ဗြိတိန် ပါလီအမတ်မှ ရခိုင်ပြည်နယ် ခရီးစဉ်အမြင် ရှင်းလင်းပွဲ ကျင်းပ
RB News
22.5.2013
ဗြိတိန် ပါလီမန် အမတ်တစ်ဦး ဖြစ်သည့် Ms Rushanara Ali သည် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂ ရက်နေ့ထိ မြန်မာ နိုင်ငံသို့ သွားရောက် ခဲ့ပြီး ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ၊ ကမန်နှင့် ရခိုင် ဒုက္ခသည် စခန်း များ သို့သွားရောက် ကြည့်ရှု ခဲ့သည်။
ပါလီမန် အမတ် Ms Rushanara Ali က ၎င်း၏ ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့ (မေလ ၂၁ ရက်) က အင်္ဂလန် နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး စောင့်ကြည့် ရေးအဖွဲ့ ဒါရိုက်တာ Mr David Mepham နှင့် ပူးတွဲ၍ House of Lords တွင် ကျင်းပ ခဲ့သည်။ အခမ်း အနားသို့ ဗြိတိန် ပါလီမန် အမတ် များ၊ အင်္ဂလန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းများနှင့် အန်ဂျီအိုများ တက်ရောက် ခဲ့ကြောင်း သိရ သည်။
၎င်း၏ ခရီးစဉ် အတွင်း ဒုက္ခသည် စခန်းများ ကြည့်ရှုခဲ့သည့် အပြင် နိုင်ငံရေး လှုပ်ရှားသူများ၊ လွှတ်တော် အမတ်များ၊ တိုင်းရင်းသားနှင့် ဘာသာရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ လှုမှု အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ခဲ့သည်။
ယမန်နေ့က ကျင်းပ ခဲ့သော အခမ်း အနားတွင် Ms Ali ၏ ခရီးစဉ် အတွင်း တွေ့ကြုံ ခဲ့ရသည် များကို အသေးစိတ် ရှင်းလင်း ရာတွင်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး များကို နီးစပ်ရာ ဆေးရုံ များတွင် မီးဖွားခွင့် မပေး၍ အသက် ဆုံးရှုံးနေ ရမှုများ၊ အခြေအနေ ဆိုးရွား နေသည့် ဒုက္ခသည် စခန်းများတွင် သန့်ရှင်းမှု မရှိသည့်ရေ၊ သောက်သုံးရေနှင့် အစာရေစာ ချို့တဲ့မှုနှင့် ဆေးဝါး မလုံလောက်မှု တို့ကို ထည့် သွင်း ပြော ကြား ခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာ အတူ ပြန်လည် ယှဉ်တွဲ နေထိုင်ရေး နှင့် ပတ်သက်၍ စိန်ခေါ်နေမှု ရှိနေသည်များ၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရေး၊ မိုးရာသီ နီးကပ် လာ၍ ဒုက္ခသည်များ အမိုး အကာနှင့် နေထိုင်ခွင့် ရရေး၊ အင်္ဂလန် နိုင်ငံမှ မြန်မာ အစိုးရ ဖိအားပေးရန် လိုအပ်နေမှု များကို ရှင်း လင်း ခဲ့သည်။
ထို့နောက် အင်္ဂလန်နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး စောင့်ကြည့် ရေးအဖွဲ့ ဒါရိုက်တာ Mr David Mepham က ဧပြီလ ၂၂ ရက်နေ့တွင် လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန် ခဲ့သော စာမျက်နှာ ၁၅၃ မျက်နှာပါ အစီရင် ခံစာဖြစ်သည့် “All You Can Do is Pray” တွင်ရေးသား ထားသည့် အကြောင်း အရာ များကို ရှင်းလင်း ပြောကြား ခဲ့သည်။ Mr Mepham မှ ရိုဟင်ဂျာ များကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် စနစ် တကျ ပြုလုပ်ခဲ့ပုံ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ပုံများကို အစီရင် ခံစာတွင် ရှင်းလင်း ထား သည် များကို အသေးစိတ် ထပ်မံ ရှင်းလင်း ခဲ့သည်။