နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာ တရားများ အပေါ် အမည်း စက်များ မစွန်းထင်း စေလို


O'Laie Manzu
12.4.2013

ဘာသာရေး အကြမ်းဖက် မှုများ ပေါ်ပေါက် လာစေ ရန်အတွက် တိုက်တွန်း နှိုးဆော် နေသော ဦးဝီရသူ အား အတု အယောင် ဘာသာရေး ခေါင်းဆောင် ဖြစ်ကြောင်း သုံးသပ် မှုများ ယခု ရက်ပိုင်း များအတွင်း ထင်ထင် ပေါ်ပေါ် ထွက်ပေါ် လာခဲ့ ပါသည်။ ဦးဝီရသူ လျှောက်လမ်း နေသည့် လမ်းကြောင်းမှာ ဗုဒ္ဓ ဘာသာနှင့် ဆန့်ကျင် နေသည့် အပြင် ဗုဒ္ဓ ဘာသာ၏ သာသနာရေး အရှိန် အဝါ အားလည်း ညိုးမှိန် စေပါသည်။ ဦးဝီရသူ၏ ဟောပြော ချက်များသည် ဗုဒ္ဓ မြတ်စွာ ဘုရား၏ သွန်သင် ဆုံးမ မှုများနှင့် သွေဖီ နေသောကြောင့် ဗုဒ္ဓ ဘာသာ အမှတ် တံဆိပ် ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓ မြတ်စွာ ဘုရား၏ သွန်သင် ဆုံးမ မှုများအား အခြေခံ သည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှု များအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီ ကြောင်း ကွဲကွဲ ပြားပြား ခွဲခြား ရှု့မြင် ရပါ လိမ့်မည်။ နှိုင်းယှဉ် ၍ပင် မရနိုင်။ 

ဦးဝီရသူသည် လူမျိုးရေး အစွန်းရောက် လမ်းမှား ပေါ်သို့ ရောက်ရှိ နေသည့် အတွက် ၎င်း၏ လုပ်ရပ်အား အခြေခံ၍ ဗုဒ္ဓ ဘာသာ တစ်ရပ်လုံးအား အပြစ်တင် လက်ညိုး ထိုး၍ မရနိုင်ပေ။ ၎င်းသည် ဗုဒ္ဓ ဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင် နေသည့် ခေါင်းဆောင် မဟုတ် ကြောင်းလည်း သတိပြု သင့်သည်။ မမှန် မကန် ဟောပြော ချက်များ၊ လုပ်ကြံ ဝါဒ ဖြန့်မှုများ၊ ပုံကြီးချဲ့ မှုများမှာ မုသား ဝါဒ ဖြစ်ပြီး သံဃာ ကျင့်ဝတ်နှင့် မကိုက်ညီ ကြောင်း ဗုဒ္ဓ ဘာသာ ဝင်တိုင်း သိကြ ပါသည်။ ထို့ကြောင့် ဦးဝီရသူ အား ဗုဒ္ဓ ဘာသာဝင် အများစုမှ လက်မခံ ကြပေ။ 

ဘာသာရေး ခေါင်းဆောင် များသည် မိမိတို့ ယုံကြည် ကိုးကွယ် ကြသည့် ဘာသာ တရားအား ပိုမို ထွန်းကား စေချင် ကြသည်။ ပြန့်ပွား လာစေချင် ကြသည်။ နောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ ရောက်စေ လိုသည့် စိတ်ရင်း စေတနာ အပြည့်ရှိ ကြသည်။ ထို့ကြောင့် မကောင်း မှုရှောင်၊ ကောင်းမှု ဆောင်ရန် တိုက်တွန်း နှိုးဆော် ကြသည်။ ကြိုးပမ်း ဆောင်ရွက် ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာ လွန်ကဲ၍ အကုသိုလ် ပွားလာ တက်ကြသည်။ မိမိနှင့် ယုံကြည်ချက် ချင်းမတူသူ များအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင် လာကြသည်။ ဘာသာရေး ခေါင်းဆောင် များအနက် အချို့သော အမြင်ကျဉ်း မြောင်းသူ များသည် ဘာသာ တရား၏ ဆုံးမမှု များနှင့် မိမိ ကိုယ်ပိုင် ထင်မြင် ယူဆ ချက်များ ပေါင်းစပ် ကြသည်။ လူအများ၏ ကြည်ညိုမှု များရရှိလာ ပြီးနောက်ပိုင်း ဟောချင် တိုင်းဟော၊ ပြောချင် တိုင်းပြောနှင့် ဘာသာ တရား၏ အနှစ် သာရအား ဦးဆောင် ဖျက်ဆီး သူများ ဖြစ်လာ ကြသည်။ ယင်း ကဲ့သို့သော ခေါင်းဆောင်များ ဘာသာ တိုင်းတွင် ရှိတတ် ကြသည်။ 

ဦးဝီရသူသည် ဗုဒ္ဓ ဘာသာ၏ သာသနာနှစ် နှစ်ထောင် ငါးရာ ကျော်အတွင်း အစွန်း ရောက်ဆုံးသော ဘာသာရေး ခေါင်းဆောင် အဖြစ် စံချိန် တင်လောက် ပေသည်။ သင်္ကန်း ခြုံထား ၍သာ ဘာသာရေး ခေါင်းဆောင်ဟု ရည်ညွန်း ရခြင်း ဖြစ်သည်။ ဘာသာရေး လုပ်နေခြင်း မဟုတ် သောကြောင့် တချို့မှာ ဘာသာရေး ခေါင်းဆောင် အဖြစ် အသိ အမှတ် ပြုကြမည် မဟုတ်ပေ။ ၎င်းဟောပြော ချက်များမှာ ငြိမ်းချမ်းရေး တရား မဟုတ်… အမုန်းပွား ရန်ငြိုး ထားရန် လှုံ့ဆော် နေခြင်း သာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက် များကြောင့် နားယောင်ကာ အမုန်း ပွားမှုများ၊ အကြမ်း ဖက်မှု ဖြစ်ပေါ် လာခဲ့ သည်ကို သာဓက အနေဖြင့် မှတ်ယူကာ ဦးဝီရသူ ကဲ့သို့ အစွန်း ရောက်သည့် ခေါင်းဆောင်များ မည်သည့် ဘာသာ အတွင်းမှ မပေါ်ပေါက် လာစေရန် ထိန်းသိမ်း ကြရမည်။ 

အခြား နိုင်ငံ သို့မဟုတ် အခြား အရပ် ဒေသ များတွင် ဖြစ်ပွား နေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခ များအား လက်ညိုး ထိုးကာ မိမိ ပတ်ဝန်းကျင် တွင်လည်း အလား သဏ္ဍာန် တူသည့် ပဋိပက္ခများ ဖန်တီး နေကြမယ် ဆိုလျင် ငြိမ်းချမ်းမှု ဟူ၍ ရှိလိမ့်မည် မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့် အနေဖြင့် ဘာသာ တရား တစ်ရပ် လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိ စေရန် သတိပြု ကြရမည်။ လူသား တိုင်းသည် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိစေရ မည်ဖြစ် သော်လည်း အခြား ဘာသာအား စော်ကား ခြင်းမှာ အခွင့် အရေး တစ်ရပ် မဟုတ်။ လုပ်ပိုင်ခွင့် လည်းမရှိ။ 

လူသား တို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက် များအား ထိပါး စော်ကားမှုကို မခံ ချင်ကြ။ မိမိ ကိုယ်၌လည်း အခြားသူ များ၏ ခံယူချက်၊ ယုံကြည်ချက် များအား ထိပါး စော်ကားမှု များမပြု လုပ်သင့်။ ဘာသာ တရားသည် လူသား တို့အဖို့ အပြင်း ထန်ဆုံးသော ယုံကြည် ချက်ဖြစ်သည်။ အခြား ဘာသာ များအား ဆန့်ကျင် စော်ကားမှ သာလျှင် မိမိ ကိုးကွယ် ယုံကြည်သည့် ဘာသာ တရား ပိုမို ထွန်းကား ပြန့်ပွားမည် မဟုတ်ကြောင်း အမြဲ သတိပြု သင့်သည်။ 

ဘာသာ တရား များအား ဆန့်ကျင် စော်ကား ကြလျှင်လည်း မည်သည့် ဘာသာမျှ ဤကမ္ဘာ မြေပေါ်မှ ပပျောက် သွားမည် မဟုတ်။ ကမ္ဘာ တစ်သက် ဘာသာ တရား တစ်ခု တည်းအား လူသားတိုင်း အကြွင်းမဲ့ လက်ခံသည့် ဘာသာ တရား ဟူ၍လည်း ဖြစ်ပေါ် လာမည် မဟုတ်။ အပြန် အလှန် တိုက်ခိုက် နေကြလျှင် ဘာသာ တရားများ အပေါ် အမည်းစက် များစွန်းထင်းကာ သွေးစွန်း နေသည့် ဘာသာ များအား နောင်မျိုးဆက် သစ်များ စွန့်ပယ် လာကြ လိမ့်မည်။ တစ်ခဏတာ အသက်ရှင် နေထိုင် ကြရသည့် ဤလူ့လောက ကြီးအား နိဗ္ဗာန် အကျိုး မျှော်ကိုး၍ ငရဲပြည် အသွင် ဖန်တီး နေကြသော ဘာသာရေး ခေါင်းဆောင် များ၏ လုပ်ရပ် များကြောင့် ဘာသာ တရား များအား ရွံ့ရှာ မုန်းတီး လာကြ လိမ့်မည်ကို သတိ ပြုသင့် ပေသည်။ 

Comment ရေးရန်

Rohingya Exodus