MYARF
RB News
21.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာနှင့် ရေတွင်းကျွန်း ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး၊ တစ်ဦးထံမှ နယ်ခြားစောင့်ရဲများက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ကျားခေါင်းတောင် ကျေးရွာအုပ်စု၊ ဘဂုံးနားရွာမှ ဦးမာမတ်အာလာမ် (ဘ) ဦးအူလာမျာ (အသက် ၄၀ နှစ်) သည် ရေတွင်းကျွန်း ကျေးရွာ ဈေးတွင် ကွမ်းရွက်များ ရောင်းချပြီး နေအိမ်သို့ ပြန်လာနေစဉ် စစ်သားများက ဖမ်းဆီး၍ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အဆိုပါ စစ်သားများက ပုဇွန်ကန်တွင် ငါးဖမ်းနေသည့် ရေတွင်းကျွန်းရွာမှ ဆယ်ကျော်သက် ကလေးနှစ်ဦး ကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဖမ်းဆီးသွားသူများကို ကံပြင် ရခိုင်ရွာဘက်သို့ ခေါ်ဆောင် သွားပြီး၊ ယခုအချိန်ထိ မိသားစုများက အဆက်အသွယ် မရရှိသေးကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ (၅) နာရီ အချိန်တွင်ပင် ကျားခေါင်းတောင် ကျေးရွာမှ ဦးမာမတ်တော်ယုဖ် (ဘ) ဦးနုရ်အာမတ် ကို နယ်ခြားစောင့်ရဲများက လမ်းမပေါ်မှ ဖမ်းဆီး၍ အိတ်ထဲတွင် ပါရှိသော ငွေကျပ် ၁၂၀၀၀ ကို လုယက်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
RB News
21.12.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ်သည် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင်မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုရဲအုပ်သည် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့နှင့် ပူးပေါင်း၍ လက်ဝဲဒက်ပြင်ရှည် ရွာသစ်ရွာမှ ဦးအာဘူတာဟဲရ် (ဘ) ဦးအဒူကော်ရိမ် ထံမှ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ငွေကျပ် သုံးသိန်း၊ ဦးမာမတ်ဆိဒိတ် (ဘ) ဦးအိဒိရိစ် ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း၊ ဦးဟာရှိမ်း (ဘ) ဦးအာဘူဆီဒိတ် ထံမှ ငွေကျပ် သုံးသိန်း၊ ကွန်တိုင်ရွာမှ ဥက္ကဌဟောင်း ဦးအာဘူဖွေယာစ် ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ငွေညှစ်ခံရသူများကို လူကုန်ကူးနေသည်ဟု မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
ထို့အပြင် လက်ဝဲဒက်ပြင်ရှည်ရွာမှ ဦးမာမတ်ရော်ရှိတ် ကို အကြမ်းဖက်သမားများအား ထမင်းကျွေးသည်ဟု စွပ်စွဲ၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။
အမှတ် (၁) ရပ်ကွက်မှ ဟာဖီးဇ်နူရ်ဆလာမ် (ဘ) ဦးအဒူဆလာမ် ထံမှလည်း အောက်တိုဘာလ (၁၅) ရက်နေ့တွင် ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့သည်။
အဆိုပါ ဒုရဲအုပ်သည် ဒေသခံများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၃၀၀ ကျော် ညှစ်ယူခဲ့ပြီး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို န.စ.က လက်ထက်က မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်နေခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက ၎င်း၏ အပိုင် ကျေးရွာများရှိ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်အချို့ကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာမြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်လျက် ရှိသည်။ နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ဘာသာရေးကျောင်းများ ဖြိုဖျက်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပိုင်ရှင်များကို အမိန့်ပေးခဲ့သည်။
အိမ်ပိုင်ရှင်များက ဆောင်းရာသီတွင် အိမ်များ ဖြိုဖျက် ဖျက်ဆီး၍ ကလေးသူငယ်များ နေထိုင်ရေး အတွက် ခက်ခဲမည်ဟု ဆိုကာ ဖြိုဖျက်လိုခြင်း မရှိကြပေ။ သို့သော်လည်း ရဲမှူးနှင့် အဖွဲ့က အိမ်ပိုင်ရှင်များကို ရိုက်နှက်ကာ ၎င်းတို့ ရှေ့မှောက်တွင်ပင် ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ပညောင်ပင်ကြီး ကျေးရွာမှ ဆိုင်ခန်းနှင့် လူနေအိမ် (၂၇) လုံး၊ ဒုချီးရားတန်းမှ လူနေအိမ် (၁၃) လုံး၊ ဘဂုံးနားမှ လူနေအိမ် (၁၀) လုံးနှင့် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း၊ ပန်းတောပြင်မှ လူနေအိမ် (၁၀) လုံး စသည်တို့ကို ဖြိုဖျက်ပေးရန် အမိန့်ပေးခဲ့ပြီး၊ ၎င်းထဲမှ နေအိမ်အချို့ကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက်ခဲ့သည်။
ပညောင်ပင်ကြီး ကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်က ဆောက်လုပ်ခဲ့သည့် နေအိမ်များပင် ဖျက်ဆီးခံခဲ့ရသည်။ အလယ်သံကျော်မှ နေအိမ်အချို့နှင့် ကံပူးကျေးရွာမှ နေအိမ် (၂၁) လုံးနှင့် ဆိုင်ခန်း (၂) ခန်း ဖြိုဖျက်ခံခဲ့ရသည်။
မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ ပေါင်းဇားကျေးရွာတွင်လည်း ဒီဇင်ဘာလ (၂၀) ရက်နေ့က နေအိမ်တစ်လုံးကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက်ခဲ့ပြီး၊ နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ရန် အမိန့်ပေးခဲ့သည်။
နယ်မြေ (၁) အပိုင် ကျေးရွာများမှ လူနေအိမ် ၁၅၀ ကျော်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ဖောင်တီရွာတွင် နေအိမ် နှစ်လုံးကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ဖြိုဖျက် ဖျက်ဆီးခဲ့ပြီး နောက်ထပ် နေအိမ် (၈) လုံးကို ဖြိုဖျက်ပစ်ရန် အမိန့်ခဲ့ပေးကြောင်း ဒေသခံများက ပြောပါသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေအပိုင် ကျေးရွာများ ဖြစ်ကြသည့် ဘုရားပြင်အောင်ပ၊ ဂူတာပြင်၊ ဒုအိုးသည်မ၊ သိမ်တောင်ပြင်၊ ဖရုံချောင်း၊ အထက်ကျွဲကြိုမော် စသည့် ကျေးရွာများမှလည်း နေအိမ်များ ဖြိုဖျက်ရန် အမိန့်ပေးခဲ့ပြီး၊ နေအိမ်အချို့ကို ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ ညောင်ချောင်း နယ်မြေတွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သည့် နေအိမ်အချို့ကိုပင် ကျေးရွာ မြေပုံတွင်မပါဟု ဆိုကာ ဖြိုဖျက်ခိုင်းလိုက်ရှိသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နေအိမ်အချို့ကို ဖြိုဖျက်ရန် အမိန့်ပေးလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရဲမှူး ပြောသည်ထက် သုံးဆပို စာရင်းပြကာ ကျန်သည့် နေအိမ်များကို ဖြိုဖျက်မခံရအောင်ဟု ဆိုကာ ငွေညှစ်ခြင်းများ ပြုလုပ်နေသည်များလည်း ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။
နယ်ခြားစောင့်ရဲများက နေအိမ်များကို မဖြိုလျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ နေအိမ်နှင့် ဆိုင်ခန်းများ ဖြိုဖျက်နေရသည်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်ဖြင့်သာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
RB News
20.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ စားသောက်ရန် မရှိ၍ ငါးဖမ်းသွားသူ တစ်ဦးကို နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ နံနက် ၇ နာရီကျော် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဒိရ်ဟူစိန်း (အသက် ၃၅ နှစ်) သည် မိသားစုများ စားသောက်ရန် မရှိသဖြင့် ငါးဖမ်းရန် ထွက်ခဲ့ရာ လာရ်ဖာရာ (စံပယ်ပင်ရင်း ရခိုင်ရွာ) အခြေစိုက် နယ်ခြားစောင့်ရဲများက ၎င်းအား လမ်းလျှောက်၍ မရတော့လောက်အောင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“သူ့မှာ မိသားစုလည်း များတယ်။ စားသောက်ဖို့ ၀ယ်လို့လည်း မရတော့ ငါးဖမ်းမယ် ဆိုပြီး ရွာကနေ ထွက်သွားတာ၊ အဲဒီမှာ လာရ်ဖာရာက နယ်ခြားစောင့်ရဲတွေက သူ့ကို ရိုက်တယ်။ ရိုက်တာမှ မထနိုင်တော့အောင် ရိုက်ထားတာ၊ သူလဲနေတာကို ရွာသားတွေ တွေ့လို့ ပြန်ခေါ်လာတာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ မောင်တောမြောက်ပိုင်းမှ ဒေသခံများကို မြို့ပေါ်သို့ သွားလာခွင့် ပိတ်ပင်ထားသဖြင့် မြောက်ပိုင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ စားသောက်ရေး အတွက် အလွန်ပင် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။
![]() |
| ရိုက်နှက်ခံရသူ ဦးဟာမိတ်ဟူစိန်း |
Rohingya Eye
RB News
20.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတားစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၂၀) ဦးသည် ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သည်ဟု အကြောင်းပြကာ ဒုချီးရားတန်း ကျေးရွာ အနောက်ဘက်ရှိ အိမ်ခြေ (၁၃) လုံးနှင့် ဆိုင်ခန်း တစ်ခန်း ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြိုဖျက်ခံရသည့် အိမ်အများစုမှာ ၀ါးထရံ၊ ဓနိများဖြင့် ဆောက်လုပ်ထားသည့် တဲအိမ်များ ဖြစ်ပြီး၊ အိမ်ပိုင်ရှင်များမှာ ကျဘန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ကြသည့် ဆင်းရဲ ချို့တဲ့သူများ ဖြစ်ကြသည်။
ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --
(၁) ဦးဖွေယာဇူလ္လာ (ဘ) ဦးအုမောရ်မျာ (အသက် ၅၀ နှစ်)
(၂) ဦးဆီရာဇူလ္လာ (ဘ) ဦးမာမတ်ဆလာမ် (အသက် ၂၅ နှစ်)
(၃) ဦးရော်ရှိတ်အာမတ်၏ ဇနီး ဒေါ်ရော်ရှီဒါ (အသက် ၅၀ နှစ်)
(၄) ဦးမော်ဒူ (ဘ) ဦးအော်လီမျာ (အသက် ၅၇ နှစ်)
(၅) ဦးအာဆီးမ်ခါန် (ဘ) ဦးအဘူလ်ဖိုစ် (အသက် ၂၇ နှစ်)
(၆) ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘာဒူး (အသက် ၂၆ နှစ်)
(၇) ဦးဟာရွန် (ဘ) ဦးဆော်ဒူး (အသက် ၂၇ နှစ်)
(၈) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဆီးရူး (အသက် ၂၈ နှစ်)
(၉) ဦးမာမတ်အီနုစ် (ဘ) ဦးအဒူဂေါ်ဖောရ် (အသက် ၂၉ နှစ်)
(၁၀) ဦးနူရူဆလာမ် (ဘ) ဦးအဒူဂေါ်ဖောရ် (အသက် ၃၈ နှစ်)
(၁၁) အနိုဝါရ် (ဘ) ဦးဆော်ယောဒ်အာမတ် (အသက် ၂၀ နှစ်)
(၁၂) ဦးအာနူ (ဘ) ဦးမော်တူလ်ဟူဆောင်း (အသက် ၃၈ နှစ်)
(၁၃) ဒေါ်ရော်မာခါတူ (ဘ) ဦးလာလ်မျာ (အသက် ၄၅ နှစ်) -- တို့ဖြစ်ပြီး
ဆိုင်ခန်းတစ်ခန်း၏ ပိုင်ရှင်မှာ ဦးဇော်ကော်ရီ (ဘ) ဦးအောဇော်ရ် (အသက် ၄၇ နှစ်) -- ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဥပဒေများတွင် တိုက်အိမ်များ ဆောက်လုပ်လျှင် ခွင့်ပြုချက် ရယူရမည်ဟု ပြဌာန်းထားသော်လည်း ယခုတဲအိမ်များကို ခွင့်ပြုချက်မရှိဟု ဆိုကာ ဖြိုဖျက်လိုက်ခြင်းသည် စာနာမှုတရား ကင်းမဲ့နေသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တဲအိမ်တစ်လုံး ဆောက်လုပ်ရန် ကုန်ကျစရိတ်ထက် အာဏာပိုင်များထံမှ ခွင့်ပြုချက်ယူရန် စရိတ်က ပိုများသောကြောင့် ဆင်းရဲသားများ မတတ်နိုင်ခြင်း ဖြစ်သည်ဟု ရွာလူကြီး တစ်ဦးက RB News သို့ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့်နေသူ တစ်ဦးက “မြောက်ပိုင်းမှာ စစ်တပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတယ်၊ တောင်ပိုင်းမှာ နယ်ခြားစောင့်ရဲတွေက အိမ်တွေဖြိုနေတယ်။ ဒါက စီမံချက်နဲ့ သေချာ လုပ်နေတာလို့ မြင်ပါတယ်။ ရိုဟင်ဂျာတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်ပြီးတော့ တိုင်းပြည်ကနေ မောင်းထုတ်နိုင်အောင် လုပ်နေတာပါ။ တနည်းအားဖြင့် လူသားမျိုးနွယ်စု အပေါ် ရာဇ၀တ်မှု ကျူးလွန်နေတာပါပဲ။” ဟု သုံးသပ်ပြောဆိုသည်။

(ဓါတ်ပုံ - Mohammed Shahriar Alam Facebook)
20.12.2016
Kutupalong, Ukiya -- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့၂၄ နာရီကြာ အလုပ်သဘော ခရီးရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Ms Retno Marsudi သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူကီးယားမြို့တွင် ရှိသည့် ကုသုပါလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၀န်ကြီး၊ အတွင်းဝန်၊ ကော့ဇ်ဘဇား ခရိုင်မှ လွှတ်တော်အမတ်၊ အခြားအရာရှိကြီးများလည်း လိုက်ပါသွားခဲ့သည်။
ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ မောင်တောက ဒုက္ခသည် အသစ် ၂၀ လောက်နဲ့ တွေ့ပါတယ်။ အဲဒီမှာ စစ်သားများရဲ့ မုဒိမ်းကျင့်ခြင်းကို ခံရတဲ့ အမျိုးသမီး ၁၀ ယောက်ပါတယ်။ ပြီးတော့ သေနတ်ဒဏ်ရာရသူတွေ၊ အခြား ညှဉ်းပန်းနှိပ်စက်ခံရသူတွေ ၁၀ ယောက်ပါတယ်။” ဟု ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရောက်ရှိလာခဲ့ပြီး ဒုက္ခသည် စခန်းတွင် ၂၅ နှစ်ကြာ နေထိုင်လာသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။
“သူတို့ကို စစ်သားတွေက ဘယ်လို ပုံစံမျိုးနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေကို သေချာ ရှင်းပြတယ်။ ပြီးတော့ သေနတ်ဒဏ်ရာနဲ့ လူတွေကလည်း လူတွေကို ဘယ်လို သတ်ဖြတ်တာ၊ ဘယ်လို ညှဉ်းပန်း နှိပ်စက်တာ၊ အိမ်တွေကို စစ်သားတွေက ဘယ်လို မီးရှို့တာတွေ အားလုံးကို သေချာ ပြောပြကြတယ်။” ဟု ၎င်းက ဆက်လက်ပြောပါသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Ms Retno Marsudi သည် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက်ပြီးနောက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီးက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် ရိုဟင်ဂျာများကို သတ်ဖြတ်နေခြင်း၊ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးနေခြင်း၊ အမျိုးသမီးများကို စစ်သားများက မုဒိမ်းကျင့်ခြင်း များနှင့် ပတ်သက်၍ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပေါ်နေသည် အထိ သုံးနှုန်း၍ ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် မြန်မာအစိုးရက လူသားချင်းစာနာ ထောက်ထားသည့် အထောက်အပံ့များ ပေးခွင့် ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုကဲ့သို့ ကတိပြုနေသည်မှာ ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ်နှင့် သံတမန်များ အဖွဲ့ နိုဝင်ဘာလ လဆန်းပိုင်းတွင် သွားခဲ့စဉ် အခါကပင် ဖြစ်ပြီး၊ ယခုလည်း ထပ်မံ ကတိပြုသည့် အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ယုံကြည်မှု မရှိဘဲ ဝေဖန် ပြောဆိုနေခြင်းများလည်း ရှိနေသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အကောင်းဆုံး ဖြေရှင်းပေးနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
MYARF
RB News
19.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာရှိ တံတားစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ဒုချီးရားတန်းမှ ဒေသခံ ရိုဟင်ဂျာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (စခန်း အမှတ် ၁၅) မှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၄) စီးဖြင့် ဒုချီးရားတန်း ကျေးရွာအုပ်စု အနောက်ရွာသို့ ရောက်ရှိလာပြီး ကျေးရွာတာဝန်ခံ ဦးရှားအာလောမ်၏ ယောက္ခထီး ဖြစ်သူ ဦးဟာမိတ် (ဘ) ဦးနုရ်အာမတ် (အသက် ၅၅ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ WY မူးယစ်ဆေးဝါး ရောင်းချ နေသည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မည်သည့် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးဟာမိတ်ကို နေအိမ်၏ ရှေ့ ကြမ်းပြင်သို့ ခေါ်ထုတ်၍ ရဲမှူး ကိုယ်တိုင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးဟာမိတ်သည် ကျည်ဆံထိမှန်၍ ထိုနေရာတွင်ပင် ချက်ချင်း သေဆုံး သွားခဲ့သည်။
ထို့နောက် ရဲမှူးက မန်ကျည်းချောင်း စခန်းသို့ ဖုန်းဆက်၍ နယ်ခြားစောင့်ရဲများကို ခေါ်သဖြင့် နောက်ထပ် ဆိုင်ကယ် ၈ စီးဖြင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး နာရီဝက်ခန့် အကြာတွင် ပြန်လည် ထွက်ခွာသွားခဲံသည်။ အသတ်ခံရသူ၏ အလောင်းကို ထိုနေရာတွင်ပင် ထားခဲ့ကြောင်း သိရှိရသည်။
ရဲမှူးက အသတ်ခံရသူ ဦးဟာမိတ်သည် အကြမ်းဖက်သမား ဖြစ်ကြောင်း၊ ယင်းရွာတွင် အကြမ်းဖက်သမားများ နောက်ထပ် ရှိနေသည်ဟု ဆိုကာ စစ်တပ်ကို အကြောင်းကြားသဖြင့် နေ့လည် ၂ နာရီခန့်တွင် စစ်သားများ ရောက်ရှိလာခဲ့သည်။
စစ်သားများ ရောက်ရှိလာချိန်တွင် ရွာမှ အမျိုးသားများ တိမ်းရှောင် သွားခဲ့ပြီး၊ စစ်သားများက နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

| အသတ်ခံရသူ ဦးဟာမိတ် |
Rohingya Eye
RB News
18.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင်သည် ဒေသခံ ရိုဟင်ဂျာများ၏ ကားများကို ယူဆောင်သွားပြီး အသုံးပြုပြီးနောက် ပြန်လည် အပ်နှံခြင်း မရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင်သည် အောက်တိုဘာလ (၉) ရက်နေ့တွင် ပြဿနာများ ဖြစ်ပွားပြီးနောက် မြို့မကညင်တန်း၊ ဆီသီးလ္လာရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအဒူဆလာမ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးအဒူဆလာမ်၏ Pajero ကားကို ခဏတာ ချောဆွဲသည့် သဘောမျိုးဖြင့် ယူဆောင်လာခဲ့ပြီး ယနေ့ထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အလားတူ မြို့မကညင်တန်း ကျေးရွာတွင် နေထိုင်သူ လိပ်ရကျေးရွာ ဇာတိ ဦးကာဆိမ်း (အသက် ၄၈ နှစ်) ၏ ဇိမ်ခံမှန်လုံကား ကိုလည်း ဒုရဲမှူးကျော်အေးလှိုင်က ယူဆောင်သွားပြီး ၎င်း၏ ကိုယ်ပိုင်ကား သဖွယ် စီးနင်းလျက် ရှိသည်။ အခြားသော ဇိမ်ခံမှန်လုံကားများကိုလည်း ဒုရဲမှူး ကျော်အေးလှိုင်က တောင်းခံလျက် ရှိသည်ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အသွားအလာ ပိတ်ဆို့ထားတော့ ကျွန်တော်တို့ ကားတွေ လိုင်းဆွဲလို့ မရဘူး။ ကားထွက်လို့ ရတဲ့အခါကလည်း သူတို့တောင်းရင် အလကား ပေးရတယ်။ ကားပျက်ရင်လည်း သူတို့ ပြင်မပေးဘူး။ သူတို့ တောင်းတဲ့ အချိန်မှာ ကားတွေ ပေးနေရတယ်။ မပေးရင်လည်း ပြဿနာဖြစ်နေတာမှာ ပါဝင် ပတ်သက်နေတယ် ဆိုပြီး အမှုဆင် ဖမ်းမှာ သေချာတယ်” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက စိတ်ပျက်စွာဖြင့် ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြဿနာများ စတင်ပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာများ၏ ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ချောဆွဲသွားပြီး ယခုအချိန်ထိ ပြန်လည် အပ်နှံခြင်းမရှိသည့် ကားများစွာ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
18.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မန်ကျည်းချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် ပညောင်ပင်ကြီးမှ ကင်းစခန်းမှူး ရဲအုပ်တို့က ဒေသခံများကို ရိုက်နှက်ခြင်း၊ အတင်းအဓမ္မ ပစ္စည်းများ တောင်းခံခြင်း၊ လုပ်အားပေးခိုင်းခြင်း၊ နေအိမ်များကို ဖျက်ပစ်ရန် အမိန့်ပေးခြင်းများ အပြင် အမျိုးသမီးများကို ညစ်ညမ်း ကြမ်းတမ်းစွာ ပြောဆို၍ ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ပထမအပတ်တွင် အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည်။ မောင်တောမြို့နယ် တောင်ပိုင်း၊ မန်ကျည်းချောင်း (စခန်း အမှတ် ၁၅) သို့ အသစ်ပြောင်းရွှေ့ ရောက်ရှိလာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးသည် ယခင်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် တာဝန်ကျခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။ ၎င်း ရောက်ရှိလာသည့် ဒီဇင်ဘာလ (၄) ရက်နေ့မှ စ၍ စခန်း အမှတ် (၁၅) အပိုင်ရှိ ကျေးရွာများသို့ သွားရောက်၍ ခြံစည်းရိုးများ ဖျက်သိမ်းခြင်း ရှိ/မရှိ စစ်ဆေးလျက် ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် အချို့သော ဆင်းရဲသားများက ပလတ်စတစ်ဖြင့် ကာထားသည့် ရေချိုးခန်းများ၊ လယ်ကွင်း၌ စိုက်ပျိုးထားသော ယာခင်းများကို ကျွဲ၊ နွားများ ၀င်ရောက် မဖျက်ဆီးနိုင်အောင် ပိုက်များဖြင့် ကာထားသည်ကို တွေ့ရှိသဖြင့် ပြုလုပ်ထားသူများကို ရိုက်နှက်၍ အကာများကို ချက်ချင်း ပယ်ဖျက်ခိုင်းခဲ့သည်။ ရိုက်နှက်ခံရသူ အများစုမှာ ဆင်းရဲသည့် အမျိုးသမီးများ ဖြစ်ကြသည်။
ထိုသို့ ရိုက်နှက်နေစဉ် ရဲမှူးက “ငါက မောင်တော မြောက်ပိုင်းမှာ မင်းတို့ ကုလားတွေကို သတ်ခဲ့တဲ့ကောင်၊ နင်တို့လို ကုလားမတွေကို မုဒိမ်းကျင့်ခဲ့တဲ့ကောင်” ဟု ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် ကျေးရွာ မြေပုံတွင် မပါသည့် အိမ်များဟု ဆိုကာ အိမ်အချို့ကို ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။ ယင်းအိမ်များကို ဖျက်ဆီးခြင်း ရှိ/မရှိ နေ့စဉ် သွားရောက် စစ်ဆေးရာတွင် လမ်းတလျှောက်တွင် တွေ့ရှိသူများကို ခေါ်၍ အကြောင်းမဲ့ ရိုက်နှက်ကြောင်း ဒေသခံများက ပြောပါသည်။
ပညောင်ပကြီး ကျေးရွာအုပ်စုတွင် ကင်းစခန်းတစ်ခု ရှိသော်လည်း ယခုအခါ ပညောင်ပင်ကြီး ကျေးရွာ အ၀င်ဝတွင် ကင်းစခန်းတစ်ခု ထပ်မံချထားပြီး စခန်း အဆောင်ကိုလည်း ရွာသားများက ဆောက်လုပ်ပေးရမည်ဟု အမိန့်ပေးခဲ့သည်။ ရွာသားများက ၀ါးဖြင့် ဆောက်လုပ်ပေးနိုင်မည်ဟု ပြောသည်ကို လက်မခံဘဲ သစ်သားဖြင့် ဆောက်လုပ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ရွာသားများက ရွာမှ ငွေများကောက်ခံ၊ သစ်များ ကောက်ခံပေးခဲ့သော်လည်း ရဲမှူးက သစ်များ ပေးရုံဖြင့် ရမည်မဟုတ်ကြောင်း၊ ဆောက်လုပ်ပေးရမည်ဟု ပြောသဖြင့် ရွာသားများ နေ့စဉ် လုပ်အားပေးနေရကြောင်း ဒေသခံများက ပြောပါသည်။ လုပ်အားပေး နေရသူများကိုလည်း အကြောင်းမဲ့ ဆဲဆို ရိုက်နှက်သည်ဟု ဆိုသည်။
ပညောင်ပင်ကြီး ကျေးရွာအုပ်စု မိုဝင်ရွာရှိ ကင်းစခန်းမှ စခန်းမှူး ရဲအုပ်လည်း အချိန်မတော် ရွာထဲသို့ ၀င်ရောက်ပြီး တွေ့သမျှ အမျိုးသားများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို ညစ်ညမ်း ကြမ်းတမ်းသည့် စကားလုံးများ သုံး၍ ဆဲဆိုခြင်း “မောင်တောမြောက်ပိုင်းမှာ နင်တို့လို မိန်းမတွေကို ငါတို့ လိုသလို မုဒိမ်းကျင့်ခဲ့တာ” ဟု ပြောဆိုခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။
ရဲမှူးနှင့် ရဲအုပ် နှစ်ဦးစလုံးက “မင်းတို့ ကုလားတွေကို ရိုက်နိုင် သတ်နိုင်မှ ကောင်းတာ” ဟု မကြာခဏ ပြောဆိုသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
ကင်းစခန်းမှူး ရဲအုပ်က ယင်းရွာရှိ ပုဇွန်ကန် ပိုင်ရှင်းများအား ဆိုလာပြားနှင့် ဘက်ထရီအိုး တောင်းခံရာ ရွာသားများက ဆိုလာပြား ၁၅၀ ၀ပ်နှင့် ဘက်ထရီတစ်လုံး ၀ယ်ပေးခဲ့ရာ လက်မခံဘဲ ဆိုလာပြား ၃၀၀ ၀ပ် ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ယနေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရဲမှူးနှင့် အဖွဲ့သည် ဘဂုံးနား အရှေ့ရွာသို့ သွားရောက်၍ တရားမ၀င် အဆောက်အဦဟု ဆိုကာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဒုချီးရားတန်းတွင်လည်း နေအိမ် (၇) လုံး ဖျက်ဆီးခဲ့ပြီး၊ ဂေါ်ဒူသာရမှ နေအိမ် (၄၅) လုံး ဖျက်ဆီးရန် အမိန့်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
RB News
18.12.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ (၆) ဦး ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် မြို့မဈေးတွင်းရှိ ဆိုင်ခန်းတစ်ခန်းတွင် ၀တ်ပြုနေသော ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ဓါတ်ပုံရိုက် မှတ်တမ်းတင်ပြီးနောက် ဒဏ်ငွေဟု ဆိုကာ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ငွေညှစ်သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှ တစ်ဦးမှာ သန်းအေး ဖြစ်ကြောင်း သိရှိရသည်။
ငွေညှစ်ခံရသူ (၆) ဦးမှာ --
(၁) ဦးကာမာလ်ဟူဆောင်း (ဘ) ဦးကာဆိမ်း (အသက် ၃၅ နှစ်) - အမှတ် (၁) ရပ်ကွက်မှ
(၂) ဦးအာဘူလ်ကာလာမ် (ဘ) ဦးယာကုဖ် (အသက် ၃၀ နှစ်) - အမှတ် (၁) ရပ်ကွက်မှ
(၃) ဂျာဘဲရ် (ဘ) ဦးအေဇာရ်မျာ (အသက် ၁၆ နှစ်) - တပ်ရာရွာမှ
(၄) ဇာဖောရ် (ဘ) ဦးနီရာမတ် (အသက် ၂၅ နှစ်) - တပ်ရာရွာမှ
(၅) ရော်ဖိတ် (ဘ) ဦးနူရူဆော်လာမ် (အသက် ၁၆ နှစ်) - တပ်ရာရွာမှ
(၆) အီမာန်ဟူဆောင်း (ဘ) ဦးအဒူဆော်လာမ် (အသက် ၂၀ နှစ်) - တပ်ရွာမှ -- တို့ဖြစ်သည်။
RB News
17.12.2016
လာမည့် တနင်္လာနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာများကို သတ်ဖြတ်နြေ ခင်းနှင့် ပတ်သက်၍ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချမည် ဖြစ်ကြောင်း မလေး ရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလ (၄) ရက်နေ့က မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင် ကျင်းပသည့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် ဆန္ဒပြပွဲတွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး က မြန် မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း ရိုဟင်ဂျာအရေးနှင့် ပတ်သက်လျှင် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့နောက်အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့သည်။
အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခံ ရပြီးနောက် မောင်တော မြို့နယ် မြောက်ပိုင်းမှ ဒေသခံ ရိုဟင်ဂျာများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လောင်ချာများဖြင့် ပစ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများ ၏ နေ အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာများကို ဖျက်ဆီးပစ်ခြင်း၊ နေအိမ်များမှ လုယက်ခြင်း၊ အမျိုး သမီး များနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လာခဲ့ရာ အနည်း ဆုံး ၄၅၀ ခန့် သေဆုံးခဲ့ရပြီး၊ နေအိမ် ၂၀၀၀ ကျော်နှင့် မီးရှို့ခံခဲ့ရသည့် အပြင်၊ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ ၃၀၀ ခန့် မုဒိမ်းကျင့်ခံခဲ့ရသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးက လာမည့် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပမည့် အာဆီယံ နိုင် ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသည် မလေးရှားနိုင်ငံက ရိုဟင်ဂျာအရေး အတွက် ပြတ်ပြတ်သားသား ရပ်တည်မည့် အကြောင်းကို ပြသနိုင်မည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ရေးသား ဖော်ပြထားသည်။
အပြစ်မဲ့များ၏ အသက်များ ဆုံးရှုံးရခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားရခြင်းတို့မှာ လက်ခံနိုင်ဖွယ်များ မဟုတ်ကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် တုန့်ပြန်မှုသာလျှင် ရှေ့ဆက် ဖြစ်ပွားလာမည့် အခြေအနေကို ဟန့်တားနိုင်မည်ဟု သတင်းများတွင် ရေးသား ထားသည်။
ရိုဟင်ဂျာအရေးကို မြန်မာအစိုးရက ပြည်တွင်းရေးဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် အိမ်နီး ချင်း နိုင်ငံများ၌ ဒုက္ခသည်များ တိုးပွားလာနေသည့် ပြဿနာများ ကြုံတွေ့နေရသောကြောင့် အာဆီနိုင်ငံများ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ဤဒေသတွင်း ပြဿနာကို အမြန်ဆုံး ဖြေ ရှင်းလို သည့် ဆန္ဒရှိနေကြသည်။
MYARF
RB News
16.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ညမထွက်ရ အမိန့် ချိုးဖောက်သည်ဟု ဆိုကာ စစ်သားများက ငွေညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် ဒီဇင်ဘာလ (၁၄) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ပုဇွန်ကန်၌ ငါးဖမ်းနေစဉ် စစ်သားများက ညမထွက်ရ အမိန့် ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။
ထို့နောက် ကျေးရွာတာဝန်ခံ ဦးရှောဘိရ် (ဘ) ဦးဆိဒိတ်ကို ခေါ်ပြီး ဖမ်းဆီးထားသူ (၃) ဦး စလုံး ဥဒေါင်း ကျေးရွာသားများ ဟုတ်/မဟုတ် မေးမြန်းရာ ကျေးရွာတာဝန်ခံက ၎င်း၏ ရွာသားများ ဟုတ်မှန်ကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် စစ်သားများက ၎င်းတို့ (၃) ဦးထံမှ ငွေကျပ် (၅)သိန်း ယူပေး၍ ကျေးရွာတာဝန်ခံကို ပြော၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ကျေးရွာတာဝန်ခံနှင့် မြောက်ရွာမှ မာမတ်တော်ယုဖ် (ဘ) ဦးဆော်လီမူလ္လာနှင့် အီဆုပ်ဇော်လာလ် (ဘ) ဦးရှုနားအာမတ် တို့က ဖမ်းဆီးခံခဲ့ရသူ (၃) ဦးထံမှ ငွေကျပ် ၅ သိန်း အစား ၁၉ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ငွေကြေး အသင့်အတင့် တတ်နိုင်သူ တစ်ဦးထံမှ ငွေကျပ် ၉ သိန်းနှင့် ကျန်နှစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ယူခဲ့သည်။ ငွေကြေး အသင့်အတင့် တတ်နိုင်သူ အတွက် ပြဿနာ မဟုတ်ခဲ့သော်လည်း နွားတစ်ကောင်ကို ငွေကျပ် ၉ သိန်းဖြင့် ရောင်းချ၍ ပေးခဲ့ရပြီး၊ ဆင်းရဲသား နှစ်ဦးမှာ ငွေကျပ် ၅ သိန်းစီ မတတ်နိုင်၍ ၎င်းတို့၏ အိမ်ယာမြေများကို ဆွေမျိုးများထံ ပေါင်နှံ၍ ငွေပေးခဲ့သည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့က တရားမ၀င် ဆောက်လုပ်ခဲ့သည့် နေအိမ်များကို ဖျက်ပစ်ရန် အတွက် အမိန့်ထုတ်ပြန်ခဲ့ရာ ဥဒေါင်း ကျေးရွာမှ အိမ် (၁၀) လုံး ပါဝင်ကြောင်း သိရှိရသည်။ ကျေးရွာတာဝန်ခံနှင့် ၎င်း၏ တပည့်နှစ်ဦးတို့က ရွာသား ၁၀၀ ကျော်ကို နေအိမ်များ ဖျက်ရမည့် စာရင်းတွင် ပါဝင်နေသည်ဟု လိမ်လည် ပြောဆို၍ ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်းမှ သုံးသိန်းထိ ညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာတွင် နယ်ခြားစောင့်ရဲ တစ်ဦးက ရွာသားများကို ခြိမ်းခြောက်ရင်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ လူသတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု သတင်းရရှိပါသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာ၏ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် ရွာသားအချို့ ဘောလုံး ကစားနေစဉ်၊ ယင်းကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ဒုရဲအုပ် အဆင့်ရှိသူတစ်ဦးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့ ရောက်ရှိလာပြီး၊ မိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ကာ ဘောလုံးကစားနေသူများနှင့် ကြည့်နေသူများအားလုံး ၆၀ ဦးခန့်ကို တစ်နေရာတွင် စုစေခဲ့သည်။
တပ်သားအဆင့် နယ်ခြားစောင့်ရဲတစ်ဦးက “ငါ မောင်တောမြောက်ပိုင်းက ပြောင်းလာတာ၊ မိန်းကလေး တော်တော်များများကို မုဒိမ်းကျင့်လာတာ၊ လူတော်တော်များများကို သတ်ခဲ့တယ်၊ မင်းတို့ကိုလည်း လုပ်ရမယ်” ဟု ပြောဆို ခြိမ်းခြောက်ပြီး “မင်းတို့ ဒီမှာ ဘာလို့ ဘောလုံး ကစားနေတာလဲ၊ ဘယ်သူက ကစားဖို့ အမိန့်ပေးတာလဲ” ဟု မေးမြန်းပြီး မိုးပေါ်သို့ သေနတ်တစ်ချက် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ခဏအကြာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦး ရောက်ရှိလာပြီး အားလုံးထံမှ ဒဏ်ငွေယူ၍ ပြန်လွှတ်ပေးရန် ပြောရာ တာဝန်ခံ ဒုရဲအုပ်က တစ်ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ရာ စုစုပေါင်း ငွေကျပ် ၆ သိန်းခန့် ညှစ်ယူခဲ့သည်။
ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ယင်းရွာမှ ဦးဟာဘီဇူလ္လာ၏ ဇနီးဖြစ်သူ ဒေါ်အာမီနာခါတူ (အသက် ၄၇ နှစ်) သည် မိမိပိုင် ဆိတ်တစ်ကောင်ကို နေအိမ်တွင် စားသုံး၍ စီစဉ်နေစဉ် ကျော်ဇေယျာဦး ရောက်ရှိလာပြီး၊ ယင်းဆိတ်မှာ ၎င်း၏ ဆိတ်ဖြစ်ကြောင်း မဟုတ်မမှန် စွပ်စွဲရာ ဒေါ်အာမီနာခါတူကလည်း ၎င်း၏ ဆိတ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ကျော်ဇေယျာဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး၊ ဒေါ်အာမီနာခါတူကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျော်ဇေယျာဦးနှင့် အုပ်ချုပ်ရေးမှူး ဇော်ထူးတို့ ပေါင်း၍ ဒေါ်အာမီနာခါတူကို လူအများရှေ့တွင် လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။
ကျော်ဇေယျာဦးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့၏ တပည့်ဖြစ်ပြီး၊ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ၍ ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်နေသူ ဖြစ်သည်။ ၎င်းနှင့် ပတ်သက်၍ ခရိုင် အာဏာပိုင်များထံ တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည်ကို တွေ့ရှိရသည်။
Rohingya Eye
RB News
16.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူးက ကျေးရွာ ဥက္ကဌဟောင်းနှင့် ပူးပေါင်း၍ စပါးရိတ်သိမ်းပြီးစီးသူများကို အမျိုးမျိုး ခေါင်းစဉ်တပ်၍ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ကွမ်းသီးပင် ကျေးရွာ၏ အနောက်ဘက်တွင် လယ်ယာမြေ (၂၄၁) ဧကရှိပြီး၊ လယ်မြေ တစ်ဧကလျှင် စခန်းမှူးအတွက် ငွေကျပ်တစ်သောင်းစီ ပေးရမည်ဟု ဆိုကာ ဥက္ကဌဟောင်း ဦးဆာဇိတ်ဒူလ္လာ (ဘ) ဦးရိုင်ဘုလ္လာ (အသက် ၄၁ နှစ်) က ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ငွေပေးရသူ အချို့မှာ --
(၁) ဦးရော်ရှိတ်အာမတ် (ဘ) ဦးဖော်ကိရ်အာမတ် (အသက် ၆၅ နှစ်) - ပေးရငွေ ၅ သောင်း
(၂) ဦးမာမတ်ဒူဟောက် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) - ပေးရငွေ ၄ သောင်း
(၃) ဦးယာစီးန် (အသက် ၄၂ နှစ်) - ပေးရငွေ ၃ သောင်း -- တို့ဖြစ်သည်။
ဥက္ကဌဟောင်းသည် ကင်းစခန်းမှူးနှင့် ရွာအုပ်ချုပ်ရေးမှူး ဦးအထွန်းချေ တို့၏ လူယုံတစ်ဦးဖြစ်ပြီး၊ စခန်းမှူးနှင့် ဦးအထွန်းချေ တို့၏ အခွင့်အာဏာဖြင့် ရွာသားများကို အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်လျက် ရှိကြောင်း၊ အလွန် ရက်စက်သူတစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
အလားတူ အဆိုပါ ကျေးရွာမှ ရာအိမ်မှူး ဖြစ်သော ဦးအာဘူလ်ကာလာမ် (ဘ) ဦးဟာလာဆုလ်တာန် (အသက် ၄၀ နှစ်)၊ ဦးမာမတ်ဟာရှိမ်း (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၅ နှစ်)၊ ဦးဟိုက်ဘော်ရှော်ရ် (ဘ) ဦးဟာလာဆန် (အသက် ၃၀ နှစ်)၊ ဦးဇော်မိရ်အာမတ် (ဘ) ဦးယာစီးန်အလီ (အသက် ၄၅ နှစ်) နှင့် ဦးနုရ်အာလောမ် (ဘ) ဦးရှော်ရိဖ် (အသက် ၂၅ နှစ်) တို့နှင့် ပူးပေါင်း၍ အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ အသွားအလာ ပိတ်ပင်ထားမှုကြောင့် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အိမ်မွေးနွားများကို ရောင်းချနေသည်ကို ပြဿနာဖြစ်ပွားနေသည့် ရွာများမှ နွားများကို ခိုးယူလာပြီး ရောင်းချနေသည်ဟု မဟုတ်မမှန် လိမ်ညာ စွပ်စွဲ၍ စခန်းမှူး၏ အမည်ကိုသုံးကာ ခြိမ်းခြောက်ပြီး ငွေညှစ်လျက် ရှိသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကွမ်းသီးပင်၊ လုဖိုယာရွာမှ ဦးဘော်ဒီအာလောမ် (ဘ) ဦးဟာလူး (အသက် ၂၅ နှစ်) ထံမှ နွားတစ်ကောင် အတွက် ငွေကျပ် တစ်သိန်း
(၂) ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဦးရှောမ်ရှုအာလောမ် (ဘ) ဦးမာဇီးတ် ထံမှ နွား ၆ ကောင် အတွက် ငွေကျပ် ၆ သိန်း
(၃) ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက်မှ ဦးမောင်ဖြူ၏ ကျွဲ ၂ ကောင် အတွက် ငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။
Rohingya Eye
RB News
16.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို ယနေ့ ည (၇) နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ကျေးရွာသားများ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာရှိ ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ရွာသားများ ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့ ည ၆း၅၀ နာရီ အချိန်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း အလယ်ရွာ အနီးမှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ကျီးကန်းပြင် ကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို လွန်ခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်ဟု ဆိုကာ နေအိမ်များမှ မောင်းထုတ်ခဲ့သည်။ ထိုသို့ နေအိမ်များမှ မောင်းထုတ်မှုကြောင့် အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများ အားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီး၊ ရွာသားများ အားလုံး နေအိမ်များမှ ထွက်သွားပြီးနောက် န.တ.လ ရွာသားများ ၀င်ရောက်ကာ နေအိမ်များမှ အသုံးအဆောင် ပစ္စည်းများကို ခိုးယူ၍ သယ်ဆောင် သွားခဲ့ကြသည်။
အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများနှင့် ကျွဲ၊ နွား၊ ဆိတ်များကို စိတ်တိုင်းကျ ခိုးယူ သယ်ဆောင် သွားပြီးနောက် နိုဝင်ဘာလ လဆန်းပိုင်းမှ စ၍ နေအိမ်များမှ သစ်များ၊ အိမ်တိုင်များ၊ သွပ်မိုးများပါ ဖြုတ်ယူလျက် ရှိပြီး၊ လွန်ခဲ့သည့် ဆယ်ရက်ခန့်ကလည်း ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် ရွာငယ် လေးရွာရှိပြီး၊ ၀ါးပိတ် ကျေးရွာတွင် စစ်တပ်က ယာယီ စခန်းချထားသည်။ ကျန်သည့် ရွာငယ်များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကသာ လုံခြုံရေး တာဝန်ယူထားပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော အလယ်ရွာမှ ရိုဟင်ဂျာများက ၎င်းတို့ နေအိမ်များမှ ပစ္စည်းတစ်ခု အတွက် သွားလျှင်ပင် နယ်ခြားစောင့်ရဲများက ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ရွာထဲသို့ ၀င်ခွင့်မပေးကြောင်း၊ သို့သော်လည်း န.တ.လ ရွာသားများကို စိတ်တိုင်းကျ ခိုးယူခွင့် ပေးထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

| ကျီးကန်းပြင် အလယ်ရွာမှ ရိုဟင်ဂျာများ၏ အိမ်များမှ အကာအရံများပါ မကျန် န.တ.လ ရွာသားများ ခိုးယူထားသည့် အိမ်တစ်လုံး |
RB News
15.12.2016
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အသက်တွေ ဆုံးရှုံးနေရတာ၊ နေ့စဉ်လူမှုဘ၀တွေ ဆုံးရှုံးနေရတာ၊ နေထိုင်ဖို့ နေရာတွေ ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ဥရောပ ပါလီမန် အဖွဲ့ဝင်တွေ အလွန်ဝမ်းနည်းနေရပြီး၊ မြန်မာစစ်တပ်က အလွန်တရာ အင်အားသုံးပြီး အကြမ်းဖက်နေတာနဲ့ ပတ်သက်ပြီး အလွန်ကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ဥရောပပါလီမန်က ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတာတွေ၊ ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ မုဒိမ်းကျင့်နေတာတွေနဲ့ အိမ်တွေ မီးရှို့နေတာကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ထောက်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ သိန်းပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတာကိုလည်း နားလည်ကြောင်း၊ သို့ပေမယ့်လည်း ရောက်လာတဲ့ ဒုက္ခသည်အသစ်တွေကို ပြန်တွန်းပို့တာမျိုးတွေကို သေချာရေရာတဲ့ ဖြေရှင်းမှုတစ်ခု ရတဲ့အထိ မလုပ်ဖို့ကိုလည်း တောင်းဆိုတယ်လို့ ဥရောပ ပါလီမန်ရဲ့ သတင်းမှာ ရေးသား ဖော်ပြထားတယ်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာအုပ်စု တောင်ရွာသို့ စစ်သာများ ၀င်ရောက်၍ လုယက်ခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် စစ်သားများသည် မြောတောင် ကျေးရွာအုပ်စု၊ တောင်ရွာသို့ ၀င်ရောက်လာပြီး ကျောင်းရှေ့တွင် စခန်းချ၍ နေအိမ်များမှ အမျိုးသမီးများကို ခေါ်ထုတ်ကာ နှစ်နေရာတွင် စုထားခဲ့သည်။ ထို့နောက် စစ်သားများသည် နေအိမ်များထဲသို့ ၀င်ရောက်၍ လုယက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုဝင်ဘာလ (၁၂) ရက်နေ့ နောက်ပိုင်းတွင် နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်၍ လုယက်မှုများ ပြုလုပ်ခဲ့သဖြင့် နေအိမ်များမှ အဖိုးတန်ပစ္စည်းများ လုယက်ရန် သိပ်မရှိတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ကျောင်း၏ အရှေ့တည့်တည့်ရှိ ဦးမိုဟာမတ်တယူဖ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ချက်ထားသည့် ဟင်းအိုးနှစ်အိုးကို ဖျက်ဆီးပစ်၍ နေအိမ်အတွင်းရှိ ပစ္စည်းများကို လုယက်ခဲ့သည်။ ဦးမိုဟာမတ်တယူဖ်သည် တွဲဖက် အထက်တန်းကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး၊ ကျောင်းအုပ်ဆရာမကြီးက WFP မှ လှူဒါန်းထားသော အာဟာရ ဘီစကွတ်မုန့် ၁၅ ထုပ် ကို ၎င်း၏ အိမ်တွင် အပ်နှံထားခဲ့ရာ၊ အဆိုပါ ဘီစကွတ်မုန့်ထုပ် များကိုလည်း လုယက်ယူဆောင် သွားခဲ့သည်။
ဦးမိုဟာမတ်တယူဖ်၏ နေအိမ်မှ --
(၁) ဘက်ထရီ နှစ်လုံး
(၂) ဆိုလာပြားတစ်ပြား
(၃) ဘီစကွတ် (၁၅) ထုပ် (တစ်ထုပ်တွင် အထုပ်ငယ် ၁၄၀ ပါဝင်)
(၄) ကျောပိုးအိတ် (၄) လုံး -- တို့ကို စစ်သားများ လုယက်သွားခဲ့သည်။
လုယက်ပြီးနောက် ကျေးရွာအတွင်းရှိ ဗလီတွင် စခန်းချ၍ နေ့လည်စာ စားသောက်၍ ညနေ ၅ နာရီ အချိန်တွင် ဓါးကြီးစား ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့သည်။
ဗလီတွင်းသို့ ဖိနပ်မချွတ်၍ ၀င်ရောက်ပြီး ဗလီတွင်းရှိ ကုရ်အာန်ကျမ်းစာအုပ်များကို စုတ်ဖြဲခြင်း၊ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခြင်း၊ ဗလီတွင်းရှိ ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
MYARF
RB News
15.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင်ရွာသို့ စစ်သားများ ၀င်ရောက်၍ ရွာသားများကို အကြမ်းဖက်ခြင်း၊ ဆိုင်ခန်းများ ဖျက်ဆီး၍ လုယက်ခြင်းများ၊ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ရွာသားအများအပြား နေအိမ်စွန့်ခွာ ခဲ့ရကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၂၀၀ ခန့်သည် မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု လိပ်အိုင် (နိယာရ်ဘိလ်) အနောက်ရွာကို ၀ိုင်း၍ ပိတ်ဆို့ပြီး၊ အရံမီးသတ်တပ်ဖွဲ့ ၀တ်စုံ နှစ်စုံယူလာပြီး၊ ပုဇွန်ကန်အနီးမှ ကောက်ရသည့် အကြမ်းဖက်သမားများ၏ ၀တ်စုံဟု လုပ်ကြံ ဖန်တီး၍ နံနက် ၁၁ နာရီခန့်မှ စ၍ နေအိမ်များထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို တစ်နေရာတွင် စုထားပြီး ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။
နံနက်ပိုင်းတွင် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် နောက်ထပ် (၃) ဦးကို ဖမ်းဆီးခဲ့သည်။ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သူများကို ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။
စစ်သားများသည် ဆိုင်ခန်းများကို ဖျက်ဆီးခြင်း၊ ဆိုင်အတွင်းမှ ပစ္စည်းများ လုယက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ရွာသားများကို ညှဉ်းပန်းနှိပ်စက်နေသည့် ဒဏ်ကို မခံနိုင်တော့၍ ရွာသားများသည် ငါးစားကြူး ရွာမဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
စစ်သားများသည် ရွာမနှင့် လိပ်အိုင်ရွာ ကြားရှိ ဘာသာရေးကျောင်းတွင် စခန်းချထားခဲ့ပြီး၊ ရွာအတွင်း အမျိုးသမီး အချို့သာ ရှိနေခဲ့ကြောင်း၊ အမျိုးသား အများစုမှာ ရွာမှ ထွက်ပြေး သွားခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ် ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၃) တွင် ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၁၀) လုံးနှင့် ဆိုင်ခန်း (၉) ခန်း ဆုံးရှုံးခဲ့သည့် အပြင် ကလေးတစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ရပ်ကွက် (၁၃) ရှိ ဦးကော်ဘိရ်အာမတ်၏ နေအိမ် အပေါ်ထပ်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး၊ ယင်းအိမ်အပါအ၀င် နေအိမ် (၁၀) လုံး ပြာကျသွားခဲ့သည်။ နေအိမ်တစ်လုံး၏ အပေါ်ပိုင်းလည်း မီးလောင်ကျွမ်း သွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ထို့အပြင် ဆိုင်ခန်း (၉) ခန်းလည်း မီးလောင် ဆုံးရှုံးသွားခဲ့ရကြောင်း သိရှိရသည်။
မီးစတင်လောင်ကျွမ်းသည့် ဦးကော်ဘိရ်အာမတ်၏ နေအိမ်တွင် ကလေးနှစ်ဦးမှာ အိပ်ခန်းထဲတွင် ရှိနေခဲ့ပြီး ကလေးနှစ်ဦးမှ တစ်ဦးမှာ မီးလောင်ကျွမ်း၍ သေဆုံးသွားပြီး တစ်ဦးမှာ မီးလောင်ကျွမ်း၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
မီးလောင်ကျွမ်းနေစဉ် လုံထိန်းများ ရောက်ရှိလာပြီး ဒေသခံများကို အနားကပ်ခွင့် မပေးသောကြောင့် ယခုကဲ့သို့ နေအိမ်များစွာ မီးလောင်ကျွမ်းရသည်ဟု ဒေသခံများက ပြစ်တင်ဝေဖန် ပြောဆိုနေကြသည်။
မီးလောင်ကျွမ်းသွားသည့် နေအိမ်များ၏ အိမ်ရှင်များမှာ --
(၁) ဦးကော်ဘိရ်အာမတ်
(၂) ဦးမိုဟာမတ်ဟာဆာန်
(၃) ဦးရော်မူယာ
(၄) ဦးလူဗာဒါ
(၅) ဦးဖော်ယာစ်
(၆) ဦးအာဘူယာ
(၇) ဦးကော်ရီမူလ္လာ
(၈) ဦးအလီအာမတ်
(၉) ဦးကာလူ
(၁၀) ဦးရာသီလာကိမ်း -- တို့ဖြစ်သည်။
Arif Kassim
RB News
13.12.2016
ကျနော့်ရဲ့ အဖိုး အသက် (၈၀) ကျော် အရွယ်မှာ ကွန်လွန်သွားပါတယ်။ ၈၈ အရေးအခင်း နောက်ပိုင်းမှာ မြန်မာ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာတာနဲ့ အမျှ နိုင်ငံရေးပါတီများစွာလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီတုန်းက မောင်တောမြို့ပေါ်မှာရှိတဲ့ အသက်ကြီးပိုင်း လူကြီးများနဲ့ စာတတ်ပေတတ်၊ လုပ်ငန်းရှင် လူကြီးများကို နိုင်ငံရေးပါတီ ထူထောင်ထားသူတွေက နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံကြတယ်။ ကျနော့် အဖိုးကတော့ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက ဘုံဘေ၊ ကာရာချီနဲ့ ကလကတ္တား စတဲ့ မြို့ကြီးတွေက စာပေများစွာကို တတ်ကျွမ်းပြီး တစ်ဖက်က လုပ်ငန်း အသွယ်သွယ် လုပ်ကိုင်ခဲ့တဲ့ မြို့ပေါ်က မျက်နှာဖုံး လုပ်ငန်းရှင် တစ်ဦး ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အများနဲ့ မတူအောင် ယုံကြည်ထောက်ခံသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီရက်တွေတုန်းက အလယ်တန်းကျောင်းသား ဖြစ်တဲ့ ကျနော်က အဖိုးရဲ့ လက်ကိုင်တုတ်အဖြစ် အချိန်ပြည့် အတူနေပေးရပါတယ်။ အဖိုးရဲ့ သားဖြစ်တဲ့ ကျနော့် အဖေဆိုလည်း ဖအေတူသား ပီပီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေး ထောက်ခံသူ ဖြစ်ပါတယ်။ အိမ်မှာ အဖိုးရဲ့ နိုင်ငံရေး စကားဝိုင်းများ၊ မောင်တောမြို့ လမ်းမကြီးပေါ်မှာရှိတဲ့ လုံးချင်းတိုက် နှစ်ခန်းတွဲ ဆိုင်ရှေ့မှောက်မှာလည်း အချိန်ပြည့် နိုင်ငံရေး စကားဝိုင်းများနဲ့  စည်စည်ကားကားရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရတဲ့ ရည်ရွယ်ချက် များစွာထဲက အဓိက အချက်တစ်ချက်ကတော့ - ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ ရခဲ့တဲ့ နိုင်ငံသား အခွင့်အရေးများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်မှာ ပြန်လည် ခံစားနိုင်လိမ့်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်။ (ဒီကနေ့ လက်ရှိချိန်မှာတော့ မဆလ ခေတ်က ဆုံးရှုံးသွားတဲ့ နိုင်ငံသား အခွင့်အရေးထက် အဆပေါင်း မြောက်များစွာ ဆုတ်ယုတ်ပြီး လူမျိုးရေး သုတ်သင်မှုအထိ ဖြစ်လာပါတယ်)
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်မှာ အကျယ်ချုပ်ချထားခဲ့တာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ (စာရှည်မှာမို့ လိုရင်းကိုဘဲ ရေးရပါမယ်)
ဒီကနေ့ တစ်ချို့တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်တွေ တိုက်ခိုက်နေတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးတွေက နိုင်ငံတကာ (မွတ်စလင် နိုင်ငံများ) အားကိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကြပ်အတည်းကို သိသိနဲ့ တမင်နှိပ်ကွပ် နေကြတယ်လို့ ဆိုပါတယ်။ ဖိအားပေးဖို့ နိုင်ငံတကာကို ထောင်းဆိုကြတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ပျက်၊ အသရေပျက်အောင် လုပ်နေတယ်လို့ စွပ်စွဲကြပါတယ်။ နိုင်ငံတော် သစ္စာဖောက် ဆိုပြီးတောင် စွပ်စွဲ ပြောဆိုလာတာ တွေ့ရပါတယ်။
ဒီနေရာမှာ ကျနော် ပြောချင်တာက - ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့် အဖိုး၊ အဖေတွေ အသက်ရှင်စဉ်ကတည်း ယုံကြည်အားကိုး ထောက်ခံလာခဲ့တာကို ပြောလိုပါတယ်။ မြန်မာ့နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစီးဦးဆောင်မှု အောက်မှာဘဲ လိုလိုလားလားနဲ့ ရှိစေချင်ခဲ့တာကို သိစေလိုပါတယ်။ ၀န်ကြီးချုပ် ဦးနု ဦးဆောင်ခဲ့တဲ့ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ ကျနော့် အဖိုးအဖွားတွေ ရရှိခဲ့တဲ့ နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး တွေကို မဆလ ခေတ်မှာ ဆုံးရှုံးလိုက်တာထက် အဆပေါင်း မြောက်မြားစွာ ဆုံးရှုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုတာဘဲ ဖြစ်ပါတယ်။
ယခင် အစိုးရ အဆက်ဆက် လက်ထက်မှာ ရိုဟင်ဂျာ လူမျိုးတွေကို ကွက်ပြီး နှိပ်စက်ခဲ့တဲ့ထဲက တစိတ်တဒေသကို ချရေးပြပါမယ်။ ရိုဟင်ဂျာ လူမျိုးကို -
လွတ်လပ်စွာ သွားလာနိုင်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ကျန်းမာရေး စောင့်ရှောက်ခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အစိုးရ အမှုထမ်းခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ စိုက်ပျိုး မွေးမြူခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထားတယ်။
လွတ်လပ်စွာ အဆောက်အအုံ ဆောက်လုပ်ခွင့် ပိတ်ပင်ထားတယ်။
စသည်ဖြင့် အခြေခံ လွတ်လပ်မှု မှန်သမျှကို ပိတ်ပင်ထားတယ်။

ဒီထက်မက ပြောနိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုတာသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အများနည်းတူ ကျနော်တို့လည်း ချစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ရိုဟင်ဂျာထုက ဆုတောင်း မေတ္တာပို့ ကြပါတယ်။ ဒေါ်စုရဲ့ ပေးဆပ်မှုကို တန်ဖိုးထား လေးစားကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရပ်တည်ချက်အပေါ်မှာ အားမရတာတော့ အမှန်ပါဘဲ။ အပြစ်မဲ့ ရိုဟင်ဂျာ သက်ကြီး ရွယ်အို လူမမယ် ကလေးများစွာ သတ်ဖြတ်ပြီး၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတာကို မသိကျိုးကျွံနေရုံမက ပြစ်မှုကျူးလွန်နေသူတွေကို ကာကွယ်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်က ကျနော့် အဖိုးနဲ့ အဖေ အားကိုးအားထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိတာတော့ အမှန်ပါ။ သို့သော်ငြားလည်း အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို အဖိုး၊ အဖေတို့ နည်းတူ အားကိုးနေချင်သေးတဲ့ ဆန္ဒက ရှိနေတုန်းပါပဲ။
RB News
13.12.2016
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာမှ အမျိုးသမီးငယ် (၅) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် အပြင်၊ ဗလီဝတ်ကျောင်းတော် အတွင်းရှိ ကုရ်အာန်ကျမ်းမြတ်များကို စုတ်ဖြဲ၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာ အတွင်းသို့ စစ်သား ၅၅ ဦး ၀င်ရောက်လာပြီး၊ ဟာဖီးဇ်အဲက်ဘာလ်၏ နေအိမ်တွင် စုဝေးနေကြသည့် အမျိုးသမီး (၃၀) ဦးမှ (၈) ဦးကို အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အပြင် ကျန်သည့် အမျိုးသမီးများကို အ၀တ်အစားများ ချွတ်ခိုင်းပြီး လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ (သတင်း - http://bit.ly/2hoF2M4)
ညနေပိုင်းတွင် ဟာဖီးဇ်အဲက်ဘာလ်၏ နေအိမ်တွင်ပင် စုဝေးနေသည့် အမျိုးသမီးများထဲမှာ အမျိုးသမီးငယ် (၄) ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အမျိုးသမီးငယ် (၄) ဦးမှ (၃) ဦးမှာ အပျိုများ ဖြစ်ကြပြီး၊ (၁) ဦးမှာ အိမ်ထောင်သည် ဖြစ်သည်။ အိမ်ထောင်သည်တစ်ဦးနှင့် အခြား အပျိုတစ်ဦး တို့မှာ ညီအစ်မအရင်းများ ဖြစ်ကြသည်။
၎င်းတို့ (၄) ဦးတို့သည် အသက် (၁၆) နှစ်၊ အသက် (၁၇) နှစ်၊ အသက် (၁၈) နှစ်နှင့် အသက် (၂၀) အရွယ်များ ဖြစ်ကြသည်။
ယင်းရွာမှ ဦး ---- ၏ အသက် (၁၇) နှစ် အရွယ် သမီးပျိုကို ၎င်း၏ အိမ်တွင် မုဒိမ်းကျင့်ရန် ကြိုးစားရာ ထွက်ပြေးသဖြင့် လယ်ကွင်းပြင်တွင် ဖမ်းဆီး၍ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ဒီဇင်ဘာလ (၁၂) ရက်နေ့ တစ်ရက်တည်းပင် ချောင်းကုလာရွာမှ အမျိုးသမီး (၁၃) ဦး မုဒိမ်းကျင့်ခံခဲ့ရသည်။
စစ်သားများသည် အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အပြင် နေအိမ်များမှ လုယက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ ထို့နောက် အသက် (၇၀) နှစ် အရွယ် ဦးဆာရ်အဟမတ်ကို သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ သေလုမျောပါး ဖြစ်နေကြောင်း သိရှိရသည်။ အသက် (၇၁) နှစ်အရွယ် ဦးဇာဟိတ်အဟမတ်နှင့် အသက် (၇၅) နှစ် အရွယ် ဦးဒိုလီယာ တို့ကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ညပိုင်းတွင် ရွာအတွင်းရှိ ဗလီတွင် စခန်းချ၍ ဗလီအတွင်းရှိ ကုရ်အာန်ကျမ်းမြတ် များကို စုတ်ဖြဲ၍ လွှင့်ပစ်ခြင်း၊ ဗလီအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင် ရောက်ရှိနေသည့် အချိန်တွင် စစ်သားများက ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်လျက် ရှိပြီး၊ စုံစမ်းရေး ကော်မရှင်က စုံစမ်းသိရှိရသည့် သတင်းများကို နိုင်ငံပိုင်များ မီဒီယာများက ပြည်သူများကို မှန်မှန်ကန်ကန် တင်ပြခြင်း မရှိဘဲ လိမ်ညာ၍ ရေးသား ဖော်ပြနေသည်ကို တွေ့ရှိရသည်။

အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Dr. Yousef A. Al-Othaimeen က နယူးယောက်၊ ဂျနီဗာနှင့် ဘရာဆဲလ် တို့မှာ ရှိတဲ့ OIC အဖွဲ့ဝင်နိုင်ငံများရဲ့ ဌာနေကိုယ်စားလှယ်တွေကို အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး လက်ရှိ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများ ကြုံတွေ့နေရတဲ့ အခြေအနေကို တင်ပြဖို့ OIC ရဲ့ အမြဲတမ်းဌာနေ ကိုယ်စားလှယ်ရုံးတွေကို ညွန်ကြားလိုက်ပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေကို လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ၊ ထပ်မံပြီးတော့ ဖိနှိပ်လာတွေနဲ့ ပတ်သက်ပြီး OIC အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်ခါတလဲလဲ ကန့်ကွက် ရှုတ်ချတယ်လို့ ယနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ OIC က ထုတ်ပြန်တဲ့ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။ OIC ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ နိုင်ငံများထဲက လူနည်းစု အသိုင်းအ၀ိုင်းတွေရဲ့ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာနဲ့ ဘာသာရေး တို့နဲ့ ပတ်သက်တာတွေကို အထောက်အကူပြု ကာကွယ်ပေးဖို့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထူထောင်လာတဲ့ အချိန်မှာ ရိုဟင်ဂျာမွတ်စလင်များကို နှိပ်ကွပ်နေတာ အဆုံးသတ်သွားပြီး တန်းတူအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာ တစ်ခုမှ ဖြစ်မလာတာကို ၀မ်းနည်းစွာ တွေ့နေရတယ်လို့ OIC ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အခွင့်အလမ်း ရဖို့ အနေနဲ့သာ မဟုတ်ဘဲ တာဝန်ယူမှုတွေပါ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုကိုပြုရမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်နေတာကြောင့် နိုင်ငံတကာ ညီလာခံတွေ၊ ကြေညာချက်တွေမှာ ပါတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့ လိုတယ်လို့ OIC အထွေထွေအတွင်းရေးမှူးချူပ်က အလေးပေး ပြောဆိုပါတယ်။
ရိုဟင်ဂျာအရပ်သားတွေကို မြန်မာစစ်တပ်က တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်မှတ်ထားပြီး လက်လွတ်စပယ် သတ်ဖြတ်နေတာတွေ၊ ဖမ်းဆီးနေတာတွေ၊ နေအိမ်များနဲ့ ဘာသာရေး အဆောက်အဦတွေ ဖျက်ဆီး မီးရှို့နေတာတွေ၊ အမျိုးသမီးတွေကို လိင်အကြမ်းဖက်နေတဲ့ မှတ်တမ်းမှတ်ရာတွေက လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်နေတဲ့ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြည့်ပြည့်၀၀ စုံစမ်းခွင့် ပေးကို ပေးရမယ်လို့ OIC အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။
RB News
12.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသည့် မောင်တော အကြမ်းဖက်မှု စုံစမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒေသခံ ရိုဟင်ဂျာများ တွေ့ဆုံပြီး စစ်တပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့ကြောင်း၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စုံစမ်းရေး ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံ ကျေးရွာသို့ ရောက်ရှိခဲ့သည်။ ယင်းကျေးရွာမှ အမျိုးသားများနှင့် အမျိုးသမီးများ အချို့ လာရောက်တွေ့ဆုံပြီး၊ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်များကို လောင်ချာဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးဖြင့် ခုတ်၍ သတ်ဖြတ်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ ကလေးများကို မီးထဲသို့ ပစ်ချ၍ သတ်ဖြတ်ခြင်း စသည်တို့ကို တင်ပြနိုင်ခဲ့သည်။ ကော်မရှင်အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံစကားပြောစဉ် စစ်သားတစ်ဦးက ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ခဲ့သည်။
ကော်မရှင်အဖွဲ့ ထွက်ခွာသွားပြီးနောက် အောက်ပါ ဒေသခံ (၆) ဦးကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
(၁) ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးအဗ်ဒူဆတာရ် (အသက် ၇၁ နှစ်)
(၂) ဦးမာမွတ်ဆော်လာမ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၅၀ နှစ်)
(၃) အဘူဆီဒိတ် (ဘ) ဦးအဘူလ်ဟိုက်ရ် (အသက် ၁၅ နှစ်)
(၄) ဦးဘော်ဆိရ်အဟမတ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၇၀ နှစ်)
(၅) ဆော်ဒါမ် (ဘ) ဦးအဘူလ်ဟိုက် (အသက် ၁၆ နှစ်)
(၆) ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးနဇီရ်ဟူစိန်း (အသက် ၅၃ နှစ်) - တို့ဖြစ်သည်။
စစ်သားများသည် ဖမ်းဆီးထားသူ (၆) ဦးတို့ကို တစ်နေရာသို့ ခေါ်ဆောင် သွားပြီး ဗီဒီယို ရိုက်ကူးထားသည့် မှတ်တမ်းကို ဖွင့်ပြပြီး ကော်မရှင်အဖွဲ့နှင့် စကားပြောသူများ၏ အမည်များကို မေးမြန်းပြီး၊ ဘာသာပြန်သူ၏ အမည်များကို မေးမြန်းခဲ့သည်။ ဗီဒီယိုမှတ်တမ်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးက ကော်မရှင်အဖွဲ့ကို ပြောဆိုနေသည်များလည်း ပါဝင်ပြီး၊ အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်များကို အစားထိုးနိုင်ရန် အခြားသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ကော်မရှင်အဖွဲ့နှင့် ထွက်ဆိုစဉ် ပြောဆိုသည်များနှင့် ဆန့်ကျင်သည့် ထွက်ဆိုချက်များ ထွက်ဆိုခိုင်းပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သည်။
ဖမ်းဆီးခံရသူ (၆) ဦးအနက် ဦးဇာဖောရ်ဟူစိန်းနှင့် ဦးမာမွတ်ဆော်လာမ် တို့သည် ဗမာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်သူများ ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့နှင့် ရွာသားများ တွေ့ဆုံစဉ် ပြောဆိုသည် များကို ဘာသာပြန် ပေးခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခံခဲ့ရသည်။ ၎င်းတို့ကို ညနေ (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အသက် (၇၀) နှစ် အရွယ် ဦးဇာဖောရ်ဟူစိန်းမှာ အခြေအနေ အရမ်းဆိုးရွား နေကြောင်း ဒေသခံများက ပြောပါသည်။
ရေခဲချောင်းခွဆုံ ကျေးရွာမှ ကျေးရွာ အဖွဲ့ထွက်ခွာ သွားပြီးနောက် စစ်သားများသည် အမျိုးသမီး (၃) ဦးကိုလည်း တောတောင်ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး ညနေ နေ၀င်ချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။
ကော်မရှင်အဖွဲ့သည် ရေခဲချောင်းခွဆုံ ကျေးရွာမှ တဆင့် ဓါးကြီးစား ကျေးရွာသို့ သွားရောက်ခဲ့သည်။ ဓါးကြီးစားတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၃) ဦး အပါအ၀င် အမျိုးသမီး (၇) ဦးနှင့် အမျိုးသမီး (၄) ဦးတို့က တွေ့ဆုံ၍ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှု အပြည့်အစုံကို တင်ပြခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
နေ့လည်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ဒေသခံများကလည်း အဖြစ်အပျက်များ အားလုံးကို တင်ပြခဲ့သည်။
မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာ ကျေးရွာသို့ ကော်မရှင် အဖွဲ့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်သားများက ရွာထဲသို့ ၀င်ရောက်၍ အမျိုးသားများကို မောင်းထုတ်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
MYARF နှင့် Rohingya Eye မှ သတင်းပေးပို့သည်။

| (ဓါတ်ပုံ - MOI) |
RB News
12.12.2016
ဒီလိုမျိုး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့ ရာဇာဝတ်မှုတွေကို အရပ်သားအစိုးရမှတဆင့် ပြောင်းပြန် သတင်းထုတ်ပြန်ခိုင်းတာလည်း နေ့စဉ်မြင်တွေ့နေရပါတယ်။ အထူးသဖြင့် ကမ္ဘာရဲ့ထောက်ခံမှုကို ရရှိထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လိုသလို အသုံးချခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့တာပါပဲ။ တစ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ကျူးလွန်ခဲ့တဲ့ဟာတွေကို နိုင်ငံတကာ အဖွဲ့အစည်းဆီ သိုသပ်စွာသိစေပြီး အစိုးရအပေါ် ဖိအားပေးခိုင်းနေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာက ဖိအားပေးနေတာတွေကို တန်ပြန်တုန့်ပြန်ပြပြီး တစ်ဖက်က မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိဖို့ ဆင်ခဲ့တဲ့ အကွက်တစ်ကွက်ပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စနစ်တကျ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို သုံးသပ်ကြည့်ရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အနိုင်ယူပြီးတက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ကို နိုင်ငံတကာမှ ဖိအားပေးရန် ပြည်ထဲရေးက ဆင်ခဲ့တဲ့ အကွက်တစ်ကွက်လို့ပြောရင် မှားမယ်မထင်ပါဘူး။
အခုဆို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထဲရေးရဲ့ လှည့်ကွက် ထောင်ချောက်ထဲကို မသိမသာ တိုးဝင်မိသွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာတွေ့ရပါတယ်။ နောက်ဆုံးတော့ သူနေအိမ်အကျယ်ချုပ်ခံရစဉ် ကာလတစ်လျှောက်လုံး ထောက်ခံအားပေးခဲ့တဲ့ ကျေးဇူးရှင် နိုင်ငံတကာကိုတောင် ဒေါ်အောင်စုကြည်က အသိတရားကင်းမဲ့စွာ ဒေါကန်လာခဲ့ပြီ။ ဒီတော့ အမှန်ကိုထောက်ပြလို့ ပြန်ပြီး ဒေါကန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေပြီး တစ်ချိန်က သူ့ကို အသိအမှတ်ပြု ချီမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုတောင် ပြန်ရုပ်သိမ်းလိုက်ဖို့အထိ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလာ တွေ့ရှိရပါတယ်။ ဒါတွေက ပြည်ထဲရေးရဲ့ ပါးနပ်တဲ့ ထောင်ချောက်ကို ဒေါ်အောင်ဆန်းစုကြည် အသိတရား ကင်းမဲ့စွာ ဇွတ်တိုးဝင်လိုက်တာပါပဲ။
အခုဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားမှုတွေကို ရဲရဲဝံ့ဝံ့ လက်ညှိုးထိုးပြမှု၊ အမှန်တရားဖက်က ရပ်တည်မှု၊ လူ့အခွင့်အရေးကို မြတ်နိုးမှု စတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ဝိသေသတွေ ပျောက်ကင်းနေပြီး သူ့အပြောအဆိုတွေကလည်း ရှေ့နောက်မညီ ဖြစ်လာတာ တွေ့နေရပါတယ်။ တလောက ဂျပန်နိုင်ငံသွားတုန်းက မောင်တော တိုက်ခိုက်မှုကို အထောက်အထား သေချာမရမချင်း ဘယ်သူ့ကိုမှ မလွှဲချချင်ဘူးလို့ ပြောခဲ့သလို တစ်ချို့အင်တာဗျူးတွေမှာတော့ စစ်တပ်ရဲ့လုပ်ရပ်တွေ မှန်ကန်နေတယ်၊ သူကိုယ်တိုင် စစ်တပ်နဲ့ အတူရှိတယ်ဆိုပြီး ထောက်ခံပြသွားတယ်။ သူကိုယ်တိုင် စစ်တပ်နဲ့ အတူတူ ရာဇာဝတ်မှု ကျူးလွန်နေတယ်လို့ ဝန်ခံသွားသလိုပါပဲ။ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေအပေါ် ဥပဒေမဲ့ ကျူးလွန်နေတဲ့ ရာဇာဝတ်မှုတွေကို ထောက်ခံပြသွားတာပါပဲ။
ပြီးတော့ သူ့ရဲ့ ဒီမိုကရေစီလှုပ်ရှာမှုကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တဲ့ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သူ့နိုင်ငံအရေး ဝင်ရောက်မစွက်ဖက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်။ ဒီလိုမျိုး သူ့ကို အစဉ်အမြဲ ထောက်ခံခဲ့တဲ့ နိုင်ငံတွေနဲ့ စိတ်ဝမ်းကွဲအောင် စစ်တပ်က ဖန်တီးခဲ့တဲ့ အကွက်သာဖြစ်ပြီး ထိုအကွက်ဆိုးထဲကို ဒေါ်အောင်ဆန်းစုကြည် ဇွတ်မိုက်စွာ တိုးဝင်ခဲ့တာကတော့ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။ တစ်ချို့နိုင်ငံရေး သုံးသပ်သူတွေက ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို သူ့ဖက်ပါလာအောင် မြူဆွယ်ဖို့ ကြိုးစားရင်း စစ်တပ်က သူ့ကို မြူဆွယ်လိုက်ပြီ ဆိုတဲ့ အချက်ကို ထောက်ပြနေတာတွေလည်း အင်မတန် မှန်ကန်နေတယ်လို့ ပြောရပါလိမ့်မယ်။
ပြီးတော့ ခေတ်အဆက် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ရာဇာဝတ်မှုတွေကို အခုအစိုးရအပေါ် ပုံချနိုင်ခဲ့တာလည်း စစ်တပ်ရဲ့မဟာဗျူဟာမြောက်တဲ့ လှည့်ကွက်တစ်ကွက်ပါပဲ။ တကယ်တော့ ပြည်ထဲရေးလက်အောက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရလက်အောက်ဖြစ်ပြီး ပြည်ထဲရေး အကွက်အတိုင်း ရွေ့နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို လုံးဝဂရုမစိုက်ပါဘူး။ အောက်ကဟာတွေကို ဖတ်ကြည့်ပါ။
------
အရပ်သားအစိုးရကို စောက်ဂရုမစိုက်ဘူး ဆိုတဲ့ သဘော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကွဲရေးမှူးနှင့် စစ်တပ်မှ ပြောကြား
ဒီဇင်ဘာလ ၁၀ ရက်နေ့၊ မောင်တော ခမောင်းဆိပ်ဆိုတဲ့ ရွာမှာ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူးက ဒေသခံရိုဟင်ဂျာတွေနဲ့ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ကွပ်ကဲရေးမှူး သူရစန်းလွင် ပြောကြားခဲ့တာကို ကြည့်ရင် သူတို့လက်နက်ကိုင် အဖွဲ့တွေက အရပ်သားအစိုးရကို စောက်ဂရု မစိုက်ဘူး ဆိုတဲ့ အာဘော်ကို တွေ့ရပါလိမ့်မယ်။
သူပြောသွားတာက ခပ်ရိုင်းရိုင်းလေးပါပဲ။ သူတို့ဖက်က ပါသွားတဲ့ လက်နက်တွေကို ပြည်သူတွေကို ရအောင်ပြန်ယူပေးဖို့ ပြောနေတာက အင်မတန် အဓိပ္ပါယ်မဲ့နေပါတယ်။ အဲ့ဒီလက်နက်တွေ ယူမပေးနိုင်ရင် သူ့ဖက်က ခပ်ပြတ်ပြတ်ပဲ ဆက်လက် သတ်ဖြတ်နေမယ် ကိုင်တွယ်နေမယ်ဆိုပြီးလည်း ပြောသွားတာတွေ့ရတယ်။ ဆိုလိုတာက အိမ်တွေကို နောက်ထပ်မီးရှို့မယ်။ လူတွေကိုသတ်ဖြတ်မယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်မယ်။ လုပ်ချင်တိုင်းလုပ်မယ်ဆိုတဲ့ သဘောပါပဲ။
သူပြောခဲ့တာကို ဒီ clip မှာ ကြည့်ပြီး နားထောင်ပါ။
မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့၌ နယ်ခြားစောင့်ရဲစခန်း နှစ်ခုနဲ့ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာက စခန်းတစ်ခု စုစုပေါင်း သုံးခု တိုက်ခိုက်ခံခဲ့ရတာ လူတိုင်းအသိပါပဲ။ ဒီတိုက်ခိုက်မှုကို "အာလ်ယေကင်း" ဆိုတဲ့ တုတ်၊ဓား ပိုင်ဆိုင်နေတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့တိုက်ခိုက်တာ ဖြစ်တယ်လို့ တာဝန်ယူ ဝန်ခံပြောကြားထားသလို အစိုးရကိုယ်တိုင်ကလည်း "အာကာမူလ်မူဂျာဟီဒီန်း" အဖွဲ့က လုပ်ဆောင်တာပါလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ငယ်လေးကို ဒေသခံ ရိုဟင်ဂျာတွေက သိရှိခြင်း မရှိသလို၊ သူတို့နဲ့ သွားရောက် ပူးပေါင်းခဲ့တာလည်း မရှိခဲ့ပါဘူး။ အစိုးရကိုယ်တိုင်က ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်ကြံဖန်တီးပြီး ဖွဲ့စည်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲ ဖြစ်ဖြစ် လက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပျက်ခဲ့တဲ့ဟာနဲ့ ဆွဲယူပြီး အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ချေမှုန်းနေတာကတော့ အင်မတန် ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်လွန်းပါတယ်။ ပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း အစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေက ရိုဟင်ဂျာ ရွာတစ်ချို့ကိုဝန်းရံပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာတွေ အရင်ကထက် ပိုခံလိုက်ခဲ့ရတာပဲ။ ဒီတော့ အားကိုးစရာမဲ့နေတဲ့ ရိုဟင်ဂျာတွေ နောက်ဆုံးမတတ်သာ၍ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေးနေရတာပါ။ ဒီတော့ ဘင်္ဂလားဒေရှ့် အစိုးရက မြန်မာအစိုးရကို ဖိအားပေးမယ်။ ဒါလည်း အရပ်သားအစိုးကို ဖရိုဖရဲဖြစ်စေဖို့ ပြည်ထဲရေး ဆင်ခဲ့တဲ့ အကွက်လှလှလေး တစ်ကွက်ဆိုရင် လွန်မယ် မထင်ပါဘူး။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သမ္မတဦးထင်ကျော် ဖွဲ့စည်းခဲ့တဲ့ မောင်တောဖြစ်စဉ် လေ့လာရေးကော်မရှင် မောင်တောကို ရောက်လာခဲ့ပါတယ်။ ဒီတော့ ဒေသခံရိုဟင်ဂျာတွေကလည်း သူတို့ခံခဲ့ရတဲ့ မတရားမှုတွေကို ကော်မရှင်ထံတင်ပြဖို့ စောင့်ဆိုင်းနေတုန်း စစ်တပ်အရာရှိတစ်ယောက် လာပြောသွားတာက ဒီလိုပါ။
"မင်းတို့ကုလားတွေ ဘယ်လောက်ပဲ ပြောပြော သူတို့က ငါတို့အဖွဲ့ပဲ။ မင်းတို့ အဖေမဟုတ်ဘူး။ သူက စစ်တပ်က သွားတဲ့ သမ္မတပဲ။ သူနဲ့အတူပါလာတဲ့ ကျန်လူတွေကတော့ အစိုးရလူတွေဆိုတော့ အဲ့ဒီအရပ်သား အစိုးရကို ငါတို့လက်နက်ကိုင်တပ်ဖွဲ့တွေက စောက်ဂရုကို မစိုက်ဘူး။" တဲ့။ ကဲ ... အခြေအနေတွေကို သုံးသပ်ကြည့်ပါ။

နောက်တစ်ခုက- အရင် စစ်အာဏာရှင်ရဲ့ အမာခံလူဖြစ်ပြီး ယခုသမ္မတရုံးရဲ့ ဒုတိယ ညွန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ထမ်းဆောင်နေသူ ဦးဇော်ဌေးကလည်း အစိုးရဲ့ရွေ့လျားမှုကို အနီးကပ်လေ့လာပြီး ပြည်ထဲရေးရဲ့အကွက်တွေမှာ အားဖြည့်နေသူပါပဲ။ ပြည်ထဲရေးက ကျူးလွန်မိသမျှကို သူတာဝန်ယူထားတဲ့ သမ္မတရုံး ပြောရေးဆိုခွင့် အပိုင်းကနေ လုံးဝအကာအကွယ် ပေးနေပြီး ပြည်ထဲရေးကို ဆက်လက် ကျူးလွန်နိုင်ဖို့ လမ်းခင်းပေးနေတယ်။ တစ်ဖက်က အရပ်သားအစိုးရကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာကျအောင် လုပ်ဆောင်နေတာ အမှန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အမြဲ ထောက်ခံလာခဲ့တဲ့ နိုင်ငံတကာက သတင်းဌာနတွေကိုလည်း အခုဆို ဦးဇော်ဌေးက ရိုဟင်ဂျာ အကြောင်းပြပြီး ထိုးနှက်ဝေဖန်လာခဲ့သလို လိမ်ညာနေသူများအဖြစ် ပုံဖော်ပြီး တန်ပြန် ပြောဆိုရေးသား နေတာ တွေ့နေရပါတယ်။
ဦးဇော်ဌေးကို နောက်ကွယ်က အားပေးနေသူတစ်ဦးကတော့ အရင်အစိုးရလက်ထက် ဦးဇော်ဌေးနဲ့အတူ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပါပဲ။ ဉာဏ်နီဉာဏ်နက်နှစ်ဦး လက်ဝါးညီညီရိုက်ပြီး အရပ်သားအစိုးကို ကမ္ဘာ့အလယ်နဲ့ မြန်မာပြည်သူအကြား အရှက်ကွဲအောင် လုပ်နေတာတွေကို ပညာတတ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိသွားပေမယ့် အတန်ကြာကြာ မှိုင်းတိုက်ခြင်းအောက် နေနေရတဲ့ သနားစရာ မြန်မာပြည်သူအများစုကတော့ မသိရှာဘဲ အရင်က မုန်းခဲ့တဲ့ ဦးဇော်ဌေးလို လူကိုတောင် အခုဆို အချစ်ဆုံး ဆိုပြီး နမ်းနေတဲ့ အထိ ရူးသွပ်သွားပါပြီ။ ဒါကလည်း စစ်တပ်က အလိုချင်ဆုံး အကွက်တစ်ကွက်ပဲ ဆိုရင် လုံးဝမှန်ကန်ပါတယ်။
ဒီတော့ အာလုံးကို ခြုံငြုံသုံးသပ်လိုက်ရရင် ပြည်ထဲရေးရဲ့ ရည်ရွယ်ချက်ရှိရှိ ဆင်ခဲ့တဲ့ ထောင်ချောက်ထဲမှာ အရပ်သားအစိုးရက ပုဂ္ဂိုလ်တွေ မသိမသာ မိသွားခဲ့ပြီး ထိုသို့ ပြည်ထဲရေးနဲ့ အရပ်သား အစိုးရတို့ရဲ့ အာဏာလွန်ဆွဲပွဲကြားမှာ အပြစ်မဲ့ ရိုဟင်ဂျာတွေကတော့ မြေစာပင် ဖြစ်နေရကြောင်းပါ။
RB News
12.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် အသက် ၆၆ နှစ် အရွယ် အဖိုးအို တစ်ဦးကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ၆ ရက်အကြာတွင် အလောင်းပြန်လည် ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် စစ်သား ၅၀၀ ခန့် ၀င်ရောက်လာပြီး ဒေသခံ ရွာသားများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှ အသက် ၆၆ နှစ်အရွယ် ဦးဒေါလာမျာ (ဘ) ဦးအိုက်မောသ် ကို စစ်သားများက ခေါ်ဆောင်သွားပြီး ကပ္ပားခေါင်းရွာရှိ ပုဇွန်ကန်များ အနီးတွင် မြှုပ်နှံထားခဲ့သည်။ အရှင်မြှုပ်နှံ ခဲ့ခြင်းလား သတ်ဖြတ်ပြီးနောက် မြှုပ်နှံခဲ့ခြင်းကို ဒေသခံများက မသိရှိဟုဆိုသည်။
ဦးဒေါလာမျာ၏ မိသားစုများက ဖမ်းဆီးသွားသည့် အချိန်မှစ၍ မည်သည့် သတင်းမှ မရသဖြင့် လိုက်လံ ရှာဖွေကြရာ ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ညနေ (၅) နာရီ အချိန်တွင် ဦးဒေါလာမျာ၏ မသင်္ကာစရာ မြှပ်နှံထားသည့် သဖွယ် တွေ့ရှိရသဖြင့် တူးဖော်ကြည့်ကြရာ ဦးဒေါလာမျာ၏ အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဦးဒေါလာမျာ၏ ရုပ်အလောင်းကို ဒေသခံများက ယနေ့ နေ၀င်ချိန်တွင် အစ္စလာမ် ဘာသာရေး ထုံးထမ်းစဉ်လာနှင့် အညီ မြှုပ်နှံ သဂြိုလ်လိုက်ကြောင်း သိရှိရပါသည်။

ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ပြင်သစ်သမိုင်း ပညာရှင်နှင့် ဦးသာအေးတွေ့ဆုံ
- Brisbane မြို့ အီးဒ်ပါတီသို့ သြစတြေးလျ လွှတ်တော်အမတ် တက်ရောက် အားပေး
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၃)
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ သတင်းစာရှင်းလင်းပွဲ ကျင်းပ (ရုပ်/သံ)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
- အာရကာနစ္စတန် (Arakanistan) အပိုင်း (၁)
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- ဆော်ဒီမှ ရိုဟင်ဂျာ အရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းမည်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ