင်း က ပြောပါတယ်။ ပယ်ချခံထားရတဲ့ပါတီရဲ့ကိုယ်စားလှယ်လောင်း ၁၄ ဦးတို့ရဲ့ မိဘတွေ နိုင်ငံသားဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကို ထပ်မံ တင်သွင်းထားဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“အခိုင်အမာဆိုတာက မိဘများရဲ့မိဘ၊ အဖေအမေပေါ့၊ သူတို့ရဲ့ဘိုးဘွား၊ ဒီနိုင်ငံမှာ လာနေထိုင်ခဲ့ကြောင်း ရှိတဲ့အထောက်အထားတွေပေါ့။ လူငယ်တွေမှာ မိဘရော၊ အဖိုးအဖွားရော အမျိုးသားမှတ်ပုံတင်ရှိတယ်ဗျာ။ အသက်ကြီးတဲ့အပိုင်းမှာကျတော့ မိဘတွေ၊ အဖိုးအဖွားတွေ ….ဘယ်ရှိမလဲ၊ မရှိဘူး။ ဟိုဘက်မှာ အမျိုးသားမှတ်ပုံတင်မှ မရှိတာ။ လွတ်လပ်ရေးမရခင် ဆုံးသွားတဲ့လူတွေလေ။ မရှိကြဘူး။ ဒါပေမယ့် သူတို့နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားကို အဲဒါတွေရှာဖွေပြီး အားလုံး ကျနော်တို့တင်ထားပါတယ်။ နောက်ပြီးတော့ တချို့တွေက ဝန်ထမ်းမိသားစုတွေဖြစ်တယ်။ တချို့တွေက ၉၀ - ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့လူတွေလည်း ရှိပါတယ်။ အဲဒါတွေ စုံအောင်တော့ တင်ထားပါတယ်။ ဆုံးဖြတ်တာတော့ ကော်မရှင်ရဲ့ တာဝန်ပေါ့ဗျာ။ ဘယ်လိုလာမယ် မပြောတတ်ဘူး။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စုံညီခုံရုံးကနေ ပယ်ချခံ ကိုယ်စားလှယ်လောင်း ၁၈ ဦးတို့ထဲက ၁၁ ဦးတို့ကို ပြန်လည်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ မိဘဖြစ်သူတွေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့စွပ်စွဲချက်နဲ့ ပယ်ချခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီသစ် ပါတီက ဒေါ်စန်းစန်းမြင့်ကိုလည်း ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးသိန်းညွှန့်က အခုလိုပြောပါတယ်။
“အဲဒါက နိုင်ငံသား ဟုတ်မဟုတ် သံသယရှိတယ်ဆိုပြီးတော့ ပယ်လိုက်တာ။ ဒါက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က။ အဲဒီတော့ ကျနော်တို့က ရန်ကုန် တိုင်းကော်မရှင်ကို အယူခံတက်တယ်။ အဲဒါကို ရန်ကုန်တိုင်းကော်မရှင်က ပြန်လည် လက်မခံဘူး။ ပ,လပ်လိုက်တယ်။ အဲဒါကြောင့် ကော်မရှင်လုပ်ပိုင်ခွင့် ပြီးဆုံးသွားပေမယ့် ပါတီဥက္ကဋ္ဌအနေနဲ့ ကျနော်ကိုယ်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ပုဒ်မ ၅၄ အရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဒေါ်စန်းစန်းမြင့်ကို ပြန်လည်ခွင့်ပြုဖို့ တင်ခဲ့တယ်ပေါ့။ အဲဒီ…ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျနော် နေပြည်တော်မှာ ရွေးကောက်ပွဲအတွက် အသံသွားသွင်းနေတဲ့ ၁၈ ရက်နေ့မှာပေါ့ ပြန်လည်ပြီးတော့ သူတို့ခွင့်ပြုတဲ့အကြောင်း အကြောင်းကြားခဲ့တာ။”
ဦးသိန်းညွန့်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီသစ်ပါတီကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခု လက်ရှိအချိန်ထိတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အခက်အခဲ အနည်းငယ်ရှိနေတာကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ပယ်ချခံခဲ့ရတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကတော့ လာမယ့် ရွေးကောက်ပွဲမှာ လူနည်းစုတွေ အားလုံးပါဝင်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စဉ်းစားပေးဖို့ ပါတီဥက္ကဋ္ဌဦးကျော်မင်းက တိုက်တွန်း ပါတယ်။
“….ကျနော်တို့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ဆိုတဲ့ အချိန်ကာလ တစ်လလောက်ပဲရတယ်။ အဲဒီတော့ - အဲဒီအချိန်မှာ ကျနော်တို့ ပြင်ဆင်ရတာတွေ နည်းနည်း အခက်အခဲတွေ ရှိပါတယ်။ ရှိတဲ့ကြားကနေ အားလုံးလိုလို ပယ်တယ်ဆိုတာက ဥပဒေကြောင့် မဟုတ်ဘဲနဲ့ ကော်မရှင်ရဲ့ လက်..မှာတော့ ဒီ မူဝါဒကြောင့်ပဲလို့ ကျနော်တို့ သုံးသပ်ရတယ်။ အဲဒီတော့ အဲဒီလို ပွင့်လင်းမှုမရှိဘူးပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံတွေမှာ ကျနော်တို့ သိသလောက်ဆိုရင် လူနည်းစုတွေကို မပါ ပါအောင် စည်းရုံးခေါ်၊ လက်တွဲခေါ်တဲ့ပုံစံမျိုး ရှိပါတယ်။ အခုက ကျနော်တို့က လူနည်းစုဖြစ်လို့ နိုင်ငံတော်က လက်ရှိ အသိအမှတ်မပြုချင်တဲ့လူနဲ့ ဆို…..ဖြစ်နေတယ်။ အဲဒါကြောင့်ပယ်ချတာလို့ ကျနော်ထင်တယ်။ အဲဒီတော့ ဒီ ပေါ်လစီတွေက အားရစရာတော့ သိပ်မရှိဘူး။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စုံညီခုံရုံးကနေ ပြန်လည် အတည်ပြုပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အရင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီတဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ၂ ဦး၊ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီက ၄ ဦး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက ၂ ဦး၊ အမျိုးသား ဒီမိုကရေစီပါတီသစ်က ၁ ဦးနဲ့ တသီးပုဂ္ဂလ ၂ ဦး စုစုပေါင်း ၁၁ ဦးတို့ကို ရွေးကောက်ပွဲ ဝင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပါတယ်။

19.9.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်သည့် ဗလီနှင့် အာရဗီ စာသင်ကျောင်းများမှ ဂေါပကများကို ဆင့်ခေါ်၍ ခြိမ်းခြောက် ဆဲဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။
သြဂုတ်လတွင် ဘူးသီးတောင် မြို့နယ်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိခဲ့စဉ်က ဘူးသီးတောင် မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှိရ်အာမတ်၏ တင်ပြမှုကြောင့် သမ္မတ ဦးသိန်းစိန်က ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် အာရဗီ စာသင်ကျောင်းများ ပြုပြင်ရန် ခွင့်ပြုခဲ့သည်။
ထို့ကြောင့် ဂေါပကများက ဗလီများနှင့် အာရဗီကျောင်း အချို့၏ အမိုးအကာများ အနည်းအကျဉ်း ပြုပြင်ခဲ့သည်။
စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဖိုးခေါင်ချောင်း၊ ကကျဘက်၊ စိမ်းညှင်ပြင်၊ ဂူတာပြင်၊ ဖရုံချောင်း၊ မြောင်းနား၊ ဘုရားပြင်အောင်ပ၊ အလယ်ချောင်း၊ ကကျဘက်ကံပြင်၊ သပိတ်တောင် ကျေးရွာတို့မှ ဂေါပကများ၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် သိမ်တောင်ပြင်၊ ဒုအိုးသည်မ၊ ရွှေထား စသည့် ကျေးရွာများမှ ဂေါပကများနှင့် အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ များကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက “မင်းတို့ ဘင်္ဂလီတွေက ဒီတိုင်းပြည်ကို မင်းမဲ့ တိုင်းပြည်လို့ ထင်နေတာလား၊ ဘာကြောင့် မင်းတို့ လုပ်ချင်သလို လုပ်နေတာလဲ၊ ဒီတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ အစိုးရရှိတာ၊ ဥပဒေ ရှိတာ မင်းတို့ ဘင်္ဂလီတွေ မသိကြဘူးလား၊ ဥပဒေကို နားလည်းမလည်ဘူး၊ လိုက်နာတာလည်း မရှိဘူး၊ အသိဥာဏ် မရှိတဲ့ကောင်တွေ” ဟု ဦးစွာ ဆဲဆိုခဲ့သည်။ ထို့နောက် “မင်းတို့ ဗလီတွေ၊ အာရဗီ ကျောင်းတွေ ပြုပြင်တာ ဘယ်သူ့ဆီက ခွင့်ပြုချက်ယူခဲ့လဲ၊ ဘယ်သူတွေ လုပ်နေတယ်၊ ဘယ်နှစ်ကျောင်း ပြင်ခဲ့တယ် ဆိုတာ ငါတို့ အားလုံးသိတယ်၊ အားလုံး အရေးယူခံရမယ်၊ နောက်ထပ် ဗလီတွေ အာရဗီကျောင်းတွေ သက်ဆိုင်ရာက ခွင့်ပြုချက် မရဘဲ ပြုပြင်ရင် ကျောင်းတွေ၊ ဗလီ ပိတ်ခံရမယ်၊ လုပ်တဲ့သူတွေလည်း ထောင်ချခံရမယ်” ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
၎င်းက အကယ်၍ ပြုပြင်လိုပါက သက်ဆိုင်ရာမှ ခွင့်ပြုချက် ယူ၍ ပြုပြင်နိုင်ကြောင်း ပြောကြားသော်လည်း ဂေါပက များက ခွင့်ပြုချက် ယူပါက ငါးသိန်း ကုန်ကျမည့် အလုပ်တစ်ခု အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သာသနာရေး ဦးစီးဌာနမှူး တို့ကို ဆယ်သိန်းမက ပေးရသည့် အတွက် ခွင့်ပြုချက် တောင်းခံရန် ၀န်လေး နေကြသည်။ ငွေပေးပါကလည်း ခွင့်ပြုချက်ကို ချက်ချင်း မပေးဘဲ ခြောက်လ၊ တစ်နှစ်ထိ အချိန်ဆွဲလေ့ ရှိသည်ဟု သိရသည်။
ခွင့်ပြုချက် ပေးလျှင်လည်း အလျား၊ အနံ အတိအကျ သတ်မှတ်ပေးပြီး၊ ခွင့်ပြုသည်ထိ တစ်လက်မ၊ တစ်ထွာ ပိုလျှင်လည်း ပြန်လည်၍ ဖျက်ခိုင်းပြီး၊ အရေးယူခြင်းခံရသည်။ ခွင့်ပြုချက်ကိုလည်း ၀ါး၊ ဓနိ၊ သက္ကယ်မိုး အတွက်သာ ခွင့်ပြုပြီး၊ သွပ်မိုးနှင့် အုတ်ကာ အတွက် ခွင့်ပြုခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
19.9.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြိုကနယ် ဘဂုံးနား ကျေးရွာအုပ်စု ကန်ကြီးပြင်ရွာ (ဖာစ်ကော်ရိဘိလ်) မှ ဦးဒီလူးနှင့် ဦးအာဘူရှောမား တို့၏ သားတို့သည် ရခိုင်အစွန်းရောက် ၉၆၉ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး၏ ခိုင်းစေမှုအရ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဘဂုံးနား ကျေးရွာအုပ်စု ကန်ကြီးပြင်ရွာမှ ဦးမော်နို၏ ခြံဝင်း ထဲရှိ ၀ါးနက်တောထဲတွင် ဖောက်ခွဲရေး ပစ္စည်း အချို့ ထည့်သွင်း ပေးခဲ့သည်။ ထို့နောက် ၎င်းတို့ သုံးဦးသည် ဦးမော်နို၏ အိမ်တွင် ဖောက်ခွဲရေး ပစ္စည်းများ စုဆောင်း ထားသည်ဟု ဘူးသီးတောင် မြို့မ ရဲစခန်းနှင့် စစ်ဗျူဟာသို့ အကြောင်းကြားခဲ့သည်။
ယင်းနေ့ ည ၇ နာရီအချိန်တွင် စစ်ဗျူဟာမှ G-2 အပါအ၀င် ကားသုံးစီးဖြင့် စစ်သားများ၊ ဆိုင်ကယ် ၁၅ စီးဖြင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦး၊ အမှတ် (၁၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးနှင့် နယ်ခြားစောင့်ရဲများသည် ကန်ကြီးပြင်ရွာသို့ သွားရောက်၍ ရွာကို ၀န်းရံ ပိတ်ဆို့ကာ ဦးမော်နို၏ အိမ်နှင့် ခြံဝင်းကို စစ်ဆေးကြရာ ၀ါးနက်တော ထဲတွင် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိခဲ့သည်။ စစ်ဆေးသည့် အချိန်တွင် ဦးမော်နိုတို့ သားအဖ နှစ်ဦး အိမ်တွင် မရှိသောကြောင့် ဦးမော်နို၏ ဇနီးနှင့် ချွေးမ တို့ကို ဖမ်းဆီးခဲ့သည်။ ထိုအချိန်တွင် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရဲများကို ဦးမော်နိုမှာ အစွန်းရောက် သမား တစ်ဦး မဟုတ်ကြောင်း၊ အများ ကြည်ညို လေးစားသည့် လူကြီးလူကောင်း တစ်ဦး ဖြစ်ကြောင်း၊ ယခု ရှာဖွေတွေ့ရှိသည့် ပစ္စည်းများမှာ ဦးမော်နို စုဆောင်း ထားသည့် ပစ္စည်းများ မဖြစ်နိုင်ကြောင်း၊ သတင်းပို့ခဲ့သူများ၏ လုပ်ကြံ ဖန်တီးမှုသာ ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။
စစ်ဆေးနေသည့် အချိန်တွင် ဦးမောင်လှိုင်စိုး၏ ခိုင်းစေချက်ဖြင့် ဖောက်ခွဲရေး ပစ္စည်းများ ဦးမော်နို၏ ခြံဝင်း အတွင်းတွင် ထားပေးခဲ့သည့် ဦးဒီလူးနှင့် ဦးအာဘူရှောမား၏ သားဖြစ်သူလည်း ရဲများ၊ စစ်သားများနှင့် အတူ ရှိနေခဲ့ရာ၊ ရဲများနှင့် စစ်သားများက ၎င်းတို့ကိုလည်း စစ်ဆေးရန် လိုအပ်သည်ဟု ဆိုကာ ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက ဦးမော်နိုကို ရဲစခန်းသို့ ခေါ်သွားကာ စစ်ဆေးခံစေခဲ့သည်။ ရဲများနှင့် စစ်သားများက ဦးမော်နိုကို စစ်ဆေး၍ လူကောင်း ဖြစ်သည်ဟု သိရှိသွားပြီး ၎င်းနှင့် အတူ ဇနီးနှင့် ချွေးမ ဖြစ်သူတို့ကိုပါ လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ထို့နောက် ဦးဒီလူးနှင့် ဦးအာဘူရှောမား၏ သားဖြစ်သူတို့ကို ဆက်လက် စစ်ဆေးခဲ့ရာ ၎င်းတို့သည် ဦးမောင်လှိုင်စိုးနှင့် ပူးပေါင်း၍ လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့ကို နှစ်ဦးကို ဆက်လက် ထိန်းသိမ်း ထားသော်လည်း အမှုတွင် အဓိက တရားခံ ဖြစ်သူ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
19.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများ ဖြစ်ကြသည့် တပ်သား ဇော်ဇော်၊ တပ်သား အောင်ကျော်မင်း၊ ဒုတပ်ကြပ် ခင်လှိုင်၊ စခန်း တာဝန်ခံ ရဲအုပ်တို့သည် ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် လုပ်ကြံ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
သြဂုတ်လ (၃၁) ရက်နေ့တွင် တပ်သား အောင်ကျော်မင်း အပါအ၀င် နယ်ခြားစောင့်ရဲ အချို့သည် ကြိမ်ချောင်း - တောင်ပြို လမ်းရှိ တံတားပေါ်မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများကို စစ်ဆေးပြီး အမျိုးမျိုး လုပ်ကြံ ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးမာမတ်အာမီးန်၏ သမီး ဒေါ်ဟာလေဒါဘေဂမ်သည် တောင်ပြို လက်ဝဲမြို့နယ်ခွဲ၊ ဇီးပင်ချောင်းရွာမှ နေအိမ်သို့ ပြန်လာနေစဉ် တပ်သား အောင်ကျော်မင်းက သူမ၏ လက်ဆွဲအိတ်ကို စစ်ဆေး၍ ဆေးစာ တစ်စောင် တွေ့သည့်အခါ တရားမ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ပြီး ပြန်လာသည်ဟု စွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
စက်တင်ဘာလ (၇) ရက်နေ့တွင် တပ်သား ဇော်ဇော်၊ ကြိမ်ချောင်း ကျေးရွာမှ ဦးနူရ်ဂျူဟာရ်နှင့် စခန်း တာဝန်ခံ ရဲအုပ်တို့သည် ကြိမ်ချောင်း ကျေးရွာအုပ်စု အလယ်ရွာမှ ဦးပူတိယား (ခ) ဦးအောင်ကြီး (ဘ) ဦးနူရူဟောက်၏ Lifan ကားသည် အောင်စစ်ပြင် ကျေးရွာမှ အပြန် လမ်းပေါ်မှ ဆင်းသွားခဲ့သည်ဟု ဆိုကာ ဦးပူတိယားကို ဖမ်းဆီး ချုပ်နှောက်ကာ ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ရှစ်သောင်း ညှစ်ယူခဲ့သည်။
စက်တင်ဘာလ (၉) ရက်နေ့တွင် မောင်နှမ ကျေးရွာမှ ဦးမာမတ်အီလီယာစ်သည် ကြိမ်ချောင်းဈေးမှ ဆိုင်ကယ်စီး၍ ကြိမ်ချောင်း ကျေးရွာအုပ်စု ရွာသစ်သို့ သွားနေစဉ် မြိုလူမျိုး တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသည်ဟု တပ်သား အောင်ကျော်မင်းနှင့် ဦးနူဂျူဟာရ်တို့က လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။
နယ်ခြားစောင့်ရဲများက ဒေသခံများထံမှ ညှစ်ယူ၍ ရသည့် ငွေများထဲမှ စခန်းတာဝန်ခံကို ဝေစု တစ်ဝက် ပေးရသည်ဟု သိရသည်။ စခန်းတာဝန်ခံ ရဲအုပ်က ဝေစုတစ်ဝက် ရရှိသောကြောင့် ၎င်း၏ လက်အောက်ငယ်သား များကို မတရားသဖြင့် ငွေညှစ်ရန် အမြဲအားပေးလေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။ ၎င်းကိုယ်တိုင် ကြိမ်ချောင်း ဈေးသို့ သွားရောက်၍ ဈေးသည်များထံမှ ငွေတောင်းသည့် အခါ ဈေးသည်များက ငွေမပေးပါက လူနှင့် ပစ္စည်းများကို ကန်ကျောက် ပျက်စီးလေ့ ရှိသည့် အပြင် နေ့စဉ် နေ့တိုင်း ဆိုင်ကယ်စီး၍ ရွာများ အထဲသို့ ၀င်ရောက်ကာ လမ်းတစ်လျှောက် တွေ့ရှိသမျှ ရိုဟင်ဂျာများကို အစိမ်းနုရောင် ကဒ်ပြား ပြခိုင်းပြီး၊ မပြနိုင်သူများကို လူမျိုးဘာသာ ခွဲခြား၍၊ တိရစ္ဆာန်နှင့် နှိုင်းယှဉ်ကာ စော်ကား ဆဲဆို၍ ရိုက်နှက်ကြောင်း ဒေသခံများက ပြောပါသည်။
19.9.2015
အမေရိကန် ပြည်ထောင်စု Texas ပြည်နယ်မှာ အိမ်မှာ တီထွင်ထားတဲ့ နာရီ တလုံး ကျောင်းကို ယူသွားခဲ့လို့ အဖမ်းခံခဲ့ ရတဲ့ အသက် ၁၄ နှစ်အရွယ် မူဆလင် ကျောင်းသားလေးကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြား လိုက်ပါတယ်။
Texas ပြည်နယ် Dallas အထက်တန်းကျောင်းက ကိုးတန်းကျောင်းသား Ahmed Mohamed ဟာ သူ့ အိမ်မှာ တီထွင်ထားတဲ့ Circuit Board နဲ့ ၀ါယာတွေ ဆင်ထားတဲ့ နာရီကို တနလာင်္နေ့က ကျောင်းကို ယူလာတဲ့အချိန်၊ သူ့ရဲ့ အင်္ဂလိပ်စာဆရာမက ဗုံးလို့ ထင်ပြီး ရဲကို အကြောင်းကြားခဲ့တာတာကြောင့် ယာယီ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်း လူနည်းစုတွေနဲ့ မူဆလင်တွေကို ကြောက်ရွံ့မုန်းတီးစိတ်ကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အခုတော့ Ahmed Mohamed ကို သမ္မတအိုဘားမားက ရှေ့လ ၁၉ ရက်၊ အိမ်ဖြူတော် မျက်ခင်းပြင်မှာ ကျင်းပမယ့် ကြယ်တွေစုံတာကို ကြည့်မယ့် ည အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ တခြား သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အာကသယာဉ်မှုးတွေ ကျောင်းသူကျောင်းသားတွေနဲ့အတူ အခမ်းအနားကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
သူ့ကို ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်က ထောက်ခံထားသလို၊ Facebook ကို တည်ထောင်သူ Mark Zuckerberg ကလည်း ဖိတ်ကြားထားပါတယ်။
တခြား ကျောင်းသားတွေကိုလည်း Ahmed Mohamed လို သိပ္ပံပညာကို စိတ်ဝင်စားအောင် တိုက်တွန်းဖို့ လိုမယ့်အကြောင်းနဲ့ ဒီလို တိုက်တွန်းနိုင်မှာလည်း အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်တဲ့ နိုင်ငံတခုဖြစ်အောင် တည်ဆောင်နိုင်မှာ ဖြစ်တဲ့အကြောင်း သမ္မတအိုဘားမားက Twitter လူမှုကွန်ယက်ကတဆင့် ချီးကျုးပြောဆိုထားပါတယ်။

အင်ကြင်းနိုင်
19.9.2015
မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေ မရှိဘူးလို့ ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီ အစည်း အဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ် က ပြောကြား လိုက်ပါတယ်။ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေ မြန်မာနိုင်ငံ တွင်း ဖြစ်ပေါ်နေတယ် ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ ပြောဆိုထောက်ပြ ချက်တွေကို တုန့်ပြန်ရင်း မြန်မာအစိုးရ ကိုယ်စားလှယ်က အခုလို ပြောဆို လိုက်တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာလ (၁၄)ရက်နေ့ ကနေ အောက်တိုဘာလ (၂)ရက်နေ့ထိ ကျင်းပနေတဲ့ အကြိမ် (၃၀)မြောက် လူ့ အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ဆုတ်ယုတ်လာနေတယ် ဆိုပြီး နိုင်ငံတကာ က ဝေဖန်ပြောဆိုနေကြတာပါ။
ပြီးခဲ့တဲ့တနင်္လာနေ့က စတင်ကျင်းပတဲ့ ညီလာခံမှာလည်း ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေဟာ ကျဉ်းမြောင်း လာတဲ့အပြင် ခွဲခြားဆက်ဆံမှုတွေဖြစ် လာနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တဲ့အကြောင်း ထောက်ပြပြောဆိုသွားပါတယ်။
အခုလို နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန် ပြောကြားချက်တွေကို လူ့အခွင့်အရေးကောင်စီ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် ဒေါ်သက်သဉ္ဇာထွန်းက မနေ့က အခုလိုတုန့်ပြန်ပြောဆို သွားပါတယ်။
"မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့ ယဉ်ကျေးမှုပေါင်းစုံ ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းပဲ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေကို တားမြစ် ထားတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ လိုက်နာ ကျင့်သုံးခွင့်တို့ကို ပြဋ္ဌာန်း ထားတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုတို့ကိုလည်းပဲ အသိအမှတ်ပြု ထားတယ်။ ဘယ်ဘာသာရေးနဲ့မဆို သက်ဆိုင်တဲ့နေရာတွေကို ထိပါးစော်ကားရင် တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဟာ မြန်မာနိုင်ငံမှာ အခိုင်အမာတည်ရှိနေပါတယ်။
အဲဒီလို အခြေအနေကောင်းတွေ မမြင်တဲ့သူကတော့ အမှန်အတိုင်း မကြည့်တတ်လို့ပဲဖြစ်ပါလိမ့်မယ်။"
ဒါပေမဲ့လည်း ရွေးကောက်ပွဲအတွက် ဘာသာရေးကို အကြောင်းပြပြီး မြန်မာအစိုးရ ကိုယ်တိုင် မဲဆွယ် စည်းရုံးနေတာတွေ ရှိနေတယ်လို့ မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။
"အစိုးရကိုယ်တိုင်ကိုက အခုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာသာရေးကို အကြောင်းပြပြီးတော့ မဲဆွယ်စည်းရုံးနေတဲ့ ကိစ္စရပ်တွေက သိသိသာသာ ဖြစ်ပေါ်နေတယ် ဆိုတာကို ကျနော်တို့ ပြည်တွင်းက လာတဲ့ သတင်းတွေအရ ကျနော်တို့ ကြားသိရတယ်။ အထူးသဖြင့်ကတော့ ဗုဒ္ဓဘာသာ လူမျိုး အများစုဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ဘာသာရေးကို အကြောင်းပြပြီး မျိုးစောင့် ဥပဒေပြဋ္ဌာန်းတဲ့ ကိစ္စရပ်တွေလိုမျိုး နောက်တခါ ဆရာ ဒကာ ကိစ္စရပ်တွေမှာ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေ တော်တော်များများ ရှိနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရတယ် သို့သော်လည်းပဲ အစိုးရဘက်ကတော့ အခုချိန်အထိ ငြင်းကွယ်နေဆဲ ပဲဖြစ်တယ်။ တူညီတဲ့အခွင့်အရေးတွေ အကုန်လုံး ပေးထားတယ်ဆိုတာကို အကြောင်းပြပြီးတော့ ခုခံခြေပနေတယ်ဆိုတာတွေကို ကျနော်တို့ တွေ့ရပါတယ်။"
နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ မြန်မာ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲမှု ကို စမ်းသပ်စစ်ဆေးမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီး Swire ကလည်း လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောသွားတာပါ။
ရွေးကောက်ပွဲမှာ တရားမျှတမှု လွတ်လပ်မှုရှိဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံတကာက လိုလားနေကြပေမယ့် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် ဘက်လိုက်ပြီး လက်ရှိအာဏာရပါတီ အနိုင်ရရေး ဘက်ပေါင်းစုံကကြိုးပမ်းနေတာတွေ့ရတယ်လို့ ဦးမင်းလွင်ဦးကဆိုပါတယ်။
" ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မျှမျှတတ စဉ်းစားမှု မရှိဘူးဆိုတာ ကျနော်တို့ သိရတယ်။ ဥပမာ ပြည်ထောင်စုရုံးဝန်ကြီးဖြစ်တဲ့ ဦးသိန်းညွှန့်ရဲ့ မိဘနှစ်ပါးဟာ တရုတ်ဖြစ်သော်လည်းပဲ အချိန်နှောင်းသွားတဲ့အတွက် ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကန့်သတ်ပြီးတော့ ကန့်ကွက်လို့ မရဘူးဆိုပြီးတော့ အကြောင်းပြတဲ့ကိစ္စကတော့ တော်တော်မှပင် ဘက်လိုက်တဲ့ ကိစ္စမျိုးဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။
ဒါကြောင့် ကျနော်တို့ကတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲလို မဟုတ်ပဲနဲ့ အစိုးရကိုယ်တိုင် ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတာကို သိသိသာသာ ကျနော်တို့ တွေ့ရတယ်လို့ ပြောချင်ပါတယ်။"
ဒီအတောအတွင်းမှာပဲ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲအတွက် ဘာသာရေးကို ခုတုံးလုပ်အသုံးချမှုတွေရှိလာမှာကို စိုးရိမ်မိကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး အပါအ၀င်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံခြားသံရုံး (၉)ရုံးက စက်တင်ဘာလ (၁၅)ရက်နေ့ ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ရွေးကောက်ပွဲကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ၊ ဘက်လိုက် ခွဲခြားမှုမရှိဘဲ တရားမျှတစွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့ အတွက် အခုလိုကြေညာချက်ကြောင့် အထင်အမြင်လွဲမှားပြီး သံသယတွေပေါ် လာနိုင်တယ်ဆိုပြီး နိုင်ငံခြားသံရုံးတွေရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း မြန်မာအစိုးရဘက်က မနေ့က တုန့်ပြန်ထားပါတယ်။

| ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ဓါတ်ပုံ - ဧရာဝတီ) |
19.9.2015
အဲဒီ လူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ် ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက် အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများစာရင်း စိစစ်ထုတ်ပြန်ခဲ့ရာတွင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို ဧရာဝတီ သတင်း ဌာနမှ ထွန်းထွန်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စာရင်တင်သွင်းခဲ့ရာ တွင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခံခဲ့ရသူထဲများမှ တဦး အပါအ၀င် ဖြစ်သည်။
မေး။ ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။
ဖြေ။ ။ ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေမှာတော့ နိုင်ငံသားစိစစ်ရေး လက်မှတ်ရှိသူတွေ၊ အမျိုးသား မှတ်ပုံတင် ကိုင် ဆောင် သူတွေ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး နောက်ပိုင်းကျတော့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက် အထား ပြရမယ်လို့ ပြောလာတယ်။ ကျနော်တို့ကတော့ မိဘနှစ်ပါးက နိုင်ငံသားဖြစ်တဲ့ အပေါ်မှာ ဘာမှသံသယ မရှိပါဘူး။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လွှတ်တော်ရွေးကောက်ပွဲမှာကတည်းက ကျနော် တို့က ရွေးချယ်ခံခွင့်လည်း ရှိခဲ့တယ်။ မဲပေးခွင့်လည်း ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲအထိ ကျနော်တို့ကို အမျိုးသား မှတ်ပုံတင်မရှိလို့၊ နိုင်ငံသားကတ် မရှိလို့ဆိုပြီး ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ မပြောခဲ့ဘူး။
အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ်ဆိုမှ ကျနော်တို့ကို ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ်မှာ ၁၁ ဦး၊ ရန်ကုန်တိုင်းမှာ ၇ ဦး ကိုယ်စားလှယ်လောင်း တင်ခဲ့တာ ရခိုင်မှာ အကုန် အပယ်ခံရတယ်။ ရန်ကုန်မှာက ၆ ဦး အပယ်ခံရတယ်။ အဲဒီထဲက ရန်ကုန်က ကမန်လူမျိုးတဦးကတော့ အယူခံ မ၀င်တော့ဘူး။ ကျန်တဲ့ ရခိုင်နဲ့ ရန်ကုန်က ၁၆ ဦး အယူခံ ၀င်ရာမှာလည်း ၁၅ ဦးကို ပယ်ချကြောင်း အကြောင်းပြန်လာတယ်။ တယောက်ကိုတော့ အကြောင်းမပြန်သေးပါဘူး။
ဒီကိစ္စက ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ တော်တော် အရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်နေပြီး နှစ်ပေါင်း ၇၀ လောက် ဒီနိုင်ငံမှာနေ လာပြီးမှ အခု နိုင်ငံသား မဖြစ်ဘူးဆိုတာက လူမျိုးတခုလုံးကို ထိခိုက်စေပါတယ်။ ကျနော်တို့လည်း တော်တော်စိတ်မကောင်း ဖြစ် တယ်။
မေး။ ။ ဦးကျော်မင်းတို့ ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဘာကြောင့် ပယ်ချခဲ့တာပါလဲ။
ဖြေ။ ။ ခရိုင် ကော်မရှင်ကရော၊ ပြည်နယ်ကော်မရှင်ကပါ ပယ်ချခဲ့တဲ့ အဓိက အကြောင်းက မိဘနှစ်ပါးက နိုင်ငံသား ကတ် ကိုင် ဆောင် ထားခြင်း မရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ပယ်ချလိုက်တယ်လို့ပဲ ပြောတယ်။ အားလုံး ကို အကြောင်းပြချက်က ဒီအတိုင်းပဲ။ ကျနော်တို့သိထားတာက ဒီနိုင်ငံမှာ နိုင်ငံသားကတ်ကိုင်ဆောင်ထားတာ တယောက်မှမရှိသေး ဘူး။ အားလုံးက နိုင်ငံသား စိစစ်ရေးကတ်ပဲ ရှိကြတယ်။ နိုင်ငံသား လက်မှတ်ဆိုတာ လ.၀.က နည်းပဒေတွေ အရ ပုံစံ ၆ ကို ပြော တာ။ အခု ရထားတဲ့ ပန်းရောင်ကတ်က ပုံစံ ၆ (က) ပဲ ရှိသေးတယ်။
ကျနော်တို့ အိမ်ထောင်စု ဇယားတွေ၊ ကျောင်းတက်တာတွေမှာလည်း အမျိုးသားမှတ်ပုံတင် နံပါတ်တွေနဲ့ပဲ အားလုံး လုပ်ခဲ့ကြတာပဲ။ အင်္ဂလိပ်ခေတ်မှာ အမျိုးသား မှတ်ပုံတင်ကတ်လည်း မရှိဘူး။ နိုင်ငံသားကတ်လည်း မရှိခဲ့ဘူး။ ကျနော် အသက် ၇၀ ရှိပြီ။ ကျနော့် အဖေတွေ၊ ဘိုးဘွားတွေ မှတ်ပုံတင် ပြန်ထုတ်ပေးပါဆို ကျနော်ဘယ်က သွားထုတ်ရမလဲ။ ဒါဟာ ယုတ္တိဗေဒ မကျဘူး။ တခြား အခွန် ဆောင်တာတို့၊ အထောက်အထားတို့ ဆိုရင်တော့ ပြလို့ရတာပေါ့။ အယူခံ ပြန်တင်တော့လည်း ဒီလို အချက်အလက်တွေ တင်ပြ ခဲ့ပေမယ့် သူတို့က မစဉ်းစားတော့ ကျနော်တို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။
အခု လွှတ်တော်မှာ ရောက်နေသူတွေ၊ ခေါင်းဆောင်တွေရဲ့ မိဘ၊ ဘိုးဘွားတွေလည်း အမျိုးသား မှတ်ပုံတင်ပဲ ကိုင်ကြတာပဲ။ အရင် ခေတ်ကဆို ဘာကတ်မှ မရှိကြပါဘူး။ အဲဒီတော့ အမျိုးသားမှတ်ပုံတင် ကိုင်တဲ့သူက နိုင်ငံသား မဟုတ်ဘူးဆိုရင် ဒီလူတွေရဲ့ မိဘ၊ ဘိုးဘွားတွေကိုရော နိုင်ငံသား ဖြစ်တယ်လို့ ဘယ်လိုပြောမလဲ။ အဲဒီတော့ နိုင်ငံသားဆိုတာ ဥပဒေအရ မဟုတ်ဘဲ လူမျိုးအရ၊ ရုပ် သဏ္ဌာန်အရ ဆုံးဖြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။
မေး။ ။ အခုလို ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့အတွက် ဦးကျော်မင်းတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာပါလဲ။
ဖြေ။ ။ ဒါက ပေါ်လွင်နေတာပဲ။ ကျနော်တို့ လျှောက်လွှာတွေမှာ ရိုဟင်ဂျာလို့ထည့်ရင် အစိုးရက ပယ်ချနိုင်တယ် ဆိုပြီးတော့ ကျနော်တို့တွေအားလုံး ကမန်၊ မြန်မာ/အစ္စလမ် စသည်ဖြင့် သူ့ဟာနဲ့သူ ထည့်ပြီး လျှောက်ကြရတာ။ ဒါပေမယ့် ကော်မရှင်က ဒီလူတွေရဲ့နေရာတွေ နာမည်တွေကို ကြည့်ပြီးပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေး ခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ် စား ပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စားပြုခွင့်မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ် တယ်။ ကျနော်တို့က တခါမှ မရဘူးတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာ မဟုတ်ပါဘူး။
ကျနော်တို့ သုံးသပ်တာက လူမျိုး၊ ဘာသာဆိုတာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ နိုင်ငံ့အရေးအတွက် ဒီနိုင်ငံမှာရှိတဲ့ လုပ်အားရှင် အားလုံး ပါဝင်သင့်တယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်း၊ ဉာဏ်ရည်တွေကို အသုံးချနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အခု ကျနော်တို့ကို ပယ်ချခဲ့တဲ့အတွက် “မင်းတို့က နိုင်ငံသားတွေ မဟုတ်ဘူး။ မကြာခင် မင်းတို့ ထွက်သွားရတော့မှာ” ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ကြားရပါတယ်။ တနည်းအားဖြင့်လည်း ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်တယ်လို့ ကျနော် မြင်ပါတယ်။
မေး။ ။ ဦးကျော်မင်း အနေနဲ့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဘယ်လို ပြောရမလဲ၊ မကောင်းဘူးပေါ့။ တိုင်းပြည်အတွက် မကောင်းဘူး။ နိုင်ငံတကာက နိုင်ငံကို မျက်စိ ဒေါက်ထောက် ကြည့်နေတာ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာမှာ တိုင်းပြည်မှာရှိတဲ့ လူမျိုးစုအားလုံး တူညီမျှတတဲ့ အခွင့်အရေး ရသလား။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်အဖွဲ့တွေ လက်ခံနိုင်တဲ့ ပုံစံနဲ့ လုပ်နေတာ လား။ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ လုပ်နေသလားဆိုတာ သူတို့က စောင့်ကြည့်နေတာပဲ။ သူတို့ရဲ့ စံနှုန်းတွေထဲမှာ မ၀င်ဘူးဆိုရင် ကမ္ဘာက မကူညီတော့ဘူး။ အဘက်ဘက်က ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ မပါဘဲ မဖြစ်နိုင်ဘူး။
အခု ရခိုင်တွေမှာ အထူးသဖြင့် လူငယ်တွေမှာ နိုင်ငံရေး အတွေးအခေါ်တွေက ပြောင်းသွားပြီ။ ဒီလူတွေကို နှင်ထုတ်မှ ရမယ်။ ဒီလိုပဲ ဖြစ်နေတာ။ သူတို့နဲ့အတူ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်ဖို့ကို မတွေးတော့ဘူး။ အခုအစိုးရ လုပ်လိုက်တာက ဒါကို မြှောက် ပေး နေသလို ဖြစ်နေတယ်။ လက်ရှိ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ ဒါကို မထိန်းနိုင်ရင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိဘူး။ စီးပွားရေး တွေ ထိခိုက်မယ်။ ကျနော်တို့ကတော့ တဦးနဲ့တဦး မှီခိုပြီးတော့ သင့်သင့်မြတ်မြတ်ပဲ နေချင်တယ်။ ခေါင်းဆောင်လုပ်နေသူတွေကတော့ အမြော်အမြင်ကြီးတဲ့သူတွေပဲ။ အခုလို လုပ်နေတာက ရည်ရွယ်ချက်တခုနဲ့ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒီမိုကရေစီခေတ် မှာ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ လူတစုရဲ့ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။
မေး။ ။ အယူခံဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ထပ်ပယ်ချ ခံထားရတော့ ဦးကျော်မင်းတို့ ဘယ်လို ဆက်လုပ်သွားဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတွေမှာ ညှိနှိုင်းပြီး ဆက်လုပ်သင့်တာတွေကို ဆက်ပြီး လုပ်သွားရမှာပါ။ အဓိကအနေနဲ့ ကော်မရှင်က မှားသလား။ ကျနော်တို့က မှားသလား ဆိုတာကို ဗဟိုအစိုးရက စိစစ်ပြီး ဆုံးဖြတ်ပေးလို့ရအောင် ကျနော်တို့က ဗဟိုအစိုးရကို စာတင်ပြဦးမယ်။ အဲဒီမှာမှ ခရီး မရောက်သေးရင်တော့ ဘာဆက်လုပ်ရမလဲ ဆိုတာ ကြိုပြောဖို့ ခက်နေပါသေးတယ်။
မေး။ ။ ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီတခုက အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်ရင် ပါတီဖျက်သိမ်းရမယ် ဆိုတော့ ဦးကျော်မင်းတို့ ပါတီအနေနဲ့ အဲဒီအပေါ် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ ပါတီမှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေမှာတော့ ပါတီတခုဟာ ရွေးကောက်ပွဲကို အနည်း ဆုံး ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဉ်ပြိုင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ပါတီဖျက်သိမ်း ခံရမယ်ပေါ့။ အခု ဦးတို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း အားလုံးနီးပါးကို ပယ်ချလိုက်တယ်ဆိုတော့ ပါတီကို မရပ်တည်စေချင်လို့၊ ဖျက်သိမ်း စေချင်လို့လား။ တိုက်ဆိုင်မှုပဲ လား။
ဒါမှမဟုတ် ဦးတို့အားလုံးက နိုင်ငံခြားသားမို့လို့လား ဆိုတာ ဗဟိုအစိုးရက ဆုံးဖြတ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီ လို ဖြစ်လာရင်တော့ အယူခံဖို့ ရှိတယ်။ အဲဒါမှ မရရင်တော့ တရားပြန်စွဲဖို့ပဲ ရှိတော့တယ်။ အခုတော့ ကျနော်တို့မှာ ဘယ်လိုအကြောင်းပြချက် ဘယ်လိုလုပ်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့ စိုးရိမ်နေတယ်။
မေး။ ။ ဦးကျော်မင်းတို့ ပါတီက ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းကရော ဘယ်မဲဆန္ဒနယ်က ၀င်ပြိုင်မှာပါလဲ။
ဖြေ။ ။ ပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်တာမှာ ၁ ဦးပဲ ပြိုင်ခွင့်ရတယ်။ သူက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွက် ပန်းပဲတန်းမြို့နယ်ကနေ ၀င်ပြိုင်မယ့် ဒေါ်ကျိုကျိုဝင်း၊ သူတဦးပဲ ရှိတယ်။ နောက်တဦးကတော့ ပန်းပဲတန်းကပဲ ဒေါ်ချိုချို၊ သူ့ကိုတော့ အယူခံ ပြန်ဝင်ထားတာ ပယ်မပယ်က တရားဝင် မထုတ်ပြန်ပေးသေးဘူး။ ကျနော်တို့ကတော့ သူ့ကိုလည်း အတည်ပြုတယ်လို့ ယူဆထားတယ်။ ဒီ နှစ်ယောက်တည်း ရှိရုံနဲ့တော့ ပါတီက ရပ်တည်လို့ မရဘူး။
မေး။ ။ ဦးကျော်မင်းအနေနဲ့ရော လာမယ့်ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ထင်ပါလား။
ဖြေ။ ။ အခု ကိုယ်စားလှယ်လောင်း ပယ်ချမှုတွေ ရှိနေတယ်။ အဲဒါတွေကို ခိုင်လုံတဲ့ ဥပဒေကြောင်းလည်း မပြနိုင်ရင် ဘယ်လို လုပ်ပြီးတော့ တရားမျှတမှု ရှိမလဲ။ လွတ်လပ်မှု ရှိမလဲ။ သိသာမြင်သာ မရှိဘဲ တဖက်သတ် ဖြစ်သွားမယ်လို့ မြင်တယ်။ အစိုးရက လုပ်တာ မဟုတ်ဘူး၊ ကော်မရှင်က လုပ်တာလို့ ပြောချင်ပြောမယ်။ ကျနော်တို့ မြင်တာတော့ အစိုးရလည်း ကော်မရှင်၊ ကော်မရှင် လည်း အစိုးရပဲ။ အစိုးရခန့်တဲ့သူပဲ ကော်မရှင် ဖြစ်နိုင်တာကိုး။ အခုလည်း တ၀က်လောက် ပါနေတာပဲ။
မေး။ ။ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် အပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ပြောရရင် အများကြီးပဲ။ မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲ ပါသွားတာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ပဲ။ မမှန်ကန်တဲ့ အုပ်ချုပ်မှုတွေကြောင့်ပေါ့။ အခု အဲဒီလူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ်ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။ အပြောင်း အလဲ မရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ဒါကို လူထုကပဲ ရွေးချယ်ရမယ်။ ဒီလို ရွေးချယ်တဲ့နေရာမှာ လူထုနဲ့ ထိုက်တန်တဲ့ အစိုးရ ကို ရလာမှာပေါ့။
မေး။ ။ လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်မှာရော ဦးကျော်မင်း ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ နိုင်ငံရေးက ဘယ်လိုလာဦးမယ်ဆိုတာ ပြောဖို့က စောနေပါသေးတယ်။ နိုင်ငံရေးသမားတွေထဲမှာလည်း စစ်မှန်သော ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ချင်သူရှိသလို မိမိအာဏာ ရရှိရေးအတွက် ကြိုးစားတဲ့ နိုင်ငံရေးသမားလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို အုပ်စုကများရင် နိုင်ငံရေး အပြောင်းအလဲက ဖြစ်မလာနိုင်ဘူး။ နိုင်ငံအတွက် အကျိုးရှိတာကိုပဲ ငါတို့လုပ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့။ အခုလောလောဆယ်တော့ နေရာမရခင် ပြောတာက တမျိုး၊ နေရာရပြီးသွားရင် ပြောတာကတမျိုးပဲ ဖြစ်နေသေး တယ်။
မေး။ ။ ဦးကျော်မင်း ကိုယ်တိုင်ရော ဘယ်မြို့နယ်ကနေ ၀င်ပြိုင်ဖို့ စာရင်းပေးခဲ့တာပါလဲ။
ဖြေ။ ။ အရင်တုန်းက ၁၉၉၀ ခုနှစ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြိုင်ခဲ့တာ။ အခု ၂၀၁၅ မှာလည်း ဘူးသီးတောင်မြို့နယ်ကနေပဲ ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း တင်ခဲ့တာ။ အခုတော့ ပယ်ချခံခဲ့ရတယ်။ ကျနော်တို့က နိုင်ငံခြားသားဆို ဘာလို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ၀င်ပြိုင်ခွင့်ရပြီး အနိုင်ရတာပါလဲ။
အခု သူတို့က အဲဒီတုန်းက သေချာမစိစစ်ခဲ့ရလို့ပါလို့ ပြောတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ အဲဒီတုန်းက စိစစ်ခဲ့တာက မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့် စစ်ဆေးပြီးမှ အတည်ပြုပါသည် ဆိုပြီး ပေးခဲ့တာပါ။ ပေးနိုင်တဲ့ ဥပဒေလည်း ရှိတယ်။ မပေးချင်လည်း ဥပဒေ ကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေရာမှာ မူတည်ပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတယ် ဆိုတာက ပြည်နယ်အဆင့်က ပယ်တာပဲ။ ဥပဒေမှာတော့ ပြည်နယ်က ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည် ဖြစ်တယ်ဆိုတာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးကိစ္စ ဆိုတာ ဘယ်အခါမှ နောက်ဆုံး ဆိုတာ မရှိဘူး။ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။
ကျနော်တို့ ကိစ္စကို ဗဟိုကော်မရှင်က ပြန်ပြီးတော့ သုံးသပ်ရင် အမှုတွဲတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် တခု ခု ပေးရင် ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီက ကိုယ်စားလှယ်တွေ ပယ်ချခံရတာက ဥပဒေကြောင်းထက် လူမျိုးရေးနဲ့ ပေါ်လစီ ပိုင်း ကို အခြေခံတယ်လို့ ကျနော်တို့ ပြောနိုင်တဲ့ အထောက်အထား ရှိတယ်။ အဲဒါကို ပြင်ဆင်ပေးပါ။ ကျနော်တို့ လုပ်မယ်။ လုပ်လို့ရနိုင်တဲ့ အထိ ကျနော်တို့က ဆက်လုပ်သွားမယ်။ ။
18.6.2015
မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၁၀၀ လောက်ကို သတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး ပယ်ချ ခဲ့သလို၊ ဒီအထဲက ထက်ဝက်ကျော်ဟာလည်း နိုင်ငံသား ဖြစ်မှု - မဖြစ်မှု ကိစ္စအပေါ် အခြေခံ နေတာကို တွေ့ရတဲ့ အတွက် အမေရိကန်က စိုးရိမ်ကြောင်း ပြောကြား လိုက်ပါတယ်။
လက်ရှိ လွှတ်တော် ကိုယ်စားလှယ် တချို့ အပါအ၀င် မူဆလင် ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ပယ်ချခံရတယ်ဆိုတဲ့ သိရပေမဲ့ ဘာအကြောင်းနဲ့ အခုလို ပယ်ချခဲ့တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တိတိကျကျ ရှင်းပြတာမျိုး မတွေ့ရဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာလူထုနဲ့ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်ပေမဲ့ အခြေခံဥပဒေက လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကို ပေးထားတာ၊ ယာယီနိုင်ငံသား သက်သေခံလက်မှတ် Whitecard ကိုင်ဆောင်သူတွေ မဲပေးခွင့် မရတော့တဲ့ အခြေအနေတွေကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်း ၁၀၀ လောက်ကို ပယ်ချခဲ့တဲ့ လုပ်ရပ်ဟာ မြန်မာလူထု နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုတွေ လျော့ပါးစေနိုင်တယ်လို့လည်း သတိပေးထားတာပါ။
ဒီလိုစိုးရိမ်စရာ အခြေအနေတွေကို မြန်မာအစိုးရက ကြိုးပမ်းဖြေရှင်းသွားဖို့နဲ့ ရွေးကောက်ပွဲကနေ တိုင်းပြည်ကို ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ကြေညာချက်က ဖော်ပြထားပါတယ်။

RFA မြန်မာပိုင်း
17.9.2015
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ် တွေနဲ့ အဖွဲ့ဝင်တွေ အများစုဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ ပါတီ ဥက္ကဌ ဦးကျော်မင်း ကို RFA သတင်းထောက် ကိုမျိးဇော်ကို က တွေ့ဆုံ မေးမြန်း ထားပါတယ်။
17.9.2015
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၀ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံ အတွင်း လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Zeid Ra’ad Al Hussein မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆို သွားတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ကျောင်းသားတွေ အပါအ၀င် တက်ကြွ လှုပ်ရှားသူ အများအပြားကို ဖမ်းဆီး ခဲ့တာတွေကို ထည့်သွင်း ပြောကြား သွားပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်စေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ သူတို့ရရှိလိုက်တဲ့ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်၊ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့် စတဲ့ အခွင့်အရေးတွေနဲ့ အညီ တက်ကြွစွာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ၊ လယ်သမားတွေ၊ သမဂ္ဂဖွဲ့စည်းခွင့်ရရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို ဖမ်းဆီးလိုက်တာတွေကြောင့် အဟန့်အတား ဖြစ်သွားစေပါတယ်။”
ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေ ချမှတ် ပြဌာန်းပြီး ရိုဟင်ဂျာ လူနည်းစုတွေ မဲပေးခွင့်မရအောင် တားဆီး ပိတ်ပင်ခဲ့တဲ့အပေါ်မှာလည်း သူ့အနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ဦးရွှေမောင် အပါအ၀င် ရိုဟင်ဂျာနဲ့ တခြား လူနဲစုတွေကို ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပြုတဲ့အချက်ကိုလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ထောက်ပြ ပြောဆိုသွားပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်တဲ့အချက်ကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူနည်းစုတွေ အတွက် မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးနေပြီး ကိုယ်စားလှယ်လောင်းတွေ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်လည်း မရတဲ့အပြင် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတာကြောင့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွပ်လပ်မှုရှိမှာ မဟုတ်ဘူးလို့ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကျင်းပတဲ့ ကြားနာပွဲမှာ မြန်မာ လူနည်းစု လွှတ်တော် အမတ် ၂ ဦးက ပြောသွားပါတယ်။
ကြားနားပွဲကို တက်ရောက် လာတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ အမတ်များ အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေလည်း မြန်မာရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့်ရဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီကြားနာပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။
မြန်မာအပါအ၀င် အရှေ့တောင်အာရှဒေသနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ကြားနားပွဲကို အမေရိကန် ကွန်ဂရက်အဆောက်အဦးမှာ ကျင်းပနေတာပါ။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေကို တက်ရောက်လာတဲ့ အာဆီယံအမတ်တွေနဲ့ မြန်မာအမတ်တွေက ပြောသွားကြပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတာတွေ၊ ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့က ထွက်ဆိုခဲ့ကြပါတယ်။
“အခု ကျနော်တို့နိုင်ငံမှာ ဒီ ၂၀၁၅ ခု နိုဝင်ဘာလမှာ Free and Fair Election လုပ်မယ်ဆိုပြီးတော့မှ ကမ္ဘာကို ကြေညာထားတာရှိတယ်။ နောက်တဘက်က အဲဒီမှာ အဓိက ကျနော်တို့ ဆွေးနွေးတာကတော့ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်နိုင်သလားလို့ ကျနော့်ကို မေးတာတွေရှိတယ်။ ကျနော်ကတော့ ကျနော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို လက်ရှိ တွေ့ကြုံနေရတဲ့ဟာနဲ့ ပြောရင် ကျနော် ဘယ်လိုမှ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်တယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ လူ ၁ သန်းကျော်က မဲထည့်ခွင့် ဆုံးရှုံးသွားတယ်။ ဒါက တချက်။ နောက်တချက်က အဲဒီလူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒါ ကျနော်တို့ အခြေအမြစ်မရှိတဲ့ မှားယွင်းတဲ့ အကြောင်းပြချက်တခုနဲ့ ဖယ်ရှားတယ်ဆိုတော့ ရွေးကောက်ပွဲမကျင်းပခင် ဒါက Free and Fair မဖြစ်တာ၊ တရားမျှတမှု မရှိကြောင်းကို ကျနော်တို့က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ကျနော်က ဒီလိုပဲ တင်ပြတာပါ။”
ဒါကတော့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ပြောသွားတာပါ။
မေး - ဒေါ်ဒွဲဘူက အခုကြားနာပွဲမှာပေါ့နော် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ မျိုးနွယ်စုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နောက်ပြီးတော့ ဘာသာရေးကိုးကွယ်ခွင့်ပေါ့နော် အဲဒါတွေ ဆုံးရှုံးနေတယ်။ ဆိုတော့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာရော ကချင်ပြည်နယ်တွင်းမှာ တရားမျှတမှုတွေ နောက်ပြီးတော့ ကချင်ပြည်သူတွေအတွက် လွတ်လပ်မှုပေါ့နော် လွတ်လွတ်လပ်လပ် မဲပေးနိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ကော ရှိမယ်လို့ ထင်ပါသလားရှင့်။
ဖြေ - လာမယ့်ရွေးကောက်ပွဲမှာပေါ့နော် ကျမတို့ အခုလို တိုက်ပွဲတွေသာ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကျမတို့က အားလုံး မဲပေးနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်။ အဲတော့ လာမယ့် ရွေးကောက်ပွဲမတိုင်မီမှာ ကျမတို့က တိုက်ပွဲတွေ မရှိဖို့တော့ လိုအပ်ပါတယ်။ တိုက်ပွဲတွေ မရှိဘူးဆိုရင်တော့ ကျမတို့ မဲပေးခွင့်တွေ မဆုံးရှုံးတော့ဘူးပေါ့နော်။ အဲ့လိုအနေအထားရှိတယ်။ နောက်တခုကကျတော့ ကျမတို့ ဒီရွေးကောက်ပွဲမှာ UEC ကနေမှ ကျင့်သုံးတဲ့ ဥပဒေတွေပေါ့နော် ဒါတွေဟာဆိုရင် ကျမတို့ မျှတဖို့ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဲတော့ ကျမတို့ ကချင်တွေနဲ့ ပတ်သက်ပြီးမှ မျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီးမှ လက်ရှိ UEC က သုံးနေတဲ့ ကချင် = ဂျိမ်းဖော ဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စရပ်ကတော့ ကျမတို့ မျိုးနွယ်စုတွေ၊ ကချင်လူမျိုးတွေအတွက် ဒါက မျှတမှု မရှိဘူးဆိုတာ ကျမအနေနဲ့ ဒါ ပြောလိုခြင်း ဖြစ်ပါတယ်။
ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ကူညီထောက်ခံနေတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowly လည်း တက်ရောက်ခဲ့ပါတယ်။ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး၊ တရားမျှတဖို့ အမေရိကန်လွှတ်တော်က လိုလားကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပတာကို မြင်လိုပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ကျနော်တို့ရဲ့ သံရုံးအပြင် တခြားပုဂ္ဂိုလ်တွေကလည်း မြန်မာအစိုးရနဲ့ ဒီအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဆက်ပြီးတော့ ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်။”
ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပံ့ပိုးခဲ့တဲ့ ကွယ်လွတ်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန် အောက်လွှတ်တော်အမတ် Tom Lantos ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်နဲ့ ဖွဲ့ထားတဲ့ အမေရိကန် အောက်လွှတ်တော်ဆိုင်ရာ Tom Lantos လူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ တွဲဘက်ဥက္ကဌ James McGovern နဲ့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Thoma Andrews တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး မြန်မာ့အရေးကြားနားပွဲဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးအတွက် အရေးပါပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်လွှတ်တော်က အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက ပြောသွား ပါတယ်။

16.9.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ သဲချောင်း စည်ပင်ဈေးနှင့် လိပ်ရ စည်ပင်ဈေးများသို့ လိပ်ရ ကျေးရွာအုပ်စုတွင် အခြေစိုက်၍ လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်း အဖွဲ့မှ စစ်သားများ လာရောက်၍ ဈေးသည်များထံမှ ဟင်းသီးဟင်းရွက်များ၊ အခြားသော ဟင်းချက်စရာများ၊ ကြက်သွန်၊ ငရုတ်သီးခြောက်၊ ငါးခြောက်၊ မဆလာ၊ ဟင်းချိုမှုန့်များ အပြင် ဆေးဝါးများကို ငွေပေးခြင်း မရှိဘဲ လက်နက်ကိုင် ထားသည့် အရှိန်အ၀ါဖြင့် အတင်းအဓမ္မ ယူသွားလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တပ်မတော်သား များကို နိုင်ငံတော်မှ လုံလုံလောက်လောက် လစာများ ပေးထားသော်လည်း အဆိုပါ ဈေးများသို့ ဈေးနေ့တိုင်းတွင် လာရောက်၍ ပစ္စည်းများကို ငွေမပေးဘဲ ယူသွားသည်ဟု ဆိုသည်။ စစ်သားများ လာရောက်၍ ငွေမပေးဘဲ ယူသွားခြင်းကြောင့် ဈေးသည်များမှာ ၎င်းတို့၏ အရင်းအနှီးများ ပြုတ်သွားမည်ကို စိုးရိမ်ကြောင့်ကြ လျက်ရှိသည့် အပြင် ဈေးထဲတွင် မတော်မတရား ပြုလုပ်မှုကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသောကြောင့် ဈေးစည်ကားမှုလည်း ပျက်ပြားလျက် ရှိနေသည်။
ဈေးစည်ကားမှု ပျက်ပြားလာကြောင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀င်ငွေဆုံးရှုံးလျက် ရှိသလို၊ နေ့စဉ် ၀င်ငွေဖြင့် မှီခိုနေရသည့် ဈေးသည်များလည်း ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောပါသည်။ စစ်သားများက လက်နက် အရှိန်အ၀ါဖြင့် ဥပဒေမဲ့ ပြုလုပ် နေခြင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိများက အရေးယူ ဟန့်တား ပေးရန် လိုလားနေသည်ဟု ဒေသခံများက ဆိုသည်။
16.9.2015
ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်လသာ လိုတော့တဲ့ အချိန် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကူးပြောင်း ကာလ အတွက် အရေးပါဆုံး အချိန်ကို ရောက်ရှိ နေပါပြီ။
ဒါပေမဲ့ လူ့အခွင့်အရေး စိုးရိမ် ပူပန်မှုတွေ အပေါ် နိုင်ငံတကာ လူ့အဖွဲ့စည်းတွေက သေချာပိုင်နိုင်တဲ့ခြေလှမ်းတွေ မယူခဲ့လို့ရှိရင် တိုင်းပြည်အနေနဲ့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။
ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ အပြင်ဘက် အလွတ်သဘောပြောဆိုရာမှာ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန် ကိုယ်စားလှယ်တွေက ကျင်းပတော့မဲ့ ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့အနာဂတ်ဒီမိုကရေစီအရေးကို အားလျှော့သွားစေအောင် ခြိမ်းခြောက်နေတဲ့ ကိစ္စတွေအပါအဝင် အကြောင်းအရာတွေကို ပြောဆိုပြီး မြန်မာနိုင်ငံကို အားပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပါလီမန်အမတ် Charles Santiago က သူတို့အနေနဲ့ စိုးရိမ်ပူပန်ရတဲ့အထဲမှာ အစိုးရက မကြာခင်က ဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်း အပါအဝင် ဒါဇင်နဲ့ချီရှိတဲ့ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားလှယ်လောင်းအဖြစ်လက်မခံ ပယ်ချလိုက်တဲ့ကိစ္စဖြစ်တယ်လို့ သူကပြောပါတယ်။
လက်ရှိလွှတ်တော်အမတ်ဦးရွှေမောင်းဟာ ASEAN အမတ်တွေနဲ့အတူ နယူးယောက်ကို အခုရောက်ရှိနေတာပါ။
ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွေ အမှားအယွင်းတွေ အများအပြားရှိနေတဲ့ အချက်ကလည်း အဓိက ပူပန်စရာ အချက်တခုဖြစ်သလို အာဏာရပါတီ အနေနဲ့ ကြိုတင်မဲတွေအသုံးချပြီး ကစားသွားနိုင်တဲ့ အလားအလာတွေအပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။
နယူယောက်မြို့မှာ အခုလို မပြောဆိုခင် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံက အမတ်တွေပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန် ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင်တွေဟာ မကြာသေးခင်ကပဲ အချက်လက်စုဆောင်းရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။ သူတို့ဟာ ရန်ကုန်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက် လေ့လာခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ဟာ မြန်မာနိုင်ငံက အခြေခံအခွင့်အရေး ကန့်သတ်မှုတွေ၊ မကြာခင်က ထုတ်ပြန်တဲ့ အမျိုးသမီးတွေနဲ့ လူနည်းစု ဘာသာဝင်တွေရဲ့ အခွင့်အရေးတွေကို တားမြစ်တဲ့ ဥပဒေတွေအပေါ် စိုးရိမ်မှု ဖြစ်ရကြောင်း မှတ်ချက်ပြုပါတယ်။

ရေးသားသူ- နီဂြောဓ (MYARF)
RB ကဗျာ
16.9.2015
မြင့်မားသီခေါင် မယူတောင်ပေါ်
ရင်သပ်ရှုမော မနောလန့်အောင်
တောင်ထွတ်ကြီးက အစွန်းနှစ်ခု
ထွတ်ကြီးဘေးနား ဥသျှစ်ပင်အို
အုပ်မိုးနေလျက် ပုသိမ်ထီးလို
ထွတ်ကြီးကြားမှာ စမ်းရေနှစ်ပေါက်
ကျောက်စမ်းရေလည်း အေးမြင်စင်ကြည်
ယိုစီးနေလျှက် မျက်စိစုံလို
အရုဏ်လင်းရောင် ပထမဆုံး
ဖြာဆင်းလာတော့ မျက်နှာသစ်ဖို့
အနှိုင်းမဲ့တဲ့ တောင်ထွတ်ကြီးသို့။
ရာဇဝင်က တမူထူးခြား
တောင်ထွတ်ကြီးမှာ ချစ်စဖွယ်ရာ
ကာယာပူရီ ဘုရင်မနန်း
ကြံ့ခိုင်ခမ်းနား စိုက်ထူတည်ခဲ့
အရှိန်အဝါ အပြည့်အစုံ
ရက်စက်ညှဉ်းပန်း နေညမပြတ်
ကွိုခ်ျသျှောရ်ဇမ္ဗူ သူစိုးစံခဲ့။
ယုဇနပေါင်း သန်းထောင်ကျော်က
မယူပြည်က ဒေသခံများ
ညှဉ်းပန်းသူကို အနိုင်တိုက်ရန်
သဲကန္တာရ ကာရ်ဘလ္လာမှ
စစ်သူရဲကောင်း ဟားနီဖာထံ
သပြေခက်လို စစ်ကူတောင်းခဲ့
ဗိုလ်ပေါင်းရံပါ အစုံပါလျက်
ဟားနီဖာတို့ စစ်ချီတက်လာ
ကြိမ်ပေါင်းသုံးခါ တိုက်ချေခဲ့တော့
ဘုရင်မကို အောင်နိုင်သိမ်းခဲ့
ကာယာပူရီ ဘုရင်မနပ်
စစ်ဘက်ရန်သူ မုန်းတီးပေမယ့်
သူ့ရဲ့စွမ်းရည် ဂုဏ်ပြုတာမို့
ဟားနီဖာရဲ့ ကမ်းလှမ်းစာကို
ရိုသေလေးစား လက်ခံလိုက်ပြီး
မေတ္တာကွင်းထဲ မိသွားသလို
စစ်နိုင်သူရဲ ဟားနီဖာကို
လက်ထပ်ချည်နှောင် ရင်ထဲပွေ့ခဲ့။
မိဖုရားချော ကာယာဖူရီ
အစ္စလာမ်ခံ နှလုံးလှသန့်
ရွှေစင်ကဲ့သို့ ယဉ်ပါးလာလျက်
နှစ်ကိုယ်တစ်နန်း စံကြရခဲ့
အစ္စလာမ်ရဲ့ အေးချမ်းလှတဲ့
အရိပ်သာယာ အောက်ရောက်ခဲ့တော့
ညှဉ်းပန်းနှိပ်စက် ဇမ္ဗူပြည်ကြီး
ချမ်းမြေ့သာယာ ကြွယ်ဝလှခဲ့
ရိုဟင်မျိုးစေ့ ပျိုးချပေးရင်း
မေတ္တာဖြူနဲ့ ကောင်းကင်ပြာအောက်
အာဒမ်ဧဝ သံစဉ်ပမာ
သစ္စာပြည့်နဲ့ ရွှင်ပျော်ခဲ့တာ
မရဏမင်း ရောက်လာထိပင်။
အတုမဲ့တဲ့ သူ့ရဲ့မေတ္တာ
ဟားနီဖူရီ နှစ်ဦးစလုံး
မင်္ဂလာရှိ နတ်ရွာစံပြီး
စစ်မှန်မေတ္တာ သတိရလျက်
ဒီတောင်ထွတ်ကြီး နှစ်ခုလုံးက
သည်းသည်းထန်ထန် အမြဲငိုနေ
ငိုကြွေးမျက်ရည် စမ်းသွင်ပြောင်းလို့
တောင်ဘေးနံမှ အမြဲစီးယို။
ဒီဇာတ်လမ်းဟာ နှစ်ထောင်ပေါင်းက
ဖြတ်သန်းလာတာ တို့များဆီမှာ
ကျောက်သားပေါ်မှာ စွဲမြသလို
ဒီမေတ္တာလည်း လွမ်းတမ်းတရ
ရှင်သန်တော့မယ် ထာဝရပင်
ခုထိဒိဌ ကောင်းကင်ပြာထဲ
ငေးစိုက်ကြည့်ရင် ရှုမြင်ခံစား
နက်ရှိုင်းလှတဲ့ ဟားနီဖူရီ
မေတ္တာဇာတ်ရဲ့ အနှစ်ရသာ။
တောင်ခြေအောက်မှာ ရိုဟင်ရွာငယ်
ဘုရင်မိဖု အစွဲပြု၍
မှည့်ကြလာနေ မောင်နှမတဲ့။
ယခုထိပင် ရှေးထုံးဓလေ့
နေဝင်ချိန်ခါ တောင်ထွတ်ကြီးက
နေခြည်ပြာကျ ရောင်စုံဆည်းဆာ
တောင်ခြေအောက်ကို ရိုဟင်မလေး
ရေခပ်သွားပြီး ပြန်ဦးအလာ
ကာယာဖူရီ ဟားနီဖာရဲ့
မမေ့နိုင်တဲ့ အချစ်ဇာတ်လမ်း
အတွေးပေါ်လို့ ပြောဆိုကြရင်း
ခပ်တဲ့ရေလည်း အေးမြသန့်လို့
ချိုသာချိုအေး ချိုမြိန်တယ်လေ။
စာညွှန်း။ ။ မယူ = မေယုဒေသကို ခေါ်သော အသံထွက်
ကွိုခ်ျသျှောရ် = ကာယာဖူရီ စိုးခဲ့စဉ်က မေယုဒေသအမည်

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှ အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင် ထားသည့် ရိုဟင်ဂျာများသည် လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ရှိသော ရိုဟင်ဂျာများမှာ မဲပေးပိုင်ခွင့် ရှိသည့် အတွက် အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ထားသော ရိုဟင်ဂျာများ၏ မဲစာရင်း ပြုစုရန် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ညွန်ကြား ထားကြောင်း သိရသည်။ သို့ဖြစ်၍ ကျောက်တော် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မြို့နယ်ရှိ ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ထားသူများ၏ စာရင်း ပြုစု၍ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြရန် ပြောဆိုခဲ့သည်။
ထို့ကြောင့် ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး များက စာရင်းပြုစုလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
သို့သော်လည်း ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ ကိုယ်စားလှယ်လောင်း များကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပေးသည့် အပြင် ယာယီ သက်သေခံ ကဒ်ပြား ကိုင်ဆောင် ထားသော သိန်းချီသည့် ရိုဟင်ဂျာများကိုလည်း မဲပေးခွင့် မပြုဘဲ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်သူ များကိုသာ မဲပေးခွင့်ပြုလျှင် လုံးဝ မဲပေးမည် မဟုတ်ကြောင်း ပြောဆိုလျက် ရှိကြသည်။
ကျောက်တော်မြို့နယ် တစ်မြို့နယ် ထဲတွင်သာ မဲစာရင်း ကောက်ခံနေခြင်း ဖြစ်ပြီး ကျန်မြို့နယ် များတွင် မဲစာရင်း ကောက်ခံခြင်း မရှိကြောင်း သိရသည်။
MYARF
RB News
16.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ရွာမှ မော်လ၀ီ ဂျော်မိလ်နှင့် အနောက်ရွာမှ ဦးအီနုစ် တို့နှစ်ဦး ပူးပေါင်း၍ ၂၀၁၄ ခုနှစ်တွင် သက်ဆိုင်ရာ ဌာနများမှ ဆောက်လုပ်ခွင့် ရယူပြီး ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ဈေးတွင် ဈေးဆိုင်ခန်း ၅၀ ခန်းကို ယခုနှစ် နှစ်ဆန်းတွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ဆိုင်ခန်းများ ဆောက်လုပ်ပြီးနောက် ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချရန် စီစဉ်သောအခါ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေး ဦးစီးဌာ တို့က ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။
ထိုအချိန်မှ စ၍က မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ မြို့နယ် သစ်တော ဦးစီးဌာမှူး၊ အခွန်ဦးစီးဌာန စသည်တို့က စစ်ဆေးလိုသည်ဟု ဆိုကာ အကြိမ်ကြိမ် ဆင့်ခေါ်၍ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တစ်ဖန် အဆိုပါ ဌာန ဆိုင်ရာများ ဈေးဆိုင်ပိုင်ရှင် နှစ်ဦးကို ခေါ်ယူ၍ ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခွင့် ပြုမည်ဟု ဆိုကာ ထပ်မံ၍ ငွေအမြောက်အမြား ညှစ်ယူခဲ့သည်ဟု ဆိုသည်။ ငွေအမြောက်အမြား ယူပြီးနောက် ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခွင့် မပြုဘဲ ဒေသခံ ရခိုင်တိုင်းရင်းသား များက သဘောမတူဟု ဆိုကာ အကြောင်း ပြခဲ့သည်။
ထိုသို့ အကြိမ်ကြိမ် ငွေသိန်းရာပေါင်း များစွာ လိမ်လည်၍ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
စက်တင်ဘာလ (၉) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး တို့က မော်လ၀ီ ဂျော်မိလ်နှင့် ဦးအီနုစ် တို့ထံ သွားရောက်ပြီး ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချခွင့် ပြုမည်ဟု ဆိုကာ ငွေကျပ် သိန်း ၃၀၀ တောင်းခဲ့ကြောင်း သိရသည်။ သို့သော် ဆိုင်ခန်း ပိုင်ရှင် နှစ်ဦးက ယခင်က အကြိမ်ကြိမ် လိမ်လည်ခံခဲ့ရ၍ ယခုအခါ အဆိုပါ အာဏာပိုင် များ၏ မက်လုံးကို လွယ်လွယ်နှင့် မယုံနိုင်တော့ဘဲ နောင်တ အကြိမ်ကြိမ် ရခဲ့ပြီးပြီဟု ဆိုကာ ငွေကျပ် သိန်း ၃၀၀ ကို မပေးခဲ့ပေ။
13.9.2015
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ ပယ်ချ ခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ တင်ပြသွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ပြောပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်း ၁၈ ယောက် တင်သွင်းရာမှာ ၁၇ ယောက် ပယ်ချ ခံရတဲ့ အတွက် ပြန်လည် သုံးသပ်ပေးဖို့ ကော်မရှင်ကို တင်ပြမှာ ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောပါတယ်။
"ကျနော်တို့ဟာ အဆိုပြုလွှာ တင်တဲ့ အထဲမှာ ၂ဝ၁ဝ ထဲမှာ အရွေးချယ် ခံခဲ့တဲ့ ပုဂ္ဂိုလ်တချို့လည်း ပါပါတယ် အရွေးခံခွင့် ရခဲ့တယ်၊ အခုကျတော့ မရဘူးဖြစ်နေတယ်၊ အဲ့ဒီတော့ ကော်မရှင်ဥပဒေကို ကော်မရှင် အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာ တစ်ချိန်နဲ့တစ်ချိန်က မတူဘူးဖြစ်နေတယ်၊ အဲ့ဒါကို ပြန်လည် သုံးသပ်ပေးဖို့ ကျနော်တို့ စဉ်းစားကြည့်တာပေါ့၊ ဘာများ ဆက်လုပ်ဖို့ ရှိလဲဆိုတော့ ဗဟိုက ပယ်ရင်တော့ အရွေးမခံပဲ နေရမှာပဲ၊ ကျနော်တို့ ဝင်ပြိုင်တဲ့ နေရာ တစ်နေရာပဲ ရှိတော့မယ်"
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရေစီနဲ့လူ့အခွင့် အရေးပါတီက ရခိုင်ပြည် နယ်မှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၇ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၁၇ ဦး ပယ်ချခံခဲ့ ရတာ ဖြစ်ပါတယ်။
ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပယ်ခံရတာများတယ်လို့ သိရပါတယ်။ အဲ့ဒီပယ်ချခံရသူတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီဝင် အများစုဟာ အစ္စလမ်ဘာသာဝင် အများစုဖြစ်ပါတယ်။
အဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ပယ်ချခံရတဲ့အတွက် တိုင်းနဲ့ပြည်နယ် ကော်မရှင်တွေမှာ အယူခံဝင်ခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

| ဦးအာနိစ်ခါန်ကို နယ်ခြားစောင့်ရဲ တစ်ဦးက လက်ထိပ်ခတ်၍ ခေါ်ဆောင် သွားနေစဉ် (ဓါတ်ပုံ - MYARF/RB News) |
MYARF
RB News
13.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ခရီးသွား ဒေသခံ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
စက်တင်ဘာလ (၉) ရက်နေ့ နေ့လည် ၂း၂၀ နာရီ အချိန်တွင် ကြိမ်ချောင်း ကျေးရွာမှ ဦးအာနိစ်ခါန်နှင့် ၎င်း၏ သူငယ်ချင်း တစ်ဦး တို့သည် ဆိုင်ကယ်စီး၍ မောင်တောမြို့မှ ပြန်လာရာ လမ်း၌ သီဟိုဠ်ကျွန်း ကျေးရွာ (ခွေလာဘင်္ဂရွာ) ဈေးတွင် ရပ်နား၍ ဆိုင်မှ ဈေးဝယ်နေစဉ် သီဟိုဠ်ကျွန်းဈေး အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦး ရောက်ရှိလာပြီး ဦးအာနိစ်ခါန်တို့ နှစ်ဦးကို စစ်ဆေးလိုသည်ဟု ဆိုကာ လက်ထိပ်ခတ်၍ လဘက်ရည် ထဲသို့ ခေါ်ဆောင် သွားပြီး စစ်ဆေးခဲ့သည်။
၎င်းတို့ နှစ်ဦးအား စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ငွေကျပ် တစ်သောင်းစီ အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
13.9.2015
13.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်မောင်သည် စက်တင်ဘာလ (၁၀) ရက်နေ့ ည ၉း၁၅ နာရီ အချိန်တွင် ၎င်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးနှင့် အတူ ဆယ်အိမ်မှူး ဦးကော်ဘိရ်နှင့် အခြား ဆယ်အိမ်မှူး တစ်ဦးတို့ကို ခေါ်ယူပြီး ဒေသခံ ရိုဟင်ဂျာ အချို့၏ နေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးခဲ့သည့် အိမ်များတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးဘော်ဒူယာနှင့် ဦးဇော်ရိုးဆောင် တို့၏ နေအိမ်များတွင် မည်သည့် ဆင်းမ်ကဒ်မှ မပါသည့် ဟန်းဆက် တစ်လုံးစီ တွေ့ရှိခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က အဆိုပါ ဟန်းဆက်များတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ အိမ်ရှင် နှစ်ဦးကို ဖမ်းဆီးပြီး ဦးဘော်ဒူယာ ထံမှ ငွေကျပ် ၅ သိန်းနှင့် ဦးဇော်ရိုးဆောင် ထံမှလည်း ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
စစ်ဆေးခံခဲ့ရသည့် အိမ်များမှာ - ဦးအနိုဝါရ်၊ ဦးဆီးရာဇ်၊ ဦးမော်တူ၊ ဦးဘော်ဒူယာ၊ ဦးဇော်ရိုးဆောင်၊ ဦးမာမတ်နှင့် ဦးကော်ဘိရ်အာမတ် တို့၏ နေအိမ်များ ဖြစ်သည်။ စစ်ဆေးရာတွင် နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်မောင် တို့က နေအိမ် အတွင်းရှိ အမျိုးသမီးများ၏ ခန္ဓာကိုယ်များကို ကိုင်တွယ် စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
အဆိုပါ နယ်ခြားစောင့်ရဲ များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်မောင် တို့ပူးပေါင်း၍ မကြာခဏ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ စစ်ဆေး၍ လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။
RB News
13.9.2015
13.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ် နှင့် ၎င်း၏ တပည့်များ ဖြစ်သူ ဦးရှကူရ်၊ ဦးမော်တော်လောဖ၊ ဦးဇီယာဘုလ္လာ၊ ဦးရှောမ်ရှုအာလောမ် တို့ပူးပေါင်း၍ စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောရ၀တီ န.တ.လ ရွာနှင့် ဥဒေါင်း ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် အတူ ကံပူးကျေးရွာမှ မော်လ၀ီ မာမတ်ဇူဘိုင်ရ် (ဘ) ဦးရှော်ဘိရောင် (ဘော်လီ)၊ ဦးမာမတ်အီနုစ် (မော်လ၀ီ ဟိုင်ဘူလ္လာ၏ တူ) နှင့် ဦးရှောမ်ရှု တို့၏ နေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်းများ တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ အဆိုပါ ရွာသား (၃) ဦးလုံးကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအဖြစ် အသုံးပြုနေသည့် ဆယ်အိမ်မှူး ဦးအစ္စလာမ်၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ ကြိုးများ ချည်နှောင်ထားခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်လည် ထွက်ခွာသွားခဲ့သည်။
နံနက် (၈) နာရီခန့် အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်က ဖမ်းဆီးထားသူ ဦးမာမတ်အီနုစ်နှင့် ဦးရှောမ်ရှု တို့ထံမှ ငွေကျပ် (၇) သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မော်လ၀ီ မာမတ်ဇူဘိုင်ရ်က ငွေကျပ် (၇) သိန်း မပေးနိုင်သဖြင့် ဆက်လက်၍ ချုပ်နှောင် ထားခဲ့သည်။ ညနေ နေ၀င်ချိန်တွင် မော်လ၀ီ ဇူဘိုင်ရ်၏ မိသားစုက ငွေကျပ် (၇) သိန်းယူလာပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ရွာသား (၃) ဦးထံမှ ညှစ်ယူထားသည့် ငွေကျပ် ၂၁ သိန်းမှ တစ်ဝက်ကို နယ်ခြားစောင့်ရဲ နှစ်ဦးကို ဝေစုခွဲ ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ထိုသို့ ရွာသားများကို မတရားသဖြင့် ဖမ်းဆီး၍ တိရစ္ဆာန် သဖွယ် ကြိုးဖြင့် ချည်နှောင်၍ ငွေညှစ်ရခြင်းမှာ အဆိုပါ ရွာသား (၃) ဦးနှင့် အုပ်ချုပ်ရေးမှူး တို့အကြား ရန်ငြိုး ရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ၎င်း၏ ဆွေမျိုးသားချင်း များမှ အပ ကျန်ရွာသားများ ထံမှ မကြာခဏ ထိုသို့ မတရားသဖြင့် ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။
ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်နေခြင်းအား အထက် အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မပြုလုပ်ပါက ရွာသားများနှင့် အုပ်ချုပ်ရေးမှူး အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
13.9.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကညင်ချောင်း (ဟာန်းဒေါန်ဖာရာ) ရှိ ဒေသခံ ရိုဟင်ဂျာ များကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဗိုလ်ကြီး စောနိုင်တို့က ပူးပေါင်း၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
သြဂုတ်လ (၂၈) ရက်နေ့က ကညင်ချောင်း ရွာမှ ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးကာလာဘောဒါ (အသက် ၃၈ နှစ်) ကို အိမ်ပြုပြင်နေသည်ဟု စွပ်စွဲကာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဗိုလ်ကြီးစောနိုင်တို့ ပူးပေါင်း၍ ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် အခြား ရွာသား အချို့ကိုလည်း တစ်ဖက်နိုင်ငံတွင် အမှန်တကယ် မရှိသည့် RSO နှင့် အဆက်အသွယ် ပြုလုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးကာလာမျာ (အသက် ၃၅ နှစ်) - ညှစ်ခံရငွေ ကျပ် တစ်သိန်း နှစ်သောင်း
(၂) ဦးမိုဟာမတ်တာဟဲရ် (ဘ) ဦးဆွေတာလာမ် (အသက် ၃၂ နှစ်) - ညှစ်ခံရငွေ ကျပ် လေးသိန်း ရှစ်သောင်း
(၃) ဦးဟာဘဲ့စ်အာမတ် (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၄၀ နှစ်) - ညှစ်ခံရငွေ ကျပ် တစ်သိန်း သုံးသောင်း
(၂) ဦးမိုဟာမတ်တာဟဲရ် (ဘ) ဦးဆွေတာလာမ် (အသက် ၃၂ နှစ်) - ညှစ်ခံရငွေ ကျပ် လေးသိန်း ရှစ်သောင်း
(၃) ဦးဟာဘဲ့စ်အာမတ် (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၄၀ နှစ်) - ညှစ်ခံရငွေ ကျပ် တစ်သိန်း သုံးသောင်း
(၄) ဦးအဘူတာလဲခ် (ဘ)ဦးဆောရ်ယောဒ္ဒိန်း (အသက် ၅၀ နှစ်) - ညှစ်ခံရငွေ ကျပ် ရှစ်သောင်း -- ဖြစ်သည်။
အဆိုပါ ငွေညှစ်မှုများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဗိုလ်ကြီး စောနိုင်တို့နှင့် အတူ ဦးအဒူဆော်လာမ် (ဘ) ဦးမာမတ်ရော်ဖိခ် (အသက် ၄၅ နှစ်) လည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ
- ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
- ငွေညှစ်မှု တိုင်တန်း ထားသူ တစ်ဦးကို ရုံးချိန်းရက်တွင် ရဲကဖမ်းဆီး၍ ချုပ်နှောင်ထား
- ရခိုင် အစွန်းရောက် ထွန်းမင်းနိုင်က ရိုဟင်ဂျာပိုင် ပစ္စည်များ ဖျက်ဆီး၊ ရိုက်နှက် သောင်းကျန်း
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
- အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ