MYARF
RB News
10.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာ အုပ်စုရှိ ဒိုင်းနက် ရွာသား တစ်ဦး၏ ၀က်ငယ် တစ်ကောင် ပျောက်ဆုံးသွားခဲ့ပြီး၊ အဆိုပါ ၀က်ငယ်သည် ဒိုင်းနက်ရွာ၏ တစ်ဖက်ကမ်းရှိ တမန်းသား ကျေးရွာအုပ်စု၊ ပါနိုရ်ဆောရားရွာမှ ဦးအာလီဇူဟာရ် (ဘ) ဦးအဒူမော်တော်လော်ဖ်၏ ခြံဝင်းအနီး ချောင်းတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
သေဆုံးနေခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ (၈) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက တမန်းသား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်မိုးသူ အပါအ၀င် နယ်ခြားစောင့်ရဲ များကို ခေါ်ယူ၍ ဦးအာလီဇူဟာရ် အိမ်သို့ သွားရောက်ပြီး ဦးအာလီဇူဟာရ်ကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။
ဦးအာလီဇူဟာရ်အား မတွေ့ရှိသောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရော်ရှီဒါဘေဂမ် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၄၂ နှစ်) နှင့် သမီးပျို မဟာဆီနာဘေဂမ် (အသက် ၁၉ နှစ်) တို့ကို ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်းနှစ်သောင်း တောင်းရာ ၎င်းတို့က အလွန်ဆင်းရဲသဖြင့် နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို မပေးနိုင်သောကြောင့် မိခင်နှင့် သမီးနှစ်ဦးစလုံးကို တစ်နေကုန် ထိပ်တုံးခတ်ထားခဲ့သည်။
တမန်းသားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လိုက်သွားပြီး အမျိုးသမီး နှစ်ဦးကို ပြန်လည် လွှတ်ပေးရန်၊ ပေးရမည့်ငွေကို ၎င်းတို့နှစ်ဦးက တာဝန်ယူပြီး နောက်ရက်တွင် လာပေးမည်ဟု ပြောကြားသော်လည်း နယ်ခြားစောင့်ရဲ များက လွှတ်ပေးရန် သဘောမတူခဲ့ပေ။ ထို့နောက် ည ၉ နာရီ အချိန်တွင် ဒုရဲအုပ်မိုးသူက မှောင်နေပြီ ဖြစ်၍ ထွက်မပြေးနိုင်ဟု ဆိုကာ ထိပ်တုံး ဖြုတ်ပေးခဲ့သော်လည်း ပြန်မလွှတ်ဘဲ အခန်းတစ်ခန်းထဲတွင် သော့ခတ်ထားခဲ့သည်။
ထိုသို့ အခန်းထဲတွင် သော့ခတ်ထားခြင်းကြောင့် ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်မည်ကို အထူး စိုးရိမ်ခဲ့ရသည်။ နယ်ခြားစောင့်ရဲများက အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသမီးနှစ်ဦးထံမှ ငွေကျပ် ကိုးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက ၎င်း၏ ရွာသားများကို မတရားနှိပ်စက်၍ မတင်းတိမ်သည့် အပြင် ၎င်း၏ အုပ်ချုပ်မှု မဟုတ်သည့် အနီးအနား ကျေးရွာများက ရွာသားများကိုပင် မတရား ညှဉ်းပန်း နှိပ်စက်ရန် ခြေလှမ်းပြင် လျက်ရှိသည်။ နယ်ခြားစောင့်ရဲ များနှင့် ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြ တို့သည် တမန်းသား ကျေးရွာ ပိုင်နက် အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးခဲ့ရာတွင် တမန်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးကို အသိပေးခဲ့ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
Rohingya Eye
RB News
10.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား၊ ဂုန္နားဟ်ရွာမှ မာမတ် ဖိုက်ဆဲလ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) သည် အောက်တိုဘာလ (၆) ရက်နေ့တွင် ၎င်း၏ အစ်ကို ဦးမာမတ် အားယာစ် (အသက် ၃၂ နှစ်) ပိုင်ဆိုင်သည့် မှန်လုံကားဖြင့် ညနေ (၄) နာရီ အချိန်တွင် မောင်းနှင်လာနေစဉ် မြို့ပေါ် နာရီစင်အနီး အရောက်တွင် ရှေ့တွင် ကားတစ်စီး ရှိနေခြင်းကြောင့် ခဏတာ ကားကို ရပ်နား ထားခဲ့သည်။
ထိုအချိန်တွင် မောင်တော မြို့နယ် တရားရုံးမှ လာနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကျဉ်းသားများ သယ်ဆောင်သည့် ကားကို လမ်းမပေးဟု ဆိုကာ အကျဉ်းသားများ သယ်ဆောင်လာသည့် ကား၏ နောက်မှ လိုက်ပါလာသော နယ်ခြာစောင့် ရဲတပ်ဖွဲ့ လုံခြုံရေးကားသည် ထိုနေရာတွင် ရပ်တန့်လိုက်ပြီး မာမတ်ဖိုက်ဆဲလ်ကို ကားထဲမှ အတင်းဆွဲထုတ်ကာ သေလုမျောပါး ဖြစ်သည့် အထိ ၀ိုင်းဝန်း ထိုးကြိတ်၍ မာမတ်ဖိုက်ဆဲလ် မောင်းနှင်လာသည့် ကားကို မြို့နယ် ရဲစခန်းသို့ အပ်နှံလိုက်ပြီး၊ မာမတ်ဖိုက်ဆဲလ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၎င်းတို့ ကားပေါ်တင်၍ ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းကို အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၈) သိန်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ လုပ်ရပ်များကို လမ်းသွားလမ်းလာ ပြည်သူအများက တွေ့ရှိပြီး လူမဆန်သည့် လုပ်ရပ်အတွက် မြို့ပေါ်ရှိ ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ဆိုသည်။
Rohingya Eye
RB News
10.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ပေါင်းဇား ကျေးရွာအုပ်စု၊ ဘောလ္လာဖာရာရွာမှ ဦးဟာရွန် (ဘ) ဦးယူနုစ် (အသက် ၃၀ နှစ်)၊ ဦးအာဖ်တာရ်ကမာလ် (ဘ) ဦးအဒူမူနာဖ် (အသက် ၄၁ နှစ်) နှင့် ဦးမာမတ်ဟူစိန်း (ဘ) ဦးနူရ်ဘောရှော်ရ် (အသက် ၃၅ နှစ်) တို့သည် အောက်တိုဘာလ (၁) ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များ အသီးသီးမှ ဈေးဝယ်သွားရန် ထွက်လာကြစဉ် ပေါင်းဇား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ လာရောက်၍ ၎င်းတို့ (၃) ဦး ကိုင်ဆောင် ထားကြသည့် GSM ဖုန်းများကို နယ်ခြားစောင့် ရဲများက ယူ၍ စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးနေစဉ် နယ်ခြားစောင့်ရဲ များက အသင့်ပါလာသည့် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုကို GSM ဖုန်းတစ်လုံးထဲတွင် ထည့်ပေးပြီး ဘင်္ဂလားဖုန်းများ သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဦးဟာရွန်၊ ဦးအာဖ်တာရ်ကမာလ် နှင့် ဦးမာမတ်ဟူစိန်း တို့ထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် စက်တင်ဘာလ (၁) ရက်နေ့မှ စ၍ GSM တာဝါ ဖွင့်ပေးခဲ့သော်လည်း မြောက်ပိုင်း ကျေးရွာ အသီးသီးရှိ ဒေသခံ ရိုဟင်ဂျာများက နယ်ခြားစောင့်ရဲ များ၏ မဟုတ်မတရား လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းကို ခံရမည် စိုးရိမ်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးသည့် တရားဝင် GSM ဖုန်းများကို ကိုင်ဆောင်ရန် ကြောက်ရွံလျက် ရှိသောကြောင့် ဆက်သွယ်ရေး အခက်အခဲများနှင့် ကြုံတွေ့လျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။
အောင်အောင်
8.10.2015
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မှာ အနိုင်ရမယ်ဆိုလျင် အစိုးရ အဖွဲ့ကို သူဦးဆောင်သွားဖို့ အစီအစဉ် ရှိတယ်လို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ သမ္မတ ဖြစ်ပိုင်ခွင့် ရှိဖို့ အတွက်တော ဥပဒေအရ တားဆီး ခံထားရတာပါ။ စက်တင်ဘာ ၃၀ ရက်နေ့တုန်းက India Today ရုပ်မြင်သံကြား ဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် အခုလို ပြောခဲ့ပါတယ်။ ဒီအကြောင်း ရိုက်တာ သတင်း တပုဒ်ကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးမှာပါ။
၂၅ နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ပထမဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိပေမယ့် မြန်မာစစ်တပ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကွယ်လွန်သွားတဲ့ အမျိုးသားနဲ့ သား ၂ ယောက်တို့ဟာ မြန်မာနိုင်ငံသား မဟုတ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ဒီကိစ္စမအောင်မြင်ပြီးနောက်မှာ NLD ကိုယ်စားလှယ် အများအပြားပါဝင်မယ့် အစိုးရအဖွဲ့ကို ဘယ်သူ ဦးဆောင်မလည်း ဆိုတာနဲ့ ပါတ်သတ်လို့ မသဲမကွဲဖြစ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်က
“NLD အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့မယ်ဆိုလျင် ကျမအနေနဲ့ သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။”
မြန်မာနိုင်ငံမှာ အထက်လွှတ်တော် အောက်လွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေက သမ္မတလောင်း ၃ ဦးကို ရွေးချယ်ပေးရတာဖြစ်ပြီး အဲဒီထဲက မဲအများဆုံးရသူဟာ သမ္မတဖြစ်လာပြီး အစိုးရအဖွဲ့ကို ဦးဆောင်တာပါ။ သမ္မတဦးသိန်းစိန်အနေနဲ့ ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား အတူပူးပေါင်းဆောင်ရွာတာမျိုး ရှိခဲ့တာနဲ့ ပါတ်သတ်လို့ NLD ဟာ ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် တင်မြှောက်ဖို့ စဉ်းစာခဲ့ပုံရတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပါတ်သတ်လို့တော့ ဒေါ်အောင်ဆန်းစုကြည့်က NLD အနေနဲ့ အရပ်သားတယောက်ကို ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါဟာ ဘယ်သူ့ကို ရွေးချယ်မလည်း ဆိုတာမျီုးမဟုတ်ပဲ NLD ကရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတလောင်းဟာ ကျမတို့အားလုံးအတွက် အရပ်သားစစ်စစ်တဦး ဖြစ်ဖို့ ဘယ်သူဟာ အသင့်တော်ဆုံးလဲဆိုတာပဲဖြစ်ပါတယ်။”
လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD အနေနဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မူဆလင်တဦးမှာ ပါဝင်ခြင်းမရှိတာနဲ့ ပါတ်သတ်လို့ ဝေဖန်မှုတွေထွက်ပေါ်လာပေမယ့် NLD ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် မူဆလင်တဦးကို လိုအပ်ချက်ပြည့်မှီခြင်းမရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောပါတယ်။ တဖက်မှာလည်း ဗုဒ္ဓဘာသာနဲ့ ပါတ်သတ်ပြီးတော့ NLD ဟာ လုံလုံလောက်လောက် ကာကွယ်ပေးတာမရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ အစိုးရရဲ့ မူဝါဒတွေဟာ နိုင်ငံရေးမှာ ဘာသာရေးအခန်းဂဏ္ဍပိုပါဝင် ပါတ်သတ်လာအောင် အထောက်အကူဖြစ်နေသလားဆိုတာနဲ့ ပါတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်က
“ဥပဒေကို ဆန့်ကျင်၊ ဘာသာရေးကို အသုံးချပြီး NLD ကို တိုက်ခိုက်မှုတွေရှိတာနဲ့ ပါတ်သတ်လို့ အစိုးရဟာ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးမရှိပါဘူး။”
၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွါးတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပါတ်သတ်ပြီး သူ့အနေနဲ့ သိတ်ပြောဆိုတာမျိုးမရှိဘူးလို့ ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က
“ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ကျမ ပြောပြီးပါပြီ။ဒါပေမယ့် လူတွေက စိတ်မ၀င်စားကြဘူးလေ။ ဘာလို့လည်းဆိုတော့ သူတို့ကြားချင်တာက ရခိုင်တွေကို ကျမအနေနဲ့ အပြစ် တင်စေချင်တာပါ။”
ဒီကိစ္စဟာ အင်မတန် ရိုးရှင်းပြီး ရခိုင်တွေလည်း နစ်နာမှုတွေ ကြုံနေရတာကြောင့် သူတို့ကို အပြစ် မတင်နိုင်ဘူးဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာအုပ်စု၊ ကြောင်ထိုးရွာ အနီး၊ နယ်စပ် မိုင်တိုင် အမှတ် (၄၃) နှင့် ကပ်လျက်ရှိသည့် ခမရ (၅၆၄) တပ်ရင်း၏ ကင်းစခန်းမှူး ဖြစ်သူ ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်စိုးက အောက်တိုဘာလ (၁) ရက်နေ့တွင် ကြောင်ထိုး ကျေးရွာသား ဦးမာမတ်နော်ဘီ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) က မိမိ၏ စား ကျက်ပေါ်တွင် ခုတ်တွင် ရှင်းလင်း နေသည်ကို ၎င်းထံမှ ခွင့်ပြုချက် မယူဘဲတောရှင်းသည်ဟု ပြောဆို စွပ်စွဲ၍ စခန်းသို့ ခေါ်ဆောင် သွားကာ တစ်ညလုံး ရိုက်နှက် ချုပ်နှောင် ထားပြီး ငွေကျပ် ငါးသောင်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

7.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးစကြူး ကျေးရွာမှ ကျန်းမာရေး လုပ်သား ဦးနူရ်ဟာဘီ (အသက် ၅၇ နှစ်) သည် အောက်တိုဘာလ (၁) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် ကြိမ်ချောင်းဈေးသို့ သွားနေစဉ် လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းရွာရှိ တံတား အနီးသို့ ရောက်သောအခါ တံတားအနီးတွင် စောင့်နေသည့် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တာဝန်ရှိသူ တစ်ဦးက မည်သည့် စကားတစ်ခွန်းမှပင် မပြောဘဲ အကြောင်းမဲ့ ဖမ်းဆီးကာ စ.ရ.ဖ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

စခန်းသို့ ရောက်သည်နှင့် ဦးနူရ်ဟာဘီကို RSO နှင့် ဆက်နွယ်မှု ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်က ငွေကျပ် သိန်း ၃၀ ပေးရန် တောင်းခံခဲ့သည်။ ဦးနူရ်ဟာဘီက ငွေပေးရန် ငြင်းဆန် သဖြင့် လူမဆန်စွာ ဆက်လက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ စ.ရ.ဖ ၏ လူမဆန်စွာ နှိပ်စက်မှုကို မခံနိုင်တော့၍ အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ဦးနူရ်ဟာဘီက ငွေကျပ် ၁၄ သိန်း ပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
7.10.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင် ရွာမှ ဦးဟာလာမျာ (အထွေထွေ လုပ်သား၊ အသက် ၃၅ နှစ်) ၏ အသက် (၇) နှစ် အရွယ် သားဖြစ်သူသည် အောက်တိုဘာလ (၅) ရက်နေ့တွင် ရေနစ်မြုပ်၍ သေဆုံးခဲ့သည်။
ကလေးငယ် ရေနစ် သေဆုံးခဲ့သည့် အတွက်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က ဦးဟာလာမျာ ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့က ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ဦးဟာလာမျာ၏ သားဖြစ်သူ ရေနစ်၍ သေဆုံးခဲ့ကြောင်း အကြောင်းကြား ခဲ့သည်။ နယ်ခြားစောင့်ရဲ များကလည်း ဦးဟာလာမျာ ထံမှ ငွေကျပ် နှစ်သိန်း တောင်းခံလျက် ရှိရာ ဆင်းရဲသား တစ်ဦး ဖြစ်သည့် ဦးဟာလာမျာသည် ငွေကျပ် နှစ်သိန်း ပေးရန် မတတ်နိုင်သဖြင့် နယ်ခြားစောင့်ရဲများ ဖမ်းဆီးရန် ရှာဖွေ နေသောကြောင့် တိမ်းရှောင် နေရသည်ဟု ဆိုသည်။
၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့ကို ရွာသား တစ်ဦးထံမှ ချေးငှား၍ ပေးခဲ့ခြင်း ဖြစ်သည်။ ချေးငှားထားသည့် ငွေပင် ပြန်ပေးနိုင်သည့် အခြေအနေ မရှိသည့် ဦးဟာလာမျာသည် နယ်ခြားစောင့်ရဲ များကို ထပ်မံ၍ ငွေကျပ် နှစ်သိန်း ပေးနိုင်ရန် အခြေအနေ လုံးဝ မရှိသောကြောင့် တိမ်းရှောင် နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
7.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် မြို့မကညင်တန်း ကျေးရွာရှိ လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး အဖွဲ့မှ ရဲများသည် အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်ဈေးသို့ သွားရောက်၍ အလယ်သံကျော်ဈေးတွင် အထည်ဆိုင် ရောင်းချနေသော အလယ်သံကျော်၊ ဟာဂျီရွာမှ မော်လ၀ီ ဦးအဒူမာနာန်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး၊ ဆိုင်ပိတ်ခွင့်ပင် မပေးဘဲ ကားပေါ်သို့ တင်၍ မောင်တောမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။
လမ်းတစ်ဝက်တွင် ရဲများက မော်လ၀ီ ဦးအဒူမာနာန်ကို နှစ်ရှည် ထောင်ဒဏ်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်း ညှစ်ရာ မော်လ၀ီ ဦးအဒူမာနာန်က ဥပဒေမဲ့ ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၇) သိန်း ပေးမှသာ ပြန်လည် လွတ်မြောက်လာ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ကိုရန်နိုင်
7.10.2015
ရခိုင်ပြည်နယ် တွင်းက ဒုက္ခသည် စခန်းမှာ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက လှေစီးပြေး ဒုက္ခသည် ၁၀၅ ယောက်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် ပို့ဆောင် သွားမှာ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင် တွေဘက်က ပြောလိုက် ပါတယ်။ ဒီ ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်ဖို့ အတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေ သဘောတူ ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် စခန်းမှာ ဆက်ပြီးရှိနေတဲ့ ဒုက္ခသည် တွေကိုလည်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက အတည်ပြု ထားပြီး ဖြစ်တဲ့ အတွက် အမြန်ဆုံး ပြန်ပို့ဖို့ လုပ်နေတယ်လို့ ပြည်နယ် လူဝင်မှု တာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြ ပေးမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေးဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်ရင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးခင်စိုးက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
“မှန်ပါတယ်။ ကျနော်တို့လက်ရှိ ၁၀၅ ဦးကို လွှဲပြောင်းလက်ခံမယ်ဆိုပြီးတော့မှ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကနေပြီးတော့မှ ပြည်နယ်အစိုးရကို စာပေးပါတယ်။ ပြည်နယ်အစိုးရမှတဆင့် ကျနော်တို့ လ၀က ကို အကြောင်းကြားပါတယ်။ ကျနော်တို့ လက်ရှိတော့ မောင်းတောခရိုင်မှူးကို ဒီကနေပြီးတော့မှ လွှဲပြောင်းလက်ခံဖို့အတွက် တဖက်နိုင်ငံနဲ့ နယ်ကြားစောင့်တွေနဲ့ ညှိနိုင်းပြီးမှ ဒါလေးတွေ ကျနော်တို့လုပ်နေပါတယ်။”
လက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်အတွင်းက တောင်ပြိုလက်ဝဲ ဒုက္ခသည်စခန်းမှာ ယာယီခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။ အဆိုပါ ဒုက္ခသည်တွေကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး၊ ၂ ဘက် နယ်ခြားစောင့်တပ်တွေကို အသိပေးထားပြီဖြစ်တယ်လို့လည်း ဦးခင်စိုးက ပြောပါတယ်။
“ရက်ကတော့ ၁၂ ရက်နေ့ လွှဲပြောင်းလက်ခံပါ့မယ်လို့ သူတို့ဘက်ကတော့ စာကတော့ ၁၂ ရက်နေ့လုပ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကနေပြီးတော့ပို့ပေးတဲ့စာပါ။ ကျနော်တို့ အောက်ခြေမှာ ညှိတဲ့အခါကျတော့ ဒီ ၁၂ ရက်နေ့လွှဲပြောင်းလက်ခံနိုင်ရေးအတွက် ဒါလေးကို ကျနော်တို့က အတည်ပြုချက် ကျနော်တို့ ဆီကနေတောင်းထားတယ်ခင်ဗျာ။ သူတို့ဘက်က PKP ၊ ဒီဘက်က နယ်ကြားစောင့်အဲဒါကို ကျနော်တို့က လှမ်းပြီးတော့ အကြောင်းကြားထားပါပြီခင်ဗျာ။ ၁၂ ရက်နေ့ကို ကျနော်တို့က လွှဲပြောင်းပေးမယ်ဆိုတာကို အကြောင်းကြားထားပြီးပါပြီ ခင်ဗျာ။”
အဲဒီ ဒုက္ခသည် ၁၀၅ ယောက်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နောက်ထပ် ဒုက္ခသည် ၇၇ ယောက် တောင်ပြိုလက်ဝဲစခန်းမှာ ကျန်ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ အဲဒီလူတွေကို စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက သွားရောက် စီစစ် အတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို အမြန်ဆုံး လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့ ဦးခင်စိုးက ပြောပါတယ်။
“ဆက်လက်ပြီးတော့မှ သူတို့ဆီက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ကနေပြီးတော့ စစ်ပြီးတော့မှာ ကျနော်တို့ စစ်တွေကောင်စစ်ဝန်ကလည်း ဒါတွေဟာ သူတို့နိုင်ငံသားတွေ မှန်ပါတယ်ဆိုပြီးတော့မှ သူတို့ဘက်နိုင်ငံကို အကြောင်းပြန်ကြားပြီးသားဖြစ်ပါတယ်။ ကျနော်တို့ ဟိုဘက်ကနေပြီးတော့မှ သူတို့ဆီက နိုင်ငံခြားရေး ၀န်ကြီးဌာန ကို ဒီမှာလည်းအောက်ခြေမှာလည်း ဒါလေးတွေက အမြန်ဆုံးလွှဲပြောင်းပြီးတော့မှ လက်ခံဖို့နဲ့ သံတမန်နည်းလမ်းအရလည်း ဒါလေးတွေက အမြန်ဆုံးလွှဲပြောင်း လက်ခံ ဖို့အတွက် ဆောင်ရွက်နေပါတယ်။ သူတို့ဘက်ကလည်း အကြောင်းကြားရင်တော့ အမြန်ဆုံးလွှဲပြောင်းဖို့ လုပ်နေပါတယ်ခင်ဗျာ။”
ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံသားစိစစ်မှုတွေလုပ်ပြီးချိန်ကစပြီးြ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးပြေး ဒုက္ခသည် ၆၂၆ ယောက် ကို အသုတ် ၅ သုတ်ခွဲပြီး မြန်မာနိုင်ငံဘက်ကပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာရေတပ်က လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ကို ရခိုင်ပြည်နယ်မောင်တောဒေသမှာ ကယ်တင်နိုင်ခဲ့သလို၊ အလားတူပဲ ၊ ဧရာဝတီတိုင်း ဖျာပုံဒေသဘက်မှာဆိုရင်လည်း မြန်မာရေပိုင်နက်အတွင်း ကင်းလှည့်နေစဉ် ကပ္ပလီပင်လယ်ပြင်မှာမျောနေတဲ့ လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာရေတပ်က ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီထဲက အနည်းစုက မြန်မာနိုင်ငံက မွတ်စလင်တွေဖြစ်ကြပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်လို့ မြန်မာနိုင်ငံဘက်ကအတည်ပြုထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရတော့ တရားမ၀င် လူမှောင်ခိုကူးသူတွေက ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်လုပ်ရမယ်ဆိုပြီး ဖျားယောင်းပြောဆိုမှုတွေကြောင့် ၊ လှေစီးပြေးဒုက္ခသည်တချို့ဟာ လူကုန်ကူးတာတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောပါတယ်။

အချိန်မလွန်ခင် နိုးထပါ
ယျာတင် (MYARF)
RB ကဗျာ
RB ကဗျာ
7.10.2015
အိုး ... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ
သင်သည် မြန်မာ့ တိုင်းရင်းသား
သင်သည် မြန်မာ့ နိုင်ငံသား
သင့်သမိုင်းသည် ခိုင်မာလှ၏။
သို့ဖြစ်သော်လည်း
သင်ဖွားရာမြေ သင်၏မြေကို
သင့်မြေဟူ၍ ပြောခွင့်မဲ့၏။
သင်၏အခွင့် မှန်သမျှသည်
ချိုးဖောက်မှုနှင့် ကြုံနေရ၏။
သင်၏အသွား အလာများလည်း
ပိတ်ပင်ထားမြစ် ခံနေရ၏။
သင်၏စာပေ ထုံတမ်းဓလေ့
ဖော်ကျူးခွင့်မှာ တားခံရ၏။
သင်ဝတ်ပြုရာ ဗလီများလည်း
သော့ခတ်ထားခြင်း ခံနေရ၏။
သင်၏ထိမ်းမြား အိမ်ထောင်ပြုခွင့်
ခက်ခဲမှုနှင့် ပြည့်နှက်လေ၏။
သင်၏ပညာ သင်ယူခွင့်လည်း
ကန့်သတ်ထားခြင်း ခံနေရ၏။
သင်၏အမေ အဖေတို့လည်း
ရက်ရက်စက်စက် သတ်ခံရ၏။
သင်၏နေ့ရက် ဘဝသည်လည်း
ဒုက္ခသည်ဖြစ် ဖြတ်သန်းရ၏။
သင်၏မျိုးဆက် သားသမီးလည်း
ဘဝဖျက်ဆီး ခံနေရ၏။
သင့်မွေးမြေပေါ် အခြေတကျ
သင်နေခွင့်လည်း အခက်ကြုံ၏။
သင့်လူသားဂုဏ် သင်၏သိက္ခာ
ဘယ်မှာပုန်းအောင်း နေပါသနည်း။
အိုး... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ
တစ်ချိန်တစ်ခါ ဤအကြောင်းများ
သင်ခဏလောက် တွေးဖူးသလား။
အိပ်မောကျသည့်
အို...အသင်လူသား
အချိန်မလွန်ခင် နိုးထပါ။့ 
Rohingya Eye
RB News
5.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများသည် လုံခြုံရေးကို အထူးသတိထား၍ သွားလာနေရသည်ဟု ဆိုသည်။ မောင်တောမြို့တွင် မည်သည့် အခါကမှ မမြင်ဖူးသည့် လူစိမ်းနှစ်ဦးက နယ်ခြားစောင့်ရဲ ယူနီဖောင်းများ ၀တ်ဆင်ကာ နယ်ခြားစောင့်ရဲ ပုံစံဖြင့် လမ်းသွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေး မေးမြန်း၍ ရိုက်နှက်ပြီး၊ ဆိုင်ကယ်စီး သွားလာသူများ ထံမှ ဆိုင်ကယ်များ ယူဆောင်သွား၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဆေးခံပြီး ဆိုင်ကယ်ယူသွားရန် ပြောဆိုသော်လည်း ၎င်းတို့ ပြောဆိုသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် စုံစမ်းလျှင် ၎င်းတို့ နှစ်ဦးကို တွေ့ရှိခြင်း မရှိသလို၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှလည်း ၎င်းတို့နှစ်ဦးကို မသိရှိကြောင်း ပြောဆိုသဖြင့် ဆိုင်ကယ်များလည်း ဆုံးရှုံး၊ တရားမျှတသည့် ဖြေရှင်းချက်လည်း မရှိသည့် ဖြစ်ရပ်များကြောင့် ဆိုင်ကယ်စီးသူများ အခက်ကြုံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
သြဂုတ်လ (၂၅) ရက်နေ့တွင် ပွင့်ဖြူချောင်း ကျေးရွာမှ ဦးမာမူရော်ရှိတ် (ဘ) ဦးဟာရှိမ်း (အသက် ၃၅ နှစ်) သည် ကြက်ရိုးပြင် ကျေးရွာမှ နေအိမ်သို့ ပြန်နေစဉ် အဆိုပါ နယ်ခြားစောင့်ရဲ အယောင်ဆောင် လူစိမ်းနှစ်ဦးသည် ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာခဲ့သည်။ ဦးမာမူရော်ရှိတ်သည် ၎င်းအိမ်သို့ ရောက်သည့်အခါ ဆိုင်ကယ်ကို အိမ်အပြင်တွင် ထား၍ အိမ်ထဲသို့ ၀င်သွားခဲ့သည်။ ဆိုင်ကယ်ဖြင့် လိုက်လာသည့် လူစိမ်းနှစ်ဦးက ဦးမာမူရော်ရှိတ်၏ ဆိုင်ကယ်ကို ခိုးယူသွားရာ၊ ခိုးယူခံရသူက နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ရရှိခြင်း မရှိဟု ဆိုသည်။
သြဂုတ်လ (၂၃) ရက်နေ့တွင် ကြိမ်ချောင်း ကျေးရွာမှ ဦးနူရ်ဆလာမ် (ဘ) ဦးဖူတူယား (အသက် ၃၂ နှစ်) သည် မောင်တော မြို့ပေါ်သို့ ပစ္စည်းများ ၀ယ်ယူရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် ကျီးကန်းပြင် ကျေးရွာ သီဟိုဠ် သရက်ခြံ အနီးသို့ ရောက်သည်နှင့် အဆိုပါ လူစိမ်းနှစ်ဦးက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီးနောက် ဦးနူရ်ဆလာမ်ကို လူမဆန်စွာ ရိုက်နှက်ရာ ထိုနေရာတွင်ပင် သတိလစ်၍ လဲကျသွားခဲ့သည်။ ဦးနူရ်ဆလာမ် သတိလစ်သွားသည့် အခါ လူစိမ်း နှစ်ဦးက ဆိုင်ကယ်ကို ယူဆောင် သွားခဲ့သည်။
အဆိုပါ လူစိမ်းနှစ်ဦးစလုံးသည် အသားအရောင် မဲသူများဖြစ်ပြီး၊ ရခိုင်စကညား ပြောဆိုသူများ ဖြစ်သည်။ ၎င်းတို့သည် ထိုကဲ့သို့ အကြမ်းဖက်၍ ဆိုင်ကယ် (၇) စီး ယူဆောင် သွားခဲ့ပြီး၊ ဆိုင်ကယ်ခိုးခံရသူ၊ လုယက်ခံရသူ များက သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း စုံစမ်း စစ်ဆေးမှု မရှိသဖြင့် ဒေသခံများက ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။
MYARF
RB News
5.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ်ကြီး မင်းဇော်နှင့် အဖွဲ့သည် အောက်တိုဘာလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း ကျေးရွာမှ ကျန်းမာရေး လုပ်သား ဖြစ်သူ ဦးအာမိရ်ဟမ်ဇားသည် ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို ရှာဖွေ စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ကင်းစခန်းသို့ ရောက်ရှိသည်နှင့် ဆိုင်ကယ်ထဲတွင် WY မူးယစ်ဆေးဝါး မိသည်ဟု လုပ်ကြံ၍ ငွေကျပ် သိန်း ၆၀ ပေးရန် တောင်းခံခဲ့သည်။
တပ်ကြပ်ကြီး မင်းဇော်နှင့် အဖွဲ့က နောက်ဆုံးတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် ၁၁ သိန်း ပေးရမည်ဆိုကာ ဦးအာမိရ်ဟမ်ဇားကို ပြန်လည် လွှတ်ပေးခဲ့ပြီး ဆိုင်ကယ်ကို သိမ်းဆည်း ထားခဲ့သည်။ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးအာမိရ်ဟမ်ဇားက ငွေကျပ် ၁၁ သိန်းကို တပ်ကြပ်ကြီး မင်းဇော်ကို ပေးပြီး ဆိုင်ကယ်ကို မယူဘဲ မတရား လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခံရသည်နှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်တန်း ခဲ့သည်။
အောက်တိုဘာလ (၅) ရက်နေ့တွင် လေးမိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးက တပ်ကြပ်ကြီး မင်းဇော်ကို အခြား စခန်းသို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တပ်ကြပ်ကြီး မင်းဇော်သည် စခန်းမှ ထွက်ခွာ မသွားမှီ ဦးအာမိရ်ဟမ်ဇားကို ဆိုင်ကယ် ပြန်ပေး၍ ဆိုင်ကယ် အတွက်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ထပ်မံ၍ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
5.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ်ကြီး မင်းဇော် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးသည် စက်တင်ဘာလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်းရွာမှ ဒေါ်ဆော်လေးမ၏ နေအိမ် တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ကာ ၎င်း၏ အိမ်သို့ အလည် ရောက်ရှိနေသော သားမက် ဖြစ်သူ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူကို ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ ငွေကျပ် သိန်း ၄၀ ပေးရန် တောင်းခံခဲ့သည်။ ငွေမပေးပါက RSO ဟု စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခံသည်။ မတရားသဖြင့် စွပ်စွဲခံရသူကလည်း ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် ၈ သိန်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
နယ်ခြားစောင့်ရဲ များသည် သီဟိုဠ်ကျွန်း အလယ်ရွာသို့ သွားရောက်၍ ဦးရှောမ်ရှု၏ နေအိမ်ကိုလည်း ၀င်ရောက် စစ်ဆေးခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးရှောမ်ရှုအား မတွေ့သဖြင့် ဇနီးဖြစ်သူကို ယောက်ျားဖြစ်သူ ဘယ်ကို ရောက်နေသနည်းဟု မေးမြန်းကာ သူမ၏ အင်္ကျီကို ဆွဲ၍ လက်သီးဖြင့် နှစ်ချက် ထိုးခဲ့သည်။ ထို့နောက် လူမျိုး ဘာသာ ခွဲခြား၍ အမျိုးမျိုး ဆဲဆို ကြိမ်းမောင်းကာ ပြန်လည် ထွက်သွားခဲ့ကြောင်း သိရသည်။
MYARF
RB News
5.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရေနောက်ငါးသား ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြသည် ဒိုင်းနက် အမျိုးသား တစ်ဦး ဖြစ်ပြီး ရိုဟင်ဂျာ လူမျိုး အိမ်ခြေ (၂၀၀) ခန့်၊ ဒိုင်းနက် လူမျိုး အိမ်ခြေ (၄၀) ခန့်နှင့် မြိုလူမျိုး အိမ်ခြေ (၂၅) အိမ်ခန့်ကို အုပ်ချုပ်နေသူ ဖြစ်သည်။ ၎င်းသည် ၂၀၀၈ ခုနှစ် ကတည်းက စတင်ပြီး ယခုအချိန်ထိ ကျေးရွာ အကြီးအကဲ ဆောင်ရွက်နေသူ ဖြစ်၍ ခရိုင်၊ မြို့နယ်ရှိ အာဏာပိုင် အဆင့်ဆင့်နှင့် ခင်မင် ရင်းနှီး နီးစပ်သူ ဖြစ်သောကြောင့် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းကာ ရိုဟင်ဂျာ လူမျိုးများကို ခွဲခြား ဆက်ဆံ ဖိနှိပ်ချုပ်ချယ်၍ အာဏာ အလွဲသုံးစား ပြုလုပ်နေသူ ဖြစ်သည်။
၎င်းနှင့် ပတ်သက်၍ ကျေးရွာသားများက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း အရေးမယူသည့် အပြင် တိုင်စာကို ၎င်း၏ လက်ထဲသို့ ပို့၍ တိုင်ကြားသူများကို မြို့နယ် အာဏာပိုင်များက ပြန်လည် နှိပ်ကွပ် စေခဲ့သည့် ဖြစ်ရပ်ပေါင်းများစွာ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး မဖြစ်မှီက မိသားစုဖြင့် နေထိုင်ရန် နေအိမ် ကောင်းကောင်းမွန်မွန် တစ်လုံးပင် မပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး၊ ယခုအခါ သွပ်မိုး၊ ပျဉ်ထောင်အိမ် နှစ်လုံး၊ ဈေးဆိုင်ခန်းနှင့် ဗွီဒီယိုရုံ အရှည် တစ်ဆောင်၊ ဆိတ်၊ ၀က် မွေးမြူရေး ခြံတစ်ခြံ၊ ကား၊ မော်တော်ဆိုင်ကယ်၊ ဟာလာစက်၊ သစ်သီးခြံ တစ်ခြံနှင့် လယ်မြေဧကပေါင်း များစွာ တို့ကို ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်၍ ပိုင်ဆိုင် ထားသည်ဟု ဒေသခံများက ဆိုသည်။
စက်တင်ဘာလ (၂၂) ရက်နေ့က ရေနောက်ငါးသား အလယ်ရွာမှ မော်လ၀ီ ဦးအာဘူတာဟေ့ရ် (အသက် ၄၅ နှစ်) ကို ၎င်း၏ ခြံမှ မာလကာသီး ခိုးစားသူကို ပြမပေးဟု မဆီမဆိုင် မတရား စွပ်စွဲ၍ ဆယ်အိမ်မှူးမှ တဆင့် ဆင့်ခေါ်၍ လူမဆန်စွာ ရိုက်နှက်ကာ ၀က်တင်းကုတ် ကျင်းထဲတွင် ထည့်သွင်း ချုပ်နှောင်ကာ ရဲလက်သို့ အပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
4.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ သီဟိုဠ်ကျွန်းဈေးရှိ ကြိမ်ချောင်း ကျေးရွာမှ ဦးအာနီစ်ခါန်နှင့် ၎င်း၏ သူငယ်ချင်းတို့ကို စက်တင်ဘာလ (၉) ရက်နေ့က အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခဲ့မှုနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက စစ်ဆေးရန် သီဟိုဠ်ကျွန်းဈေးမှ လဘက်ရည်ဆိုင် ပိုင်ရှင် နှစ်ဦးနှင့် ရွာသား နှစ်ဦးကို ဆင့်ခေါ်ခဲ့သည်။
ဆင့်ခေါ်ခံရသူများကို ငွေညှစ်ခဲ့သည့် နယ်ခြားစောင့်ရဲ များက တွေ့ဆုံ၍ ရဲမှူးနှင့် တွေ့လျှင် ဖမ်းဆီးခြင်းလည်း မရှိ၊ ငွေညှစ်ခဲ့ခြင်းလည်း မဟုတ်ကြောင်း ထွက်ဆိုရန်၊ အကယ်၍ ဖမ်းဆီး ငွေညှစ်ခဲ့သည်ဟု ဆိုပါက ထပ်မံ၍ လုပ်ကြံ ဖမ်းဆီးပြီး ထောင်ကျအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဆင့်ခေါ်ခံရသူများကလည်း ရဲမှူးနှင့် တွေ့ဆုံသည့်အခါ နယ်ခြားစောင့်ရဲ များ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ၍ အမှန်အတိုင်း မပြောရဲကြဘဲ ဖမ်းဆီး ငွေညှစ်ခံရခြင်း မရှိကြောင်း နယ်ခြားစောင့်ရဲများ ပြောခိုင်းသည့် အတိုင်း ပြောဆိုခဲ့သည်။ ထို့နောက် ရဲမှူးက ငွေညှစ်ခံရသူ ဦးအာနီစ်ခါန်နှင့် သူငယ်ချင်း ဖြစ်သူတို့ကို ခေါ်ခိုင်းရာ လဘက်ရည်ဆိုင် ပိုင်ရှင်နှစ်ဦးနှင့် ရွာသား နှစ်ဦးတို့က နယ်ခြားစောင့်ရဲများ ခြိမ်းခြောက်သည် များကို ပြောဆိုခဲ့ရာ ၎င်းတို့ကလည်း နောက်တစ်ကြိမ် လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခံရမည်ကို ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ ပြောခိုင်းသည့် အတိုင်းသာ ထွက်ဆိုခဲ့သည်။
MYARF
RB News
4.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူးရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၉) ဦးသည် စက်တင်ဘာလ (၂၃) ရက်နေ့ ည ၈ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု၊ နိယာရ်ဘိလ်ရွာ ဦးနူရ်မာမတ်နှင့် အတူ နိယာရ်ဘိလ်ရွာသို့ သွားရောက်ပြီး ဦးဆာလေအာမတ်၏ သားဖြစ်သူ ဦးအီနုစ်၏ ဆိုင်ထဲသို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲ တစ်ဦးက ဆိုင်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။
နယ်ခြားစောင့်ရဲက ဘင်္ဂလား ဆင်းမ်ကဒ် ထားနေသည်ကို ဈေးဝယ်ရန်လာသည့် ဦးအာဘူဂျော်နောတ် ဆိုသူက မြင်၍ နယ်ခြားစောင့်ရဲက ထားခြင်း ဖြစ်သည်ဟု ၀င်ရောက် ပြောဆိုသဖြင့် နယ်ခြားစောင့်ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ထို့နောက် ဆိုင်ရှင်ဖြစ်သူ ဦးအီနုစ်ကို ငါးခူရ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် ငွေကျပ် ၆ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
3.10.2015
RB News
3.10.2015
မောင်တော ။ ။ အောက်တိုဘာလ (၁) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး ကျေးရွာအုပ်စု၊ ဆောင်ပိုင်ညာရွာမှ ဦးအာယုဖ်နှင့် ၎င်း၏ မိတ်ဆွေ ဦးအာနိုဝါရ် တို့သည် ဟာဘီရွာရှိ ဦးအာယုဖ်၏ ယောက္ခမအိမ်သို့ အလည်အပတ် သွားခဲ့သည်။ ည ၆း၃၀ နာရီ အချိန်ခန့်တွင် ၎င်းတို့နှစ်ဦးသည် ဟာဘီရွာမှ ဆောင်ပိုင်ညာရွာသို့ ပြန်သွားနေစဉ် သီဟိုဠ်ကျွန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှေ့သို့ ရောက်သည့်အခါ တပ်ကြပ်ကြီး မင်းဇော်က ဆိုင်ကယ်ကို ရပ်တန့်၍ ၎င်းတို့နှစ်ဦးနှင့် ဆိုင်ကယ်ကို စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးကို စခန်းထဲခေါ်သွင်းကာ WY မူးယစ်ဆေးဝါးနှင့် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
တပ်ကြပ်ကြီး မင်းဇော်၏ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်မှုကို မြင်၍ စခန်း တာဝန်ခံ ဒုရဲအုပ်ပင် မနေနိုင်တော့ဘဲ တပ်ကြပ်ကြီးအား “ငွေညှစ်ချင်ရင် ငွေညှစ်ပြီး ပြန်လွှတ်ပေးပါလား၊ ဘာကြောင့် လူတွေကို လူသားမဆန်စွာ ရိုက်နှက်ရတာလဲ” ဟုပြောသဖြင့် ဒုရဲအုပ်ကိုပင် ရန်ရှာခဲ့ကြောင်း သိရသည်။
တပ်ကြပ်ကြီး မင်းဇော်က ၎င်းတို့ နှစ်ဦးကို ဆက်လက် ရိုက်နှက်၍ WY မူးယစ်ဆေးဝါးနှင့် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းရာ ရိုက်နှက်မှုဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ၀န်ခံခဲ့ရသည်။ ထိုသို့ ၀န်ခံခြင်းကို တပ်ကြပ်ကြီးက မိုဘိုင်းဖုန်းဖြင့် အသံသွင်းယူခဲ့သည်။ ထို့နောက် ည ၁၂ နာရီ အချိန်ခန့်တွင် ငွေကျပ် ၉ သိန်းညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တပ်ကြပ်ကြီး မင်းဇော်၏ ရိုက်နှက်မှုကြောင့် ဦးအာယုဖ်၏ ဦးခေါင်း၊ နှာခေါင်းနှင့် နှုတ်ခမ်းကွဲပြတ် သွားသည့် အပြင်၊ နားမှလည်း သွေးစီးခဲ့သည်။
အဆိုပါ တပ်ကြပ်ကြီးသည် အမြဲလိုလို ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် လုပ်ကြံ ဖမ်းဆီး၍ ရိုက်နှက် ငွေညှစ်လျက် ရှိသည်။ အောက်တိုဘာလ (၁) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း တောင်ပိုင်း ကင်းရုံတွင် ထိုင်နေသည့် ဦးဂျာဘူလောက် (ဘ) ဦးအလီဂျူဟာရ်ကို ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ရိုက်နှက်က ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။
ယခင်အပတ်ကလည်း လူနေအိမ်များသို့ ၀င်၍ မတရား ဖမ်းဆီးပြီး ငွေညှစ်ခဲ့သည့် အပြင် အမျိုးသမီး များကိုလည်း ကိုင်တွယ် စစ်ဆေး၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
![]() |
| အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်တွင် တွေ့ဆုံ ခဲ့စဉ်က သတင်း ဓာတ်ပုံ။ (သြဂုတ် ၁၀၊ ၂၀၁၄) |
3.10.2015
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့ မနေ့ သောကြာနေ့ ညနေပိုင်းက နယူးယောက်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အခိုင်အမာ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထပ်မံ အတည်ပြု ပြောကြား ခဲ့ပါတယ်။
နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် ပြည်လုံးကျွတ် လွှတ်တော် ရွေးကောက်ပွဲ ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အတွက် အရေးပါတဲ့ စမ်းသပ်မှု တရပ်ဖြစ်တယ်။ ဒါကြောင့်မြန်မာအစိုးရအနေနဲ့ ဒီရွေးကောက်ပွဲဟာ ခိုင်လုံစိတ်ချရဖို့၊ ရှင်းလင်းမြင်သာမှုရှိဖို့၊ အားလုံးပါဝင်ဖို့ သေသေချာချာဆောင်ရွက်ဖို့လိုကြောင်း မစ္စတာ ကယ်ရီက အားပေးတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရွေးကောက်ပွဲကို စောင့်ကြည့်အကဲခပ်ဖို့ မြန်မာအစိုးရ ခွင့်ပြုတဲ့အတွက် ကြိုဆိုပေမဲ့ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာပြောဆိုခွင့် ကန့်သတ်ထားတဲ့ ကိစ္စ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ လူနည်းစုတွေကို တားဆီးပိတ်ပင်ထားတဲ့ ကိစ္စတွေအတွက် စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို အာမခံပေးဖို့နဲ့ အုပ်စုလိုက်ပြောင်းရွှေ့ရမှုရဲ့ဇာတ်မြစ်ကိုဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ၀န်ကြီးကယ်ရီက အလေးထားပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်ပြင်နဲ့ မုတ္တမပင်လယ်အော်တို့ အတွင်း ပုံမှန်မဟုတ်တဲ့ လူအုပ်စုလိုက် ရွှေ့ပြောင်းမှုတွေကို ဖြေရှင်းဖို့အတွက် ဒေသတွင်း အားထုတ်မှုနဲ့ ပတ်သက်လို့ လည်း ၀န်ကြီး (၂)ဦး ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

| ၂၀၁၂ စက်တင်ဘာတွင် ကုလ သမဂ္ဂတွင် မိန့်ခွန်း ဖတ်ကြား နေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – Reuters) |
2.10.2015
သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏၀န်ကြီး အများအပြားကို နယူးယောက်မြို့ရှိ အမေရိကန် ဖက်ဒရယ် တရားရုံးတရုံးမှ သမ္မာန်စာ ထုတ်ခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ပြီး အစိုးရက ဘင်ဂါလီဟု အသိအမှတ်ပြု ထားသော မွတ်စလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆင့်ခေါ်ခြင်းဖြစ်သည်။
နယူးယောက် တောင်ပိုင်းခရိုင် အမေရိကန် ဖက်ဒရယ်တရားရုံးတွင် အမေရိကန် မွတ်စလင် အဖွဲ့အစည်း ၁၉ ခု ပါဝင် ပူးပေါင်းထားသည့် Burma Task Force USA (BTF) က တရားစွဲဆိုခဲ့သောကြောင့် ထိုသို့ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် ၎င်း၏၀န်ကြီးများက နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိမ် ၇၀ မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အောက်တိုဘာလ ၂ရက်နေ့ ၌ နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
အဆိုပါ မဟာမိတ်အဖွဲ့က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က နှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ပြီး ၎င်းတို့၏ မိသားစုများနှင့် အတူ နေအိမ်ကို စွန့်ခွာခဲ့ရ၍ လက်ရှိတွင် အမေရိကန်၌ ခိုလှုံနေသော ဒုက္ခသည် ၃ ယောက်၏ ကိုယ်စား တရားစွဲဆိုခြင်းဖြစ်ပြီး နစ်နာကြေးနှင့် ထိုက်သင့်သော ပြစ်ဒဏ် ချမှတ်ရန် ဖြစ်သည်။
သမ္မတဦးသိန်းစိန်အား လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တရားလွတ် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုဖြစ်စေခြင်း စသည်တို့ အတွက် Alien Tort Claims Act (ATCA) (နိုင်ငံခြားသားများ အမေရိကန် ပြင်ပတွင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကို ဖြေရှင်းပေးသည့် ဥပဒေ) နှင့် Torture Victim Protection Act (TVPA) (နှိပ်စက်ညှဉ်းပန်းခံရသူများကို ကာကွယ်ပေးသည့် ဥပဒေ) စသည့် ပုဒ်မများ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
“မီဒီယာအများစုက ဆီးရီးယား ဒုက္ခသည်တွေအကြောင်းကို အလေးပေး ဖော်ပြနေကြတယ်။ ဒါပေမယ့် နှိပ်စက် ညှဉ်းပမ်းမှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ဘယ်နှသိန်းလောက်ရှိပြီလဲ”ဟု Burma Task Force USA အဖွဲ့အား ထောက်ခံသူတဦးဖြစ်သော Muslim Peace Coalitionအဖွဲ့မှ Shaik Ubaid က မေးခွန်းထုတ်လိုက်သည်။
“မြန်မာနိုင်ငံ လူဦးရေရဲ့ အစိတ်အပိုင်းတခုက နိုင်ငံမဲ့နေတဲ့သူတွေ ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီ အစဉ်တွေက ထိရောက်မှုမရှိခဲ့ပါဘူး။ ငြိမ်းချမ်းတဲ့ အနာဂတ်တခုဖြစ်ဖို့ဆိုတာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ခြင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်မှုတွေကို ပယ်ဖျက်နိုင်ခြင်း အပေါ်မှာမူတည်နေပါတယ်”ဟု နယူးယောက်မြို့ရှိ Burma Task Force USA ၏ ဒါရိုက်တာ Adem Carroll ကပြောသည်။
လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပတ်သတ်၍ နိုင်ငံအကြီးအကဲတဦးအား အမေရိကန်တရားရုံးမှ သမ္မာန်ထုတ်ခြင်း သည် ယခုတကြိမ်က ပထမဆုံးမဟုတ်ပါ။ လွန်ခဲ့သည့် ၂နှစ်က လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် Nerendra Modi နှင့် ၀န်ကြီးချုပ်ဟောင်း Manmohan Singh တို့ကိုလည်း သမ္မာန်စာထုတ်ခဲ့သည်။ အဆိုပါ အမှု ၂ လုံးတွင် ၎င်းတို့က နိုင်ငံအကြီးအကဲများ ဖြစ်နေသည့်အတွက် အမေရိကန်တရားရုံးမှ တရားစွဲဆို၍ မရကြောင်း အမေရိကန် အစိုးရက တရားရုံးများကို ပြောခဲ့သည်။
ယခုကိစ္စတွင်လည်း အမေရိကန် နိုင်ငံရေးဝန်ကြီးဌာနက အလားတူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
1.10.2015
ဒီမိုကရေစီ ကူးပြောင်းတဲ့ သမိုင်းဝင် ရွေးကောက်ပွဲများ ဖြစ်လာဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံရေး ခေါင်းဆောင်တွေ အပြင် မြန်မာပြည်သူ အများ လက်ခံနိုင်တဲ့ ရလဒ်တွေဖြစ်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု မဟာမိတ် အဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အုပ်စု အားလုံး ပါဝင်ခွင့်ရရေး တိုက်တွန်း လိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အကြိမ် ၇၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တက်ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စက်တာဘာလ ၂၉ ရက် မနေ့က သီးသန့်တွေ့ဆုံပြီး မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး စတာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ မနေ့က အစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက Eri Kaneko အခုလို ပြောပါတယ်။
“ဆွေးနွေးပွဲမှာ မီးမောင်းထိုးပြခဲ့တဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကို ကူးပြောင်းမယ့် သမိုင်းမှတ်တိုင်တရပ်အဖြစ် ကိုယ်စားပြုတာကြောင့် လွတ်လပ်တဲ့အပြင် အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအပြင် အထူးသဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ မူဆလင် ကိုယ်စားလှယ်လောင်းတွေ အပါအ၀င် ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရမှုအတွက် မကျေနပ်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်း ဖြစ်ပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်သူတွေကို မဲပေးခွင့်မပေးတာဟာ မှားယွင်းတဲ့လမ်းကြောင်းကိုသွားတဲ့ အဆင့်တဆင့်ဖြစ်ပြီး အခုလို ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေအနေနဲ့ မဲပေးခွင့်မရတဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ အစည်းအဝေးပွဲမှာ ပြောသွားပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည်နေသလို ရွေးကောက်ပွဲပြီးတဲ့နောက် အာဏာအလွှဲအပြောင်းကိစ္စမှာ ချော့မွေ့နိုင်ရေးဟာ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ဖို့ အရေးကြီးကြောင်း မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတယ်လို့ Eri Kaneko က ပြောပါတယ်။
“ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချမှုရှိဖို့နဲ့ အာဏာကို လွှဲပြောင်းပေးရာမှာ ချောချောမွေ့မွေ့ဖြစ်နိုင်ဖို့က ရွေးကောက်ပွဲရလဒ်တွေဟာ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အများစုက လက်ခံနိုင်မယ့် အခြေအနေမျိုး ဖြစ်ဖို့အပေါ်မှာ အများကြီး မူတည်နေတာ ဖြစ်ပါတယ်။”
အခုလို ကုလသမဂ္ဂဘက်က မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆို၊ တိုက်တွန်းမှုတွေဟာ အရေးပါတယ်လို့ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေး ဆွေးနွေးတင်ပြခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် က ပြောပါတယ်။
“ဒါက အမှန်တရားကို ပြောတယ်ဆိုတော့လည်း ထိရောက်မှုရှိမယ်လို့ ကျနော် ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကာယကံရှင်ဆိုတော့လေ ကာယကံရှင်ဆိုတော့ ဒီကိစ္စကို ပိုပြီးမှ ကျနော် ခံစားလို့ရတယ်။ အခု စောစောပိုင်းကနော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောသွားတဲ့ ကျနော်တို့ white card ကိုင်ဆောင်ခဲ့တဲ့လူတွေကို မဲထည့်ခွင့်မပြုဘူး။ နောက် ကျနော်တို့ကိုလည်း ကိုယ်စားလှယ်ပြိုင်ခွင့် မပေးဘူးဆိုတဲ့ကိစ္စတွေ ဒါ ကျနော် ထင်ပါတယ် စိုးရိမ်စရာဆိုတာထက် ပိုတောင်ပိုခဲ့တယ်လို့ ကျနော် အဲလိုပဲ မှတ်ချက်ပေးချင်တယ်။”
ဦးရွှေမောင် အပါအ၀င် ရခိုင်ပြည်နယ်က မူဆလင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ယောက်နီးပါးကို ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ စိုးရိမ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ Eri Kaneko က ပြောပါတယ်။
“ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေ ထောက်ပြခဲ့ကြတာကတော့ IDP ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှု ပြဿနာကို ဖြေရှင်းရေးနဲ့ ရိုဟင်ဂျာတွေ နိုင်ငံသား ခိုလှုံခွင့် ရရှိရေးဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်အပေါ် ပိုပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလိုမလုပ်နိုင်ရင် လူတွေ ပို ဆင်းရဲဒုက္ခရောက်ကြမှာဖြစ်ပြီး၊ အသက်တွေလည်း ဆုံးရှုံးကြမှာ ဖြစ်ပါတယ်။”
မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ အမုန်းစကားပြောဆိုမှုတွေနဲ့ လူ့အသိုင်းအ၀ိုင်းကြား ရန်စလှုံ့ဆော်မှုတွေ တိုးလာနေတာဟာ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ ဘာသာရေးအပေါ် အခြေခံပြီး ကွဲလွဲမှုတွေကို ပိုပြီးဆိုးလာစေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာပါတဲ့ မြန်မာနိုင်ငံမှာ OHCHR ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဖွင့်လှစ်ဖို့ကိုလည်း အကောင်အထည်ဖော်ဖို့ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ထပ်မံ တိုက်တွန်းခဲ့ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ဟာ အရင် ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ကနေ ၂၀၁၃ ခုနှစ်မှာ နာမည်ပြောင်းလဲခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေ အပါအ၀င် တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ စတဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပဖို့ ရှိတဲ့ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် UPR လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် ပြန်လည် သုံးသပ် စိစစ်မှုမှာ မြန်မာ အစိုးရ အနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်စေရေး အတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ယူမယ် ဆိုတာကို ကတိ ပေးသင့်တယ် ဆိုပြီးတော့ ထိုင်းအခြေစိုက် Fortify Rights အဖွဲ့ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်း လိုက်ပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။
ဒီ Fortify Rights အဖွဲ့ခေါင်းဆောင် Matthew Smith က နိုဝင်ဘာလဆန်းမှာလုပ်မယ့် ကုလသမဂ္ဂရဲ့ UPR ခေါ် ပုံမှန်လူ့အခွင့်အရေးသုံးသပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တက်ရောက်ပြီး အစိုးရလူ့အခွင့်အရေး အစီရင်ခံစာ ဦးဆောင်တင်သွင်းမယ်လို့ ကြားတာမို့ အခုလို အချိန်မီ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ မစ္စတာ Smith ကပဲ လက်ရှိ ရွေးကောက်ပွဲနည်းလာချိန်မှာ သူ အခု အထူးစိုးရိမ်မိတာကို
“ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာ အကြမ်းဖက်မှုတွေဖြစ်လာဖို့ အန္တရာယ် ကြီးကြီးမားမားကို ရှိနေပါတယ်။ အဲဒီအတွက် တချို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကံဆိုးစွာပဲ အခု ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ ပြဿနာတွေ အများကြီးနဲ့ မသမာမှုတွေ ရှိနေပါတယ်။”
ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေအကြောင်း သူက အခုလို ဆက်ရှင်းပြပါတယ်။
“ကျနော်တို့ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ လူစုတချို့အပေါ် နိုင်ငံရေးအရ အခွင့်အလမ်းတွေ လုံးဝ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီထဲမှာ မူဆလင်ဘာသာဝင်တွေ မဲပေးခွင့်ဆုံးရှုံးတာ၊ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးမှာတွေ ပါပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတချို့က ဒေသခံတွေအနေနဲ့ အထူးသဖြင့်တော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကပေါ့နော်။ သူတို့အတွက် ဒီရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဖယ်ထားခံရတာမျိုးလည်း ပါပါတယ်။”
တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင် အစိုးရပါတီ ပြည်ခိုင်ဖြိုးကနေ အနိုင်ရခဲ့တဲ့ မူဆလင်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ အပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မူဆလင်ဘာသာဝင် ၅ သိန်းကျော်လည်း မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြောနေပါတယ်။ ဒီစိုးရိမ်ချက်တွေအပေါ် မစ္စတာ Smith က ဆက်ပြီး
“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးကို စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကို တိုးတက်လာအောင် လုပ်ပေးတာ မရှိသေးတဲ့အတွက် အထူးစိုးရိမ်တာပေါ့ဗျာ။ အထူးသဖြင့်တော့ လာမယ့် ရွေးကောက်ပွဲကာလမှာ အခြေအနေတွေ မတရားပိုဆိုးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။”
တကယ်တော့ အခုလို အခြေအနေတွေ ဆိုးပေမဲ့ တိုးတက်လာတဲ့ အခြေအနေတွေရော မြင်မိပါသလားလို့ မေးရာမှာ မစ္စတာ Smith က
“အသေအချာရှိပါတယ်။ မှတ်လောက်သားလောက်အောင်ကို တိုးတက်လာတာတချို့ ရှိပါတယ်။ တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ အရင်ထက် ပိုရလာပါတယ်။ အရပ်သားအဖွဲ့တွေအနေနဲ့ အရင်မလုပ်နိုင်တာတွေ အခု လုပ်ခွင့် အများကြီး ရလာပါတယ်။”
အဲဒီတော့ အခုလာမယ့် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အခြေအနေတွေ ဆက်တိုးတက်လာဖို့ မျှော်လင့်ပါသလားလို့ မေးရာမှာတော့
“ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခုလာမယ့် နိုဝင်ဘာ ၉ ရက်ကျရင် ဂျနီဗာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေအပေါ် ဆွေးနွေးကျတဲ့ အခါကျရင်ပေါ့လေ အဲဒီမှာ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ဘက်ကလည်း အသေးစိတ်နည်းလမ်းတွေကို အကြံပြုထားပါတယ်။ ဒီထဲမှာ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပါပါတယ်။”
မစ္စတာ Smith က ဆက်ပြီး အခု ဒီပွဲမှာ ဦးဆောင်တက်လာမယ့် ဗိုလ်ချုပ်ကြီး ကိုကို အနေနဲ့ အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပေမဲ့လည်း အခုတော့ နိုင်ငံတကာက အကြံပြုတဲ့ နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်။

30.9.2015
ဘူးသီးတောင် ။ ။ ကိုမန် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း သြဂုတ်လတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘူးသီးတောင် မြို့သို့ လာရောက် ကြည့်ရှုစဉ် ဘူးသီးတောင် မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီရ်အာမတ်က မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတသို့ တင်ပြခဲ့ရာ သမ္မတ ဦးသိန်းစိန်က မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဗလီများနှင့် အာရဘီ စာသင်ကျောင်းများကို ပြုပြင်ရန် နှုတ်ဖြင့် ခွင့်ပြုခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နှုတ်ဖြင့် ခွင့်ပြုချက် ပေးခဲ့သောကြောင့် မုန်တိုင်းသင့် ဗလီများနှင့် အာရဘီ စာသင်ကျောင်း အချို့ကို ဂေါပကများ ဦးစီး၍ ပြုပြင် ပြင်ဆင်ခဲ့သည်။
စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် သာသနာရေး ဦးစီးဌာန ဦးစီးမှူး တို့က ဗလီဂေါပက များကို ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့သည်။ အချို့ ဂေါပကများထံမှ ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ ထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အတွင်းငှက်သေ ကျေးရွာနှင့် အလယ်ချောင်း ကျေးရွာ ဂေါပက များထံမှ ငွေကျပ် သိန်း ၁၀၀ စီ တောင်းခံသဖြင့် ၎င်းတို့က ငွေမပေးနိုင်ခဲ့ပေ။ ထို့နောက် စက်တင်ဘာလ (၂၈) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ငွေမပေးခဲ့သော ဂေါပကများကို ရုံးသို့ ဆင့်ခေါ်၍ ပြုပြင်ခဲ့သည့် ဗလီကို ပြန်လည် ဖျက်ခိုင်းရာ ဂေါပကများက “ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ ဆောက်လုပ်ပြီး ဗလီကို ပြန်လည် ဖျက်တာ ခွင့်မပြုတာကြောင့် ကျွန်တော်တို့ မဖျက်နိုင်ဘူး” ဟု ဖြေဆိုခဲ့သည်။
စက်တင်ဘာလ (၂၉) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက အလယ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်မာလ်ဟာကိမ်းအား ဖိအားပေး ခြိမ်းခြောက်ကာ ဗလီကို ဖျက်ခိုင်းသဖြင့် ၎င်းက အလုပ်သမား ငှား၍ ဗလီ ခေါင်မိုးမှ သွပ်များကို ပြန်လည် ခွာချခဲ့ရသည်။ အလယ်ချောင်း ကျေးရွာမှ ဗလီသည် မုန်တိုင်းကြောင့် လုံးဝ ပျက်စီးသွားခဲ့သည့် အတွက် ယခု ပြန်လည် ပြုပြင်ရာတွင် ခေါင်မိုးသာ ပြီးစီးခဲ့ပြီး အကာအရံများ မပြုလုပ်ရသေးကြောင်း ဒေသခံများက ပြောပါသည်။
RB News
30.9.2015
30.9.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျောက်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးကာလာမျာ (ဘ) ဦးဆောမိအုလ္လာ၏ နေအိမ်သို့ စက်တင်ဘာလ (၂၂) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးရောက်ရှိလာပြီး နေအိမ်တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ခဲ့သည်။ ထို့နောက် နေအိမ်အတွင်းရှိ အမျိုးသမီးများ၏ ခန္ဓာကိုယ် အနှံ့ ကိုင်တွယ်ရှိ ရှာဖွေပြီးနောက်၊ နေအိမ်အတွင်း ရှာဖွေခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း နေအိမ်တွင်းမှ ဘင်္ဂလားဖုန်း နှစ်လုံး ရရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ဦးကာလာမျာ၏ သားနှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တစ်ညလုံး ရိုက်နှက် နှိပ်စက်ကာ ငွေကျပ် ၆ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထိုညတွင်ပင် ဦးအုမောရ်မျာ၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေပြီး ဖုန်းအားသွင်းကြိုး ရရှိသည်ဟု ဆိုကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
စက်တင်ဘာလ (၂၃) ရက်နေ့တွင် အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့သည် ကျွန်းပေါက်ပြုစုနှင့် ကျွန်းပေါက်ဆင်အိုး ကျေးရွာ ကားလမ်းတစ်လျှောက်တွင် တစ်နေကုန် သောက်စားမူးယစ်ပြီး လမ်းသွားလမ်းလာ များကို စစ်ဆေး၍ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ညနေ ၅ နာရီခန့် အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာမှ ဦးရှောမ်ရှုအာလာမ်နှင့် ဇီးပင်ချောင်း ကျေးရွာမှ ဦးအေမာရာန် တို့ကို မတရားသဖြင့် ရိုက်နှက်၍ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။ ၎င်းဒုရဲအုပ်နှင့် အဖွဲ့သည် ယူနီဖောင်း ၀တ်ဆင်ခြင်း၊ လက်နက် ကိုင်ဆောင်ခြင်း မရှိဘဲ၊ အရပ်သားများကဲ့သို့ ၀တ်ဆင်၍ ရွာများထဲ ၀င်ရောက်၍ သောင်းကျန်းလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
စက်တင်ဘာလ (၂၃) ရက်နေ့တွင်ပင် ဇီးပင်ချောင်း အခြေစိုက် နယ်မြေ (၄) အပိုင် စခန်း (၁၀) မှ ဒုရဲအုပ်နှင့် နယ်ခြားစောင့်ရဲ (၃) ဦးသည် ည ၁၂ နာရီကျော် အချိန်တွင် ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဘေတာလီ (၂) ရွာမှ ဦးအဒူဆလာမ် (ဘ) ဦးအဒူရှကူရ်၏ နေအိမ်တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။
အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဒေသခံများ၏ နေအိမ်များသို့ ၀င်ရောက်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာ တာဝန်ခံ တစ်ဦးတစ်ယောက်မှ မပါဘဲ ဓါးပြတိုက်သကဲ့သို့ ၀င်ရောက် စီးနင်းပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
![]() |
| ဖျက်ဆီး ခံရသည့် Our Lady Of Assumption ကက်သလစ် သီလရှင်ကျောင်း။ (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ) |
ကောင်းမြတ်မင်း
29.9.2015
ပဲခူးတိုင်း ပေါက်ခေါင်း မြို့နယ် တောင်လယ် အုပ်စု ညောင်ဝန်း ကျေးရွာရှိ Our Lady of Assumption ကက်သလစ် ခရစ် ယာန် သီလရှင် ကျောင်းတွင် အသက် ၁၄ နှစ်အရွယ် ကလေးတဦးက အသက် ၄နှစ် အရွယ် ကလေးငယ် တဦးကို သတ် ဖြတ် လိုက်မှုအပေါ် မကျေနပ်သည့် ဒေသခံများက အဆိုပါ ကက်သလစ် ကျောင်းကို ဖျက်ဆီးကြကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်း ကျေးရွာမှ အသက် ၄နှစ် အရွယ် ဇွန်ပွင့်ဖြူ (ခ) မမာဒီးနားကို မိဘများက ယင်းကျေးရွာရှိ Our Lady Of Assumption ကက်သလစ် သီလရှင်ကျောင်းတွင် ပုံမှန် သွားရောက် ပို့ထားလေ့ရှိကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဇွန်ပွင့်ဖြူ (ခ) မမာဒီးနားကို မိဘများက ကျောင်းတွင် သွားရောက်ထားစဉ် ပျောက်ဆုံး သွားခဲ့ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မာဒီးနား(ခေါ်) ဇွန်ပွင့်ဖြူ၏ အလောင်းကို သီလရှင် ကျောင်းဝင်း အတွင်းရှိ ခြုံပုတ် အတွင်းမှ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
လတ်တလော စုံစမ်းဖော်ထုတ်ချက် များအရ ဇွန်ပွင့်ဖြူ (ခ) မမာဒီးနားကို အဆိုပါ သီလရှင်ကျောင်းတွင် လာရောက် နေထိုင် သည့် အသက် ၁၄နှစ်အရွယ် သက်ပိုင်ဦး ဆိုသူက သတ်ဖြတ်သည်ဟု သိရှိခဲ့ရာ မကျေနပ်သည့် မိသားစု ၀င်များနှင့် ဒေသခံ များက အဆိုပါ သီလရှင် ကျောင်းကို တိုက် ခိုက်ဖျက်ဆီးမှုများ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလည်းဖြစ်၊ သီလရှင် ကျောင်းနှင့်နီးစပ်သူလည်းဖြစ်သူ ဦးငွေမျိုးက ပြောသည်။
“မာဒီးနာရဲ့ အဖေနဲ့အမေက မနက်အလုပ်သွားရင် ကလေးကို ကျောင်းမှာထားခဲ့နေကြ၊ ငယ်ငယ်လေး ကတည်းက မနက် ဆိုထား ညနေဆိုပြန်ခေါ်လုပ်နေကြပါ။ အဲဒီကလေးကို သတ်တယ်ဆိုတဲ့ ကလေးက အသက် ၁၄ နှစ် အရွယ် ကောင်လေး ကလည်း ကျောင်းကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ World Vision က စောင့်ရှောက်ထားတဲ့ ကလေး ကျနော်က မွေး စား ဖို့ ခေါ်ပြီး ဒီကျောင်းမှာထားတာ၊ တရားဝင်တော့ လွှဲမယူသေးဘူး။ ဘာလို့လဲဆိုတော့ ဒီသီလရှင် ကျောင်းဘော်ဒါ မှာ ပျော်မှ ကျနော်က ခေါ်မွေးစားမှာ အခုမှရောက်တာ ရက်ပိုင်းပဲရှိသေးတယ်။ မပျော်ဘူးလို့ပြောလို့ ပြန်ပို့ပေးမလို့ မအားသေး လို့ မပို့ဖြစ်တာနဲ့ အခုလို ဖြစ်ကုန်တာပဲ”ဟု ဦးငွေမျိုးက ပြောသည်။
ဒေသခံများ၏ ဖျက်ဆီးမှုကြောင့် သီလရှင်ကျောင်းတွင် ပျက်စီးမှုများစွာ ရှိနေပြီး လုံခြုံရေး တာဝန်မယူနိုင်၍ ကျောင်းတွင် နေထိုင်သော ခရစ်ယာန်သီလရှင်များနှင့် သင်းအုပ်ဆရာများမှာလည်း ထွက်ပြေးနေရကြောင်း သိရှိရသည်။
“တဖြည်းဖြည်းအခြေအနေပိုဆိုးလာလို့ ရဲတွေကိုမေးတယ်။ လုံခြုံရေးကို တာဝန်ယူနိုင်မလားဆိုတော့ သူတို့က အာမခံနိုင်ဘူးလို့ပြောလို့ ကျနော်တို့ ညတွင်းချင်း ကား ၂ စီးနဲ့ ထွက်ပြေးခဲ့ရတာ။ ကျနော်တို့ဘက်ကတော့ သူတို့ အပေါ်မှာ တရားစွဲတာ အရေးယူတာတွေမလုပ်ပါဘူး။ ခွင့်လွှတ်နားလည်ပေးပါတယ်။ သို့သော် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့ ကမ္ဘာပျက်သလိုခံစားရတယ်။ အဲဒီကျောင်းကို သီလရှင်တွေလည်း ပြန်သွားရဲမှာမဟုတ်တော့ဘူး။ အစိုးရဘက်က လုံခြုံရေးကို တာဝန်ယူမှပဲကျောင်းမှာ ပြန်နေရဲကြမှာ” ဟု ခရစ်ယာန် ကျောင်းထိုင်ဘုန်းကြီး ဘင်ဂျမင်ထွေးနိုင်က ဆိုသည်။
လတ်တလော မောင်သက်ပိုင်ဦး (၁၄)နှစ်အား ပေါက်ခေါင်းမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူထားပြီး ကလေးသူငယ်အခွင့်အရေးအရ တရားသူကြီး၏ခွင့်ပြုချက်ဖြင့် အာမခံပေး၍ ပေါက်ခေါင်းမြို့နယ် ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တဦး၏ နေအိမ်တွင်ထိန်းသိမ်းထားကြောင်း ပြည်ခရိုင် ဒုတိယ ရဲမှူးကြီး အောင်သက်နိုင်က ဧရာဝတီသို့ပြောသည်။
“ဒါဘာသာရေးပြဿနာမဟုတ်ပါဘူး။ ဒီဖြစ်စဉ်ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းက မိဘနဲ့ ကင်းကွာနေတဲ့ ကလေး လူငယ်တယောက်ရဲ့ စိတ်ကြောင့်ဖြစ်တာပါ။ ဒါမျိုးဟာလည်း ဒီဒေသတွေမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်မရှိခဲ့ပါဘူး။ အသက် ငယ်တဲ့ သူတို့ရဲ့ ဒေသခံကလေးဖြစ်သွားတဲ့အပေါ် သူတို့ရဲ့စိတ် ဝုန်းဒိုင်းကျဲလိုက်တဲ့ အနေအထားလေးပါ။ ဒါကိုလည်း ထိခိုက် နစ်နာလောက်အောင် မီးရှို့တာ ဖျက်ဆီးတာ ကြမ်းတမ်းတာ မဟုတ်ပါဘူး။ လုံခြုံရေးကိုလည်း စိတ်ချရအောင် Security Force တိုးပြီးချထားပြီးပါပြီ” ဟု ပြည်ခရိုင်ဒုတိယရဲမှူးကြီးအောင်သက်နိုင်က ပြောသည်။
ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် အိမ်ထောင်စု ၂၈၀ ကျော်ရှိပြီး ကက်သလစ်ဘာသာဝင် အိမ်ထောင်စု ၂ စု သာရှိကာ Our Lady Of Assumption ကက်သလစ် သီလရှင်ကျောင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က တည်ရှိ ခဲ့သည့် ကက်သလစ်သီလရှင်ကျောင်းဖြစ်ကြောင်း၊ ယင်းကျောင်းတွင် ကရင်တိုင်းရင်း သားမူလတန်းနှင့် အလယ်အတန်း အဆင့် ကလေးငယ် ၁၃ ဦး နေထိုင် ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ခေါင်းမြို့နယ်အာဏာပိုင်များနှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းကာ အေးချမ်းစွာ ပြီးဆုံးနေထိုင်နိုင်ရေးအတွက်ဆွေးနွေးကြောင်း ပြည် ကက်သလစ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် အလက် ဇန္ဒား ပြံးချိုက ပြောသည်။

28.9.2015
RB News
28.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကုရ်ဘာနီ နွားရောင်းပွဲတော် နောက်ဆုံးရက်တွင် ဗုံးဖောက်ခွဲရန် ကြိုးစားခဲ့သည့် ရခိုင်လူမျိုး နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကုရ်ဘာနီ နွားရောင်း ပွဲတော် နောက်ဆုံးရက် စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ရခိုင်အစွန်းရောက် သူစိမ်း နှစ်ဦးသည် ကျောပိုးအိတ် တစ်လုံးဖြင့် နွားရောင်းပွဲတော်သို့ ရောက်ရှိလာပြီး တစ်နေရာတွင် ဗုံးတစ်လုံး ထောင်ထားခဲ့သည်။ ထို့နောက် ၎င်းတို့သည် အခြားနေရာ တစ်နေရာတွင် ဗုံးတစ်လုံး ထပ်မံ၍ ထောင်ရန် ကြိုးစားနေစဉ် နွားရောင်းပွဲတော်ရှိ ဒေသခံ ရိုဟင်ဂျာများ တွေ့ရှိသွားပြီး နွားရောင်းပွဲတော်တွင် လုံခြုံရေး တာဝန်ယူထားသည့် မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့အား သတင်းပို့ခဲ့သည်။
သတင်းပို့ပြီးနောက် ရဲများရောက်ရှိလာပြီး အဆိုပါ ရခိုင်အစွန်းရောက် နှစ်ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ရာ ကျောပိုးအိတ်ထဲတွင် ဗုံးငါးလုံး တွေ့ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့ ထောင်ထားခဲ့သည့် ဗုံးတစ်လုံးကို ရှာဖွေ သိမ်းဆည်းခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးစလုံးကို ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
RB News
26.9.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဇင်ပိုင်ညှာကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဓါတ်ဆီဆိုင်များမှ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းက စက်တင်ဘာလ (၁၄) ရက်နေ့မှ စ၍ လစဉ်ကြေး အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
(၁) ဦးမာမတ်ဆီဒီးခ် (ဘ) ဦးရှားအာလောမ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၂) ဦးအဘူဆီဒီးခ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၄ နှစ်) - ညှစ်ခံရငွေ ၄၅၀၀၀/- ကျပ်
(၃) ဦးမုစ်တာဖာအာမတ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၈ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၄) ဦးဆွေယာဒ်ဒူလ်အစ္စလာမ် (ဘ) ဦးဂူရာမျာ (အသက် ၃၅ နှစ်) - ညှစ်ခံရငွေ ၁၀၀၀၀/- ကျပ် -- တို့ဖြစ်သည်။
စက်တင်ဘာလ (၈) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာမှ ဆိုင်ရှင်များ ဖြစ်သူ မာမတ်တာဟဲရ် (ဘ) ဦးရှာကဲရ် (အသက် ၂၂ နှစ်) နှင့် ဦးအာမန်အူလ္လာ (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၂၄ နှစ်) တို့ သုံးနေသည့် MPT ဖုန်းကို ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး ဘင်္ဂလားဖုန်း သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အတင်း အဓမ္မ လစဉ်ကြေး ၁၅၀၀၀/- ကျပ် ပေးရသူများမှာ -- (၁) နူရူလ်ဟောက် (ဘ) ဦးနူရ်ရာမတ် (အသက် ၂၅ နှစ်)၊ (၂) ဦးမိုဟာမတ်အာခ်ဘောရ် (ဘ) ဦးနူရ်ရာမတ် (အသက် ၄၅ နှစ်)၊ (၃) မိုဟာမတ်အီလီယာစ် (ဘ) ဦးနူရ်ဟူဆိန်း (အသက် ၂၄ နှစ်) နှင့် (၄) အီဗြာဟိမ်း (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၇ နှစ်) တို့ဖြစ်သည်။
စက်တင်ဘာလ (၇) ရက်နေ့က မောင်နှမ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် စားကုန်ဆိုင်များတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ လာသည့် ပစ္စည်းများ ရောင်းချနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ မောင်နှမ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးမာမတ်ဆီဒီးခ် (ဘ) ဦးရှားအာလောမ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၂) ဦးအဘူဆီဒီးခ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၄ နှစ်) - ညှစ်ခံရငွေ ၄၅၀၀၀/- ကျပ်
(၃) ဦးမုစ်တာဖာအာမတ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၈ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၄) ဦးဆွေယာဒ်ဒူလ်အစ္စလာမ် (ဘ) ဦးဂူရာမျာ (အသက် ၃၅ နှစ်) - ညှစ်ခံရငွေ ၁၀၀၀၀/- ကျပ် -- တို့ဖြစ်သည်။
စက်တင်ဘာလ (၈) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာမှ ဆိုင်ရှင်များ ဖြစ်သူ မာမတ်တာဟဲရ် (ဘ) ဦးရှာကဲရ် (အသက် ၂၂ နှစ်) နှင့် ဦးအာမန်အူလ္လာ (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၂၄ နှစ်) တို့ သုံးနေသည့် MPT ဖုန်းကို ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး ဘင်္ဂလားဖုန်း သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
![]() |
| ထောင်ပေါင်း များစွာသော မူဆလင် ဘုရားဖူးများ မိစ္ဆာ ကျောက်တုံး ရှိရာကို သွားနေ ကြစဉ်။ |
26.9.2015
ဆော်ဒီ အာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘုရားဖူး ပွဲတော်မှာ လူအုပ်ပိုပြီး အချင်းချင်း တက်နင်းမိလို့ သေဆုံးသွားသူ (၇၀၀) ကျော်ထဲမှာ မြန်မာ နိုင်ငံသား အနည်းဆုံး ၄ ဦး သေဆုံးပြီး လူ ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်က အတည်ပြု ပြောဆို ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်း တင်ပြ ပေးထား ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူးပွဲတော် ကျင်းပလေ့ရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နားက မီနာမြို့ကို Hajj ဘုရားဖူးလာကြတဲ့ လူအုပ်ကြီးထဲအချင်းချင်းတက်နင်းမိပြီး သေဆုံးသွားသူ အနည်းဆုံး(၇၁၇) ဦးရှိပြီး (၈၆၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပါတယ်။

| မိစ္ဆာကျောက်တုံးနားမှာ ကယ်ဆယ်ရေး အရ ပြန်လည် စုစည်း ထားတဲ့ ကမ္ဘာ တလွှားက မူဆလင် ဘုရားဖူးများ။ |
အခုလို Hajj ဘုရားဖူး သေဆုံးသွားသူတွေထဲမှာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပြီး အခုချိန်ထိတော့ သေဆုံးသူ ၄ ဦးရှိတယ် လို့ အတည်ပြုပြီး ၈ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးကိုကိုလတ်က VOA ကို ပြောပါတယ်။
“အခုလောလောဆယ်အတိအကျသတင်းရထားတာကတော့ (၄) ယောက်ဆုံးတယ်ဆိုပြီး သတင်းရထားပါတယ်။ (၈) ယောက် ပျောက်နေပါတယ်။ ဒီနေ့အထိ ရတဲ့သတင်းပါ။ သေဆုံးတာက အမျိုးသမီး (၂) ယောက်၊ အမျိုးသား (၂) ယောက်ပါ။ အမျိုးသမီးနာမည်က ဒေါ်မိုးမိုးအောင် အသက် (၃၄) နှစ်ပါ၊ ရန်ကုန်ကပါပဲ။ ဒေါ်နွယ်အေး အသက် (၅၇) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။ ဦးကျော်သန်းဆိုတာ အသက် (၄၇) နှစ်၊ သူလည်း ရန်ကုန်ကပါပဲ။ ဦးမောင်မောင်လတ်ဆိုတာက အသက် (၆၁) နှစ်ပါ။ သူကတော့ သူသေဆုံးကြောင်းကို ဒီနေ့မှ အတည်ပြုလို့ရပါတယ်။ သူသေပြီဆိုတာကို သူ့ရဲ့ အေးဂျင့်ကနေ ဖုန်းဆက်လာတယ်။ အသက် (၆၁) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။”
သေဆုံးသွားသူ ၄ ဦးထဲမှာ ၃ ဦးက Multi Point Travel & Tour ခရီးသွားကုမ္ပဏီက ပို့ပေးခဲ့သူတွေဖြစ်ပြီး ကျန်တဦးကတော့ အစိုးရအစီအစဉ်နဲ့ သွားခဲ့ သူဖြစ်တယ်လို့ ဦးကိုကိုလတ်က ပြောပါတယ်။
“ဦးကျော်သန်းကတော့ အစိုးရကစေလွှတ်တဲ့အဖွဲ့ကနေ သွားတာပါ။ နောက်ထပ် သုံးယောက်သေဆုံးသွားသူတွေကတော့ Multi Point Travel & Trur ကနေ သွားတာပါ။ (၈) ယောက် ပျောက်နေတဲ့အုပ်စုကလည်း Multi Point Travel & Tour က လူတွေပါပဲ။ ဦးကျော်သန်း၊ (၄၇) နှစ် သူကတော့ သေဆုံးသွားပြီး မနေ့က သင်္ဂြိုဟ်ပြီးပါပြီ။ ကျန်တဲ့လူတွေကတော့ သေဆုံးပြီိဆိုတာတော့ confirm ရတယ်၊ အခု ရေခဲတိုက်ထဲမှာရှိတယ်။ သင်္ဂြိုဟ်ခွင့်မရသေးပါဘူး။”
ဆော်ဒီအာရေဗျနိုင်ငံက Hajj ဘုရားဖူးပွဲတော်ကို မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ နှစ်စဉ် (၅,၀၀၀) ဝန်းကျင်လောက် သွားလေ့ရှိပြီး ဒီနှစ်မှာတော့ ဒီနှစ်မှာ (၄,၀၀၀) ဝန်းကျင် ဘုရားဖူးသွားခဲ့တယ်လို့ အစ္စလာမ်ရေးရာအဖွဲ့ချုပ်ဝင် ဦးဝင်းထွန်းစိုးက ပြောပါတယ်။
“ဗမာပြည်ကနေ Hajj သွားတဲ့ (၄) ထောင်ကို ကုမ္ပဏီပေါင်း (၅၀) ကျော်လောက်က ပို့တယ်။ အရင်နှစ်တွေက (၅) ထောင်တွေ၊ (၅ ထောင့် ၅၀၀) တွေ၊ (၆) ထောင်တွေ ပေးတယ်ဗျ။ အဓိက ခွဲတန်းကတော့လေ ဆော်ဒီကပေးတာဗျ။ နိုင်ငံတနိုင်ငံကို ပေးတဲ့ခွဲတန်းပေါ်မှာ သံရုံးကနေတဆင့် ဒီက ကုမ္ပဏီတွေအနေနဲ့ ဒီက ဘာသာရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပြန်ချပေးတာပေါ့။ ကျနော်ပြောတဲ့ (၄) ထောင်ထဲမှာ (၂၈၀) ကကျတော့ မဲဟာဂျီလို့ခေါ်တဲ့ ဆော်ဒီအစိုးရကနေ လက်ဆောင်ပေးတဲ့ဟာဂျီဆိုတာ သပ်သပ်ရှိတယ်။ အဲဒါက (၂၈၀)။ အဲဒါကကျတော့ဗျာ-သူတို့ဟိုမှာ စရိတ်တွေ သက်သာတယ်။ အရင်နှစ်တွေက သာသနာရေးဝန်ကြီးဌာနက ကိုင်တယ်။ သာသနာရေးဝန်ကြီးဌာနကတဆင့် ကုမ္ပဏီကိုပြန်ပေးပြီးတော့ ကုမ္ပဏီတွေကတဆင့် ပြန်ပွား…အဲဒါကြောင့် မဲဟာဂျီခေါ်တာပေါ့ဗျာ။ ကျနော်တို့က ဒီမှာ အဲဒါတွေကို မဲနှိုက်ပြီးတော့ ပေးတာ။ ကျန်တဲ့ဟာတွေကတော့ သံရုံးကတဆင့်မှ Travel & Tour ကုမ္ပဏီတွေကို ပြန်ချိတ်ပေးတာပါ။”
ဒီနှစ် Hajj ဘုရားဖူးပွဲတော်မှာ မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ အခုလို သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းရကြောင်း မြန်မာ မွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ ဦးကိုကိုလတ်ပြောတာက -
“သေဆုံးသူတွေအတွက် ကျနော်တို့ ဘာသာရေးအဖွဲ့အစည်းအနေနဲပတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ သေဆုံးသွားတာနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆော်ဒီသံရုံးကို သူတို့ ဘာကြောင့်သေဆုံးသွားရတယ်ဆိုတာ ဆော်ဒီအစိုးရကနေ လက်ရှိလုပ်နေတဲ့ inquiries တွေကိုလည်း ကျနော်တို့က မိသားစုတွေကို ပြန် sharing လုပ်မှာပါ။ ကျနော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းအနေနဲ့ကတော့ သေဆုံးသွားတဲ့မိသားစုတွေကို သွားပြီး တွေ့ဆုံပြီးတော့လည်း အားပေးစကားပြောမှာလည်း ဖြစ်ပါတယ်။”
![]() |
| ၁၉၉၀ ခုနှစ်က စပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူး ရာသီမှာ ဖြစ်ပျက် ခဲ့တဲ့ ဝမ်းနည်း ကြေကွဲဖွယ် လူသေဆုံးမှု ပြဇယား။ |
Hajj ဘုရားဖူးပွဲတော်ဟာ ၅ ရက်ကြာကျင်းပတာဖြစ်ပြီး ပွဲတော်အစပိုင်းကာလမှာ ရိုးရာဓလေ့အရ မိစ္ဆာလို့သတ်မှတ်ထားတဲ့တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ လူသန်းနဲ့ချီလာရောက်တဲ့ Hajj ဘုရားဖူးပွဲတော်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း လူအုပ်ပြိုပြီး ဘုရားဖူးအချင်းချင်း နင်းမိတာကြောင့် သေဆုံးတာတွေ အကြိမ်အများအပြား ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ Hajj ဘုရားဖူး ၂ သန်း ကျော် လာရောက်တယ်လို့ ခန့်မှန်းထားပါတယ်။
ဦးကျော်ဇံသာ
25.9.2015
ပြည်ပ နိုင်ငံတွေက လူတွေ တရားမဝင် ပြောင်းရွှေ့ ဝင်ရောက် လာတဲ့ ပြဿနာ၊ ဒုက္ခသည် ပြဿနာ တွေ ဟာ မြန်မာနိုင်ငံမှာ သာဖြစ်နေတဲ့ ပြဿနာမဟုတ်ပဲ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားမှာ လောလောဆယ် ကြုံနေရတဲ့ ပြဿနာဖြစ်နေတယ် လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးရောက်မြို့မှာ နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဦးဝဏ္ဏမောင်လွင် က အဲဒီလိုပြောကြား သွားတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို အင်တာနက် အွန်လိုင်းကနေ တိုက်ရိုက်စောင့်ကြည့်နေခဲ့တဲ့ ဦးကျော်ဇံသာက အခုလို သတင်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံ "Reform and Democratization" ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအမေး အဖြေ ပြုလုပ်ခန်းမှာ ရွေးကောက်ပွဲ ကိစ္စ၊ အာဏာ လွှဲပြောင်းရေး ကိစ္စ ၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ၊ မြန်မာ-တရုတ် ဆက်ဆံရေး စတဲ့ အရေးကိစ္စ အတော်များများကို မေးမြန်းခဲ့ကြတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝဏ္ဏမောင်လွင်က အခုလိုဖြေကြားသွားပါတယ်။
"အခိုက်အတန့်အားဖြင့် ကျနော်တို့ဟာ တည်ဆဲဥပဒေအတိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမက သမ္မတဖြစ်နိုင်ခွင့်အတွက် သတ်မှတ်ခြင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ဘယ်သူ့ကိုမဆို တားမြစ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ် တရပ်ကို ဒီဖွဲ့စည်းပုံနဲ့ အညီ ဖွဲ့စည်းမှာပဲ ဖြစ်ပါတယ်။"
ဒီလိုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ အဲ့ဒီ့အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ မရှိဘူးဆိုတဲ့ သဘောလားလို့ မေးတဲ့အခါမှာတော့-ဦးဝဏ္ဏမောင်လွင်က နောက်လူတွေက စဉ်းစားပါလိမ့်မယ်လို့ပြောပါတယ်။
"ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျနော် မသိပါဘူး။ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ကိစ္စတွေကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်။ "
နောက်တခါ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မျိုးသုန်း သတ်ဖြတ်နေတယ်။ အိမ်နီးချင်း နိုင်ငံတွေကို သောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေး ပြသနာတရပ်ဖြစ်နေပါတယ်။ ဒီပြသနာအတွက် မြန်မာအစိုးရက ဘယ်လိုမူဝါဒမျိုး ချမှတ်ထားသလဲ ဆိုတဲ့ မေးခွန်း ကိုတော့-ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ် မပြုကြောင်း ပထမဦးစွာ ပယ်ချပြီးတော့ ဒီလူတွေ ဝင်ရောက်လာပုံကို သမိုင်းကြောင်းနဲ့တကွ ဆက်လက်ရှင်းပြပါတယ်။ အဲ့ဒီ့နောက် အခုလက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ဖြေကြားသွားပါတယ်။
"အခုလက်ရှိမှာလဲ ကျနော်တို့က နိုင်ငံသားစိစစ်ရေးလုပ်တော့ တရားမဝင် လာရောက်သူအချို့ ထွက်သွားကြပါတယ်။ တချို့လည်း ရေကြည်ရာ မြက်နုရာ ရှာရင်း လူမှောင်ခိုတွေလက်ထဲ ဆက်သွယ်ထွက်ခွာကြတာရှိပါတယ်။ ဒေသတွင်း အလုပ်အကိုင်ရှာရင်း သွားကြတာပါ။ မကြာခင်က ကပ္ပလီ ပင်လယ်ထဲက လှေစီးပြေးတွေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို ရောက်သွားတဲ့ သူတွေဟာ ဒီလို အလုပ်ရှာဖို့ ဘင်္ဂလားဒေ့ရှ်က လူမှောင်ခိုတွေနဲ့ ခိုးထွက်လာကြသူတွေပါ။ ဒီပြသနာကို ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြီး ဒီနှစ် မေလနဲ့ ဇွန်လ အတွင်းကပဲ ကျနော်တို့ ရေပိုင်နက်ထဲက လှေတချို့ ကို မြန်မာရေတပ်က ကယ်တင်ခဲ့ပါတယ်။ ကိုးရာလောက်ရှိပါတယ်။ သူတို့ကို ယာယီနေစရာပေးထားပါတယ်။ သေသေချာချာ စုံစမ်းစစ်ဆေးပြီး ၈၀%လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့ခဲ့ပါတယ်။ ဒီပြသနာဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာ မှာ ဖြစ်နေ တဲ့ ပြသနာပါ။ အခုလောလောဆယ် ဥရောပကို ကြည့်ပါ။ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ အများကြီးပါ။ အမေရိကား မှာ လည်း မက္ကဆီကို နယ်စပ်မှာ ဒီလိုပြသနာမျိုး ရှိနေတာပါပဲ။"
ဆက်လက်ပြီး မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့လည်း ဒါတွေဟာ မူဆလင်တွေကို ခွဲခြားနှိမ့်ချထားခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဥပဒေကြမ်းလေးခု ကို လူထုရဲ့တောင်းဆိုချက်အရ အစိုးရက ရေးဆွဲပြီး လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီအသိအမှတ်ပြု ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်မရဘူးဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း အမေရိကန်ပြည်ထောင်စုမှာရော Green Card ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်ရပါသလားလို့ ဦးဝဏ္ဏမောင်လွင် က ပြန်လည်မေးခွန်းထုတ်သွားပါတယ်။

အစ္စလာမ် ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူး ပွဲတော် ကျင်းပတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နား က မီနာမြို့မှာ ဘုရားဖူး လာတဲ့ လူအုပ်ကြီး အတွင်း အချင်းချင်း နင်းမိတာကြောင့် လူ ၇၁၇ ထက်မနည်း သေဆုံးပြီး ၊ ရှစ်ရာကျော် ဒဏ်ရာရ သွားပါတယ်။
အစ်ပွဲတော် မစခင် ဟာဂ်ျ့ဘုရားဖူးတွေက ရိုးရာဓလေ့အရ လက်ခံထားပြီး မိစ္ဆာအဖြစ် သတ်မှတ်ထားတဲ့ တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ပွဲတော်ကျင်းပစဉ် အတွင်း ကြာသာပတေးနေ့က အခုလို ဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ အရပ်ဖက်ကာကွယ်ရေး ညွှန်ကြားရေးမှူးရုံး က သေဆုံး ဒဏ်ရာရသူတွေရဲ့ စာရင်းကို သူတို့ရဲ့ တွစ်တာ စာမျက်နှာမှာဖော်ပြထားပြီး၊ အဲဒီမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ပုံတွေနဲ့ တကွဖော်ပြထားပါတယ်။
ဒီထဲမှာ လူတယောက်ကို အရေးပေါ်အသက်ရှုနည်းနဲ့ ကြိုးစားပြီး ကယ်တင်ပေး နေတဲ့ ပုံ တခုလည်းပါပါတယ်။ ငါးရက်တာ ကျင်းပတဲ့ဒီပွဲဟာ လှုပ်ရှား သွားလာနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအဖို့ တသက်မှာ တခါလာရောက်ဖို့ အရေးကြီးပါတယ်။
၅ ရက်ကြာကျင်းပပြီး လူသန်းနဲ့ချီလာရောက်တဲ့ Hajj ဘုရားဖူးပွဲတော်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ဘုရားဖူးအချင်းချင်း နင်းမိလို့ သေဆုံးတာတွေ အကြိမ်အများအပြား ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ Hajj ဘုရားဖူး ၂ သန်း ကျော် လာရောက်ခဲ့ကြပါတယ်။
လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တာကတော့ ၁၉၉၀ ခုနှစ်ကဖြစ်ပြီး၊ မီနာမြို့က လှိုဏ်ခေါင်းအတွင်း အချင်းချင်းတက်နင်းမိလို့ ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၄၊ ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်တွေမှာတော့ ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

မောင်ဇာနည်
နယူးယောက်တိုင်းမ်
စက်တင်ဘာ ၂၅၊ ၂၀၁၅
မြန်မာ အစိုးရသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူချက် အပေါ် တိုးတက် ဖြစ်ထွန်းမှုကို လပေါင်းများစွာ ကြေငြာ မောင်းခတ် လာခဲ့သည်။ ဤအပစ်ရပ် သဘော တူညီချက်သည် နှစ်ပေါင်းများစွာ ဖြစ်ပွား ခဲ့သော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရေး အတွက် ကြီးမားသော ခြေလှမ်းတခုဖြစ်သည် ဟုလည်း ဆို၏။ သို့သော် လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က သမ္မတ သိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဒါဇင်ကျော်မှ ကိုယ်စားလှယ်များ ထိပ်သီး ဆွေးနွေးပွဲသည် မကျေမလည်နှင့် အဆုံးသတ် ခဲ့လေသည်။
အပတ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် အစိုးရက အဖွဲ့အားလုံးကို ပါဝင်ခွင့်မပြုလျှင် အချို့ အဖွဲ့အစည်းများက လက်မှတ်မရေးထိုးနိုင်ဟု ငြင်းဆိုခဲ့သည်။ လက်နက်ကိုင်အဖွဲ့များတွင် ဒုတိယအကြီးမားဆုံးအုပ်စုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)သည် ခပ်မာမာပင်ငြင်းသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်း၏ အရင်းနှီးဆုံးမဟာမိတ်များအနက် တိုင်းပြည်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မြန်မာအစိုးရတပ်များနှင့် တိုက်ခိုက်နေရဆဲဖြစ်သော အဖွဲ့သုံးဖွဲ့ကို အစိုးရက ပါဝင်ခွင့်မပေးဘဲ ဘေးဖယ်ထားသောကြောင့်ပင်ဖြစ်သည်။
သူပုန်အားလုံးလက်ခံနိုင်မည့် သဘောတူညီချက်တခုကို ဖော်ဆောင်ရန်မှာ ခက်ခဲပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့တွင် မတူညီသော အကျိုးစီးပွားများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ အချို့သူများက - ဥပမာ ကရင်အမျိုးသားအစည်းအရုံး (KNU)- အပစ်ရပ်ရေးကို စီးပွားရေးအခွင့်အလမ်းကောင်းတခုအဖြစ် ရှုမြင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အသစ်တည်ဆောက်ပြီးကာစ အာရှဟိုင်းဝေးလမ်းမကြီးကို ၄င်းတို့က ကိုင်တွယ်အသုံးချနိုင်မည့်အခွင့်အလမ်း ပွင့်သွားသောကြောင့်ဖြစ်သည်။ ကချင် နှင့် ကရင် ကဲ့သို့သော သူများက အပစ်ရပ်စဲခြင်းသည် မလိုလားအပ်သော ဆည်ပရော့ဂျက်များ၊ ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှု , သစ်တော ပိုမိုပြုန်းတီးမှုများ နှင့် ပိုမို၍ဖက်ဒရယ်ကျသောစနစ်တခုအတွက် ၄င်းတို့တောင်းဆိုချက်ကို အလေးဂရုမပြုသလို ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
သို့ရာတွင် သဘောတူညီချက်ကို အပြီးသတ်ဖော်ဆောင်နိုင်ရေးတွင် အကြီးမားဆုံး အတားအဆီးတခုမှာ ဤလူနည်းစုတိုင်းရင်းသားအဖွဲ့အစည်းအားလုံး မကွဲမလွဲ တူညီစွာ မျှဝေခံစားကြသည့် အရာတခုကြောင့်ဖြစ်သည်။ ဤကား မြန်မာစစ်တပ်အပေါ် မယုံကြည်မှုပင်တည်း။ ယင်းတို့အားလုံးက မြန်မာစစ်တပ်ကို ခေတ်သစ်ကိုလိုနီနယ်ချဲ့စိတ်ဓါတ်ပိုင်ရှင် ကျူးကျော်အင်အားစုတခုအဖြစ် ရှုမြင်ကြသည်။
သူတို့အမြင် မှန်ပါသည်။ ကျနော်လည်း မန္တလေးတွင် စစ်တပ်အဆွယ်အပွားမိသားစုတခုအတွင်း ကြီးပြင်းခဲ့ရသည်။ မြန်မာပြည်ရှိ လူများ၏ အများစုကဲ့သို့ပင် ကျနော်တို့သည် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မွတ်စလင်များအပေါ် မယုံကြည်သော၊ ရှမ်း၊ ကရင်၊ ကချင်ကဲ့သို့သော တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အထက်စီးက ဆက်ဆံချင်သော ယဉ်ကျေးမှုကြီးတခု၏ ရိုက်သွင်းမျိုးစေ့ချပေးခြင်းကို ခံခဲ့ကြရသည်။ တိုင်းရင်းသားလူနည်းစုများအတွက်မူ ၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်မှ မြန်မာ့လွတ်လပ်ရေးရခဲ့ခြင်းသည် လွတ်လပ်ရေးကာလ အပိုင်းအခြားဆိုသည်ထက် နောက်ထပ် ဖိနှိပ်မှုအသွင်ကွဲတမျိုးအောက်သို့ ရွှေ့ပြောင်းကျရောက်ခြင်းသာဖြစ်သည်။ နယ်ချဲ့ဖိနှိပ်မှုမှသည် လူမျိုးကြီးဝါဒကြီးစိုးသော လူအများစုလက်အောက်ရှိ ဗဟိုအုပ်ချုပ်မှုစနစ်အဖြစ်သို့ အသွင်ပြောင်းသွားခြင်းသာဖြစ်သည်။
နှစ်ပေါင်း ၇၀ နီးပါးကြာပြီးသည့်နောက် မြန်မာ့နိုင်ငံရေးသည် ဘာသာရေး လူမျိုးရေး ရောထွေးသည့်နိုင်ငံရေးဖြစ်ပြီး အစိုးရက တိုင်းရင်းသားများအပေါ် အလုံးစုံ ဖိနှိပ်ခြင်း မဟုတ်လျှင်တောင် အုပ်ထိန်းသူအာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်လိုသည့် အစိုးရဖြစ်သည်။ ကျနော်တို့၏ စစ်ခေါင်းဆောင်များသည် သူတို့ကိုယ်သူတို့ အမျိုးသားအချုပ်အခြာအာဏာပိုင်စိုးမှုကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ရှုမြင်သုံးသပ်သူများ ဖြစ်ကြလေရာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအစစ်အမှန်ကို ဖော်ဆောင်ရန် လိုအပ်ချက် နည်းနည်းမျှပင်မရှိဟု တွေးထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ထို့အတူ အစိုးရ၏ လောလောလတ်လတ် ကမ်းလှမ်းချက်များကို ငြိမ်းချမ်းရေးကို လိုလားတောင့်တကြသော ထိုတိုင်းရင်းသားအဖွဲ့အစည်းများကပင် မယုံမကြည်သံသယဝင်ကြသည်မှာလည်း အံ့သြစရာမဟုတ်ပါ။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလအစောပိုင်းက ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ခဲ့ပါ။ သူသည် ထိုအချိန်က အစ္စရေးသို့ ရောက်နေပြီး စစ်ဖက်ဆိုင်ရာ လက်နက်အဆောက်အဦးများကို လှည့်လည်ကြည့်ရှုနေခဲ့သည်။ ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင်သူများက နေပြည်တော်တွင် စုဝေးနေကြချိန်တွင်ပင် မြန်မာစစ်တပ်သည် တဖက်က ရန်မစပါဘဲနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ ၃ ကို တိုက်ခိုက်လျက်ရှိသည်။
ကေအိုင်အေ၏ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် ထိုးစစ်များ တပြိုင်နက် ဆင်နွှဲတတ်သည်မှာ မြန်မာစစ်တပ်၏ လုပ်ရိုးလုပ်စဉ် အကျင့်တရပ် ဆို၏။ သူ့အဆို မှန်ပုံရသည်။ စစ်တပ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ထိန်းချုပ်သော ဒေသများကိုလည်း တိုက်ခိုက်လျက်ရှိသည်။ ဤသည်မှာ လက်နက်ကိုင်အုပ်စုများ အားလုံးမပါဝင်လျှင်ပင် ထိုအဖွဲ့(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ပြီးသည့် နောက်ပိုင်းတွင်ပင် တိုက်ခိုက်ခြင်း ဖြစ်သည်။
ထိုသို့ သမ္မတက ငြိမ်းချမ်းရေးအကြောင်း ပြောကြားနေစဉ်တွင် အစိုးရစစ်တပ်မှ ထိုးစစ်များ ဆင်နွှဲနေခြင်းသည် စစ်တပ်နှင့် အစိုးရအကြား စိတ်ဝမ်းကွဲပြားမှုဟု အဓိပ္ပါယ်မဆောင်။ ယင်းသည် မြန်မာအစိုးရ၏ မီးစတဖက် ရေမှုတ်တဖက် လုပ်သည့် အကွက်တမျိုးပင်ဖြစ်သည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ရခိုင်တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု စသည့် အဖွဲ့များကို တပြည်လုံးအပစ်ရပ်ရေးသဘောတူညီချက်ထဲမှ ဖယ်ထုတ်ထားရန် အစိုးရ၏ ကြိုးပမ်းချက်သည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား သွေးခွဲကာ အနိုင်ယူအုပ်ချုပ်ဖို့ ကြိုးစားသည့် အကြံအစည်တရပ်ပင်ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းများကလည်း သဘောပေါက်ကြသည့်အတိုင်း သံသယဝင်ကြသည်။ ထိုအဓိပ္ပါယ်မှာ ငြိမ်းချမ်းရေးဆီသို့ရှေးရှုသော အမှန်တကယ် တိုးတက်မှုကို ပြုလုပ်လိုလျှင် အစိုးရအနေဖြင့် ထိုအဖွဲ့အစည်းများကို စစ်ရေးအရ နှင့် နိုင်ငံရေးအရ လုံလောက်သော အလျှော့ပေးမှုများ အလျှင်အမြန် ကမ်းလှမ်းပြီး အပစ်ရပ်ရေးသည် လုပ်ငန်းသဘောဆောင်ကြောင်း တိုင်းရင်းသားများ နားဝင်ယုံကြည်လက်ခံလာအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်သည်။
စစ်တပ်အနေဖြင့် စစ်ပွဲများကို ချက်ချင်းရပ်တန့်သင့်သည်။ စစ်ပွဲကြောင့်ပိတ်မိနေသူများဆီသို့၊ အထူးသဖြင့် ကချင်နှင့် ရှမ်းဒေသများဆီသို့ လူသားဆန်သောအကူအညီများရောက်ရှိစေရန် ခွင့်ပြုသင့်သည်။ နောက်ဆုံးလက်မှတ်သဘောတူညီချက်တွင် ပါဝင်ခွင့်ရစေရန် ပဏာမလိုအပ်ချက်တရပ်အနေဖြင့် အပစ်မရပ်ရသေးသော အဖွဲ့အစည်းများကို အစိုးရနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် အပစ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ကို အရင်ရေးထိုးရမည်ဆိုသော အစိုးရ၏ တောင်းဆိုချက်ကို စွန့်လွှတ်ရမည်။ ကာကွယ်ရေးဦးစီးချုပ်က အပစ်ရပ်ရေးသဘောတူညီချက်မူကြမ်းပါ ဖြည့်စွက်ချက်အတိုင်း လိုက်နာမည်ဟု လူသိရှင်ကြား ကြေညာသည်။ ထိုစာရွက်စာတမ်းမှာ အများပြည်သူကို ကြေညာရခြင်းမရှိသေး။
သို့သော် တွေ့ဆုံညှိနှိုင်းပွဲများတွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတခု၏ ထိပ်တန်းအကြံပေးတဦး၏ အဆိုအရ နောက်ဆက်တွဲဖြည့်စွက်ချက်တွင် တိုင်းရင်းသားအဖွဲ့အစည်းများကို လက်နက်စွန့်ရန် မတိုက်တွန်းမီ လုံခြုံရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်ဖော်ဆောင်ရန် ဖော်ပြထားသည်။
တိုင်းရင်းသားလူနည်းစုများ၏ မယုံကြည်မှုကို ကျော်လွှားနိုင်ရန် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများသို့ အခွင့်အာဏာကို ပိုမို၍ လွှဲပြောင်းပေးဝေရမည်။ တိုင်းရင်းသားများ ပိုမို စိတ်ချယုံကြည်လာစေရန် ခိုင်မာသော လုပ်ဆောင်မှုတရပ်အနေဖြင့် ကာချုပ် နှင့် သမ္မတ နှစ်ဦးစလုံးသည် တိုင်းရင်းသားဒေသများ၏ ဝန်ကြီးချုပ်များကို သမ္မတက ရွေးချယ်ခန့်အပ်သည့် လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းကို အဆုံးသတ်ရန် ယခုအချိန်တွင် မဖြစ်မနေ ဆောင်ရွက်ရမည်။ အပစ်ရပ်ရေးသဘောတူစာချုပ် နောက်ဆက်တွဲပြင်ဆင်ချက်တွင် ပြည်နယ်ဝန်ကြီးချုပ်များရွေးချယ်ရန် အခွင့်အာဏာကို ပြည်နယ်လွှတ်တော်များသို့ ရွှေပြောင်းလွှဲအပ်ကြောင်း စာသားကို ထည့်သွင်းသင့်သည်။
ဤအကြံပြုချက်များသည် အလှမ်းကွာလွန်းသည်ဟု ထင်ရပေမည်။ သို့သော် အချိန်ကာလအားဖြင့် မှန်ကန်လှပေသည်။ အစိုးရသည် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမတိုင်မီ အပတ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် လက်မှတ်ထိုးပွဲအခမ်းအနားကို ကျင်းပရန် ပိုင်းဖြတ်ထားပုံရလေသည်။ ဤသည်မှာ မဲပေးသူများအကြား နှင့် အပြည်ပြည်ဆိုင်ရာအလှူရှင်များအကြား ပေါ်ပြူလာဖြစ်မှုကို မြှင့်တင်ရန်လည်း တကြောင်းဖြစ်သည်။ ထိုပေါ်ပြူလာဖြစ်မှုသည် အစိုးရက ဝိဝါဒကွဲပြားဖွယ် လုပ်ဆောင်မှုအများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် ကျဆင်းလာခဲ့၍ဖြစ်သည်။ အစိုးရသည် အာဏာရပါတီ၏ လစ်ဘရယ်ပိုဖြစ်သော ခေါင်းဆောင်ကို ဖယ်ရှားခဲ့သည်။ စစ်တပ်ကို ဝေဖန်သော ကိုယ်စားလှယ်လောင်းများကို ပိတ်ပင်ရန် ခြိမ်းခြောက်ခဲ့သည်။ မွတ်စလင်လူနည်းစုဖြစ်သော ရိုဟင်ဂျာများ၏ မဲပေးပိုင်ခွင့်ကို ရုတ်သိမ်းခဲ့သည်။
အစိုးရ၏ လက်ရှိ ပျော့ကွက်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများအတွက် အဖိုးမဖြတ်နိုင်သော အခွင့်အလမ်းတရပ်ဖြစ်သည်။ ယင်းတို့အနေဖြင့် ညီညွတ်စွာ ရပ်တည်ကြရမည်။ တပြည်လုံးအပစ်ရပ်ရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးမှုကို အားလုံးပါဝင်ခွင့်ရသည်အထိ၊ စစ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ အလျှော့ပေးမှုများ တလုံးတခဲ ရရှိသည်အထိ ဆိုင်းငံ့ထားရမည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလိုလားကြောင်း ပြောသလောက် အလေးအနက်ရှိသည်ဆိုပါက ဖိနှိပ်ဗိုလ်ကျစိုးမိုးရေး စိတ်ဓါတ်ကို စွန့်လွှတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အာဏာ ပိုမိုရရှိရေးဟူသည့် တိုင်းရင်းသားများ၏ တရားနည်းလမ်းကျသည့် ရည်မှန်းချက်ကို အသိအမှတ်ပြုရပေမည်။
(မောင်ဇာနည်သည် မြန်မာပြည်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံ Sleuk Rith Institute မှ ပညာရှင်တဦးလည်းဖြစ်သည်။)
The New York Times တွင် စက်တင်ဘာလ ၂၄၊ ၂၀၁၅ နေ့တွင် မောင်ဇာနည် ရေးသားသည့် In Myanmar, Peace for Ethnic Rights ဆောင်းပါးကို ကိုအောင်နိုင်မိုးမှ ဆီလျော်အောင် ဘာသာပြန်ထားသည်။
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
- ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ
- ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
- ငွေညှစ်မှု တိုင်တန်း ထားသူ တစ်ဦးကို ရုံးချိန်းရက်တွင် ရဲကဖမ်းဆီး၍ ချုပ်နှောင်ထား
- ရခိုင် အစွန်းရောက် ထွန်းမင်းနိုင်က ရိုဟင်ဂျာပိုင် ပစ္စည်များ ဖျက်ဆီး၊ ရိုက်နှက် သောင်းကျန်း
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ