မပြီးဆုံး နိုင်သော လက်ဗွေ ပုံပြင်
မေယုတာရာ
RB News
11.4.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ နယ်မြေ (၉)တွင် နစကမှူး ဗိုလ်ကြီး ၀င်းလှိုင်ဦး အမှူး ပြုသော ကွန်ပျူတာတွင် လက်ဗွေနှိပ် ယူခြင်း လုပ်ငန်း ကိစ္စကို ယခု လဆန်းမှ စတင်၍ ပြန်လည် လှုပ်ရှား လာရာ၊ နယ်မြေ (၉) တွင် နေထိုင် ကြသော ပြည်သူ များက ၎င်းတို့ တစ်ဖန် လိမ်လည် ခံရမည်ကို စိုးရိမ်၍ လက်ဗွေ မနှိပ်ပေးပဲ ရှောင်နေ သည်မှာ တစ်ပတ်ခန့် ရှိနေပါပြီ။
ယမန်နေ့ (ဧပြီလ ၁၀ ရက်) ကလည်း နစကမှူးသည် ယင်းမ၊ ပေါက်တောပြင်၊ ငရန်းချောင်း၊ ကျီးနှုတ်သီး၊ မောင်နှမ စသည့် နယ်မြေ (၉) အပိုင် ရွာများမှ ရပ်မိ ရပ်ဖ ၅၀ ဦးကို ခေါ်ယူ တွေ့ဆုံပြီး၊ ကွန်ပျူတာ လက်ဗွေနှိပ် ယူခြင်းကို အကောင် အထည် ဖော်ကို ဖော်ရမည် ဖြစ်ကြောင်းကို စည်းဝေး ပြောဆို ခဲ့ကြောင်း ရွာသား များမှ သတင်း ရရှိ ပါသည်။ ထိုသို့ လက်ဗွေနှိပ် ပေးရာတွင် လူမျိုး နေရာတွင် မည်သည့် လူမျိုး ဟူ၍ ရေးပေးမည် မဟုတ်ကြောင်း အစိုးရမှ လူမျိုး နာမည် သတ်မှတ် ပြီးမှသာ လူမျိုး နာမည်ကို ထည့်ပေး မည်ဖြစ် ကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့ကြောင်း၊ နယ်မြေ (၉) အတွင်းရှိ ပြည်သူ လူထု များထံမှ လက်ဗွေကို ရက်ပေါင်း ၁၀၀၀ အတွင်း အပြီး ကောက်ခံ ရမည် ဖြစ်ကြောင်း၊ အထက် အမိန့် အရဟု ပြောနေ သော်လည်း၊ အထက်က ညွှန်ကြား ထားသော မည်သည့် စာရွက် စာတမ်းမျှ မပြခဲ့ကြောင်း သတင်းရ ရှိပါသည်။ ပြည်သူ လူထု (ရိုဟင်ဂျာ) များမှာ အလိမ်ခံ ရမည်ကို အထူး စိုးရိမ်ပြီး၊ လက်ဗွေ မနှိပ်ပေး ရအောင် ရှောင်ပြေး နေသော်လည်း၊ ယခု အတင်း အဓမ္မ ပြုလုပ် နေသဖြင့် ရှောင်တိမ်း မရ ဖြစ်နေ သဖြင့် အထူး စိုးရိမ် ပူပန် နေကြသည်။
ရိုဟင်ဂျာ များသည် အစိုးရမှ မိမိတို့၏ မူရင်း နာမည် ရိုဟင်ဂျာ ပြန်လည် သတ်မှတ် ပေးပြီး၊ လူမျိုး နေရာတွင် ရိုဟင်ဂျာဟု ရေးသွင်း မှသာ လက်ဗွေနှိပ် ပေးလိုကြောင်း၊ သို့မဟုတ် ပါက ကွယ်ရာတွင် ဘင်္ဂလီဟု လိမ်လည် ရေးသွင်း ပေးမည်ကို စိုးရိမ် နေကြောင်း၊ စစ်အစိုးရ ခေတ်အဆက် ဆက်တွင်လည်း ရခိုင် လူမျိုး လ၀ကများက ထိုကဲ့သို့ လိမ်လည်မှု မျိုးစုံ ပြုလုပ်ကာ နောက်ဆုံးတွင် ခိုးဝင် ဘင်္ဂလီ များဟု စွပ်စွဲ လာကြ သည်ကို သာဓက များရှိ နေကြောင်း ရွာသား များမှ ပြောကြား ကြသည်။
အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ များသည် ရှေးနှစ်ပေါင်း များစွာ ကတည်းက ယခု ရခိုင် ပြည်နယ်ဟု ခေါ်တွင်သော ရှေးခေတ် အာရ်ကန် ပြည်တွင် ဘိုးစဉ် ဘောင်ဆက် အတည် တကျ နေထိုင် လာခဲ့ ကြသူ များဖြစ်ပြီး၊ အာရ်ကန် ပြည်၏ မူလဘူတ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်သည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ပါတီစုံ ဒီမိုကရေစီ ခေတ်တွင် ရိုဟင်ဂျာ ဟူသော နာမည်ဖြင့် တိုင်းရင်းသား ၁၄၄ မျိုးတွင် ပါဝင်ပြီး၊ တိုင်းရင်းသား အခွင့်အရေးများ အပြည့်အ၀ ရရှိခဲ့ သော်လည်း၊ ဗိုလ်ချုပ် နေ၀င်း၏ အာဏာသိမ်း တော်လှန်ရေး အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာ တို့၏ တိုင်းရင်းသား အခွင့် အရေး များသာမက နိုင်ငံသား အခွင့် အရေး များပါ တဖြည်းဖြည်း ပိတ်ပင် တားဆီး လာရာ ယခု အခါ ရိုဟင်ဂျာ များအား ခိုးဝင် လာသော ဘင်္ဂလီ များအဖြစ် ရုပ်လုံး ဖေါ်လာ ကြသည်။
စစ်အစိုးရ ခေတ်အဆက် ဆက်တွင် ရိုဟင်ဂျာ များအား စစ်ဆင်ရေး အကြိမ်ကြိမ် ပြုလုပ်ကာ လ၀က များက ၎င်းတို့ ကိုယ်တိုင် ရေးသား ဖြည့်စွက် ထားသော စာရွက် များတွင် လိမ်လည် လက်မှတ် ထိုးခိုင်းခြင်း၊ လက်ဗွေ နှပ်ခိုင်း ခြင်းများ ပြုလုပ်ကာ လူမျိုး နေရာတွင် ရိုဟင်ဂျာ အစား ဘင်္ဂလီဟု ရေးသား မှတ်တမ်း တင်ထား ခဲ့ကြသည်။ ရိုဟင်ဂျာ တို့၏ သန်းခေါင် စာရင်း များကို ခြောက်လ တစ်ကြိမ် လဲလှယ် ပေးပြီး၊ လဲပေး ရာတွင်လည်း လူမျိုး နေရာတွင် လ၀ကများ စိတ်ကြိုက် ဘင်္ဂလီ ဟုသာ ရေးသွင်း ခဲ့ကြသည်။ ရိုဟင်ဂျာ များက မိမိတို့ ကိုယ် မိမိတို့ ရိုဟင်ဂျာဟု ပြောဆို ခဲ့သော်လည်း ရခိုင် လူမျိုး လ၀က များက ၎င်းတို့ စိတ်ကြိုက်သာ ဘင်္ဂလီဟု ရေးသား ပေးခဲ့ ကြသည်။ ဘင်္ဂလီဟု မရေးသား ပါက သန်းခေါင် စာရင်း ထုတ်မပေးပဲ ထားခဲ့သော ရိုဟင်ဂျာများ မြောက်မြားစွာ ရှိသည်။
ယခု ပြည်ထောင်စု မြန်မာ နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံ သစ်ဆီသို့ ဦးတည် လျှောက်လှမ်း နေသော ကာလ တွင်လည်း ရိုဟင်ဂျာ များသည် မိမိတို့၏ မွေးရာပါ လူသား အခွင့် အရေး၊ နိုင်ငံသား အခွင့် အရေး၊ တိုင်းရင်းသား အခွင့် အရေး များကို ခံစားလို သဖြင့် လူမျိုး နေရာတွင် မိမိ တို့၏ ရိုဟင်ဂျာ ဆိုသော လူမျိုး နာမည်ကို ထည့်သွင်းရေး သားလို ကြသည်။ သို့မဟုတ် ပါက အစိုးရ ခေတ်အဆက် ဆက်ကကဲ့သို့ ၎င်းတို့ စိတ်တိုင်းကျ ချယ်လှယ်ကာ ခိုးဝင်လာ သော ဘင်္ဂလီ များအဖြစ် လိမ်လည် မှတ်တမ်း တင်မည်ကို အလွန် တရာ စိုးရိမ် ပူပန် နေကြခြင်း ဖြစ်သည်။