နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
12.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၈) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် အပြင် အခြား အမျိုးသမီး ၂၀ ကျော်ကိုလည်း လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာသို့ စစ်သား ၅၅ ဦး ၀င်ရောက်လာခဲ့ရာ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၃၀ ဦးသည် စစ်သားများ၏ မုဒိမ်းကျင့်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ဟာဖီးဇ် အက်ဘာလ်၏ နေအိမ်တွင် စုဝေး၍ ထိုင်နေခဲ့ကြသည်။

အမျိုးသမီးများ စုဝေးနေသည့် အိမ်အတွင်းသို့ စစ်သား (၁၂) ဦး ၀င်ရောက်လာပြီး အမျိုးသမီး (၈) ဦးကို အခန်းထဲသို့ ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ကျန်သည့် အမျိုးသမီး (၂၀) ဦးကျော်ကိုလည်း အ၀တ်အစားများ၊ အတွင်းခံများပါ မကျန် ချွတ်ခိုင်းပြီး လိင်အကြမ်းဖက်မှုများကို စိတ်ကြိုက် ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၈) ဦးတွင် (၄) ဦးမှာ အိမ်ထောင်သည်များ ဖြစ်ပြီး၊ ကျန်သည့် (၄) ဦးမှာ အပျိုများ ဖြစ်ကြောင်း သိရှိရသည်။

မုဒိမ်းကျင့်ခံရသူ (၈) ဦးတွင် အသက် (၄၀) နှစ် အရွယ် မိခင်နှင့် အသက် (၁၈) နှစ် အရွယ်၊ အသက် (၂၁) နှစ် အရွယ် သမီးပျို နှစ်ဦးလည်း ပါဝင်သည်။ ကျန်သည့် အပျိုနှစ်ဦးမှာ အသက် (၁၇) နှစ် အရွယ်နှင့် အသက် (၂၂) နှစ် အရွယ်တို့ ဖြစ်ကြသည်။ အခြား အိမ်ထောင်သည် (၃) ဦးမှာ အသက် (၂၅) နှစ်၊ အသက် (၃၃) နှစ်နှင့် အသက် (၃၇) နှစ် အရွယ်တို့ ဖြစ်ကြသည်။

စစ်သားများသည် ကျေးရွာတွင်းတွင် မုဒိမ်းကျင့်သည့် ရာဇ၀တ်မှုများ ကျူးလွန်သည့် အပြင် ဦးမောင်မြင့်၊ ဦးဖော်ဇော်လ်နှင့် ဦးရှီခါန်ဒေါရ် တို့၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဦးဆီရာဇုလ်ဟောက်၏ အသက် (၇၀) နှစ်အရွယ် ဇနီးသည် ထံမှ ရွှေနားကပ် တစ်ရံလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင် ရောက်ရှိနေသည့် အချိန်တွင် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် စစ်သားများက လုယက်ခြင်း၊ ဒေသခံများကို ကော်မရှင် အဖွဲ့နှင့် တွေ့ခွင့်မရစေရန် နေအိမ်များမှ မောင်းထုတ်ခြင်းများကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။




RB News
12.12.2016

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီး များကို လာမယ့် ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး အထူးအစည်းအဝေး တစ်ရပ် ကျင်းပမယ်လို့ Nikkei Asian Review သတင်းမှာ ဒီဇင်ဘာလ (၁၁) ရက်နေ့က ဖော်ပြထားပါတယ်။

အခုအစည်းအဝေးမှာ ရိုဟင်ဂျာအရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ပြီး၊ အစည်းအဝေးကတော့ တရားဝင် အလုပ်သဘော အစည်းအဝေးမျိုး မဟုတ်ဘဲ အာဆီယံ အသိုင်းအ၀ိုင်းကြားမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တင်းမာလာတော့မယ့် အခြေအနေ ရောက်ရှိလာနေလို့ အခုလို ဖိတ်ကြားလိုက်ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ၀န်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ် ဦးဆောင်ပြီး ဆန္ဒပြပွဲကျင်းပခဲ့တာမှာ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ ပေါ်ပေါ်တင်တင် ပြောကြားခဲ့တဲ့ အပြင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းတာမှာ ရိုဟင်ဂျာအရေးဆိုရင် မတွေ့နိုင်ဘူးလို့ အကြောင်းပြန်ခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ၎င်းအနေနဲ့ အင်ဒိုနီးရှား သမ္မတကိုလည်း သူ့လို ဆန္ဒပြပွဲကြီးတစ်ခုကို ဦးဆောင်လုပ်ဖို့ ဖုန်းဆက်ပြောမယ်လို့ ပြောခဲ့ပါသေးတယ်။

မလေးရှားက ဆန္ဒပြပွဲပြီးတော့ နောက်တစ်နေ့မှာ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး၊ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ တပ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနောက်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ နေအိမ်မှာ ညစာနဲ့ တည်ခင်းဧည့်ခံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးခဲ့ပါတယ်။

မလေးရှားမှာ ၀န်ကြီးချုပ် ကိုယ်တိုင် ဦးဆောင် ဆန္ဒပြတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဒု-၀န်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိထောက်လွှာ ပေးခဲ့တဲ့အပြင်၊ မြန်မာဘက်က မလေးရှားကို အလုပ်သမားတွေ စေလွှတ်တာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။ မလေးရှားနိုင်ငံ ဒု-၀န်ကြီးချုပ်ကလည်း မြန်မာဘက်က အလုပ်သမား မလွှတ်တော့တဲ့ အတွက် သူ့တိုင်းပြည်မှာ ထိခိုက်စရာ လုံးဝ မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မလေးရှားက မီဒီယာတွေကို ပြောဆိုလိုက်တယ်။

နောက်တစ်ဖက်မှာတော့ ကုလသမဂ္ဂက ခွင့်ပြုမယ်ဆိုရင် မလေးရှားဘက်က ငြိမ်းချမ်းရေးတပ်တွေကို ရိုဟင်ဂျာများနေထိုင်ရာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် ဘက်တွေကို စေလွှတ်ဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ သတင်းတွေက မလေးရှားနိုင်ငံ အခြေစိုက် မီဒီယာများ မဟုတ်တဲ့ မီဒီယာအချို့နဲ့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ တက်လာပါတယ်။

အားလုံးကို သုံးသပ်ကြည့်ရင် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဆန္ဒပြပွဲနောက်ပိုင်းမှာ အာဆီယံနိုင်ငံများရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးက အတော်လေးကို ပြိုပျက် ပျက်စီးတော့မယ့် အနေအထားကို ရောက်နေပြီလို့ ဆိုရပါမယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်က ၎င်းအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံ အသိုင်းအ၀ိုင်းထဲကို ထည့်သွင်းခဲ့တာကို နောင်တတစ်ခုလို ယူဆနေပြီး၊ မလေးရှားအစိုးရကို မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ဖို့၊ ဒါမှမဟုတ် မလေးရှား သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အထိ တိုက်တွန်းတာတွေလည်း ရှိနေတယ်။

အာဆီယံ အသိုင်းအ၀ိုင်းထဲမှာ စင်ကာပူနိုင်ငံက ကြားနေ နိုင်ငံတစ်နိုင်ငံလို့ ဆိုရပါမယ်။ စင်ကာပူနိုင်ငံမှာ လူမျိုးရေး ခွဲခြားမှုကို ပြစ်မှုတစ်ခုလို့ သတ်မှတ်ထားတာလည်း ရှိသလို၊ စင်ကာပူနိုင်ငံသားတွေကလည်း လူ့ဘောင် အဆင့်အတန်းမီသူများ ဖြစ်နေတဲ့ အခါကျတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံသား အများစုက မြန်မာအစိုးရ အပေါ် အမျက်ထွက်နေတာလည်း တွေ့နေရတယ်။ ဒါပေမယ့် စင်ကာပူ အစိုးရကတော့ စီးပွားရေးကို ဦးစားပေးသွားမှာ ဖြစ်ပြီး ကြားနေ ပုံစံအတိုင်းသာ ဆက်လက် ရပ်တည် သွားပါလိမ့်မယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အင်အားကြီး နိုင်ငံတွေ ဖြစ်နေပြီး၊ ကျန်တဲ့ နိုင်ငံ (၆) နိုင်ငံကို စည်းရုံးသိမ်းသွင်းပြီး မြန်မာအစိုးရ ကျူးလွန်နေတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုး ဖန်တီးလာနိုင်တာတွေ ရှိလာနိုင်ပါတယ်။

ရိုဟင်ဂျာအရေးက ပြည်တွင်းရေးပါ၊ နိုင်ငံတကာ ၀င်ရောက်စွက်ဖက် စရာမလိုဘူး ဆိုတဲ့ အပြောနဲ့ ရပ်နေလို့ မရဘူးဆိုတာကို မြန်မာအစိုးရ အနေနဲ့ နားလည်သင့်သလောက် နားလည်လာနေလို့ အခုလို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများကို တိုးတိုးတိတ်တိတ် အစည်းအဝေး ခေါ်လိုက်တာ ဖြစ်ပါတယ်။


RB News
11.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ အချို့သို့ မောင်တောမြို့နယ် အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အဖွဲ့ သွားရောက်ခဲ့ပြီး၊ ဒေသခံ အချို့နှင့် တွေ့ဆုံခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သိရှိသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ရဟတ်ယာဉ် နှစ်စီးဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

ကြိမ်ကျောင်း ကျေးရွာအုပ်စု မြောက်ရွာမှ အာဏာပိုင်များ၏ လက်ကိုင်တုတ် တစ်ဦးဖြစ်သည့် ဦးအီဆုပ် (ဘ) ဦးဆုလ်တာန်အာမီးန်ကို အတူ ခေါ်ယူ၍ ငါးခူရကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။ ဒေသခံ ရိုဟင်ဂျာများက စစ်သားများ၏ ညှဉ်းပန်း နှိပ်စက်၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အမျိုးသမီးများကို အုပ်စုလိုက် မုဒိမ်းကျင့်မှုများကို တင်ပြခဲ့သည်။ ထို့နောက် ဦးရှည်ကျ ကျေးရွာသို့ သွားရောက်ရာ မနက်ပိုင်းကပင် စစ်သားများ ၀င်ရောက်လာပြီး ဒေသခံများကို မောင်းထုတ်ခဲ့သောကြောင့် ဒေသခံများနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

မွန်းလွှဲပိုင်းတွင် ငါးစားကြူး ကျေးရွာအုပ်စု၊ ပြောင်းပိုက်ရွာသို့ သွားရောက်ခဲ့သည်။ အဆိုပါ ကျေးရွာတွင်လည်း မနက် (၉) နာရီတွင် စစ်သားများ ၀င်ရောက်၍ ကော်မရှင်အဖွဲ့အား ကြိုဆိုရန် စောင့်ဆိုင်းနေသည့် ဒေသခံများကို ရိုက်နှက်ခဲ့သည်။ ဒေသခံများက ကော်မရှင်အဖွဲ့အတွက် ရေသန့်ဘူးများပင် ၀ယ်ယူ၍ စောင့်ဆိုင်းနေခဲ့ရာ စစ်သားများက “မင်းတို့အဖေအတွက် ၀ယ်ထားတာလား” ဟု ဆဲဆို၍ သိမ်းဆည်းခဲ့သည်။ ထို့နောက် ရာအိမ်မှူး ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သို့သော်လည်း ကော်မရှင်အဖွဲ့ ရောက်လာသည်နှင့် ရွာသား အချို့ လာရောက် တွေ့ဆုံပြီး အဖြစ်အပျက်များ စုံစုံလင်လင် တင်ပြနိုင်ခဲ့သည်။ စစ်သားများကို ဒေသခံပြည်သူများကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း၊ အချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ အိမ်များကို လောင်ချာဖြင့် ပစ်ခတ်၍ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ အကြောင်း တင်ပြခဲ့သည်။

စစ်သားများ၏ မုဒိမ်းကျင့်ခြင်းကို ခံရသည့် အမျိုးသမီးတစ်ဦးကလည်း ၎င်းကိုယ်တိုင် မုဒိမ်းကျင့်ခံရခြင်းနှင့် ပတ်သက်၍ တင်ပြခဲ့ပြီး၊ အသက်  ၁၂ နှစ်၊ ၁၃ နှစ်နှင့် ၁၅ နှစ် အရွယ် မိန်းကလေးများ အပါအ၀င် အခြား အမျိုးသမီးပေါင်း များစွာကို စစ်သားများက အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း အကြောင်း များကို တင်ပြခဲ့သည်။

ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် စစ်သားများသည် ကြက်ရိုးပြင် ကျေးရွာသို့ ၀င်ရောက်၍ ဒေသခံ ရွာသားများကို ရွာမှ မောင်းထုတ်ခဲ့သည့် အပြင် မော်တော်ဆိုင်ကယ်များ၊ စောင်များ၊ ဆိုလာပြားများနှင့် ဘက်ထရီများ လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မော်တော်ဆိုင်ကယ်နှင့် ဆိုလာပြားများ လုယက်ခံရသူများမှာ --

(၁) မိုဟာမတ်ကာဆိမ်း (ဘ) ဦးကော်ဘိရ်အဟမတ် (အသက် ၂၅ နှစ်)
(၂) ဦးကော်လိမ် (ဘ) ဦးဖော်ဇော်လ် အဟမတ် (အသက် ၂၇ နှစ်)
(၃) အာဘူတယုပ် (ဘ) ဦးရှရီဖ်ဟူစိန်း (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

MYARF နှင့် Rohingya Eye တို့မှ သတင်းပေးပို့သည်။ 


Rohingya Eye
RB News
11.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာ တစ်ဦး ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ ည (၈) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် တောင်ရွာထဲသို့ ၀င်ရောက်၍ ကင်းလှည့်နေစဉ် ခွေးဟောင်သံကြား၍ အိမ်တံခါး ဖွင့်ကြည့်သော ဦးဖော်ဇော်ကော်ရိမ်း (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၃ နှစ်) ကို ဖမ်းဆီး၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ည (၇) နာရီ အချိန်တွင်လည်း နေအိမ်ရှေ့တွင် ထိုင်စကားပြောနေသူ နှစ်ဦးကို ဖမ်းဆီး၍ အဆိုပါ နယ်ခြားစောင့်ရဲများက ငွေကျပ် (၇) သိန်းခွဲ ညှစ်ယူခဲ့သည်။

“ကျွန်တော်တို့ ရွာမှာတော့ တည်ငြိမ် အေးချမ်းနေပါတယ်။ ဘာပြဿနာမှ မရှိဘူး။ အခု နယ်ခြားစောင့်ရဲတွေ ပြန်ရောက်တာနဲ့ ငွေညှစ်နေတာကတော့ ရွာရဲ့ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားအောင် လုပ်နေတာနဲ့ အတူတူပါပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။


UN Photo/Amanda Voisard


ရိုနေဆန်းလွင်
RB News
11.12.2016

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ နေရာမှာ ပိုမိုထိရောက်ဖို့ အတွက် ဗီဂျေနံဗီးယားကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အဖြစ်ခန့်အပ်ထားခဲ့တယ်။ အခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ သက်တမ်း ကုန်ဆုံးသွားပေမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထောက်ခံတင်ပြခြင်း မရှိလို့ သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ သူ့နေရာမှာ လူစားလည်း ထိုးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးက အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အပြင်၊ အခြားသော တိုင်းရင်းသားတွေလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရလို့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အထူး အကြံပေးပုဂ္ဂိုလ် ထားပြီး၊ မြန်မာအစိုးရနဲ့ရော တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ထိတွေ့ ဆက်ဆံစေခဲ့တယ်။ 

ဗီဂျေနံဗီးယားက မြန်မာအစိုးရဘက်ကို မျက်နှာလိုက်တယ်ဆိုပြီး အတော်လေး နာမည်ဆိုးနဲ့ ကျော်ကြားလာလို့ နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ မျက်နှာပျက်နေရသူ တစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အစီရင်ခံပုံ ညံ့ဖျင်းလို့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ဆိုရင်လည်း မှန်ပါမယ်။

အောက်တိုဘာလ (၉) ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၃) ခု တိုက်ခိုက်ခံရတဲ့ နောက်ပိုင်းမှာ ဒေသခံ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နေအိမ်တွေ မီးရှို့မှု၊ အမျိုးသမီးများကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေက မြန်မာအစိုးရက ဖုံးကွယ်ပြီး ငြင်းဆိုနေပေမယ့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းမှာတော့ ဘယ်လိုမှ ပစ်ပယ်ထားလို့ မရတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်ဘက်က ရပ်တည်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြစ်တင် ဝေဖန်တာတွေ လုပ်လာတော့ အခြေအနေက ပိုဆိုးလာတယ်လို့ ဆိုရပါမယ်။ 

နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက် အနေနဲ့ အမှန်တရားဘက် လိုက်ပြောရမယ့် အစား စစ်တပ်က ကျူးလွန်နေတဲ့ ရာဇ၀င်မှုတွေကို ဖုံးဖိပြီး ဘက်လိုက်ပြောနေတာက နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် အမျက်ထွက်စရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ 

ရိုဟင်ဂျာအရေးကို တောက်လျှောက် လေ့လာနေတဲ့ သတင်းထောက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊  နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြန်လည် ဝေဖန်တာကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ အတော်လေးကို ကျဆင်းသွားပြီလို့ ဆိုရပါမယ်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပြဿနာရဲ့ အစိတ်အပိုင်းလို့ ပေါ်ပေါ်တင်တင် ဝေဖန် ပြောဆိုနေကြတယ်။ 

အဲလို ဝေဖန်သံတွေ ဆူဆူညံညံ ထွက်လာတဲ့ အချိန်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနံဗီးယားက ဒေါ်အောင်ဆန်းစုကြည်ကို ဘူးသီးတောင်၊ မောင်တောမြို့တွေကို သွားပြီး အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို သေချာတာဝန်ယူပေးမယ်လို့ ပြောဆိုဖို့ တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တယ်။ အဲလို တိုက်တွန်းချက်ကလည်း တကယ်တမ်းမှာ ကိုယ့်နိုင်ငံထဲမှာ ဘာဖြစ်နေသလဲဆိုတာ ကိုယ်တိုင် သွားကြည့်မှ သိမယ်လို့ နိုင်ငံပြင်ပက လူတစ်ယောက်က ပြောလိုက်သလိုပါပဲ။ ဘာမှ မဖြစ်ဘူးလို့ ပြောမနေနဲ့လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ 

နံဗီးယားရဲ့ ကြေညာချက်နဲ့ အတူ အမေရိကန်၊ ကနေဒါနဲ့ ဥရောပ (၁၄) နိုင်ငံကလည်း လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးခွင့် ပိတ်ပင်ထားတာကို အမြန်ဆုံး ဖွင့်ပေးဖို့ တောင်းဆိုလိုက်တယ်။ အဲဒီကြေညာချက်က နံဗီးယားရဲ့ ကြေညာချက်ကို ကျောထောက်နောက်ခံ လုပ်ပေးထားသလိုဖြစ်ပြီး၊ ကုလသမဂ္ဂနဲ့ အတူ ဒီ အင်အားကြီး နိုင်ငံတွေလည်း အတူရပ်တည်နေတယ်လို့ ပြောလိုက်တာပါ။

ဗီဂျေနံဗီးယားလို လူကတောင် ဒီလို ကြေညာချက် ထုတ်တယ်ဆိုရင် ရိုဟင်ဂျာတွေရဲ့ အခြေအနေက အရမ်းကို ဆိုးရွားနေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မှတ်ချက်ချကြတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြီးအကဲ ဖြစ်တဲ့ ဇားသ်အလ်ဟူစိန်းကလည်း မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးတွေကို လုပ်နေတာတွေက လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု အထိ ဖြစ်လာနိုင်တယ်လို့ တရားဝင် ကြေညာချက်နဲ့ ပြောဆိုပြီးတဲ့နောက်မှာ ဒီဇင်ဘာလ (၁၀) ရက်နေ့ Facebook Live အမေးအဖြေမှာ မြန်မာအစိုးရက ရိုဟင်ဂျာတွေ အပေါ် လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ ဆယ်စုနှစ်များစွာ ရှိပြီလို့ ပြောဆိုလိုက်ပါတယ်။ 

ဒါတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျွန်မတ်ကီစ္စစ်ကလည်း မြန်မာအစိုးရက ရိုဟင်ဂျာတွေကို လူမျိုးတုန်း သန့်စင်ရေး လုပ်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ 

အခုလာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ကုလသမဂ္ဂ အထွေထွေရေးမှူးချုပ် အသစ် ဖြစ်လာမယ့် António Guterres ကလည်း ရိုဟင်ဂျာအကြောင်းကို သေချာနားလည်သူပါ။ ဦးသိန်းစိန် လက်ထက်တုန်းက ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ခေါ်သွားဖို့ တောင်းဆိုခဲ့တာကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဖွဲ့အစည်း နှစ်ခုက term နှစ်မျိုးထွက်လာတယ်။ Ethnic Cleansing နဲ့ Crimes Against Humanity - ဒီ term နှစ်ခုလုံးက တရားဝင်ရပ်တည်လာပါတော့မယ်။ အဲလို ရပ်တည်လာရင် အဲဒီ ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့ အတွက် ကုလသမဂ္ဂကနေ နိုင်ငံတကာခုံရုံး (ICC) ကို ပို့လို့ရတဲ့ နည်းလမ်းတွေ ရှိလာပါလိမ့်မယ်။ အချိန်တော့ နည်းနည်း ကြန့်ကြာနိုင်ပါမယ်။ သို့ပေမယ့် ရာဇ၀တ်မှုအတွက် တရားစီရင်မှုတော့ တကယ်ကို ရှိလာပါလိမ့်မယ်။ 

ဒါတွေ အားလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် နံဗီးယား နေရာကို သက်တမ်းလည်း မတိုး၊ လူစားလည်း မထိုးတာက ရာဇ၀တ်မှုကို စတင် ကိုင်တွယ်ဖို့ အတွက် သံတမန် အဆင့် လျှော့ချလိုက်တယ်လို့သာ သုံးသပ်မိပါကြောင်း။




Rohingya Eye
RB News
10.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်ခြင်း လုပ်ငန်းကို ပြန်လည် စတင်နေကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ ရဲကင်းစခန်းများကို ယာယီ ရုပ်သိမ်းခဲ့ပြီး၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ စတင်၍ ကင်းစခန်းများတွင် နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၉) ရက်နေ့ ည (၇) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျေးရွာအတွင်းသို့ ၀င်ရောက်ပြီး နေအိမ်၏ ရှေ့မျက်နှာစာတွင် ထိုင်စကားပြောနေသူ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူနှစ်ဦးမှာ --

(၁) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးဆုလ်တာန် (အသက် ၃၄ နှစ်)
(၂) မော်လ၀ီ ဦးအီနုစ် (ဘ) ဦးဆော်ဒူ (အသက် ၃၂ နှစ်) တို့ဖြစ်သည်။

ဦးဇာဟိတ်ဟူစိန်း ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ပြီး၊ မော်လ၀ီ ဦးအီနုစ်ထံမှ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဦးအီနုစ်သည် မြောတောင် ကျေးရွာမှ ဖြစ်ပြီး ကျောက်ပြင်ဆိပ် ကျေးရွာရှိ ဆွေမျိုးများထံသို့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် လိုအပ်သည့် တရားဝင် ရွာထွက်လက်မှတ်ဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။

နယ်ခြားစောင့်ရဲများသည် အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှု မတိုင်ခင်ထိ နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများ ကျူးလွန်ခဲ့ပြီး၊ ယခုအခါ ၎င်းတို့၏ ပုံမှန် ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခြင်းများ တစ်ဖန် ပြန်လည် စတင်လာခြင်း ဖြစ်သည်။


MYARF
RB News
10.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားအောင်ပ ကျေးရွာမှ ရပ်မိရပ်ဖ သုံးဦးကို ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဘုရားပြင်အောင်ပ ကျေးရွာမှ ရပ်မိရပ်ဖ သုံးဦး ဖြစ်ကြသော (၁) ဦးမူဟာမတ်တာဟဲရ် (ဘ) ဦးကာဆိမ်း (အသက် ၆၂ နှစ်) (ရယက အတွင်းရေးမှူးဟောင်း)၊(၂) ဦးအစ္စမိုင်လ် (ဘ) ဦးကာဆိမ်း (အသက် ၄၆ နှစ်) နှင့် (၃) ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘုလ်ဟာရှိမ်း (အသက် ၄၁ နှစ်) တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ကို အစပိုင်းတွင် အမှတ် ၁၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ရက်တိတိ ချုပ်နှောင်ထားခဲ့ပါသည်။ နောက်တစ်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်ရှိ အချုပ်စခန်းသို့ ပို့ဆောင်၍ ဆက်လက် ချုပ်နှောင်ထားကြောင်း သိရှိပါသည်။ 

အဆိုပါ ရပ်မိရပ်ဖ များသည် မည်သည့် ပြစ်မှုမှ ကျူးလွန်ထားခဲ့သူ မဟုတ်ကြောင်း၊ ဤကဲ့သို့ အပြစ်မဲ့ ပြည်သူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းကို နားလည်ရခက်နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ ညောင်ချောင်း နယ်မြေ အတွင်းရှိ ကျေးရွာအုပ်စု တိုင်းမှ ရွာမျက်နှာဖုံး အမျိုးသားများ အနည်းဆုံး ၂၀ ဦး ကို အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်နေ့၌ ဖြစ်ပွားခဲ့သော မောင်တော ပြဿနာ၌ ပါဝင်ပတ်သက်နေသူများ အဖြစ် ပုံဖော် ဖမ်းဆီးရန် ရှိနေကြာင်း သိရှိရ၍ ဒေသခံများအကြား စိုးရိမ်ပူပင်နေရကြောင်း ဒေသခံများက ပြောပါသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက "ပြဿနာ ဖြစ်နေတာက မောင်တောမှာ။ လူဖမ်းနေတာက ဘူးသီးတောင်မှာ။ ဒါက သူတို့ ဒီလောက်အရေအတွက် ဖမ်းမယ်ဆိုပြီး တမင်တကာ လိုက်ဖမ်းနေတာပဲ။ ၂၀၁၂ ပြဿနာတုန်းကလည်း အယောက် ၁၀၀၀ ဖမ်းမယ်ဆိုပြီး အပြစ်မဲ့တွေ အကုန်ဖမ်းဆီးသလိုပါပဲ အခုလည်း အဲလို ဖမ်းနေတာ။ ရွာမျက်နှာဖုံးတွေကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ပဲ" ဟု သုံးသပ်ပြောဆိုသည်။




စန္ဒာ့မောင်စိက္ကေ (MYARF)
RB News
10.12.2016

ဒီစကားလေးကို ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက်တုန်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုခဲ့တဲ့ စကားလေး ဖြစ်ပါတယ်။

မီးလောင်ရာ လေပင့်ဆိုတာဟာ လောင်နေတဲ့ မီးကို ပိုပြီး တောက်လောင်အောင် မီးမွေးပေးခြင်း၊ ဖေးမကူညီခြင်း၊ ရေလာမြောင်းပေးခြင်း လုပ်ပေးတာကို ဆိုလိုတယ်လို့ နားလည်ရပါတယ်။ ဒီမီးကြီးဟာ ရခိုင်ပြည် အနောက်မြောက်ပိုင်း၊ မောင်တောဒေသမှာ အောက်တိုဘာလကစပြီး ယနေ့ထိ ဖြစ်ပွားနေတဲ့ ပြဿနာကို ရည်ညွှန်းဆိုလိုတာ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်တာကို တင်စားပြီး ပြောလိုက်တဲ့ စကားလေးပါပဲ။ ဒီတော့ မောင်တောပြဿနာမှာ ပြဿနာ တစ်ခုတည်းသာ မဟုတ်ပဲ၊ တကယ်တမ်း မီးစစ်စစ် လောင်နေတာ ဖြစ်ပါတယ်။

ဒီပြဿနာ မီးကြီးဟာ ဘာဖြစ်လို့ ဖြစ်လာရတာလဲဆိုရင် ဇစ်မြစ်ကို သိမှ အဖြေမှန် ထွက်လာမှာပါ။ ဒီမီးကြီးဟာ ရိုဟင်ဂျာလို့ ခေါ်တဲ့ လူမျိုးကို လူမျိုးတုန်းအောင် ဖြည်းဖြည်းချင်း အကွက်ဆင် သတ်ဖြတ်နေတဲ့ မီးကြီးပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးဟာ ခေတ်အဆက်ဆက်က တိုင်းရင်းသား၊ နိုင်ငံသား လူအခွင့်အရေးကို အပြည့်အဝ ရရှိတဲ့ ဘဝကနေ နိုင်ငံမဲ့ ဘဝသို့ တွန်းပို့ ခံလိုက်ရတယ်။ နောက်ဆုံး လူမျိုးပါ တုန်းသွားအောင် အကွက်ဆင်ပြီး လောင်နေစေတဲ့ မီးကြီးပါ။ ဒီနေရာမှာ အကွက်ဆင်တယ်လို့ ဘာလို့ ပြောနိုင်သလဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါဟာ သန်းနဲ့ ချီတဲ့ မူးယစ်ဆေးဝါး ရောင်ဝယ်ရေးနဲ့ အရာရှိကြီးတွေထဲမှာ အဝေမတည့်လို့ မကျေနပ်တဲ့ အဖွဲ့က ဖန်တီးတိုက်တဲ့ တိုက်ပွဲလည်း ဖြစ်နိုင်တယ်။ ဒါကို ရိုဟင်ဂျာတွေ လာတိုက်တယ်လို့ ပြောပြီး လှုပ်ရှားလိုက်တာပါပဲ။

တစ်ခါ မောင်တော တောင်ပိုင်းမှာ ဘဂုံးနာကျေးရွာ အုပ်စု၊ နူရူလာရွာ ကိစ္စ။ ဒီကိစ္စဟာ နေခင်းပိုင်းလောက်က ရဲဘော် (၂) ဦး ရန်ဖြစ်ကြတယ်။ ဒါကို ရဲမှူးကြီးက လာပြီး ညနေ (၄) နာရီလောက်မှာ ပြန်ဖြေပေးလိုက်တယ်။ ရဲမှူးကြီးလည်း ပြန်တော့  ည (၈) နာရီလောက်မှာ ရန်ဖြစ်ခဲ့တဲ့ ရဲဘော် (၂) ဦးက အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်ကြတဲ့ ကိစ္စပါပဲ။ ဒါကိုလည်း ရိုဟင်ဂျာအပေါ် အပြစ်ပုံချလိုက်တယ်။ ပြီးတော့ နောက်တစ်ခုက မြင်းလွတ် စာသင်ကျောင်းအတွင်း ဆရာ၊ဆရာမများ အဆောင် နှစ်ကြိမ်တိုင်တိုင် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကိစ္စပါ။ မြင်းလွတ်ကျောင်းဟာ စရဖအဖွဲ့၊ ရခိုင်ရွာနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတာပဲ။ ရိုဟင်ဂျာရွာနဲ့ အလှမ်းဝေးတယ်။ ဒီထဲမှာ မီးလောင်မှု ဖြစ်တယ်။ ဒါကိုလည်း ရိုဟင်ဂျာလူမျိုးအပေါ် ပုံချလိုက်တာပဲ။ ဒါနဲ့ အကွက်ဆင် တိုက်ခိုက်တာလို့ ပြောချင်တာ ဖြစ်ပါတယ်။

ဒီတော့ ဘာဖြစ်လာလဲ။ နယ်မြေ ရှင်းလင်းရေး လုပ်တယ်။ ဥပဒေနဲ့ ညီတယ်တဲ့။ ဖြစ်ပျက်မှုတွေကိုကြည့်ရင် အစိုးရက ကြေညာတာနဲ့ မြေပြင်မှာ တကယ် ဖြစ်နေတာဟာ မိုးနဲ့မြေ ကွာနေတာပါပဲ။ အစိုးရ ကြေညာတာက မီးလောင်မှုမှာ ပါသွားတဲ့ အိမ်ခြေ (၁၄၅) လုံး၊ မြေပြင်မှာ (၂၅၀၀) လုံး ကျော်၊ လူသေတာက (၆၉) ဦး၊ မြေပြင်မှာက (၅၀၀) ဦးကျော်။ ဒါ့အပြင် ကျေးရွာပေါင်း (၁၂) ခုက နေအိမ်တွေမှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေအကုန်  စစ်ကားတွေပေါ် တင်ပြီး နတလရွာတွေကို သွားပေးလိုက်၊ ရွာထဲမှာရော လယ်ပြင်မှာပါ တွေ့ရှိတဲ့ ကြက်၊ဘဲ၊ဆိတ်၊ကျွဲနဲ့ နွားတွေကို ဖမ်းဆီး မောင်းယူလာပြီး နတလရွာသားတွေကို သွားဝေပေးလိုက်တာက ဥပဒေနဲ့အညီလုပ်နေတာလား။

ဒါ့အပြင် အမကြီး ဒေါ်အောင်ဆန်းစုကြည်ရော ဘယ်လို ခံစားမိပါသလဲ။ အမကြီးလို ဘဝချင်းတူတဲ့ အမျိုးသမီးပေါင်း (၃၀၀) နီးပါးကို အဓမ္မပြုကျင့်လိုက်တယ်။ အဲဒီထဲမှာ ချောချောလေး မိန်းကလေးတစ်ဦးကို စစ်သားတွေက အုပ်စုဖွဲ့ မုဒိမ်းကျင့်လိုက်တော့ ဘာကုသမှုမှ မခံယူနိုင်ပဲ ဝေဒနာပြင်းပြင်းကြီးနဲ့ အသက်ဆုံးရှုံးခံလိုက်ရတော့တယ် အမကြီးရေ။

ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြလာတယ်။ အဲ့တော့ ဒါတွေကို မီးလောင်ရာ လေပင့်နေတယ်လို့ ပြောရင် ဘယ်သူက မီးငြိမ်း၊ ဘယ်သူက လေပင့်တယ်ဆိုတာ စဉ်းစားကြည့်ရင်တော့ အဖြေက ရှင်းနေပါလိမ်မယ့်။

တကယ်ဆိုရင် လူတစ်ဦးကို လက်ညှိုးထိုးလိုက်ရင် လက်ညှိုးနဲ့ လက်မဟာ ထိုးသူဖက်ကို ဦးတည်ပေမယ့် လက်သန်းနဲ့ လက်သူကြွယ်၊ လက်ခလယ်တွေ ကျတော့ ကိုယ့်ဖက်ကိုပဲ ဦးတည်နေမှာဘဲ။ ဒါကိုလည်း သတိချပ်ဖို့ လိုပါလိမ့်မယ်။

ဒီဇင်ဘာ (၄) ရက်နေ့က အမကြီး ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးလိုက်တဲ့ ကိုဖီအာနန် ရခိုင်ကော်မရှင်က မောင်တောကို ရောက်ပြီး စစ်တွေအပြန်မှာ သတင်းထောက်တွေ မေးမြန်းကြတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဆိုသူက အဲဒီမှာ မီးလောင်တာတွေ့တယ်၊ ရွာသားတွေမှာ စားစရာတွေ ရှားပါးတယ်လို့ ပြောတယ်။ NGO တွေကို သွားခွင့် မပြုဘူးတယ်တဲ့။ မီးရှို့တာက သူတို့ဟာကို သူတို့ပဲ မီးရှို့တယ်လို့ ဝေဝေဝါးဝါး ပြောဆိုတယ်။ ဒါကို ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို မေးကြည့်တော့ တိုတိုတုတ်တုတ် ပြတ်ပြတ်ပဲ ပြောလိုက်တယ်။ သူကကြောက်နေတော့ Comment တော့ သိပ်မပေးချင်ဘူးတဲ့။ ဒါပေမယ့် အစိုးရက ကြေညာတာနဲ့ ရွာသူရွာသားတွေက ပြောလိုက်တာနဲ့ မတူဘူးလို့ ပြောသွားပါတယ်။ အဲဒီတော့ စဉ်းစားကြည့်ရင်တော့ အဖြေမှန်က ဘာလဲဆိုတာ ပေါ်လာတော့မှာပဲ။

အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ မီးရှုးတန်ဆောင်ကြီးပါ။ မညိုးပန်းလို့ပဲ တင်စားခေါ်ဝေါ်လို့ ရပါတယ်။ မညှိုးပန်းဆိုတာ ဘယ်တော့မှ မညိုးစေလိုတာကြောင့် “ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ရေရွတ်လိုက်ရပါတော့တယ်လို့ ပြောရင်း…။




RB News
9.12.2016

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဖြစ်တဲ့ မစ္စတာဗီဂျေနံဗီးယားက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်နေရတဲ့ အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက တရားဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့၊ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ လုပ်ဆောင်ဖို့ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်စေတာတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်တာတွေ မလုပ်ဆောင်ဖို့ ကုလသမဂ္ဂ အနေနဲ့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေ အနေနဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ပေးဖို့ လိုပြီး လူသားချင်းစာနာမှု အထောက်အပံ့ အကူအညီတွေ ပေးနိုင်ဖို့ လမ်းတွေဖွင့်ပေးဖို့ လိုတဲ့အကြောင်း၊ အစိုးရက ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် စုံစမ်းရေး ကော်မရှင်ကလည်း သီးခြားလွတ်လပ်တဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ရင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာက ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုပါ ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ နံဗီးယားရဲ့ ကြေညာချက်ထဲ ရေးသားထားပါတယ်။

ပြစ်မှုကျူးလွန်သူများရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း နားလည်တဲ့ အကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီက ပြည်သူများရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ တို့ကို ထည့်သွင်းစဉ်းစားရမယ့် အပြင် သေချာ ကာကွယ်ပေးဖို့လည်း လိုတဲ့အကြောင်း၊ နေအိမ်စွန့်ခွာပြီး ထွက်ပြေးသွားရသူများကိုလည်း အစိုးရက သူတို့ရဲ့ အိမ်တွေမှာ ပြန်လည် နေထိုင်ခွင့် ပေးရမှာ ဖြစ်ကြောင်း၊ အစိုးရ အကြီးအကဲတွေအနေနဲ့ လူမျိုး၊ ဘာသာ၊ လိင်၊ အဆင့်အတန်း မခွဲခြားဘဲ ကာကွယ်ပေးမယ် ဆိုတာကို ပြောဆိုဖို့ လိုကြောင်း၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သေချာကိုင်တွယ် ဖြေရှင်းဖို့ အားလုံးမှာ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကို ကြားသိနေပြီ ဖြစ်ပေမယ့်လည်း အစိုးရ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ငြင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ စိတ်ပျက်နေတာတွေ တွေ့နေရကြောင်း၊ မြန်မာပြည်သူတွေ အနေနဲ့လည်း အကြမ်းဖက်မှု၊ စည်းလုံးညီညွတ်မှု ပျက်ပြားတာတွေ၊ ခွဲခြားနေတာတွေကို ဆန့်ကျင်ဖို့ လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မောင်တောနဲ့ ဘူးသီးတောင်ကိုသွားပြီး ပြည်သူတွေကို ကာကွယ်ပေးမယ့် အကြောင်းကို သေချာ ပြောဖို့လိုတယ်လို့ တိုက်တွန်းတယ်လို့ မစ္စတာနံဗီးယားရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။

MYARF
RB News
8.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာတွင် ဒီဇင်ဘာလ (၇) ရက်နေ့က စစ်သားများ ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အပြစ်မဲ့ ရွာသား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၅၀၀ ဦးခန့် ဦးရှည်ကျ ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသဖြင့် အမျိုးသားများ ထွက်ပြေးကြရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

“မနက်ပိုင်းမှာ သက်ကြီးရွယ်အို တွေချည်း ဖမ်းခံရတယ်။ အဖိုးကြီးတွေ ဆိုပြီး လွှတ်မပေးဘူး။ အရမ်းကို ရိုက်တာ။ အသက် ၆၀ အရွယ် ဦးမာတ်အာလမ် ကို ဖမ်းပြီးတော့ သူ့အိမ်ကို ၀င်တယ်။ လုခံရမှာစိုးလို့ မြေကြီးမှာ မြှပ်ထားတဲ့ ငွေ ၃ သိန်းနဲ့ ရွှေနားကပ် ၃ ရံကို စစ်သားတွေက တူးဖော်ပြီး လုသွားတယ်။ သူ့အိမ်က အိမ်ထရံတွေ အကုန်ဖျက်ဆီးပစ်တယ်။ ပြီးတော့ အိမ်က ဆန်တွေကို ချက်စားပစ်တယ်။ အိမ်ထဲက ပစ္စည်းတွေကိုလုတယ် ဖျက်ဆီးတယ်။ ဦးမာတ်အာလမ်ကို ရိုက်တာ မျက်နှာပါ ကွဲပြဲသွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဦးမာမတ်နိုဘီ ဆိုရင် အသက် ၈၅ နှစ် အရွယ်ပါ။ သူ့ကို စစ်သားတွေ ၀ိုင်းရိုက်တာ သွားပါ ကျိုးသွားတယ်” အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

နံနက် (၈) နာရီ အချိန်တွင် အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်အပြင်သို့ ထွက်ခိုင်း၍ ရွာအပြင်ဖက် ချောင်းနားရှိ ဦးရှည်ကျ ဈေးရှေ့ လယ်ကွင်းတွင် စုထားခဲ့သည်။ ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အမျိုးသမီးများကို လိင်စော်ကား၍ စစ်ဆေးပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသည့် ရွှေများ၊ ၀ှက်ထားသည့် ငွေသားများကို လုယက်ခဲ့သည်။

စစ်သားအချို့နှင့် နယ်ခြားစောင့်ရဲ အချို့သည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်းကို ပြုလုပ်ခဲ့သည်။

“ဆိုင်ကယ် ၆ စီးနဲ့ နွားတွေအများကြီး လုယက်သွားတယ်” ဟု ရွာလူကြီးတစ်ဦးက ပြောပါသည်။

အမျိုးသမီးများနှင့် အတူရှိနေသည့် စစ်သားများက အကြမ်းဖက်သမားများကို မပြပေးပါက ဖမ်းဆီး၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

နေ့လည် ၃ နာရီခန့် အချိန်တွင် အမျိုးသမီးများနှင့် ကလေးများကို အိမ်ပြန်ခွင့် ပေးပြီး၊ ညနေ ၄ နာရီ အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်သွားခဲ့သည်။ ၎င်းတို့ ပြန်သွားပြီးနောက် အမျိုးသားများ ပြန်လည် ရောက်ရှိလာရာ စစ်သားများနှင့် နယ်ခြားစောင့်ရဲ များသည် ည ၆ နာရီ အချိန်တွင် ရွာထဲသို့ ၀င်ရောက်၍ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်လည် ၀င်လာသည်နှင့် အမျိုးသားများ ရွာမှထွက်ပြေးခဲ့ကြသည်။ အမျိုးသမီးများကို စစ်သားများက နေအိမ်မှ အပြင်သို့ ထွက်၍ နေအိမ်အတွင်းသို့ ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကံပြင်ရွာမှ ရခိုင်အစွန်းရောက်များက အိမ်များနှင့် ဆိုင်များမှ လုယက်ခဲ့ကြောင်း သိရှိရသည်။

ဦးရှည်ကျ ကျေးရွာတွင် အောက်တိုဘာလ၌ စစ်တပ်က နေအိမ်များ အတွင်း ၀င်ရောက် ဖျက်ဆီးထားသည့်ပုံ 

အင်ဒိုသမ္မတနဲ့ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ရခိုင်အရေး ဆွေးနွေး

ဗွီအိုအေမြန်မာပိုင်း
8.12.2016

မြန်မာ အစိုးရရဲ့ ရခိုင်အရေး အကြံပေး ကော်မရှင် ဥက္ကဌ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo တို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို အရေးယူ ဖြေရှင်းရေးနဲ့ အင်ဒိုနီးရှား နိုင်ငံဘက်က စိုးရိမ်မှုတွေကို အင်ဒိုနီးရှား သမ္မတ Widodo က ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတ နန်းတော်က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေ၊ နောက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြသနာတွေကို ရခိုင် အကြံပေး ကော်မတီ ဥက္ကဌ ကိုဖီအာနန်နဲ့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ အပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အကူအညီတွေ ချက်ချင်းပေးနိုင်အောင် အဆင်သင့် ရှိနေကြဖို့လည်း အစိုးရ အဖွဲ့ကို ညွှန်ကြားထားတဲ့ အကြောင်းလည်း သမ္မတ ၀ီဒိုဒိုက ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံဘက်က ကမ်းလှမ်းထားတဲ့ အကူအညီတွေဟာ ရခိုင်လူမှု အသိုင်းအ၀ိုင်း နှစ်ဘက်ကကြား မျှတတဲ့ အကူအညီတွေ ဖြစ်ရင် ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာဘက်က တုံပြန်ထားတာပါ။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ ၂ ရက်တာ ကျင်းပနေတဲ့ ဒီမိုကရေစီ ဖိုရမ်ကို တက်ရောက်နေတာ ဖြစ်ပြီး ဒီအစည်းအဝေး ပြင်ပမှာ အင်ဒိုနီးရှား သမ္မတနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး၊ လက်နက် အမြောက်အများ ပျောက်ဆုံးခဲ့ရမှု နောက်ပိုင်း မြန်မာ အစိုးရဘက်က ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတာပါ။ ဒီအခြေအနေမှာ ဒေသခံတွေအပေါ် မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အရေး ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်တွင်း အစိုးရဘက်က လုံခြုံရေး ကိစ္စ ဆောင်ရွက်တာမှာ လူနည်းစု မူဆလင်တွေ အပါအ၀င် ဒေသတွင်း လူမှု အသိုင်းအ၀ိုင်း တခုလုံးအပေါ် လေးစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် ဆောင်ရွက်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။

Rohingya Eye
RB News
8.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာမှ မိခင်နှင့် အရွယ်မရောက်သေးသော သမီးငယ်နှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၄) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် စစ်သားများနှင့် န.တ.လ ရွာသားများသည် မြောတောင် ကျေးရွာအုပ်စု၊ အလယ်ရွာသို့ ၀င်ရောက်လာခဲ့သည်။ ထို့နောက် စစ်သား (၇) ဦးသည် ဦး ------- ၏ နေအိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ဦး ---- က ၎င်းကို အကြောင်းမဲ့ ရိုက်နှက်၍ ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်သားများ လာနေသည်ကို မြင်သည်နှင့် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

စစ်သားများသည် ဦး ----- ၏ နေအိမ်အတွင်းသို့ ၀င်ရောက်၍ ဦး ----- ၏ အသက် ၃၆ နှစ် အရွယ် ဇနီးနှင့် အရွယ်မရောက် သေးသည့် အသက် (၁၅) နှစ်နှင့် အသက် (၁၃) နှစ် သမီးငယ် တို့ကို လူမဆန်စွာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။ သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူတို့ကို အချင်းချင်း ရှေ့မှောက်တွင်ပင် မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ (မိခင်နှင့် သမီးငယ်နှစ်ဦးတို့၏ အမည်များကို ဂုဏ်သိက္ခာကို ငှဲ့ကွက်၍ ချန်လှပ်ထားရခြင်း ဖြစ်သည်။)

ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လည် ၃း၂၀ နာရီ အချိန်တွင် အရပ်ဝတ် ၀တ်ဆင်ထားသော စစ်သားများ (သို့) နယ်ခြားစောင့်ရဲများနှင့် သရက်အုပ် ကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက် အချို့သည် သေနတ်နှစ်လက်နှင့် ဓါးရှည် သုံးချောင်း ကိုင်ဆောင်၍ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် မြောတောင် ကျေးရွာထဲသို့ ၀င်ရောက်လာခဲ့သည်။ ကျေးရွာထဲသို့ ၀င်ရောက်သည်နှင့် ဆိုင်ကယ်နှစ်စီး စီးနင်းသွားနေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသားနှစ်ဦးကို တွေ့သည့်အခါ ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး၊ ရခိုင်အစွန်းရောက်နှစ်ဦးက ဆိုင်ကယ်မှ သော့ကိုဖြုတ်ယူကာ ကျန်သည့်သူများက ရွာသားနှစ်ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။

ရိုက်နှက်ခံနေရသည့် ရွာသားနှစ်ဦးသည် ထိုနေရာမှ ရအောင် ထွက်ပြေးခဲ့သောအခါ ၎င်းတို့နှစ်ဦး၏ ဆိုင်ကယ်များကို စစ်သားများ (သို့) နယ်ခြားစောင့်ရဲများနှင့် ရခိုင်အစွန်းရောက်များက လုယက်ယူ၍ စီးနင်းသွားပြီး၊ ရွာအတွင်းရှိ လျှပ်စစ်ပစ္စည်း၊ စားကုန်ပစ္စည်းများ ရောင်းသည့် ဆိုင်ငယ်ရှေ့တွင် ရပ်တန့်ကာ ဆိုင်အတွင်းသို့ ၀င်ရောက်၍ လုယက်ပြီး ဆိုင်မှ ပစ္စည်းများ အားလုံး ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆိုင်ကယ် လုယက်ခံရသူ နှစ်ဦးမှာ --

(၁) ဦးကာမာလ် (ဘ) ဦးမာမွတ်ကော်ဘီရ် (အသက် ၄၀ နှစ်)
(၂) ဖာရ်ခါန် (အသက် ၂၃ နှစ်) တို့ဖြစ်ပြီး --

လုယက်ခံရသည့် ဆိုင်ရှင်မှာ အေလီယာစ် (ဘ) ဦးဆိဒိတ် (အသက် ၂၅) နှစ်ဖြစ်သည်။




ဘုရားသခင်ကို တိုင်ပြောပြမယ်

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
7.12.2016

သားက သိပ်ငယ်သေးတယ်လေ
သုံးမိုးသုံးဆောင်းတောင် မပြည့်သေးတဲ့ အရွယ်ပါ။
လောကကြီးရဲ့အချိုအခါး
ပတ်ဝန်းကျင်ရဲ့ အနေအထား
ဘာဆိုဘာမှ မသိသေးတဲ့ အရွယ်လေးပါပဲ။

လောကကြီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း
အမေရဲ့ရင်ခွင်နဲ့ အိမ်ကပုခက်ကလေးထဲမှာပဲ
တစ်လှည့်စီ ခိုလှုံနေရတာလေ။
ဒါပေမယ့်--
ပုခက်ကလေးမှာ သား မနေရတာ
အခုဆို ရက်သတ္တပတ် သုံးပတ်ကျော်ခဲ့ပြီ။

ဒီနေ့တော့--
ကြမ်းပြင်မှာ ပက်လက်နေတဲ့ သားကို
အမေ့က သူ့ရင်ခွင်ထဲ ပွေ့ပိုက်လို့
ခြေလှမ်းကျဲကျဲ လှမ်းနေတာ သား သတိပြုမိတယ်။
မြင့်တစ်ခါ နိမ့်တစ်လှည့် အမေရဲ့ခြေလှမ်းတွေကြောင့်
ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားတဲ့ ကြားကပဲ
သားခန္ဓာသေးသေးလေးက လှုပ်ခါနေလို့။
အမေ ရှုထုတ်တဲ့ ပင့်သက် ပူပူ
သားမျက်နှာပေါ် အဆက်မပြတ် ကျရောက်လို့။
တစ်ခါတလေ မျက်ရည်စက်ပူပူရော့ပဲလေ။

အမေရဲ့ရင်ဘတ်ထဲ မုန်တိုင်းတိုက်နေဘိအလား
အမေရဲ့ရင်ဘတ်ထဲ ငလျင်လှုပ်နေပြီဘိအလား
အမေ မောဟိုက်နေပြီ...
အမေရဲ့ရင်ဘတ်ထဲမှာလည်း ဆူညံနေပြီ။
ဪ... သား သတိရပြီ
အမေက ပန်းနာ ရောဂါသည်ကိုး။

×××××

အခုက ရေပေါ်လျှောက်နေသံ ကြားရပြီ။
ဟော... အမေ တစ်ခုခုပေါ် တက်ထိုင်လိုက်ပြီ။
ဘုရားသခင်ကို အမေ တသနေပြီ။
နေရောင်မရှိတာ အပထား...
လရောင်လေးတောင် ပိတ်ပိတ်ပျောက်နေတယ်။
အမေရေ ...
ဘာတွေ ဖြစ်နေလို့ ဘယ်ကိုဦးတည်သွားနေတာလဲ
ဟစ်အော် မေးလိုက်တဲ့အခါပေါ့
အမေက --
သူ့သားမြတ်အစုံ ဖုံးအုပ်ထားတဲ့ အဝတ်ကို ဟပေးခဲ့တယ်
သူ့သားလေး နို့ငတ်နေတယ်များ ထင်ခဲ့တာလား။
သားငိုသံကို အမေ ဘာသာ မပြန်တတ်ခဲ့တာ
ဒီတစ်ခါ ပထမဆုံး အကြိမ်ပါပဲ။

ဟော ... အမေ မဟုတ်တဲ့ လူစိမ်းတွေရဲ့အသံ
မကြားချင်းဘဲ သား နားထဲ ဆူဆူညံညံ။
အမေတိုက်တဲ့ နို့ပူပူ တစ်အောင့်စုပ်ပြီးနောက်
အမေရဲ့ ရင်ခွင်နွေးနွေးထဲမှာ သားအိပ်ပျော်သွားလေပြီ။

×××××


" ဒိုင်း... ဒိုင်း ... ဒိုင်း ဒိုင်း ..."
အဆက်မပြတ် ပေါက်ကွဲသံများ
သား နိုးနေချိန် ...
အမေရဲ့ ရင်ခွင်ထဲမှာ မဟုတ်တော့
ရေငန်တွေ သားပါးစပ်ထဲသို့ ဒလဟော စီးဝင်လို့။
သားကို ရေငန်မတိုက်ပါနဲ့လား
ခုနက အမေတိုက်တဲ့ နို့ပူပူ သောက်ခဲ့တာလေ။

အမေရေ ...သားကို ချန်ရစ်လို့ ဘယ်ရောက်နေတာလဲ
သားကို ရေငန် အတင်း တိုက်နေတာ
သား ဝမ်းတောင် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။
အမေရေ...သားနေသာတဲ့ အမေရဲ့ရင်ခွင် ဘယ်မှာလဲ။

××××

"ရက်စက်လိုက်တာဗျာ..."
"လူ့စိတ်မရှိလိုက်တာဗျာ..."
"ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ..."
"သနားလိုက်တာဗျ ..."

လူစိမ်းတွေ... သားမသိတဲ့ လူတွေ။
ဒီလူတွေ ဘာပြောနေတာပါလိမ့်။

ဘယ်သူက ရက်စက်တာလဲ
ဘယ်သူက လူ့စိတ်မရှိတာလဲ
သားက ဘာအပြစ်ကျူးလွန်လို့ အပြစ်ရှိရမှာလဲ
ဘယ်သူက သနားစရာ ဖြစ်နေတာလဲ
သား ... နားကိုမလည်ဘူး။
အိပ်ရာကို လက်နဲ့စမ်းနေမှတော့
အမေရဲ့ နွေးထွေးတဲ့ ရင်ခွင်အစား
အေးစက်တဲ့ ရွှံ့မြေပျော့ပျော့လေးပဲ တွေ့မိ။

ဟာ!!! ဒီလူတွေ...
သားကို ဘယ်ဆီ ချီယူသွားနေတာလဲ
အမေရဲ့ နူးညံ့တဲ့ လက်တွေလည်း မဟုတ်ဘူး။

ဟာ!!! ပိတ်စဖြူ ...
သားကို ဘာလို့ ဝတ်ပေးတာလဲ။

ဟာ!!! မြေတွင်းတစ်ခု ...
ဟာ!!! သားကို ထည့်ပေးပြီ ...
ဟာ!!! မြေဖို့ ပေးနေပြီ ...
အမေရေ ... သားကို လာကယ်ပါဦးလား။

ဘာအပြစ်ကျူးလွန်လို့ မြေမြုပ်နေတာလဲ။
ဟွန့်... ဒီလူတွေ ဘယ်သူမှ မဖြေဘူး။

ဪ...သားကို ဒင်းတို့ ဘယ်သူမှ မလိုတော့မှ
သားလည်း မြေကြီးအောက် သွားနေပါရစေ။

အဲ့ဒီအရပ်မှာ--
သားနဲ့ ပုံပန်းသဏ္ဍာန်တူတဲ့
ဆီးရီးယားက အီလန်ကူရ်ဒီနဲ့ မိတ်ဖွဲ့လို့နေတော့မယ်။

×××××

ဒါပေမယ့်--
မောပန်းလို့ ရှူထုတ်တဲ့
အမေရဲ့ ပင့်သက်ပူပူ အကြောင်း...
ရင်ဘတ်ပေါက်ထွက်လုမတတ် ဆူညံခဲ့တဲ့
အမေရဲ့ ပန်းနာပေါက်ခဲ့မှု အကြောင်း ...
အမေ ကျမိတဲ့ မျက်ရည်စက်ပူပူတွေ အကြောင်း....
"ဒိုင်း...ဒိုင်း" အသံကြောင့်
အမေနဲ့ခွဲကွာခဲ့ရတဲ့ အကြောင်း...
သား ဝမ်းပေါက်ထွက်လောက်အောင်
ရေငန် အတင်းတိုက်ကျွေးခဲ့တဲ့ အကြောင်း...
အရာရာကို... အသေးစိတ်...တစ်ခုမကျန်
ဘုရားသခင်ကို သား ... တိုင်ပြောပြမယ်။
သား... ဧကန် တိုင်ပြောပြမယ်။


ယျာတင်(ရိုဟင်းသား)


မှတ်ချက် ။ ။ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ၊ အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်၍ လှေဖြင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေရှ့်သို့ သွားနေစဉ် ဒီဇင်ဘာလ (၄)ရက်နေ့၌ ပင်လယ်အလယ်တွင် ရေတပ်၏ပစ်ခတ်မှုကြောင့် လှေမြုပ်ခဲ့၍ အသက်ဆုံးသွားခဲ့ရှာသူ ရိုဟင်ဂျာ ကလေးငယ်များအကြောင်းကိုပုံဖော်ပြီး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။





ကိုထက်အောင်
6.12.2016

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ အကြံပေးကော်မရှင်ဟာ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ပဋိပက္ခတွေဟာ လူမျိုးတုံးသတ်ဖြတ်မှူအဆင့်အထိ ရောက်နေပြီလို့ ပြောနိုင်ဖို့ဆိုရင် တိတိကျကျ စုံစမ်းစစ်ဆေးမှူတွေ လုပ်ဖို့လိုမယ်လို့ ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှူတွေနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှူတွေဟာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ အဆင့်ကို ရောက်နေပြီလို့ စွပ်စွဲပြောဆိုနေချိန်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းက ပြောဆိုလိုက်တာပါ။

လူမျိုးတုံးသတ်ဖြတ်မှူဆိုတဲ့ အသုံးအနှူန်းဟာ လေးနက်တဲ့ စကားလုံးဖြစ်သလို၊လက်တွေ့မှာ ဒီလိုပြောနိုင်ဖို့ ဆိုရင်တော့ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ လိုတဲ့အကြောင်း သူ့ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် အပြီး ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

မောင်တောဒေသက စစ်ဆင်ရေးတွေအတွင်း လုံခြုံရေး အာဏာပိုင်တွေက မူဆလင်တွေကို အဓမပြုကျင့်တာ၊ သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့အစောပိုင်းမှာလည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ တွေ့ဆုံမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှူတွေမှာ အရပ်သားတွေကို အကာအကွယ်ပေး ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

အထူးသဖြင့်ကတော့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေးကို အလေးမထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း ရခိုင်ကော်မရှင်ဥက္ကဋ္ဌက သူ့အမြင်ကို သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့တာပါ။

"တစ်ချို့ အစိုးရတွေက အကြမ်းဖက်မှူ တိုက်ဖျက်ဖို့ဆိုရင် အရပ်ဖက် လူ့အဖွဲ့အစည်းတွေ လူသားတွေရဲ့ လွတ်လပ်မူတွေကို လျော့တန်လျော့ ဖြတ်တောက်သင့်တာ ဖြတ်တောက်သင့်တယ်ဆိုကာ လုံခြုံရေးကိုပဲ အဓိက သတ်မှတ်လေ့ ရှိကြပါတယ်။ ကျနော့်အနေနဲ့ ထင်တာကတော့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေကို လုံခြုံရေးအတွက် စွန့်လွှတ်လိုက်မယ်ဆိုရင် တကယ်ပဲ လုံခြုံတဲ့ အခြေအနေ ရောက်သွား မလားဆိုတာကတော့ စဉ်းစားစရာပါ။ ကျနော် မျှော်လင့်မိတာကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပိုမို ရရှိဖို့နဲ့ အဲဒီ့ဒေသေကို လွတ်လွတ်လပ်လပ် အမြန်ဆုံး သွားရောက်နိုင်ဖို့ မျှော်လင့်မိတယ်"လို့ မစ္စတာ ကိုဖီအာနန်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

မြန်မာ အစိုးရဘက်ကတော့ ပြီးခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့သူ ၅၀၀ ကျော်ကို ဆက်လက် ဖမ်းစီး စစ်ဆေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်နေကြသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့တော့ အစိုးရဘက်ကတော့ စစ်တပ်ကပါ ပြတ်ပြတ် သားသား ငြင်းဆိုထားပါတယ်။

MYARF
RB News
6.12.206

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှာ ပစ္စည်းများကို စစ်တပ်က လုယက်ခြင်း ပြုလုပ်ခဲ့ပြီး အမျိုးသမီး အချို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှ ပစ္စည်းများကို ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့တွင် စစ်သားများက လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မြောတောင် ကျေးရွာကို လွန်ခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စစ်သားများက အကြမ်းဖက်ခဲ့ပြီး၊ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ စစ်သား ၅၀၀ ခန့်သည် မြောတောင် ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို နေအိမ်များမှ ထွက်ခိုင်း၍ မဖွယ်မရာ ပြုလုပ်၍ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း ရွှေ၊ ငွေများ လုယက်ခြင်း၊ ဆိုင်ကယ်၊ ပရိဘောဂများ လုယက်ခြင်းများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင်လည်း စစ်သားများက လုယက်ထားသည့် ပစ္စည်းများကို ဖားဝပ်ချောင်း န.တ.လ ကျေးရွာမှ စက်လှေများ ခေါ်ယူလာပြီး ဖားဝပ်ချောင်း ကျေးရွာသို့ သယ်ယူသွားခဲ့သည်။ ကျွဲ၊ နွား၊ ဆိတ်များကို န.တ.လ ရွာသားများက ယူဆောင် သွားခဲ့သည်။

ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် စစ်သားများက မြောတောင် မြောက်ရွာမှ အမျိုးသမီးများနှင့် ကလေးငယ် ၅၀၀ ကျော်ကို နေအိမ်များမှ ထွက်ခိုင်းပြီး ကျောင်းသို့ ခေါ်သွားကာ ထိုထဲမှာ ချောမောလှပသည့် အမျိုးသမီး အချို့ ရွေးယူပြီး စစ်သားများက လူစုခွဲ၍ တစ်ဦးချင်းစီကို တစ်နေရာစီသို့ သီးသန့် ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။

ည ၁၁ နာရီ အချိန်တွင် မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများကို ကျောင်းသို့ ပြန်လည် ခေါ်လာခဲ့ပြီး၊ ကနဦး ပိတ်လှောင် ထားခဲ့သည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အတူ အိမ်ပြန်စေခဲ့သည်။

အမျိုးသမီးများကို အိမ်များမှ ခေါ်ထုတ်လာစဉ် အမျိုးသား ၂၀ ဦးကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများထဲမှ အသက် (၁၆) နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးမှာ စစ်သားများ၏ အုပ်စုဖွဲ့ ယုတ်မာမှုကြောင့် ဒီဇင်ဘာလ (၅) ရက်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့သည်။

စစ်သားများသည် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ထိ နေ့စဉ် ရက်ဆက် စီးနင်း ၀င်ရောက်ပြီး လုယက်မှု ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ကလေးငယ်များမှာ စားစရာပင် မရှိတော့၍ ငတ်ပြတ်မှု ဒဏ်နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောပါသည်။


Rohingya Eye
RB News
4.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မြောတောင် ကျေးရွာအုပ်စုကို နိုဝင်ဘာလ (၁၂) ရက်နေ့မှ စ၍ မြန်မာစစ်တပ်က ၀င်ရောက်စီးနင်းပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်လျက် ရှိရာ ယနေ့ ဒီဇင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင်လည်း စစ်သား ၃၀၀ ၀င်ရောက်လာသဖြင့် အမျိုးသားများ အားလုံး ရွာပြင်သို့ ထွက်ပြေးနေရပြီး၊ အမျိုးသမီးများ ညပိုင်းတွင် မုဒိမ်းကျင့်ခံရမည်ကို အထူး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ဒီဇင်ဘာလ (၂) ရက်နေ့တွင် စစ်သားများသည် ဖားဝပ်ချောင်း၊ အောင်မင်္ဂလာနှင့် အောင်သာယာ ကျေးရွာများမှ န.တ.လ ရွာသားများနှင့် ၀င်ရောက်၍ ရိုဟင်ဂျာများ၏ နေအိမ်များမှ ပရိဘောဂများ၊ အ၀တ်အစားများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊ အဖိုးတန် ပစ္စည်းများကို လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ လုယက်သွားသည့် ပစ္စည်းများကို စက်လှေနှစ်စီးဖြင့် ငါးကြိမ်တိုင်တိုင် ဖားဝပ်ချောင်း န.တ.လ ရွာသို့ သယ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆိုင်ကယ်လုယက်ခံရသူ အချို့မှာ --

(၁) ဂျာနီအာလာမ် (ဘ) ဦးမာမွတ်အစ္စလာမ် (အသက် ၂၃ နှစ်)
(၂) ဂျဟာန်ဂီရ် (ဘ) ဦးမာမွတ်အစ္စလာမ် (အသက် ၂၆ နှစ်)
(၃) ဆာဘဲရ်ဟူစိန်း (ဘ) ဦးအာဇီးဇ်အာမွတ် (အသက် ၂၆ နှစ်)
(၄) အာန်ဆာရ် (ဘ) ဦးမာမွတ်အာလာမ် (အသက် ၂၆ နှစ်)
(၅) မူဖီဇူရ်ရာမန် (ဘ) ဦးအဒူဇာဘောရ် (အသက် ၂၄ နှစ်)
(၆) ဦးမာမွတ်အာမီးန် (ဘ) ဦးဝလီဟူစိန်း (အသက် ၂၇ နှစ်)
(၇) အာန်ဆာရ် (ဘ) ဦးအာရောဖ်ဟူစိန်း (အသက် ၃၀ နှစ်)
(၈) အာဘူတယူဖ် (ဘ) ဦးဝလီအာမွတ် (အသက် ၂၈ နှစ်)
(၉) ရဖီခ် (ဘ) ဦးရှီခါန်ဒေါရ် (အသက် ၂၈ နှစ်)
(၁၀) ဦးမူဂျီဘူရ်ရာမန် (ဘ) ဦးဇာဟိတ်ဟူစိန်း (အသက် ၄၇ နှစ်)
(၁၁) ဟာဖီးဇ်အိဒိရီစ် (ဘ) ဦးဆော်ယောဒ်အလီ (အသက် ၂၄ နှစ်)
(၁၂) မာမွတ်ဒူလ်ဟူစိန်း (ဘ) ဦးအာမွတ်ဆော်ယောဒ် (အသက် ၂၂ နှစ်)
(၁၃) အာဟေဆန် (ဘ) ဦးအဒူရာမန် (အသက် ၂၉  နှစ်)
(၁၄) အာန်ဆာရ် (ဘ) ဦးရှောမ်ရှုလ်အစ္စလာမ် (အသက် ၂၈ နှစ်)
(၁၅) မာမူဒူလ္လာ (ဘ) ဦးတူဖိုင်လ်အဟမွတ် (အသက် ၂၆ နှစ်) -- တို့ဖြစ်သည်။

အခြားရွာများမှ ခိုလှုံရန် ရောက်ရှိနေသူများလည်း လုယက်ခြင်း ခံရသည်။ လုယက်ခံရသူများမှာ --

(၁) နူရ်ဘော်ရှော်ရ် (ဘ) ဦးရှုကူရ်အဟမတ် (အသက် ၂၄ နှစ်) - ကြက်ရိုးပြင် ကျေးရွာမှ
(၂) ဟူစိန်းဇူဟာရ် (အသက် ၂၄ နှစ်) - ဦးရှည်ကျ ကျေးရွာမှ
(၃) ဟိုက်ရုလ်အာမီန်း (ဘ) ဦးနူရူလ်ဟောက် (အသက် ၄၀ နှစ်) - ဖားဝပ်ချောင်း ကျေးရွာမှ
(၄) ဦးမာမွတ်ရဟီးမ် (ဘ) ဦးရှောမ်ရှု (အသက် ၃၈ နှစ်) - ဓါးကြီးစား ကျေးရွာမှ (မြောတောင် တွဲဖက်ကျောင်းမှ ကျောင်းဆရာ) -- တို့ဖြစ်သည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် တောင်ရွာ၊ မြောက်ရွာနှင့် အလယ်ရွာ များမှ အမျိုးသမီးများ အားလုံးကို စစ်သားများက တစ်နေရာတွင် စုခိုင်းပြီး အိမ်ထောင်ရှင်များ၏ အမည်စာရင်းများကို ရေးမှတ်ခဲ့သည်။ ထို့နောက် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးပြီး၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို ဖမ်းဆီး၍ ဖားဝပ်ချောင်းမှ န.တ.လ ရွာသားများ၏ အကူအညီဖြင့် စက်လှေများပေါ် တင်ဆောင်၍ လုယက်သွားခဲ့သည်။ မြောက်ရွာမှ အများဆုံး လုယက်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် စစ်သား (၄) ဦးသည် မြောတောင် ကျေးရွာအုပ်စုသာလူးချောင်းရွာရှိ ဦးဇာဖောရ်၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဇာဖောရ်၏ (၁၆) နှစ် အရွယ် သမီးဖြစ်သူကို စစ်သား (၂) ဦးက အခန်းတစ်ခန်းထဲသိုပ အတင်းအဓမ္မ ဆွဲခေါ်၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ပြီး၊ ကျန်သည့် စစ်သား (၂) ဦးက မိန်းကလေး၏ မိခင်ဖြစ်သူကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ သို့သော်လည်း မိခင် ဖြစ်သူက သမီးဖြစ်သူ၏ အော်ဟစ် အကူအညီတောင်းမှုကို မခံနိုင်တော့၍ စစ်သားများ၏ လက်မှ ရအောင် ရုန်းထွက်၍ သမီးဖြစ်သူကို ကယ်တင်ခဲ့သည်။ ထို့နောက် စစ်သားများက မိခင်ဖြစ်သူအား သေနတ်ဖြင့် ခေါင်းကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ရိုက်နှက် ညှဉ်းပန်းနှိပ်စက် ခံရသည့် မိခင်ဖြစ်သူမှာ ဒေါ်ခူရ်ရှီဒါ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၃၅ နှစ်) ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၁) ရက်နေ့ ညနေပိုင်းတွင် စစ်သား အုပ်စုနှစ်စုသည် မြောတောင် ကျေးရွာအုပ်စု၏ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ခွဲ၍ ၀င်ရောက်ပြီး ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများ အားလုံးကို တစ်နေရာတွင် စုခိုင်းခဲ့သည်။ အမျိုးသားများမှာ စစ်သားများ ၀င်ရောက်လာသည်နှင့် ရိုက်နှက် နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားခဲ့သည်။ စစ်သားများက တစ်နေရာတွင် စုထားသည့် အမျိုးသမီးများကို ၎င်းတို့၏ အမျိုးသားများနှင့် အရွယ်ရောက်နေသည့် သားများ၏ အမည်များကို မေးမြန်းပြီး အချိန်အတော်ကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသမီးများ နေအိမ်ပြန်ရောက်သည့် အချိန်တွင် နေအိမ်အတွင်းရှိ အဖိုးတန် ရွှေ၊ ငွေ ပစ္စည်းများ မရှိတော့သည်ကို တွေ့ခဲ့ရပြီး၊ မြှပ်နှံ၍ ၀ှက်ထားသည့် ပစ္စည်းများကို ပျောက်ဆုံး နေသည်ကို တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

“သူတို့က အမျိုးသမီးတွေကို အိမ်အပြင် ထုတ်ထားတယ်။ ပြီးတော့ အိမ်တွေထဲကို ၀င်ပြီး ပစ္စည်းတွေ ခိုးတယ်။ အခုဆိုရင် နှစ်လနီးပါးရှိလာပြီ ဆိုတော့ ကျွန်တော်တို့ လူမျိုးတွေက ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ သိမ်းတတ်လည်း ဆိုတာ သိနေပြီ။ လုံခြုံအောင် မြေကြီးထဲ မြှပ်ထားတာတောင် တူးဖော်ပြီး ယူသွားတယ်။ ကျွမ်းကျင်တဲ့ သူခိုးတွေ ဖြစ်နေပြီ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။


Ahkter Husin
RB News
4.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ အမှတ် (၄) နယ်မြေ (၄) အပိုင် ကျောက်ချောင်း ကျေးရွာ၌ ယနေ့ နံနက် အစောပိုင်းတွင် စစ်ကားလေးစီး အပြည့်ဖြင့် စစ်သား တစ်ရာကျော် ၀င်ရောက်လာပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

“သူတို့ မနက် ၈ နာရီလောက်မှာ လိပ်ရကျေးရွာဘက်ကနေ ကျွန်တော်တို့ရဲ့ အလယ်ရွာကို ရောက်လာတာပါ။ ၀င်လာတာနဲ့ သေနတ်နဲ့ အဆက်မပြတ် ပစ်တယ်။ ရွာကို ၀ိုင်းပြီး ရွာသား ၂၀ ကျော်ကို ဖမ်းတယ်။ အမျိုးသမီး အချို့ကိုလည်း မဖွယ်မရာ လုပ်တယ်။ စစ်သားတွေ ဖမ်းထားတဲ့ လူတွေရဲ့ နာမည်တွေ အားလုံး အတိအကျ ပြောဖို့တော့ ခက်တယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေနားကို ကျွန်တော်တို့ မသွားရဲဘူး။ အခု ကျွန်တော်တို့ တောထဲမှာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်းဆီးခံရသူ အချို့မှာ --

(၁) ဦးရှော်မ်ရှု (ဘ) ဦးဟာဆောန်အလီ
(၂) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဖော်ဇော်ရ်အလီ
(၃) ဦးဟာလာမီယာ (ဘ) ဦးနာဇီရ်ဟူစိန်း
(၄) ဦးမာမတ်ဒူလ္လာ (ဘ) ဦးနူရ်မာမတ်
(၅) မော်လ၀ီ အာမီးရ်ဟူစိန်း
(၆) ဦးဂူရာမျာ
(၇) ဦးမာမတ်ဆီဒိတ် -- အပါအ၀င် (၂၀) ဦးကျော် ဖြစ်သည်။ 

ဖမ်းဆီးခံရသူများမှာ အလယ်ရွာနှင့် ဂုံးနားရွာတို့မှ ဖြစ်ကြသည်။ 

“စစ်သားတွေကတော့ အလယ်ရွာနဲ့ ဂုံးနားရွာမှာ ရှိနေသေးတယ်။ ရွာသားတွေကို မတရားဖမ်းဆီးတာတွေ၊ ရိုက်နှက် ဖမ်းဆီးတာတွေ ထပ်လုပ်မယ်လို့ ထင်ရတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

“ဘာပြဿနာမှ မရှိတဲ့ ကျွန်တော်တို့ရွာမှာ လာပြီး အကြောင်းမဲ့ သေနတ် ပစ်ဖောက်တာတွေ၊ အမျိုးသမီး တွေကို မဖွယ်မရာ လုပ်တာတွေကတော့ မတရားဘူး။ သူတို့ လုပ်ချင်းတိုင်း လုပ်နေတယ်။ လူသတ်ဖို့၊ အပြစ်မဲ့တွေကို ဖမ်းဖို့၊ မုဒိမ်းကျင့်ဖို့ လိုင်စင်ရထားသလိုမျိုး လုပ်နေတယ်။ အခုလို စစ်သားတွေ ရောက်လာတာက ရွာအုပ်ချုပ်ရေးမှူး မောင်မောင်စိုးက စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို ပေးမယ်ဆိုပြီး ရွာသားတွေ ဆီက ကောက်ထားတဲ့ ငွေတွေ အားလုံးကို မပေးဘဲ သူ့အတွက် ချန်လိုက်လို့ ဖြစ်မယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။






RB News
4.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အတွင်းငှက်သေ ကျေးရွာတွင် ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၃) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာရှိ လဘက်ရည်ဆိုင်မှာ မီးလောင်မှု စတင်ခဲ့ခြင်း ဖြစ်ပြီး ဦးအဟမတ်ရော်ရှိတ်၏ နေအိမ်လည်း မီးကူးစက်၍ လောင်ကျွမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် လဘက်ရည်ဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ပေါ့ဆမီးဖြစ်၍ စတင်လောင်ကျွမ်းသည့် လဘက်ရည်ဆိုင် ပိုင်ရှင်က ဖမ်းဆီး၍ ငွေညှစ်ခံရမည်ကို စိုးရိမ်လျက် ရှိသည်။




MYARF
RB News
3.12.2016

မောင်တော ။ ။ ကြိမ်ချောင်းကျေးရွာသည် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ မြောက်ပိုင်း ၂၄ မိုင်အကွာတွင် တည်ရှိပြီး စစ်တွေဖွား ဖော်တေးအာလီ ဘော်လီ (စော်ဘွား) မှ ဆင်းသက်လာသည့်  တိုင်းပြည်နှင့် ပြည်သူ့ အကျိုးဆောင် အစိုးရ ဝန်ထမ်းများ များစွာ မွေးဖွား နေထိုင်သည့် ရွာဖြစ်သည်။ ခေတ်အဆက်ဆက်မှ တည်ငြိမ်အေးချမ်းမှု ဂုဏ်သရေနှင့် ယနေ့ထိ ထင်ပေါ်ကျော်ကြားလျက် ရှိနေသည်ကို တွေ့ရှိရသည်။

အဆိုပါကျေးရွာတွင် အစ္စလာမ် ဘာသာဝင်များမှာ လူများစု ဖြစ်နေသော်လည်း လူနည်းစုများ ဖြစ်ကြသော ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်လာပြီး မည်သည့်အခါမှ ဘာသာဝင်အချင်းချင်း အနိုင်ကျင့်တိုက်ခိုက်ဖူးသည်ကို မတွေ့ရပေ။

အဆိုပါကျေးရွာကို ထို့ဘော်လီစော်ဘွားမှ ဆင်းသက်လာသည့် ရွာသူကြီးများနှင့် ဥက္ထဌများကသာ အုပ်ချုပ်လာပြီး ၂၀၁၀ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဇာဒိရ်မူရား ဇာတိ ဦးဘုန်းကံနိုင် (ခ) ဦးကိုကိုအောင်က အုပ်ချုပ်ရေးမှူး အဖြစ် အုပ်ချုပ်လာသည်မှာ ယခုဆိုလျှင် သက်တမ်းနှစ်ကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်သားများနှင့် နယ်ခြားစောင့်ရဲ များက သေနတ်များ အဆက်မပြတ် ပစ်ဖောက်ပြီးနောက် ကြိမ်ချောင်းကျေးရွာမှ ရွာသူရွာသားများသည် အနီးအနားရှိ ကျေးရွာများသို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အခြေအနေ တည်ငြိမ်နေသည့် အနေအထား ဖြစ်၍ ရွာသူရွာသားများ အားလုံး စစ်ဆေးခံပြီး ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။

ထိုသို့  ရွာသူရွာသားများ အားလုံး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့သည်ကို အခွင့်ကောင်း ယူ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ကြိမ်ချောင်းကျေးရွာတွင် စခန်းချနေသည့် စစ်တပ် တပ်ရင်းမှ တပ်ရင်းမှူးနှင့် ညှိနှိုင်းကာ လူ (၅၀) ဦး ပါဝင်သည့် စာရင်းတစ်ခု ပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်စဉ် ဓား၊ တုတ်များ ကိုင်ဆောင်ပြီး အကြမ်းဖက်ရန် ကြိုးစားခဲ့သည့်ဟု လုပ်ကြံစွပ်စွဲပြီး အပြစ်မဲ့ ရွာသူရွာသားများမှ ငွေညှစ်ယူရန် ခြိမ်းခြောက်နေနသည်ကို တွေ့ရှိရသည်။

"အဲဒီ စာရင်းမှာ လူ (၅၀) ဦး ပါတယ်လို့ ပြောတယ်။ အလယ်ရွာက (၂၀) ဦး ပါတယ်။ ပြီးတော့ တောင်ရွာက (၃၀) ဦး ပါ။ အုပ်ချုပ်ရေးမှူး က တစ်ဦးကို ငွေကျပ် (၅) သိန်းစီ ပေးရင် တပ်ရင်းမှူးက အာမခံနဲ့ လွှတ်ပေးမယ်လို့ ပြောလာတယ်။" ဟု မြောက်ရွာမှ ရွာသားတစ်ဦးက RB News သို့ ပြောသည်။

အခြား ဒေသခံ တစ်ဦးက "ဒါက အုပ်ချုပ်ရေးမှူးရဲ့ လုပ်ကြံဇတ်တစ်ခုပါ။ သူက မိုးရာသီမှာ ရေကြီးလာလို့ ရှိရင် ရွာရဲ့ တောင်ရွာမှာ နေတဲ့ ရွာသူရွာသားတွေကို မူလတန်းကျောင်းကို ခေါ်ပြီးထားတဲ့ ကယ်ဆယ်ရေး စိတ်ဓါတ်တစ်ခု ရှိပေမယ့်လည်း အခုလို့ အခွင့်ကောင်းယူတာတော့ မကောင်းဘူးဗျာ" ဟု ပြောသည်။

"အဲလို လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနိုင်တယ်။ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ ရွာသူရွာသားတွေကို ဆူပူအုံ့ကြွမှု မီးလျံကြီးကို မွေးစေလိုတာပဲ"ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

ထိုသို့ သိန်းပေါင်းများစွာသော ငွေများ ညှစ်ယူနိုင်ရန် အုပ်ချုပ်ရေးမှူးနှင့် တင်ရင်းမှူးတို့၏ လက်ကိုင်တုတ် ဖြစ်သည့် ကြိမ်ချောင်း၊ အလယ်ရွာက ဆီရာစ် (ဘ) ဦးမာမတ်နော်ဆိမ်ကို အသုံးချနေသည်ဟု ရွာသားများက ပြောဆိုနေကြသည်။

ထို့အပြင် ရွာသူရွာသားများ မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဒေသခံများဖြင့် ဖွဲ့စည်းခဲ့သည့် ညပိုင်း လုံခြုံရေးအစောင့် အစီအစဉ်တွင် တောင်ရွာမှ ရွာသူရွာသားများအတွက် တာဝန် မယူနိုင်ဟု အကြောင်းပြ၍ ကျေးရွာအတွင်းရှိ တောင်ရွာကို ဘေးဖယ်ထားလိုက်သည်ဟု သိရှိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး အနေဖြင့် ကျေးရွာရှိ အလယ်ရွာနှင့် မြောက်ရွာက ရွာသူရွာသားများအတွက် တာဝန်ရှိသလို့ တောင်ရွာက ရွာသူရွာသားများ အတွက်လည်း တူညီသော တာဝန်ရှိသည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။

လွန်ခဲ့သော နိုဝင်ဘာလတွင် အဆိုပါ ကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင်များ ထံမှ စစ်သားများအတွက် ဆိုကာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ဦးဆောင်၍ ငွေကျပ် သိန်း (၄၀) ကောက်ခံခဲ့သည်။


RB News
3.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်တပ်ကို ပေးရန်အတွက်ဟု ဆိုကာ ရွာသားများ ထံမှ ငွေကျပ် ၈၃ သိန်း ကောက်ခံထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းတိုရွာမှ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်သူ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၃၅ နှစ်) သည် ဆေးလိပ်သောက်၍ လမ်းလျှောက်နေစဉ် စစ်သားများက တွေ့ရှိသွားပြီး သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့သည်။

အသတ်ခံရသူမှာ စိတ်ဝေဒနာရှင် ဖြစ်သည့် အကြောင်းကို တစ်ရွာလုံးမှ သက်သေပြနိုင်ခဲ့သည့် အတွက် အလယ်သံကျော် ဆေးရုံတွင် ခွဲစိတ်ပြီး ရွာသားများထံ အလောင်းပြန်လည် အပ်နှံခဲ့သဖြင့် ကောင်းမွန် သဂြိုဟ်နိုင်ခဲ့သည်။

အဆိုပါ စိတ်ဝေဒနာရှင် သတ်ဖြတ်ခံရပြီး နောက်တစ်ရက်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအီဗရာဟင်မ်က စစ်တပ်မှ ၎င်းအား အကြမ်းဖက်သမား (၇) ဦးကို ကျေးရွာတွင်းမှ ဖမ်းဆီးပေးရန် ညွန်ကြားထားကြောင်း၊ ထို့ကြောင့် စစ်တပ်မှ ရွာအတွင်းသို့ ၀င်ရောက် စီးနင်းနိုင်ဖွယ် ရှိကြောင်း၊ ရွာထဲသို့ စစ်တပ် မ၀င်လာရန် ငွေကျပ် ၈၃ သိန်း ပေးရမည်ဟု ဆိုကာ ရွာသားများထံမှ ငွေကျပ် ၈၃ သိန်း ကောက်ခံထားကြောင်း ဒေသခံများက ပြောပါသည်။

“ကျွန်တော်တို့ အခုအချိန်မှာ ဘာအလုပ်မှ လုပ်လို့မရဘူး။ ၀င်ငွေလည်း မရှိကြဘူး။ အိမ်တွေကနေ ၇ သောင်း၊ ၅ သောင်း၊ ၃ သောင်း၊ တစ်သောင်းခွဲ သတ်မှတ်ပြီး ကောက်တယ်။ ဆင်းရဲလို့ မပေးနိုင်တဲ့ လူတွေကို သူ့ရဲ့ ရုံးကို ခေါ်တယ်။ ပြီးတော့ အကြမ်းဖက်သမား စာရင်းထဲထည့်ပြီး စစ်တပ်လက်အပ်လိုက်မယ်လို့ ခြိမ်းခြောက်တယ်။ တစ်ရွာလုံးကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ တဆင့် ခြိမ်းခြောက်တယ်။ ငွေကောက်တာမှာ ဦးအာဘူလ်ဟူစိန်းရဲ့သား နအီးမ်အုလ္လာလည်း ပါတယ်။ စစ်တပ်ကို ပေးရချင်မှ ပေးရမယ်။ သူ့ဟာသူ စစ်တပ်နာမည် သုံးပြီး ကျွန်တော်တို့ဆီက ငွေလိမ်နေလား ဆိုတာ သံသယ ဖြစ်မိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဒေသခံများက ယခုကဲ့သို့ ငွေကောက်ခံနေခြင်းနှင့် ပတ်သက်၍ အလွန်ပင် စိတ်အနှောက်အယှက် ဖြစ်နေရကြောင်း၊ ငွေကြေး မပြေလည် ဖြစ်နေသည့် အချိန်တွင် ပေးရသောကြောင့် အလွန်ပင် ကြီးမားသည့် ၀န်ထိုးဝန်ပိုး ဖြစ်ရကြောင်း၊ ထို့ကြောင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူပေးရန် တေင်းဆိုသည်ဟု ပြောပါသည်။


RB News
3.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာသို့ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီးခံရပြီး အမျိုးသမီးများနှင့် ကလေးများ အားလုံးနီးပါး ရိုက်နှက်ခံရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာမည် ဖြစ်၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးတို့မှ တာဝန်ရှိသူ အချို့ ရှေ့ပြေး ရောက်ရှိလာခဲ့ပြီး ရွာသူရွာသား အများစုကို ရွာမှ မောင်းထုတ်ခဲ့သည်။

ထို့နောက် ၁၁း၃၀ နာရီခန့်တွင် ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ရိုဟင်ဂျာ အမျိုးသား အချို့၊ အမျိုးသမီးများနှင့် ကလေး အချို့ တွေ့ဆုံ၍ စကားပြောခွင့် ရခဲ့သည်။ ကိုဖီအာနန် အဖွဲ့နှင့်အတူ လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ ပါရှိခဲ့သော်လည်း ကိုဖီအာနန်အဖွဲ့နှင့် ရွာသားများ စကားပြောနေစဉ် စစ်သားများသည် ရွာထဲရှိ နေအိမ်အချို့နှင့် တောင်ပေါ်တွင် အဆင်သင့် စောင့်နေခဲ့သည်။

ကိုဖီအာနန်နှင့် အဖွဲ့ ကားပေါ်သို့ တက်၍ ထွက်ခွာသည်နှင့် စကားပြောခဲ့သည့် ရပ်မိရပ်ဖ သုံးဦး အပါအ၀င် အမျိုးသား အချို့ကို ဖမ်းဆီး၍ အမျိုးသမီးများနှင့် ကလေးများကို စစ်သားများ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုက်နှက်နေစဉ် ရွာသားတစ်ဦးက ယာဉ်တန်းနောက်သို့ ပြေးလိုက်ခဲ့ရာ ငန်းချောင်းကျေးရွာ အနီးတွင် ယာဉ်တန်းကို တား၍ ကော်မရှင် အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားခြင်း၊ ရိုက်နှက်နေခြင်း ကိစ္စ တင်ပြနိုင်ခဲ့ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်ကလည်း အာဏာပိုင်များကို ဖုန်းဆက် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ ပြေလည် သွားမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဖမ်းဆီးထားသူများကို နာရီအနည်းငယ် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဓါးကြီးစား၊ ရေခဲချောင်းခွဆုံ၊ မြောတောင်နှင့် ကျားခေါင်းတောင် စသည့် ကျေးရွာများတွင် နံနက်ပိုင်း၌ စစ်သားများက သေနတ်များ ပစ်ဖောက်၍ ရွာသားများ ရွာမှ ထွက်သွားရန် ခြိမ်းခြောက်ခဲ့သည်။


(Photo: Rakhine Commission Twitter)


MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာတွင် တဲထိုး နေရသူများ၊ ရေခဲချောင်းခွဆုံနှင့် သူဦးလာ ကျေးရွာရှိ ရိုဟင်ဂျာများထံ အာဏာပိုင်များ သွားရောက်၍ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တော ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များသည် ကား (၁၀) စီးဖြင့် ဓါးကြီးစား ကျေးရွာသို့ သွားရောက်၍ တဲထိုးနေကြသည့် ရွာသားများကို ခေါ်ကာ ကိုဖီအာနန်လာလျှင် အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှု မရှိခဲ့ကြောင်း နေအိမ်များကို အကြမ်းဖက်သမားများကသာ မီးရှို့ခဲ့ကြောင်း၊ ယခုနေထိုင်သော တဲများကို အာဏာပိုင်များက ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုရန် မှာကြားခဲ့သည်။

ထိုသို့ မပြောဘဲ တစ်မျိုးတစ်ပုံ ပြောပါက ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့နောက် အမျိုးသမီးများ ထံမှ လက်ဗွေယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ရေခဲချောင်းခွဆုံနှင့် သူဦးလာ ကျေးရွာများသို့ သွားရောက်၍ အလားတူ ပြောကြား၍ ခြိမ်းခြောက်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဓါးကြီးစား ကျေးရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လယ်ကွင်းပြင်တွင် နေထိုင်နေကြသူ အချို့ကို နိုဝင်ဘာလ (၂၆) ရက်နေ့က အာဏာပိုင်များက ဖိအားပေးပြီး ရွာထဲသို့ ပြန်ခိုင်းကာ တဲများထိုး၍ နေခိုင်းထားခြင်း ဖြစ်သည်။

ဓါးကြီးစား ကျေးရွာတွင် တဲထိုး၍ နေထိုင်နေကြသူများ

MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာ အတွင်းသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်၍ ဒေသခံ နှစ်ဦးကို ဖမ်းဆီးခဲ့သည့် အပြင် ရွှေ၊ ငွေ၊ စားကုန်ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံး ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဆင်သေပြင်အရှေ့ရွာသို့ ၀င်ရောက်ခဲ့သည့် စစ်သား ၄၆ ဦးသည် ညအချိန်တွင် ဗလီထဲတွင်ပင် နေထိုင်ခဲ့သည်။ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် စိုက်ခင်းသို့ သွားနေသည့် ဦးဘောက်ထူး (ခ) အိဒိရီစ် (ဘ) ဦးအော်ဆီရာမန် (အသက် ၃၃ နှစ်)၊ နူရ်ဘော်ရှော်ရ် (ဘ) ဦးရှော်ရီတုလ္လာ (အသက် ၂၃ နှစ်) တို့ နှစ်ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်သားများသည် ကြိမ်ချောင်းဈေးတွင် စားကုန်ဆိုင်ကြီး ရောင်းချသူ ဦးအာနိစ်အုလ္လာ (ဘ) ဦးကော်ဘိရ်အာမတ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဘီဒိုများ ဖျက်ဆီးပြီး ငွေကျပ် ၂၇ သိန်း ၅ သောင်း၊ ရွှေနားထောင်း နှစ်ရံ (ငါးမူးသား) နှင့် ဆိုင်မှ နေအိမ်သို့ ပြောင်းရွှေ့ထားသည့် စားကုန်ပစ္စည်း ၁၅ သိန်းဖိုး တို့ကို လုယက်သွားသည့် အပြင် အိမ်သုံးပစ္စည်းများကို ဖျက်ဆီး၍ ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဦးရော်ရှိတ်အာမတ် (ဘ) ဦးရှိခါန်ဒေါရ်၏ နေအိမ်တွင်းမှ ငွေကျပ် ငါးသိန်း၊ ရွှေနားထောင်းနှစ်ရံ (ငါးမူးသား) တို့ကို လုယက်၍ အိမ်သုံးပစ္စည်းများ၊ ဆန်များကို ဖျက်ဆီး၍ ရေကန်ထဲသို့ ပစ်ချခဲ့သည်။ ဦးအာမိရ်ဟူစိန်း (ဘ) ဦးဖော်ကိရ်အာမတ်၏ အိမ်မှ နွားထီးတစ်ကောင်၊ ဦးနူရ်အာလောမ် (ဘ) ဦးရော်ရှိဒုလ္လာ၏ အိမ်မှ ဆိတ်တစ်ကောင်၊ ဦးမာမတ် (ဘ) ဦးဟာဘိရာမန်၏ အိမ်မှ ဆိတ်တစ်ကောင်၊ ဦးအီဆုပ် (ဘ) ဦးနူရ်ဘော်ရှောရ် (နိုဝင်ဘာလ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသူ) ၏ အိမ်မှ ဆိုင်ကယ်တစ်စီး၊ ဦးဆော်လိမ် (ဘ) ဦးရှော်မူလုခ်၏ အိမ်မှ ဆိုင်ကယ်တစ်စီး တို့ကိုလည်း စစ်သားများက လုယက်ခဲ့သည်။

ထို့အပြင် အခြားအိမ်များမှလည်း အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ ဆန်များနှင့် ကြက်၊ဘဲ၊ ခိုများ လုယက်ခြင်း ပြုလုပ်ခဲ့သည်။ ဆိုင်ကယ် (၇) စီးကိုလည်း ဖျက်ဆီးခဲ့သည်။

စစ်သားများသည် ယခုအချိန်ထိ ဆင်သေပြင်အရှေ့ရွာတွင် စခန်းချလျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

စေတီပြင် န.တ.လ ရွာ အိမ်အမှတ် (၁၂) မှ လွင်မိုး (ဘ) သန်းမြင့် သည် ဆင်သေပြင် အရှေ့ရွာသို့ ၀င်ရောက်၍ ရွာသားများ အမြန်ထွက်ရန်၊ မထွက်လျှင် စစ်သားများက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ နိုဝင်ဘာလ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့များတွင် စစ်သားများက ရွာသူရွာသား အများအပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ရွာသားများက အထိတ်တလန့်ဖြင့် ထွက်ပြေးခဲ့ကြသည်။

စေတီပြင် န.တ.လ ရွာမှ လွင်မိုး (ဘ) သန်းမြင့်၊ လူဖြူ (ခ) မောင်သန်းလှိုင် (ဘ) စိန်သာပွင့်၊ ဇေယျာအောင် (ဘ) အောင်မြင့်၊ စိုးဝင်း (ခြေကျိုး)၊ ကျော်နိုင် (ဒိုင်းနက်) တို့သည် လုယက်မှုများ၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများတွင် ပါဝင်ကြသူများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။


MYARF
RB News
2.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရေကုန်တန်း ကျေးရွာတွင် နယ်ခြားစောင့်ရဲနှင့် မ.က.ဖ တို့က လူဦးရေ စစ်ဆေးနေစဉ် စစ်သားများက အိမ်များထဲသို့ ၀င်ရောက်၍ လုယက် ဖျက်ဆီး၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က သရေကုန်တန်း ကျေးရွာတွင် လူဦးရေ စစ်ဆေး၍ ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်နေစဉ် လုံခြုံရေး တာဝန်ယူထားသော စစ်သားများက အိမ်များထဲသို့ ၀င်ရောက်၍ ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အိမ်သုံး ပစ္စည်းများ ဖျက်ဆီးခြင်း၊ တွေ့သမျှ အမျိုးသားများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

အမျိုးသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်းကြောင့် အမျိုးသားများ ထွက်ပြေးကြရာ၊ ၁၀ ဦးကျော်ကို လိုက်လံဖမ်းဆီး၍ ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဘာသာရေး ဆရာ တစ်ဦးဖြစ်သူ မော်လ၀ီ မာမတ်အာမီးန် ကိုလည်း ဖမ်းဆီး၍ လူဆန်စွာ ရိုက်နှက်ပြီးနောက် ငွေအစား ကြက်ဖ (၄) ကောင် ညှစ်ယူ၍ မွန်းလွှဲပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက တစ်နေကုန် စစ်ဆေးနေစဉ် စစ်သားများက တစ်နေကုန် လုယက် ဖျက်ဆီးခြင်း၊ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 





သို့ -

မစ္စတာကိုဖီအာနန်
ဥက္ကဌ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်


ရက်​​စွဲ။ ။ ၂၀၁၆ ခုနှစ်​၊ ဒီဇင်​ဘာလ ၂ ရက်

အ​ကြောင်းအရာ။ ။ ​ကော်​မရှင်​နှင့်​ ​တွေ့ဆုံစကား​ပြောမည့်​ ​ဒေသခံရိုဟင်​ဂျာများ၏ လုံခြုံ​ရေးကို ​ကော်​မရှင်​မှ တာဝန်​ အပြည့်​အ၀ ယူ​ပေးပါရန်​ ​တောင်းဆိုခြင်း။

လေးစားစွာဖြင့်

၁။ ​၂၀၁၆ ခုနှစ်​၊ ​အောက်​တိုဘာလ ၉ ရက်​​နေ့၌ ဖြစ်​ပွားခဲ့​သော ဖြစ်​စဉ်​ကို အ​ကြောင်းပြု၍ ​မောင်​​တောမြို့ တွင်​ အာဏာပိုင်​များက ကျွနု​ပ်​တို့​​ ဒေသခံ ရိုဟင်​ဂျာ ရာ​ပေါင်း များစွာကို ဥပ​ဒေမဲ့ သတ်​ဖြတ်​ခြင်း၊ ကျွနု​ပ်​တို့၏ အိုးအိမ် ​ထောင်​​ပေါင်း​များစွာကို မီးရှို့ပစ်​ခြင်း၊ က​လေးသူငယ်​များကို မီးထဲသို့ ပစ်​သွင်းခြင်း၊ အမျိုးသမီး ရာ​ကျော်​ကို ​ပေါ်​ပေါ်တင်​တင်​ အဓမ္မပြုကျင့်​ခြင်း၊ အပြစ်​မဲ့ အမျိုးသား ရာ​ပေါင်းများစွာကိုလည်း အကြမ်းဖက်​သမား ​ခေါင်းစဉ်​တပ်​၍ အ​ထောက်​အထားမဲ့စွာ ဖမ်းဆီးခဲ့ခြင်း စ​သည်​များကို ကျူးလွန်​လာ​နေ ခဲ့သည်​မှာ ယ​နေ့အချိန်​ထိ ဖြစ်​ပါသည်​။

အထူးသဖြင့်​ ​မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ​ကျေးရွာများဖြစ်​ကြ​သော ကြက်​ရိုးပြင်၊ ပွင့်​ဖြူ​ချောင်း၊ ဒါးကြီးဇား၊ ​ပြောင်းပြိုက်​၊ ဝါးပိတ်​ စ​သော ​ကျေးရွာများကို ရွာလုံးကျွတ်​နီးပါး မီးရှို့ပစ်​ခဲ့သည့်​အပြင်​ ကျီးကန်​ပြင်​ အလယ်​ရွာနှင့်​ ​မောင်​နှမ ​တောင်​ရွာ စသည့်​ ရွာအချို့မှ ​ဒေသခံများကိုလည်း ​နေအိမ်​မှ အတင်းအဓမ္မ နှင်​ထုတ်​လိုက်​​သော​ကြောင့်​ ယခုအခါ လူဦး​ရေ ​လေး​သောင်းနီးပါး အိုးမဲ့အိမ်​မဲ့ ဖြစ်​ခဲ့ရပြီး အချို့မှာ အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​ နိုင်​ငံသို့ ထွက်ပြေး ခိုလှုံ​နေရပြီ ဖြစ်​ပါသည်​။

ထို့အပြင်​ ကျွနု​ပ်​တို့၏ ကျွဲ၊ နွား စသည့်​ အိမ်​​မွေးတိရစ္ဆာန်​များကို အာဏာပိုင်​များနှင့်​ န.တ.လ ရွာသားများ၊ ရခိုင်​ ရွာသား များက လုယက်​ယူသွားခဲ့ပြီး ကျွနု​ပ်​တို့၏ စပါးစိုက်​ခင်းများကိုလည်း ရိတ်​သိမ်း၍ ယူသွား​နေပါသည်​။ ယ​နေ့ အထိ တစ်​ရွာမှ တစ်​ရွာသို့လည်း သွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါသည်။

၂။ ထိုအချိန်​မှ စ၍ ပြင်​ပအဖွဲ့အစည်းများ ဝင်​​ရောက်​ခွင့်​ကို လုံးဝ ကန့်​သတ်​ ပိတ်​ပင်​ထားခဲ့သည်​မှာလည်း ယ​နေ့အထိ ဖြစ်​ပါသည်​။ သို့​သော်​လည်း လွန်​ခဲ့သည့်​ နိုဝင်​ဘာလ (၂) ရက်​​နေ့တွင်​ မြန်​မာနိုင်​ငံ ဆိုင်​ရာ ကုလသမဂ္ဂ ဌာ​နေကိုယ်​စားလှယ်​ ဦး​ဆောင်​​သော နိုင်​ငံတကာ သံအမတ်​ အဖွဲ့ကို မြန်​မာအစိုးရက ​ခေါ်​ဆောင်​လာခဲ့ပြီး အမျိုးမျိုး လှည့်​ဖြားကာ ပြန်​လည်​​ခေါ်ဆောင် ​သွားခဲ့ပါသည်​။ ထိုကိုယ်​စားလှယ်​အဖွဲ့ကို ပျက်​စီးဆုံးရှုံးမှုများပြား​ခဲ့သော ​​ကျေးရွာ (effected area) များ၊ မုဒိမ်းကျင့်​ခံရသည့်​ အမျိုးသမီးများ ​နေထိုင်​ရာသို့ သွား​ရောက်​​လေ့လာခွင့်​မ​ပေးခဲ့​ပေ။ သို့​သော်​ ဝါးပိတ်နှင့်​ ကျီးကန်း​ပြင်​ ​​ကျေးရွာသားအချို့သည်​ တင်းကျပ်​​သော လုံခြုံ​ရေးကို မ​ကြောက်​မရွံ့ဘဲ သံအမတ်​အဖွဲ့ကို ကျီးကန်း​ပြင်​ လမ်းခုလတ်​တစ်​နေရာတွင်​ သွား​ရောက်​​တွေ့ဆုံခဲ့၍ မိမိတို့ ​တွေ့ကြုံခဲ့ရသည့်​ မတရားမှုများကို ရင်​ဖွင့်​​ပြောပြခဲ့ပါသည်​။ သို့​သော်​ ​သံအမတ်​အဖွဲ့ ပြန်​သွားခဲ့သည်​နှင့်​ တပြိုင်​နက်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ ဝါးပိတ်​နှင့်​ ကျီးကန်းပြင်​​ ကျေးရွာသားများကို ဖမ်းဆီးလိုက်​ပြီး ထိုအထဲတွင်​ သံအမတ်​အဖွဲ့နှင့်​ မျက်​နှာချင်းဆိုင်​၍ စကား​ပြောခဲ့သည့်​ အမျိုးသား​လေးဦးကို ရှာ​ဖွေခဲ့ပါသည်​။ သို့​သော်​ ကံ​ကောင်း​ထောက်​မစွာဖြင့်​ အဆိုပါ အမျိုးသား​လေးဦး ထွက်​​ပြေးတိမ်းရှောင်​နိုင်​ခဲ့ပြီး ယ​နေ့အချိန်​ထိ တိမ်း​ရှောင်​​နေရပါသည်​။

အလားတူ ရ​သေ့​တောင်​မြို့နယ်​၊ ကိုးတန်​​ကောက်​ ​ကျေးရွာသူ​ကျေးရွာသားများကလည်း အဆိုပါ သံအမတ်​အဖွဲ့ကို မိမိတို့ ​တွေ့ကြုံခံစား​နေရသည့်​ မတရားမှုများအ​ကြောင်းကို Banner များကိုင်​​ဆောင်​၍ ​ဖော်​ထုတ်​ပြသခဲ့ပါသည်​။ ထို့​ကြောင့်​ သံအမတ်​အဖွဲ့ပြန်​သွားပြီး နှစ်​ရက်​အကြာတွင်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ အဆို​ပါ ကျေးရွာကို စစ်​တပ်​၊ လုံထိန်းရဲတပ်​ဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ အင်​အား ၁၀၀၀ ခန့်​ဖြင့်​ ဝန်းရံပိတ်​ဆို့ခဲ့၍ ရွာထဲဝင်​ပြီး ​တွေ့သမျှလူများကို ကန်​​ကျောက် ​ရိုက်​နှက်​ခြင်း၊ သံအမတ်​အဖွဲ့ကို Banner ပြ၍ ဆန္ဒထုတ်​​ဖော်​ခဲ့သူများဟုဆိုကာ အပြစ်​မဲ့ ရွာသူရွာသားများကို အလုံအရင်း ဖမ်းဆီးခြင်းများ ပြုလုပ်​ခဲ့ပါသည်​။

၃။ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​​ "နိုင်​ငံတကာကို ငါတို့မ​ကြောက်​ဘူး၊ ငါတို့က လုပ်​ချင်​တာလုပ်​မယ်​၊ သူတို့​ပြောမှာက ​နောက်​မှာ၊ သတ္တိရှိရင်​ အခု လာကယ်​ခိုင်း" စ​သော စကားများ​ပြောဆိုလျက်​ ကျွနု​ပ်​တို့ ​ဒေသခံရိုဟင်​ဂျာများကို ​နေ့စဉ်​ရက်​ဆက်​ ဥပ​ဒေမဲ့ သတ်​ဖြတ်​၊ ဖမ်းဆီး၊ မုဒိမ်းကျင့်​​နေလျက်​ရှိပါသည်​။

လူမျိုးတုံးသုတ်​သင်​​ရေး အထိ အစိုးရ၏ ရာဇဝတ်​မှု ကျူးလွန်​​နေ​မှု​ကြောင့်​ အ​ရေး​ပေါ် အကူအညီ လိုအပ်​​နေလျက်​ရှိ​သော်​လည်း မည်​သည့်​ အဖွဲ့အစည်းကိုမှ မြန်​မာအစိုးရ ဝင်​ခွင့်​မ​ပေးသည့်​အချိန်​တွင်​ လူကြီးမင်းတို့ ​ကော်​မရှင်​လာ​ရောက်​၍ ကျွနု​ပ်​တို့ ​အားကိုးစရာမဲ့ ပြည်​သူများနှင့်​ ​တွေ့ဆုံမည်​ဟု သိရသည့်​အ​ပေါ် အင်​မတန်​ ဝမ်းသာပါသည်​။

သို့​သော်​ လူကြီးမင်းတို့အဖွဲ့နှင့်​ ​တွေ့ဆုံရာတွင်​ ​ဒေသအာဏာပိုင်​များ ရှိ​နေလျှင်​ ကျွနု​ပ်​တို့၏ လွပ်​လပ်​စွာ ရင်​ဖွင့်​ခွင့်​ကို ဟန့်​တားရာ ​ရောက်​​စေမည်​ဖြစ်​ပြီး လူကြီးမင်းတို့ပြန်​သွားသည်​နှင့်​ ကျွနု​ပ်​တို့ ​တွေ့ဆုံစကား​ပြောမည့်​ လူများကို အ​ကြောင်းအမျိုးမျိုးဖြင့်​ ဖမ်းဆီးကာ အစိုးရလုပ်​​နေကျအတိုင်း အကြမ်းဖက်​သမားအဖြစ်​ သတင်းထုတ်​ပြန်​​ပေးမည်​ကို အင်​မတန်​ ​စိုးရိမ်​မိပါသည်​။ ထို့အပြင်​ ​ဒေသဆိုင်ရာ အာဏာပိုင်​များသည်​ လူအချို့ကို ခြိမ်း​ခြောက်​၍ လူကြီးမင်းတို့နှင့်​ ​တွေ့ဆုံ စကား​ပြောရန်​၊ အစိုးရက မည်​သို့မျှ ဥပ​ဒေမဲ့ လုပ်​​ဆောင်​ခဲ့ခြင်းမရှိဟု လုပ်​ကြံထွက်​ဆို​ပေးရန်​ ​လေ့ကျင့်​ ဖန်​တီးထား​ကြောင်း သိရှိရပါသည်​။

သို့ဖြစ်​ပါ၍ လူကြီးမင်းတို့ အ​နေဖြင့်​ ​effected area များသို့ ကွင်းဆင်း၍ ​ဒေသခံလူထုနှင့်​သာ ​တွေ့ဆုံ​ပေးရန်​နှင့်​ ​ထိုသို့တွေ့ဆုံ စကား​ပြောမည့်​ ​ဒေသခံရိုဟင်​ဂျာများ၏ လုံခြုံ​ရေးနှင့်​ ပတ်​သက်​၍လည်း လူကြီးမင်းတို့ဖက်က တာဝန်​အပြည့်​ယူ​ပေးပါရန်​ အ​လေးအနက်​ ​တောင်းဆိုပါသည်​။


မောင်​​တော​မြောက်​ပိုင်းမှ ​ဒေသခံရိုဟင်​ဂျာများ

Ahkter Husin
RB News
1.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့  ကျောက်ချောင်း ကျောက်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး သည် ရွာသားများကို အဆက်မပြတ် အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

“အုပ်ချုပ်ရေးမှူး မောင်မောင်စိုးက စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို ပေးရမယ်ဆိုပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရွာသားတွေဆီက ငွေ ၁၈ သိန်း ကောက်ခဲ့တယ်။ အမှန်တော့ စစ်ကြောင်းမှူးနဲ့ ဗိုလ်မှူးကို တစ်သိန်းခွဲစီပဲ ပေးတာလို့ ဗိုလ်မှူးနဲ့ အဆက်အသွယ်ရှိတဲ့ ရွာသား တစ်ယောက်ဆီက ပြန်ကြားရတယ်။ ကျန်တာတွေ သူစားနေတာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“မောင်တော ပြဿနာမဖြစ်ခင်က ရွာသား အချို့ဆီမှာ ငွေရှိခဲ့တယ်။ အခု သူတို့လည်း ဆင်းရဲသားတွေနဲ့ မထူးမခြားနား ဖြစ်နေပြီ။ လူတွေရဲ့ လက်ထဲမှာ ငွေသားဆိုတာ မရှိတော့ဘူး။ ရွာသားတွေက သူခြိမ်းခြောက်တာကို ကြောက်လို့ ရသလို ကြံဖန်ပေးနေရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

နိုဝင်ဘာလ (၂၂) ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို RB News တွင် ဖော်ပြပြီးနောက် ၎င်းက “ငွေညှစ်ထားသူများကို RB News မှာ ရေးလည်း ဘာမှ မထူးဘူး။ မင်းတို့ကို ငါပြမယ်” ဟု ဆိုကာ ဆက်လက် ခြိမ်းခြောက်ကြောင်း၊ ရွာသားများကို အငြိုးထားကာ ပိုမို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံ အချို့ကပြောပါသည်။ 

မြို့နယ် အာဏာပိုင်များ အနေဖြင့် နေ့စဉ်နှင့် အမျှ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု အဆိုပါ ဒေသခံအချို့က ပြောပါသည်။



MYARF
RB News
1.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် နေထိုင်သော နိုင်ငံ့ဝန်ထမ်း နှစ်ဦးကို နယ်ခြားစောင့်ရဲများက မြို့ပေါ်သို့ ပေးမသွားသောကြောင့် လစာထုတ်ခွင့် မရခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးရန့်ချောင်း ကျေးရွာရှိ ကျောင်းမှ လက်ရှိ အထွေထွေလုပ်သား ဆရာ ဦးဆော်လာမတ်အုလ္လာ (အသက် ၄၅ နှစ်) သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် မောင်တောမြို့ပေါ်ရှိ ပညာရေးမှူးရုံးမှ လစာထုတ်ရန် သွားနေစဉ် ကျီးကန်းပြင် ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက မြို့ပေါ်သို့ သွားခွင့် မပေးဘဲ ရွာပြန်ခိုင်းခဲ့သည်။

အလားတူ ခမောင်းဆိပ်မြို့၊ မကျည်းချောင်းရွာမှ အုပ်ချုပ်ရေးမှူး ရုံးစာရေး ဦးအဒူဆော်လာမ် (အသက် ၄၆ နှစ်) ကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ လစာထုတ်ရန် သွားနေစဉ် နယ်ခြားစောင့်ရဲများက သွားခွင့်မပေးသဖြင့် အိမ်ပြန်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

၎င်းတို့ နှစ်ဦးစလုံးသည် ရိုဟင်ဂျာလူမျိုးများ ဖြစ်ကြပြီး၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသော်လည်း နယ်ခြားစောင့်ရဲများက လူမျိုး၊ ဘာသာ ခွဲခြား၍ တမင်တကာ သွားခွင့် မပေးခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

နှစ်ဦးစလုံးသည် နိုင်ငံတော်၏ လစာဖြင့်သာ စားသောက်နေရသဖြင့် လစာ မရသောကြောင့် မိသားစုများ စားဝတ်နေရေးပင် အခက်အခဲ ကြုံရန် ရှိနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
1.12.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ သားအဖ နှစ်ဦးကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများက ဖမ်းဆီး၍ ငွေကျပ် သိန်း ၃၀ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာအုပ်စု၊ စဟုန်းကျေးရွာမှ ဦးအဗ်ဒူလ်ဟာကိမ်း (ဘ) ဦးဟာမီဒူလ္လာ (အသက် ၅၃ နှစ်) နှင့် သားဖြစ်သူ ဂျာဘဲရ် (အသက် ၂၃ နှစ်) တို့ကို ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများ ဖမ်းဆီး၍ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ် ရှိသည်၊ နိုင်ငံခြားသို့ သတင်းပို့သည်၊ အင်တာနက်ပေါ်တွင် သတင်းတင်သည်ဟု အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေမပေးပါက တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ငွေကျပ် သိန်း ၃၀ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ စစ်သားများသည် သာမာန်ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးလျက် ရှိပြီး၊ စစ်သားများသည် ရွာများထဲသို့ ၀င်ရောက်၍ ခြိမ်းခြောက် ပြောဆိုခြင်း၊ မတော်မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ အမြဲတစေ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

“တပ်ရင်းဂိတ်တွေကို ကျော်သွားဖို့ မပေးတဲ့ အတွက် တစ်ရွာကနေ တစ်ရွာကို သွားလာခွင့် ပိတ်ထားတယ်လို့ ပြောရပါမယ်။ ကျောက်ဖြူတောင်၊ တပ်မင်းချောင်း၊ ငကျည်တောက် စတဲ့ ရွာတွေက ရွာသူရွာသားတွေနဲ့ ဘူးသီးတောင် မြောက်ပိုင်းက လူတွေ အောက်တိုဘာလ ၉  ရက်နေ့က စပြီး အခုထိ မြို့ပေါ်ကို ဘာအကြောင်းနဲ့မှ သွားလာခွင့် မရတော့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 


MYARF
RB News
1.12.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့ရှိ ကျေးရွာအုပ်စုနှစ်စုမှ နေအိမ်အချို့ကို အာဏာပိုင်များက ဖြိုဖျက်ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ ကြောင်နှဖေ ကျေးရွာအုပ်စုနှင့် အောင်သပြေ ကျေးရွာအုပ်စု တို့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် အမိန့်ပေးပြီး အာဏာစက်ဖြင့် ရိုဟင်ဂျာများ၏ နေအိမ်အချို့ကို ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နိုဝင်ဘာလ (၂၇) ရက်နေ့က အောက်ဖော်ပြပါ အမည်စာရင်းတွင် ပါဝင်သူများထဲမှ ဒေသခံ (၄) ဦး၏ နေအိမ်များကို လုံးဝ ဖြိုဖျက်ခိုင်းခဲ့ပြီး ကျန်သည့် အိမ်များကို (၃) ရက်အတွင်း လုံးဝ ဖြိုဖျက်ကြရန် အိမ်ရှင်များကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ယူထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ နေအိမ်များသည် အိမ်ထောင်စု တစ်ခုတွင် နေအိမ်နှစ်လုံး ဖြစ်နေသည်ဟု အကြောင်းပြ၍ မတရားပြုလုပ်ခြင်း ဖြစ်သည်။ အဆိုပါ အိမ်များကို န.စ.က ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် ပြုလုပ်ခဲ့သော ဆွဲတင်စစ် ကာလတွင် ရေးဆွဲခဲ့သော လူနေအိမ်ပြ မြေပုံတွင် ထင်ထင်ရှားရှား တည်ရှိသော အိမ်များ ဖြစ်သည်။ ရိုဟင်ဂျာ မွတ်စလင်များ၏ နေအိမ်များ ဖြိုဖျက် ဖျက်ဆီးလိုက်လျှင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး တဖက်နိုင်ငံသို့ ထွက်ပြေးသွားအောင် တမင် ပြုလုပ်နေခြင်း ဖြစ်သည်။

နေအိမ်ဖြိုဖျက် ခံရသူများမှာ --

(၁) ဦးဆယာဒ်ဟူစိန်း (ဘ) ဦးမာမတ်နော်ဆိမ်
(၂) ဦးအာဘူလ်ဟူစိန်း (ဘ) ဦးမာမတ်နော်ဆိမ်
(၃) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးမာမတ်
(၄) ဦးရော်ဖိတ် (ဘ) ဦးမာမတ်
(၅) ဦးအလီဇူဟာရ် (ဘ) ဦးအာရှောဇာမာ
(၆) ဦးအဒူဆော်ဘီ (ဘ) ဦးဆယာဒ်ဟူစိန်း
(၇) ဦးကာမာလ် (ဘ) ဦးမုဟ်တာရ်အာမတ်
(၈) ဦးလာလားယား (ဘ) ဦးဆီးဒိခ်အာမတ်
(၉) ဦးအာယုပ် (ဘ) ဦးမုဟ်တာရ်အာမတ်
(၁၀) ဦးအာဘူတာဟဲရ် (ဘ) ဦးရှောမ်ရှု
(၁၁) ဦးအာဘူတော်ယုပ် (ဘ) ဦးရှောမ်ရှု
(၁၂) ဦးနိုရိုဇာမာ (ဘ) ဦးအီဆက်
(၁၃) ဦးမာမတ်တော်ယုပ် (ဘ) ဦးဘော်ရှိရ်
(၁၄) ဦးနူရ်အာလောမ် (ဘ) ဦးအဒူမော်တော်လောပ်
(၁၅) ဦးမုရ်ရှိတ်အာလောမ် (ဘ) ဦးဇာဖောရ်
(၁၆) ဦးနူရ်အာလောမ် (ဘ) ဦးနော်ဇူမျာ
(၁၇) ဒေါ်ဆာဂျေဒါ (ဘ) ဦးအဒူဆော်ဘီ
(၁၈) ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဆော်ဒူလ်အာမီးန်
(၁၉) ဦးဂျင့်ဂိရ်အာလောမ် (ဘ) ဦးအဒူမူနာဖ် -- တို့ဖြစ်ကြသည်။


Rohingya Exodus