နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
12.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့မှ ရခိုင်လူမျိုး တစ်ဦးနှင့် နယ်ခြားစောင့်ရဲများသည် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့ ရပ်ကွက် (၇) မှ ရခိုင်လူမျိုး တစ်ဦးဖြစ်သူ ဦးတင်မောင် (အသက် ၄၅ နှစ်) သည် သစ်တောကြိုးဝိုင်း အတွင်း နွားများဝင်ရောက်ခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ နွားများကို ထိန်းသိမ်းထားခဲ့ပြီး ငွေညှစ်ခဲ့သည်။ 

မတ်လ (၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ရပ်ကွက် (၈) မှ မော်လ၀ီ အဒူမူနာဖ် (ဘ) ဦးအဒူဂေါ်ဖူရ် (အသက် ၄၇ နှစ်) ၏ နွားကို ထိန်းသိမ်း၍ မတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ငွေကျပ် တစ်သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ မတ်လ (၈) ရက်နေ့တွင်လည်း ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးသည် အဆိုပါရွာ ဦးမာမတ်ဇော်လိလ် (ဘ) ဦးရှာကဲရ်မိုဟာမတ် (အသက် ၄၅ နှစ်) အား နံနက် (၇) နာရီ အချိန်တွင် ကင်းစခန်းသို့ ဆင့်ခေါ်ကာ အခြားသူတစ်ဦးက တိုင်တန်းထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ 




MYARF
RB News
12.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင် န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေစိုက်ထားသည့် စခန်းမှ စစ်သားနှစ်ဦး ထွက်ပြေး သွားခဲ့ရာ ပြန်လည် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင် န.တ.လ ရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေစိုက်ထားသည့် စခန်းမှ စစ်သားနှစ်ဦးသည် မတ်လ (၁၁) ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် ယူနီဖောင်းများ ၀တ်ဆင်လျက် သေနတ်များ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းမှ ထွက်ပြေးခဲ့သည်။ ထို့နောက် စံပယ်ကုံးကျေးရွာသို့ ရောက်ရှိလာပြီး အိမ်တစ်အိမ်၏ တံခါးကို ရိုက်ချိုးဝင်ရောက်ကာ အိမ်ရှင်ကို ခြိမ်းခြောက်၍ ငွေကျပ် တစ်သောင်း လုယူ၍ တောတောင်ထဲသို့ ၀င်ရောက်သွားခဲ့သည်။ 

ငွေကျပ်တစ်သောင်း လုယက်ခံရသည့် အိမ်ရှင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်တန်းခဲ့ရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက စေတီပြင် ဘုန်းကြီးကျောင်းရှိ စစ်သားများကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထို့နောက် စစ်သားများ လာရောက်၍ ထွက်ပြေးသွားသည့် စစ်သားနှစ်ဦးကို ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ပေ။ 

ယနေ့ မတ်လ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် အဆိုပါ ထွက်ပြေးသွားသည့် စစ်သားနှစ်ဦးကို ငါးစကြူးကျေးရွာ၏ အရှေ့ဘက်ရှိ ကာဆိမ့် တောင်တန်းထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 


MYARF
RB News
12.3.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့အပိုင် အောင်ဇံကျေးရွာအုပ်စု၊ သက်ရွာအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အမည်မသိ ရခိုင်လူမျိုးဟု ယူဆရသူ (၂) ဦး ၀င်ရောက်၍ သေနတ်နှစ်လက် ဆွဲယူ၍ မိုးပေါ်ထောင် ပစ်ဖောက်ခဲ့ရာ စခန်းမှူးအပါအ၀င် ရဲတပ်သားများအားလုံး အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပြီး၊ အဆိုပါ သေနတ်လုယက်သူနှစ်ဦးသည် သေနတ်ကို မိုးပေါ်သို့ ထောင်၍ အဆက်မပြတ်ပစ်ခတ်ပြီး အနောက်ဘက်ရှိ ဝေလာ တောင်တန်းထဲသို့ ၀င်ရောက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၁၁) ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ခမောင်းဆိပ်ဈေးမှ အငှားဆိုင်ကယ် ငါးစီးဖြင့် ကျောပိုးအိတ် ကိုယ်စီပါသော ရခိုင်လူမျိုးဟု ယူဆရသူ (၅) ဦးသည် အောင်ဇံကျေးရွာအုပ်စု သက်ရွာဘက်သို့ စီးနင်းလာစဉ် သက်ရွာအ၀င်ဝရှိ နယ်ခြားစောင့်ရဲများက မသင်္ကာသဖြင့် ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့သည်။ ရဲများက ကျောပိုးအိတ်များ အားလုံးကို စခန်းရှေ့တွင် ချထားပြီး ဖွင့်ကြည့် စစ်ဆေးရန်အတွက် ၎င်းတို့၏ လက်နက်များကို စခန်းတွင်းရှိ စားပွဲပေါ်တွင် ချထားပြီး ကျောပိုးအိတ်များကို ဖွင့်၍ ၀ိုင်းပြီး စစ်ဆေးနေစဉ် ရခိုင်လူမျိုးဟု ယူဆရသူ (၃) ဦးက ရဲများ၏ အနားကပ်ရပ်နေခဲ့ပြီး၊ ကျန် (၂) ဦးက စခန်းတွင်းသို့ ၀င်သွားခဲ့သည်။

စခန်းမှူးအပါအ၀င် နယ်ခြားစောင့်ရဲများက ကျောပိုးအိတ်များထဲတွင် လက်ပစ်ဗုံးများ စစ်ဆေးတွေ့ရှိပြီး ပျော်ရွှင် ရယ်မောနေစဉ် စခန်းတွင်းသို့ ၀င်သွားသူနှစ်ဦးက သေနတ်များ ဆွဲယူ၍ မိုးပေါ်ထောင် ပစ်ခတ်သည့်အခါ စခန်းမှူးအပါအ၀င် ရဲတပ်သားများ အားလုံး ထွက်ပြေးသွားခဲ့သည်။  ထို့နောက် ရခိုင်လူမျိုးဟု ယူဆရသူ (၅) ဦးတို့သည် ၎င်းတို့၏ ကျောပိုးအိတ်များကို ကောက်ယူ၍ ရဲများ၏ သေနတ်များဖြင့် မိုးပေါ်သို့ ပစ်ဖောက်၍ အနောက်ဘက်ရှိ ဝေလာ တောင်တန်းသို့ ၀င်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မတ်လ (၁၂) ရက်နေ့တွင် မိုင်တိုင် (၄၂) အနီးတွင် လုယက်သွားသည့် လက်နက် နှစ်လက်ကို ပြန်လည် ရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ 




Rohingya Eye
RB News
11.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာသို့ တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေခဲ့ပြီး၊ လုယက်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာသို့ မတ်လ (၁၀) ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျနှင့် အတူ စစ်သားများ၊ နယ်မြေ (၅) မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရွာကို ၀န်းရံပိတ်ဆို့ကာ နေအိမ်အချို့ကို ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ 

ရပ်ကွက် (၁) မှ မော်လ၀ီနူရ်ဟာကိမ်း (ဘ) ဦးမော်သူရာမာန် (အသက် ၃၅ နှစ်) ၏ နေအိမ်ကို ၀င်ရောက်ရှာဖွေစဉ် ငွေကျပ် တစ်သောင်းနှင့် ကြက်တစ်ကောင် လုယက်သွားခဲ့သည်။ နံနက် (၇) နာရီ အချိန်တွင် ရပ်ကွက် (၄) မှ အဒူဟာလဲခ် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၂၂ နှစ်) ၏ စားကုန်ဆိုင်ကို စစ်သားများက ဖောက်ထွင်း၍ ဆိုင်ထဲမှ ငွေကျပ် တစ်သောင်းနှင့် စားကုန်ပစ္စည်း တန်ဖိုး ၄ သောင်းကျပ်ရှိ ပစ္စည်းများ လုယက်ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စစ်သားများ လုယက်ခဲ့သည်ကို တပ်ရင်းမှူးက သိရှိသွားသောအခါ ဆိုင်ပိုင်ရှင်ဖြစ်သူကို လျော်ကြေးငွေ တစ်သောင်းခွဲ ပြန်လည်ပေးခဲ့ကြောင်း၊ ဆိုင်ပိုင်ရှင်မှ လုယက်ခံခဲ့ရသည့် အတိုင်း လျော်ကြေး ပြန်လည်မရခဲ့ကြောင်း ဒေသခံများက ဖြည့်စွက်ပြောပါသည်။

ညနေ (၄) နာရီ အချိန်တွင် တပ်ရင်းမှူးနှင့် အဖွဲ့သည် ရွာမှ ပြန်လည် ထွက်ခွာသွားပြီး၊ မတ်လ (၁၁) ရက်နေ့ နံနက် အာရုဏ်တက်ချိန်တွင် ထပ်မံရောက်ရှိလာခဲ့သည်။

စစ်သားများနှင့်အတူ ပါလာသည့် ခွေးတစ်ကောင်သည် ရပ်ကွက် (၄) မှ ဦးမာမတ်ဆာလာမ် (ဘ) ဦးအဒူမော်ဇီးဒ် (အသက် ၄၅ နှစ်) ၏ ဆိတ်တစ်ကောင်ကို ကိုက်ခဲ့ပြီး၊ ကိုက်ခံရသည့် ဆိတ်မှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ ဆိတ်မှာ ၄ ပိဿာခန့်ရှိသည့် အရွယ်ဖြစ်ပြီး၊ ပိုင်ရှင်ဖြစ်သူကို လျော်ကြေး ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

တပ်ရင်းမှူးနှင့် အဖွဲ့သည် ကျေးရွာတာဝန်ခံ ဦးအာဘူလ်ကာလာမ်၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် တရားခံများကို ရှာဖွေနေသည့် ပုံစံမျိုးဖြင့် လာရောက်ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။ 

“ကျေးရွာတာဝန်ခံ အာဘူကာလာမ်ရဲ့ မမှန်မကန် သတင်းပေးမှုကြောင့် စစ်သားတွေ ရောက်လာတာ၊ သူက တရားခံစာရင်းမှာ ပါတယ် ပြောပြီးတော့ ငွေတောင်းနေတာတွေ ရှိတယ်။ ငွေပေးဖို့ ငြင်းဆန်တဲ့ ရွာသားတွေရဲ့ အိမ်တွေကို စစ်သားတွေ ခေါ်လာတာပါ။ အခုလို မတည်မငြိမ် ဖြစ်အောင်လုပ်တဲ့လူကို ထိရောက်စွာ အရေးယူသင့်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein

မသိင်္ဂီထိုက်
8.3.2017

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ချိုးဖောက်မှုတွေကို စုံစမ်းရေး ကုလသမဂ္ဂ ကော်မရှင်ဖွဲ့စည်းဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး ဖွင့်လှစ်ခွင့်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် ကုလ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာ အနေအထား ရှိနေတာကြောင့် ကုလ သမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ဒီကနေ့ ကုလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တိုက်တွန်းလိုက်တာပါ။

“ဆိုးရွားပြီး နှစ်ပေါင်းများစွာဖြစ်လာတဲ့ နှိပ်စက်ညှဉ်းပန်းမှု အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးဆိုးဝါးဝါး သတင်းတွေဟာ ကျနော့်အတွက်တော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဆင့်ထိ မြောက်နိုင်ဖွယ်ရှိပြီး ဒါဟာ နိုင်ငံတကာ ရာဇ၀တ်တရားခုံရုံး ICC က ကိုင်တွယ်လုပ်ဆောင်ခွင့် ရှိတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ အထူးသဖြင့်၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း လုံခြုံရေး ဆောင်ရွက်ချက်တွေကို အနည်းဆုံးတော့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ လူ့အခွင့်အရေး ကောင်စီကို ကျနော် တောင်းဆိုပါတယ်။ နောက် နိုင်ငံတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံး ဖွင့်လှစ်ခွင့်ရဖို့ကိုလည်း ထပ်ပြီး တောင်းဆိုပါတယ်။”

နှစ်ပေါင်းများစွာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်စလင်တွေ အရေး ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ အစိုးရဘက်က ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းထားသလို ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဖွဲ့ဏည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ကုလ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းဖို့ တိုက်တွန်းချက်ကိုတော့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က သဘောထား မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်က ရခိုင် အရေး ဖြေရှင်းရေး အကြံပြုချက် အစီရင်ခံစာကို ဒီရက်ပိုင်း အတွင်းမှာဘဲ မြန်မာ အစိုးရကို တင်ပြဖို့ ရှိတဲ့ အကြောင်း ပြောပါတယ်။

“ကျနော်တို့ကတော့ သဘောထားဘာမှ မပေးသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြားဖြတ်အစီရင်ခံစာထွက်ဖို့ရှိပါတယ်။ အဲဒီတော့ ကြားဖြတ်အစီရင်ခံစာလေးထဲမှာ မျှမျှတတနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကိုအကြံပေးဖို့ရှိပါတယ်။ အဲဒါရက်ပိုင်းအတွင်းထွက်မှာပါ။ အဲဒါမထွက်ခင်အချိန်အထိတော့ ဘာမှ comment ပေးဖို့မရှိပါဘူး။ ရခိုင်ပြည်ကြီးတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘယ်လိုကျနော်တို့ လုပ်ရင်ကောင်းမယ်ဆိုတာကို အဲဒါကို ကျနော်တို့ ခြုံငုံပြီးတော့ အစိုးရကို အကြံပြုမှာပါခင်ဗျာ။”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၄ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံ ရခိုင်ဒေသ အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာကိုတော့ မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့် မရတဲ့ အခြေအနေကြောင့်ဘင်္ဂလားဒေရှ့် နိုင်ငံကို သွားရောက်ပြီး ပြုစုရေးသားခဲ့တာလို့ ပြောဆိုသွားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်လို့တော့ မြန်မာ အစိုးရဘက်က တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပါဘူး။

RB News
8.3.2017

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ School of Law, Queen Mary University of London ၌ မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ရိုဟင်ဂျာနှင့် ကချင်လူမျိုး ကိုယ်စားလှယ်များက အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် အမြဲတမ်း ပြည်သူ့ခုံရုံးသို့ ၎င်းတို့၏ မျိုးနွယ်စုများအပေါ် မြန်မာအစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ကိုယ်တိုင်ထွက်ဆိုချက်များ၊ မှတ်တမ်းတင်ထားသည့် ထွက်ဆိုချက်များ တင်ပြခဲ့သည်။ မြန်မာအစိုးရက စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ စသော ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွဲချက်များ တင်ခဲ့သည်။

Queen Mary University of London မှ ပါမောက္ခ နှင့် International State Crime Initiative မှ ဒါရိုက်တာ Penny Green, School of Oriental and African Studies, University of London မှ Dr. Manday Sadan, Centre for Human Rights Research and Advocacy, Malaysia မှ ရှေ့နေ Mr. Azril Mohamed Amin တို့နှင့်အတူ ကမ္ဘာတစ်လွှားမှ ကျွမ်းကျင်သူ သက်သေများက သက်ဆိုင်ရာ ရာဇ၀တ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများနှင့် ဆက်နွယ်သော နောက်ခံသမိုင်းကြောင်းများကို တင်ပြခဲ့သည်။

မကြာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ မုဒိမ်းကျင့်ခြင်းကို ခံရသည့် ရိုဟင်ဂျာအမျိုးသမီးများ၏ ထွက်ဆိုချက် ဗီဒီယိုမှတ်တမ်းများကိုလည်း ဂျူရီအဖွဲ့သို့ တင်ပြခဲ့သည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားမှ ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပြီး၊ အဆိုပါ ကြေညာချက်ကို မတ်လ ၇ ရက်နေ့တွင် ဒေါက်တာဇာနည်မှ ဖတ်ကြားခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကြေညာချက်တွင် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်နေမှုအပေါ် ၎င်း၏ စိုးရိမ်မကင်းဖြစ်မှုကို သိရှိစေရန် အတွက် မြန်မာအစိုးရခေါင်းဆောင် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံ သီးသန့်ဆက်သွယ်၍ ပြောကြားခဲ့ကြောင်း ရေးသားထားသည်။

ဂျူရီအဖွဲ့တွင် ပါဝင်ကြသူများမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်တစ်ဦးလည်း ဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ ပညာရှင်များ အဖွဲ့၏ ဥက္ကဌဟောင်း Prof Daniel Feierstein, Khmer Rouge Tribunal မှ Public Affairs Officer ဟောင်း Dr. Helen Jarvis နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း (၁၉၉၄-၁၉၉၈)၊ ၂၀၀၃ ခုနှစ် Gandhi International Peace Award ဆုရှင် Mr. Denis Halliday တို့ဖြစ်ကြသည်။

လန်ဒန်မြို့တွင် Queen Mary University of London ၏ International State Crime Initiative မှ တစ်ရက်ခွဲကြာ ကျင်းပသည့် အစီအစဉ်များသည် အဖွင့်တရားခွင် ကြားနာချက်များ ဖြစ်ပြီး၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အဆုံးသတ်တရားခွင် ကြားနာချက်အတွက် ကျင်းပဦးမည် ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပြည်သူ့ခုံရုံးကို ရိုဟင်ဂျာ၊ ကချင်နှင့် ကမ္ဘာတစ်လွှားရှိ မြန်မာအဖွဲ့အစည်း ၂၀ ကျော်၊ International State Crime Initiative, Queen Mary University of London, Protect the Rohingya (South Africa), Genocide Watch, Burma Task Force USA, မလေးရှားနိုင်ငံမှ The International Movement for a just World နှင့် Centre for Human Rights Research and Advocacy (Centhra) ကဲ့သို့သော လူ့အခွင့်အရေး ကွန်ယက်များနှင့် ကမ္ဘောဒီးယားမှ Youk Chhang ကဲ့သို့သော လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး လှုပ်ရှားသူများမှ အသိအမှတ်ပြု ထောက်ခံအားပေးကြသည်။

ယခုခုံရုံးသည် ပြည်သူများ၏ ကနဦးကြိုးပမ်း စွမ်းဆောင်မှုဖြစ်ပြီး၊ Queen Mary University of London နှင့် တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် Mark Sampson, ကိုအောင်၊ လန်ဒန်မြို့ရှိ ရိုဟင်ဂျာအသိုင်းအ၀ိုင်း၊ Burma Task Force USA နှင့် Women Collective for People’s Rights, Lecco, Italy တို့က ရက်ရက်ရောရော ထောက်ခံ ပံ့ပိုးမှုတို့ကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ 

မြန်မာအစိုးရ ဒု-သမ္မတ ဦးမြင့်ဆွေ ထိုင်ရန် ထိုင်ခုံ

Permanent People's Tribunal ခုံရုံးက မြန်မာအစိုးရမှ ဒု-သမ္မတ ဦးမြင့်ဆွေအား ခုံရုံးသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြားခဲ့ပြီး၊ သီးသန့် ထိုင်ခုံနေရာ ထားရှိခဲ့သော်လည်း လာရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

ဒေါက်တာဇာနည်

Permanent People's Tribunal မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Giani Tognoni

အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ခဲ့ပြီး၊ ဒေါက်တာဇာနည်က အစီအစဉ်များကို ကြေညာပြီးနောက် Permanent People’s Tribunal မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Giani Tognoni က ခုံရုံးနှင့် သက်ဆိုင်သည့် နည်းလမ်းများ အကြောင်း တင်ပြခဲ့သည်။ 

ARNO မှ ကိုယ်စားလှယ် Mr. Ronnie

ကချင်အမျိုးသားအဖွဲ့ (ယူကေ) မှ ဥက္ကဌ Mr. Ringdu Lachung

ထို့နောက် အာရ်ကာန်ရိုဟင်ဂျာအမျိုးသားအစည်းအရုံး (ARNO) မှ ကိုယ်စားလှယ် Mr. Ronnie နှင့် ကချင်အမျိုးသားအဖွဲ့ (ယူကေ) မှ ဥက္ကဌ Mr. Ringdu Lachung ၎င်းတို့၏ လူမျိုးစုအပေါ် မြန်မာအစိုးရနှင့် စစ်တပ်တို့မှ ကျူးလွန်နေသည့် ရာဇ၀တ်မှုများ အကြောင်း တင်ပြခဲ့သည်။

Dr. Mandy Sadan

ကချင်နှစ်ခြင်းခေါင်းဆောင်၏ ဗီဒီယိုမိန့်ခွန်း ပြသနေစဉ်

School of Oriental and African Studies မှ Associate Dean of Research (Art and Humanities), "Being and Becoming Kachin: Histories beyond the State in the Border worlds of Burma (OUP, 2013) စာအုပ်ရေးသားသူ Dr. Mandy Sadan နှင့် Kachin National Organization (UK) ဥက္ကဌ Mr. Ringdu Lachung တို့က ဖိနှိပ်ခံ ကချင်လူမျိုးများ အကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကချင်နှစ်ခြင်းခေါင်းဆောင်မှ ပြောကြားသည့် ဗီဒီယိုကို ပြသခဲ့သည်။ 

 မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ဥက္ကဌ ဦးထွန်းခင်

မြန်မာစစ်တပ်မှ လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ခြေထောက်ပြတ်သွားခဲ့သူအား ဦးထွန်းခင် တွေ့ဆုံမေးမြန်းခဲ့သည့် ဗီဒီယို ပြသနေစဉ် 

မြန်မာရိုဟင်ဂျာအစည်းအရုံး (ယူကေ) ဥက္ကဌ ဦးထွန်းခင် က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ၎င်းကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် ဗီဒီယိုများနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ပြောကြားချက်များကို တင်ပြခဲ့သည်။ 

Rohingya Blogger (RB News) တည်ထောင်သူ ဦးဘစိန် 

ဘူးသီးတောင်မြို့နယ် အစိုးရ အထက်တန်းကျောင်းမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှ 

Rohingya Blogger (RB News) တည်ထောင်သူ၊ ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားကြီးပြင်းပြီး၊ သမ၀ါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘစိန်နှင့် ဘူးသီးတောင်မြို့နယ် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာမ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လှ တို့က ၁၉၇၈ ခုနှစ်တွင် ဦးနေ၀င်း အစိုးရက နဂါးမင်းစီမံချက် ဆောင်ရွက်ခဲ့ပုံ၊ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုများကို ရုပ်သိမ်း၍ နိုင်ငံမဲ့ဘ၀သို့ ပို့ခဲ့သည့် အကြောင်းအရာများကို အကျယ်တ၀န့် တင်ပြခဲ့သည်။ 

ရှေ့နေ Mr. Azril Mohammed Amin

မလေးရှားနိုင်ငံ Centhra မှ ရှေ့နေ  Mr. Rosal Azmin Bin Ahmad  

မလေးရှားနိုင်ငံမှ ရှေ့နေ Mr. Azril Mohammed Amin နှင့် ရှေ့နေများက မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံမေးမြန်းထားသည်များကို ဗီဒီယိုနှင့်တကွ တင်ပြပြီး၊ ၎င်းတို့က ရိုဟင်ဂျာဒုက္ခသည်များ၏ ထွက်ဆိုချက်များ၊ ရှေ့နေများ၏ သုံးသပ်ချက်များကို ဂျူရီအဖွဲ့သို့ ပေးအပ်ခဲ့သည်။

ပါမောက္ခ Michael Charney ၏ ဟောကြားချက် ဗီဒီယိုပြသနေစဉ်

ထို့နောက် SOAS University မှ ပါမောက္ခ Michael Charney မှ Oxford University တွင် ဟောပြောခဲ့သည့် Ethnic identities and claim to indigeneity in Rakhine or Arakan ဗီဒီယိုကို ပြသခဲ့သည်။

ဒေါက်တာဇာနည်က စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံအကြောင်း၊ ရိုဟင်ဂျာ၊ ကချင်နှင့် အခြားသော လူမျိုးစုများအပေါ် ဖိနှိပ်ရာတွင် ပါဝင်နေသည့် စစ်တပ်၏ အခန်းကဏ္ဍအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ကချင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးများအား စစ်တပ်မှ အကြမ်းဖက်သည်ကို ရှုတ်ချရန် ပျက်ကွက်မှုများ၊ ရိုဟင်ဂျာ လူမျိုးအမည်ကို မသုံးစွဲရန် အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂတို့ကို ပြောကြားခဲ့သည်များကို အသေးစိတ် အကျယ်တ၀န့် ဆွေးနွေးတင်ပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ ဗီဒီယို ပြသနေစဉ်

ဖေဖော်ဝါရီလ (၃) ရက်နေ့က ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စစ်ဆေးခဲ့သည့် တွေ့ရှိချက်များကို ပြောကြားခဲ့ပြီး၊ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာများ ကြုံတွေ့ရသည့် အခြေအနေမှန်ကို ပြောကြားခဲ့သည့် ဗီဒီယိုကို ခုံရုံးမှ ဂျူရီများ သိရှိစေရန် ပြသခဲ့သည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် မှ ရေးသားပေးပို့ခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အကြောင်း၊ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများကို သတ်ဖြတ်မှုများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်မှုများ၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ အကြောင်းကို ဦးထွန်းခင် က ဖတ်ကြားခဲ့သည်။ 

Professor Penny Green

Mr. Fahmi Bin Moin

Dr. Tomas MacManus

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် လျှောက်လဲချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စွဲချက်များကို International State Crime Initiative မှ ပါမောက္ခ Penny Green နှင့် Dr. Tomas MacManus, Fahmi Bin Moin တို့က တင်ပြခဲ့သည်။ 

ဂျူရီအဖွဲ့ (၀ဲမှယာ) Mr. Denis Halliday, Dr. Helen Jarvis, Prof Daniel Feierstein  

ထို့နောက် ဂျူရီအဖွဲ့ဝင်များနှင့် Permanent People’s Tribunal ခုံရုံး အဖွဲ့ဝင်များ၏ နိဂုံးချုပ်မှတ်ချက်များ၊ အကြံပြုချက်များ ထုတ်ပြန်ပြီးနောက် သတင်းစာရှင်းလင်းပွဲကို နေ့လည် ၁၂ နာရီထိ ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပရန် ရှိသည့် အဆုံးသတ် တရားခွင်နှင့် ဂျူရီဆုံးဖြတ်ချက် အကြောင်းများကို ကြေညာခြင်း၊ Permanent People’s Tribunal ခုံးရုံး၏ စွဲဆိုချက်နှင့် ပထမအကြိမ် ကျင်းပသည့် ခုံးရုံး တရားခွင် အကြောင်း အနှစ်ချုပ်များ ကြေညာခဲ့သည်။ 




ဒလိုင်းလားမား၏ ကြေညာချက် ဖတ်ကြားခြင်း၊ Harvard University မှ ပါမောက္ခ နိုဗယ်ဆုရှင် Amartya Sen ၏ ရိုဟင်ဂျာများကို တဖြည်းဖြည်းမျှင်းပြီး မျိုးတုန်းအောင် သတ်ဖြတ်မှု အကြောင်း ပြောကြားထားသည့် ဗီဒီယိုကို ပြသခြင်းများ ပြုလုပ်ပြီးနောက် တက်ရောက်လာသည့် သတင်းဌာနများ၏ မေးမြန်းချက်များကို ဂျူရီအဖွဲ့ဝင်များ၊ Burma Task Force USA မှ Mr. Malik Mujahid, ရိုဟင်ဂျာကိုယ်စားလှယ် ဦးထွန်းခင်နှင့် ကချင်ကိုယ်စားလှယ် Ms. Kai Htang Lashi တို့က ဖြေကြားခဲ့သည်။

ပြည်သူ့ခုံရုံးနှင့် ပတ်သက်သည့် အချက်အလက်များကို www.TribunalOnMyanmar.org Website တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။


MYARF
RB News
5.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်အစိုးရ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ လ.ဝ.က မှ ဦးဝင်းလွင်တို့ ဦးဆောင်သော အဖွဲ့သည် မောင်တောခရိုင်မှ ရိုဟင်ဂျာလူမျိုး ကျေးရွာတာဝန်ခံများ၊ ဘာသာရေးဆရာများကို အစည်းအဝေးခေါ်ယူပြီး NVC နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် NVC မယူလျှင် ရိုဟင်ဂျာတို့၏ ဘဝလုံခြုံရေး ရှိတော့မည်မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာတို့၏ အခြေခံအခွင့်အရေး မှန်သမျှကို NVC မယူလျှင် အစိုးရမှ ပိတ်ပင်ကန့်သတ်ထားရမည်ဟု အဓိပ္ပာယ် သက်ရောက်စေသော ပြောဆိုမှုများဖြင့် အစည်းအဝေး တက်ရောက်လာသူများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၄) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် နယ်/လုံဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ ကျေးရွာတိုင်းမှ ရိုဟင်ဂျာလူမျိုး ကျေးရွာတာဝန်ခံများနှင့် ကျေးရွာတစ်အုပ်စုမှ ဘာသာရေးဆရာ နှစ်ပါးစီကို မတက်မနေရ ပုံစံဖြင့် အတင်းအကျပ် ဖိတ်ခေါ်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးရုံး ခန်းမ၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အထူးသဖြင့် NVC အကြောင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ဘူးသီးတောင်မှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ကျွန်တော်တို့ကို မ.က.ဖ နဲ့ နယ်ခြားစောင့်ရဲတွေက မသွားမဖြစ် ပုံစံနဲ့ အတင်းအဓမ္မ ခေါ်သွားတာ။ အစည်းအဝေးမှာ အထူးသဖြင့်တော့ NVC အကြောင်းပဲ ပြောတယ်။ NVC ယူပေါ့ဗျာ။ မယူရင် မင်းတို့ပဲ ဒုက္ခရောက်မယ် ဘာညာ ခြိမ်းခြောက်တယ်။" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးဝင်းလွင်၊ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရစန်းလွင်နှင့် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း တို့က စကားပြောခဲ့ပြီး ၎င်းတို့က NVC အကြောင်းသာ ပြောခဲ့သည်ဟု သိရှိရသည်။ 

နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက “အစိုးရအနေနဲ့ ဒေသတည်ငြိမ်လာအောင် ကြိုးစားနေရတာမှာ ခင်ဗျားတို့ဖက်ကလည်း အစိုးရ ထုတ်ပေးနေတဲ့ NVC ကိုလက်ခံသင့်တယ်။ အကြမ်းဖက်သမားတွေနဲ့ ခြားနားအောင် ခင်ဗျားတို့ အထောက်အထား တစ်ခုအဖြစ် NVC ကိုင်ကြပါ။

NVC ကို အတင်းအဓမ္မထုတ်ပေးမယ်၊ မဖြစ်မ နေယူရမယ်၊ မယူရင် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မယ်၊ စီးပွားရေးပိတ်ဆို့မယ် ဆိုပြီး အသံထွက်နေတာတွေက လုံးဝမမှန်ဘူး။ အစိုးရမှာ အဲ့လို အစီစဉ်မရှိဘူး။ ယူချင်ရင်ယူ မယူချင်လည်း ရတယ်” ဟု စည်းရုံးပြောဆိုသွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ မောင်တော ဒေသခံတစ်ဦးက ပြောပါသည်။ 

နယ်/လုံဝန်ကြီး၏ စည်းရုံးပြောဆိုသွားမှုနှင့် ပတ်သက်၍ အဆိုပါ မောင်တော ဒေသခံ၏ အမြင်ကို မေးမြန်းကြည့်သည့်အခါ ၎င်းက “ဝန်ကြီး ပြောသွားတဲ့စကားတွေက ရှေ့နောက်မညီဘူးဗျာ။ NVC မကိုင်ရင် အကြမ်းဖက်သမား ဖြစ်သွားမယ့် သဘောနဲ့ ပြောသွားတာ အရမ်းဆိုးတယ်။ NVC ကို အတင်းထုတ်ပေးမှာ မဟုတ်ဘူး၊ NVC ကိစ္စကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း မပိတ်ဘူး ဆိုပြီး ပြောဆိုသွားပေမယ့် လက်တွေ့မှာတော့ လူတွေကို ပိတ်လှောင်ထားတာပဲလေ။ တစ်ခုခု လုပ်တာနဲ့ NVC နဲ့ အကျပ်ကိုင်နေတာပဲ။ ငါးဖမ်းတဲ့ လူတွေကို NVC ကိုင်မှ ဖမ်းခွင့်ပြုမယ်တို့လိုပေါ့။ ဝန်ကြီးရဲ့ ပြောစကားနဲ့ လက်တွေ့ လုပ်ရပ်တွေနဲ့ ဆီနဲ့ ရေလို ကွာတယ်။

မောင်တော ဒေသခံတွေကတော့ NVC က သူတို့နဲ့ မဆိုင်ဘူး ဆိုပြီး ခံယူတယ်။ အဲ့တော့ ဘယ်သူ့မှ လက်မခံကြဘူး။ အာဏာပိုင်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးလုပ်နေသူတွေလို တစ်ချို့လူတွေကတော့ အာဏာပိုင်တွေ ပြောတဲ့အတိုင်းပဲ လုပ်မြဲမို့ သူတို့အကြောင်းတော့ ကျနော် မပြောချင်ဘူး” ဟု ရင်ဖွင့်သည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးနှင့်အဖွဲ့က NVC အကြောင်း ရေးထားသည့် စာရွက်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ စာရွက်တွင် မည်သည့်အချက်များ ပါဝင်နေသည်ကို ရသေ့တောင်မြို့နယ်မှ အစည်းအဝေးလာတက်သူ တစ်ဦးကို မေးမြန်းကြည့်သောအခါ --

“အဲ့ဒီစာရွက်မှာ ထူးဆန်းတာတစ်ခုက ဘင်္ဂလားစာနဲ့ ရေးထားတာပါပဲ။ မြန်မာနိုင်ငံမှာ ဘင်္ဂလားစာက ရုံးသုံးစာလည်း မဟုတ်ဘူး။ ဒီလို ဘင်္ဂလားစာနဲ့ ရေးတာကို ကြည့်ရင် NVC ပေးခြင်းက ဒီလူတွေ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာတယ်ဆိုပြီး သတ်မှတ်ချင်တာ။ ကျွန်တော်တို့က ဒီနိုင်ငံရဲ့ မူလဘူတဆိုတော့ ဒီ NVC က ကျွန်တော်တို့နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ 

နောက် အဲ့ဒီစာရွက်မှာ ရေးထားတာကလည်း အင်မတန် ဆိုးတယ်ဗျာ။ ခရီးသွားချင်ရင်၊ ငါးဖမ်းချင်ရင်၊ လူမှုစီးပွားကိစ္စများ လုပ်လိုရင် NVC ကိုင်ပါတဲ့။ ဒါက NVC မကိုင်ရင် ဒါတွေ လုပ်ခွင့်မပေးဘူးဆိုပြီး ဗြောင်ပြောနေတာပဲ။ ပြီးတော့ NVC ကိုဆောင်မှပဲ ဘဝအာမခံချက် ရှိမယ်၊ ဘဝလုံခြုံရေးအတွက် အာမခံချက်ရှိမှာတဲ့။ ဒီအချက်တွေက NVC မကိုင်ရင် မင်းတို့ကို သတ်မယ်ဖြတ်မယ် ဆိုတဲ့ သဘောပါပဲ။ 

သူတို့ ဘယ်လိုပင် ခြိမ်းခြောက်ခြိမ်းခြောက် ကျွန်တော်တို့ဖက်တော့ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်တို့က NVC ကိုင်ရမယ့် အနိမ့်ဆုံးအဆင့် နိုင်ငံသားမဟုတ်ဘူး။" ဟု ပြောသည်။

NVC အကြောင်း ရေးထားသည့် စာရွက်တွင် “NVC မကိုင်ဆောင်သူ နိုင်ငံမဲ့ဟု မှတ်ယူရ” ဟု ရေးထားသည်မှာ မြန်မာနိုင်ငံ၏ တည်ဆဲနိုင်ငံသား ဥပဒေအရလည်း ဆန့်ကျင်နေကြောင်း မောင်တောမှ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ဆိုသည်။ ရိုဟင်ဂျာများသည် မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသား နိုင်ငံသားများကို ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကဒ်ကို ကိုင်ဆောင်သူ သို့မဟုတ် ၎င်းတို့၏ သားသမီးများသာ ဖြစ်ကြသဖြင့် NVC မကိုင်ဆောင်၍ နိုင်ငံမဲ့ ဖြစ်မသွားကြောင်းလည်း အဆိုပါ လူ့အခွင့်အရေး လှုပ်ရှားသူက ပြောပါသည်။

အစည်းအဝေးတွင် မောင်တောမြို့နယ်မှ ရှေ့နေဟောင်း ဦးအာမာန်အူလ္လာက “ခင်ဗျားတို့က နိုင်ငံသားစီစစ်နိုင်ဖို့ NVC ထုတ်ပေးတယ် ပြောနေတယ်။ လ.ဝ.က ရုံးရောက်ရင် NVC ထုတ်ပေးတဲ့ အချိန်မှာ နိုင်ငံသားဥပဒေ ၄၇ အရ လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒါက လူတွေကို နိုင်ငံသားပြုခွင့်အဆင့် သတ်မှတ်နေတာဖြစ်တယ်” ဟု မေးခွန်းထုတ်ခဲ့သည်ကိုလည်း ဝန်ကြီးအဖွဲ့က ဖြေဆိုနိုင်ခြင်း မရှိဘဲ သမ္မတ ဦးထင်ကျော် အမိန့်အရ ဆောင်ရွက်နေကြောင်းဖြစ်သည်ဟုသာ ဖြေဆိုခဲ့ပါသည်။

NVC ဖြင့် နိုင်ငံသားစီစစ်နိုင်ရန် လျှောက်နိုင်သည်ဟု ဆိုသော်လည်း လက်တွေ့မှာမူ မြို့နယ် လ.ဝ.က က ငွေပေးနိုင်သူ၏ လျှောက်လွှာကိုသာ လက်ခံနေပြီး ကျန်လျှောက်လွှားများကို လက်ခံနေခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

“ဒီ NVC က ကာလလည်း အကန့်အသတ်မရှိတော့ ကျနော်တို့ ရိုဟင်ဂျာတွေကို ဒီ NVC နဲ့ပဲ တစ်သက်လုံး နေစေချင်တာသာ ဖြစ်တယ်” ဟု မောင်တောမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးဝင်းနိုင်က ပြောသည်။

ဒေသခံ ရိုဟင်ဂျာ ပညာတတ် လူငယ်တစ်ဦးက --

“ပွင့်လင့်မြင်သာမှုလည်း မရှိဘူး။ တရားဥပဒေ အတိုင်းလည်း မလုပ်ဘူး။ ဒီတော့ ဒီ NVC ကို ကန့်ကွက်တယ်” ဟု ၎င်း၏အမြင်ကို ပြောပါသည်။ 

“သူတို့ တကယ်လုပ်ရမှာက မြို့နယ်တိုင်းက ရိုဟင်ဂျာ ရပ်မိရပ်ဖတွေ၊ ရိုဟင်ဂျာ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပြီး အဖြေရှာသင့်တယ်။ အခုက အောက်ခြေက လူတွေကို ခိုင်းနွားလို သဘောထားပြီး လုပ်ချင်တိုင်း လုပ်နေတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဒီမိုကရေစီ အစိုးရကပဲ မုဒိမ်းကျင့်နေသလို ဖြစ်နေတယ်” ဟု အဆိုပါ ပညာတတ်လူငယ်က သုံးသပ်ပြ ပြောဆိုသည်။

အစည်းအဝေးတွင် ဖြန့်ဝေသည့် စာရွက်များ



ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်


RB News
4.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် ရွာသူရွာသားများကို မတရားသဖြင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ အဆက်မပြတ်ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး - ဥဒေါင်း န.တ.လ ရွာသား ဦးတင်မောင်သည် လွန်ခဲ့သည့် ၃ လခန့်က သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် တရားဝင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဥဒေါင်း ကိုယ်ပိုင် ဈေးဆိုင်ခန်း ၂၅ ခန်းမှ တစ်ခန်းကို ပိုင်ရှင်ဖြစ်သူ ဦးအဇီဇူလ္လာ ထံမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၆ နာရီ အချိန်တွင် အလကားပေး၍ တောင်းခံခဲ့သည်။ ပိုင်ရှင်ဖြစ်သူက “သိန်း ၃၀ လောက်တန်တဲ့ ဆိုင်ခန်းကို ဘာကြောင့် အလကားပေးရမှာလဲ” ဟု ပြန်မေးသဖြင့် ဦးအာဇီဇူလ္လာနှင့် ဇနီးဖြစ်သူ ဒေါ်ဟာမီဒါ တို့ကို လူမဆန်စွာ ရိုက်နှက်၍ ဈေးဆိုင်ခန်း တံခါးကို သံတုတ်ဖြင့် ရိုက်ချိုးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် ဦးတင်မောင်က ဆိုင်ခန်းကို သော့ခတ်လိုက်ပြီး၊ ဆိုင်ခန်းဖွင့်လျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ပိုင်ရှင်ဖြစ်သူက ယနေ့ထိ ဆိုင်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဖြည့်စွက်ပြောသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်လည်း ဥဒေါင်းအရှေ့ရွာမှ ဦးဆီရာဇူလ္လာ (ဘ) ဦးမာမတ်၏ နေအိမ်၌ မြင်းလွတ်မှ သားမက်ဖြစ်သူ ရောက်ရှိလာခဲ့ပြီး၊ ကျေးရွာတာဝန်ခံဖြစ်သူထံ ဧည့်စာရင်းတိုင်ကြားခဲ့သော်လည်း ည ၁၀ နာရီကျော် အချိန်တွင် ဦးတင်မောင်နှင့် တပည့် (၈) ဦးတို့သည် တုတ်၊ ဓါးများ ကိုယ်စီကိုင်ဆောင်၍ ဦးဆီရာဇူလ္လာ၏ အိမ်သို့ ရောက်ရှိလာပြီး၊ အိမ်တံခါးများ ရိုက်ချိုးကာ အိမ်ထဲသို့ အတင်းဝင်ရောက် ရှာဖွေပြီးနောက် ဧည့်သည်ကို မတွေ့သဖြင့် အိမ်ရှင်ဖြစ်သူကို အိမ်ထဲမှာ ဆွဲထုတ်၍ မတရားသဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နေစဉ် အိမ်နီးချင်းများက မခံမရပ်နိုင်ဖြစ်ပြီး စုရုံးရောက်ရှိလာခဲ့ရာ ပြဿနာကြီးထွားလာမည်ကို စိုးရိမ်၍ ဘာသာရေးကျောင်းမှ ပါမောက္ခချုပ် မော်လာနာ ဦးဇူဘိုင်ရ်မှ လာရောက်ထိန်းသိမ်း ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဥဒေါင်းကျေးရွာအုပ်စု အနောက်ရွာမှ ဦးဆော်လာမတ်၏ သမီးဖြစ်သူ မရိုကီယာသည် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြင့် သေဆုံးခဲ့သည်ကို အိမ်နီးချင်းဖြစ်သူ အေဘာဒူလ္လာ (ဘ) ဦးအလီအာမတ်နှင့် တရားမ၀င် ပေါင်းသင်းပြီး ကိုယ်ဝန်ဖျက်ချ၍ သေဆုံးသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့သည်။

ဦးတင်မောင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရပ်မိရပ်ဖ အချို့ကို အစည်းအဝေး ခေါ်ယူပြီး ခမရ ၅၃၆ နှင့် ၅၃၅ တို့ကို ငွေမပေးလျှင် နယ်မြေရှင်းလင်းရေး လုပ်မည်၊ အကယ်၍ မလုပ်စေချင်လျှင် တစ်ရွာလုံးမှ ငွေကျပ် သိန်း ၁၅၀ ကောက်ပေးရမည်ဟု ပြောဆိုပြီး စားဝတ်နေရေး အဆင်ပြေနေသူများထံမှ ငွေကျပ် နှစ်သောင်းမှ ငါးသောင်းထိ အမြန်ဆုံး ကောက်ခံပေးရန် ခွဲတမ်းချပေးခဲ့သည်။

ငွေကောက်ခံပေးခဲ့ရသူများမှာ -- အရှေ့ရွာမှ ဦးဆော်လီမူလ္လာ အပါအ၀င် (၅) ဦး၊ မြောက်ရွာမှ ဦးမာမတ်အာယုပ် အပါအ၀င် (၅) ဦး၊ အနောက်ရွာမှ မော်လ၀ီ ဖောယာဇူလ္လာ အပါအ၀င် (၅) ဦး၊ ကုန်တန်းရွာမှ ဦးအီဗြာဟိမ်း အပါအ၀င် (၅) ဦး၊ ဇုံမာရွာမှ ဦးနူရ်မာမတ် အပါအ၀င် (၅) ဦးနှင့် ပါစ်ကရီရွာမှ မော်လ၀ီ အာဘူတာလတ် အပါအ၀င် (၅) ဦးတို့ ဖြစ်ကြသည်။

နှစ်ရက်အတွက် ငွေကျပ် ၈၅ သိန်း ကောက်ခံရရှိခဲ့ပြီး ဦးတင်မောင် ကို အပ်နှံခဲ့ပြီး၊ ခွဲတမ်းအရ ကောက်ခံရန် ကျန်ရှိငွေများ အတွက် ဖိအားပေးသဖြင့် တစ်ပတ်အတွင်း ငွေကျပ် သိန်း ၃၀ ထပ်မံကောက်ခံရရှိခဲ့သည်။ အဆိုပါ ငွေများကို တပ်ရင်းများသို့ ပေးခြင်းမရှိခဲ့ဘဲ၊ ဦးတင်မောင် က ကိုယ်ပိုင်ငွေအဖြစ် သုံးစွဲကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံမှ လှူဒါန်းသော ဆန်များကို အိမ်ခြေများ အလိုက်ခွဲဝေပေးရာတွင် ဆန်တစ်အိတ်ချင်းစီမှ တစ်ပြည်စီ ထုတ်ယူခဲ့သည့်အပြင် ဆန်အိတ် ၂၀ ကို ရောင်းစားရန် အိမ်တစ်အိမ်၌ ယခုအချိန်ထိ ၀ှက်ထားကြောင်း သိရှိရသည်။

ထို့အပြင် နေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ခံရမည့် စာရင်းတွင်ပါရှိသည်ဟု ပြောဆို၍ သိန်းပေါင်းများစွာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဦးတင်မောင်သည် အစွန်းရောက်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရွာသူရွာသားများကို မတရား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သိန်းရာပေါင်းများစွာ ငွေညှစ်ခဲ့ခြင်း တို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံခဲ့ရသော်လည်း၊ ၎င်းကို ရိုဟင်ဂျာရွာကို အုပ်ချုပ်ရန် ရိုဟင်ဂျာများ၏ မဲဆန္ဒမပါဘဲ မြို့နယ် အဆင့် အာဏာပိုင်များက လာဘ်ငွေယူ၍ ပြန်လည်ခန့်ထားခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။


Rohingya Eye
RB News
2.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာ အခြေစိုက် နယ်မြေ (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ဒေသခံတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် နယ်မြေ (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးနှင့် နယ်ခြားစောင့်ရဲ နှစ်ဦးတို့သည် ယင်းရွာမှ အလှကုန်ဆိုင်ပိုင်ရှင် ဦးမာမတ်ရော်မာန် (ဘ) မော်လ၀ီအလီအာမတ် (အသက် ၅၂ နှစ်) ၏ ဆိုင်သို့ ရောက်ရှိလာပြီး၊ ဦးမာမတ်ရော်မာန်ကို ဖမ်းဆီး၍ နယ်မြေစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဦးမာမတ်ရော်မာန်အား ငွေလွှဲ၊ ငွေပို့လုပ်ငန်း လုပ်ကိုင်နေသည်ဟု အခြေအမြစ်မရှိ လုပ်ကြံစွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ညနေ (၅) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“အခုလို စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ မတရားသဖြင့် ငွေညှစ်နေတာက အတော်လေးကို ရင်နာစရာကောင်းတယ်။ အဂတိတရား ကင်းရှင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ရမယ်လို့ ပြည်သူကို ကတိပေးခဲ့တဲအတိုင်း အောက်ခြေမှာရှိတဲ့ နယ်ခြားစောင့်ရဲများရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးဖို့ တောင်းဆိုပါတယ်” ကျေးရွာ လူကြီးတစ်ဦးက ပြောပါသည်။ 




MYARF
RB News
2.3.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စိတ်ဝေဒနာရှင် သက်ကြီးရွယ်အို တစ်ဦးကို ရခိုင်ရွာသားများက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် အမည်မသိ သက်ကြီးရွယ်အို စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးသည် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအုပ်စု၊ ချိန်ခါလီရွာသို့ ရောက်ရှိလာခဲ့သည်။

ရွာသားများက “ဘယ်ရွာကလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကိုသွားမလို့လဲ” ဟု အမျိုးမျိုး မေးမြန်းကြည့်သော်လည်း မဖြေကြားကြောင်း သိရှိရသည်။ 

“သူ့ကိုမေးတော့လည်း ဘာမှမဖြေဘူး။ သူ့ဘာသာသူ စကားတွေ ပြောနေတယ်။ သူပြောနေတဲ့စကားက ရိုဟင်ဂျာနဲ့ ဘင်္ဂါလီရောနေတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်တာကတော့ သေချာတယ်” ဟု ရွာသားတစ်ဦးက RB News သို့ပြောသည်။

ချိန်ခါလီရွာသားများက ၎င်းအား ရွာထဲတွင် နေခိုင်းသော်လည်း ၎င်းက မနေဘဲ ကိုးတန်ကောက် ရခိုင်ရွာဘက်သို့ ၀င်ရောက်သွားခဲ့သည်။ ရခိုင်ရွာထဲသို့ ရောက်သည်နှင့် ရခိုင်ရွာသားများက ၎င်းကို လူမဆန်စွာ ရိုက်နှက်၍ ပင်လယ်ကမ်းစပ်၌ ပစ်ချထားခဲ့သည်။ 

ရိုဟင်ဂျာတံငါးသည်များက ၎င်းအား ပင်လယ်ကမ်းစပ်တွင် လဲကျနေသည်ကို တွေ့ရှိပြီး ရွာထဲသို့ ထမ်း၍ ခေါ်လာခဲ့ကြောင်း ရွာသားများက ပြောပါသည်။ 

အဆိုပါ သက်ကြီးရွယ်အိုမှာ မလှုပ်ရှားနိုင်တော့သည့် အပြင် စကားပြောဆိုနိုင်ခြင်း မရှိကြောင်း၊ အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်။



Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က အုတ်ဖုတ်ရန် အတွက်ဟု ဆိုကာ ဒေသခံရိုဟင်ဂျာများ၏ အပင်များကို အတင်းအဓမ္မ ခုတ်လှဲယူ၍ ထင်းအဖြစ် အသုံးပြုလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှစ၍ အုတ်ဖုတ်ရာတွင် လိုအပ်သော ထင်းများကို ရွာသားများ၏ နေအိမ်ခြံဝင်းများအတွင်းရှိ အပင်ကြီးများ ခုတ်လှဲ၍ အသုံးပြုလုပ်လျက်ရှိပြီး ပိုင်ရှင်များကို ငွေကျပ် နှစ်သောင်းစီ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်ပြားတစ်ချပ်မှ ပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ခွလုံးကျေးရွာ၏ အရှေ့ဘက်ရှိ ကျေးရွာသားများပိုင် ဥယျာဉ်ခြံများမှ အပင်ကြီးများကိုလည်း ပိုင်ရှင်များကို အသိမပေးဘဲ အတင်းအဓမ္မ ခုတ်လှဲလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ဦးဂျော်မိလ်အာမတ် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၄၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမုစ်တာခ်အာမတ် (ဘ) ဦးရှုနာလီ (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအာဘူတာဟဲရ် (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်နှင့် ဦးလဲရူး (အသက် ၆၀ နှစ်) ၏ အပင်နှစ်ပင် တို့ကို အတင်းအဓမ္မ ခုတ်လှဲခဲ့ကြောင်း သိရှိရပါသည်။ 

အပင်တစ်ပင်၏ ကာလတန်ဖိုးမှာ ငွေကျပ် နှစ်သိန်း ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

“ကျွန်တော်တို့ရဲ့ အပင်တွေကို အုပ်ချုပ်ရေးမှူးက အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ခုတ်လှဲနေတယ်။ အခု အင်းဒင်ကျေးရွာမှာ အပင်ကြီးဆိုတာ မရှိသလောက် ဖြစ်နေပြီ၊ ဒါသဘာဝ ပတ်ဝန်းကျင် အတွက်လည်း ထိခိုက်တယ်၊ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ အတွက် တာဝန်ရှိ လူကြီးမင်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ နယ်ခြားစောင့်ရဲများသည် သက္ကယ်ခုတ်နေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ငွေအစား ကြက်များနှင့် အရက်ပုလင်းများ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာ၏အရှေ့ဘက်ရှိ တောင်တန်းအနီးမှ သက္ကယ်ခုတ်ယူနေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး၊ အထောက်အထား တစ်စုံတစ်ရာမပါဟု စွပ်စွဲ၍ ငွေအစား ကြက်တစ်ကောင်စီနှင့် အရက်တစ်ပုလင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကြက်တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် တစ်သောင်းရှိပြီး၊ အရက်တစ်ပုလင်း တန်ဖိုးမှာ ငွေကျပ် တစ်ထောင်ရှိသောကြောင့် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းတစ်ထောင်စီ ဆုံးရှုံးခဲ့ရသည်။ 

ဖမ်းဆီးခံရပြီး၊ ကြက်တစ်ကောင်စီနှင့် အရက်ပုလင်းတစ်ပုလင်းစီ ပေးခဲ့ရသူများမှာ --

(၁) ဦးရော်ဟီးမူလ္လာ (ဘ) ဦးရှာကဲရ်အာမတ် (အသက် ၅၀ နှစ်)
(၂) အဒူလ်ဟာဖီးဇ် (ဘ) ဦးရော်ဟီးမူလ္လာ (အသက် ၁၈ နှစ်)
(၃) မာမတ်တော်ယူဖ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၂၀ နှစ်)
(၄) မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၇ နှစ်)
(၅) မာမတ်ရော်ဟီးမ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၂ နှစ်)
(၆) ဦးအာဘူလ်ဟူဆောင်း (ဘ) ဦးလဲထား (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။ 

“ဒီလူတွေက ဆင်းရဲတယ်။ အလုပ်လည်း မရှိတော့ သက္ကယ်တွေကို ခုတ်ယူတာ အပြစ်လား၊ ရွာနဲ့ကပ်လျက်နေရာကို ထောက်ခံစာမပါဘဲ သွားတယ်ဆိုပြီး ငွေညှစ်တာက တော်တော် မတရားလုပ်နေတာဘဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Exodus