နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း
သြဂုတ်လ (၁) ရက်၊ ၂၀၁၃
မိဘ ပြည်သူများ ခင်ဗျား
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေ များကို မိဘပြည်သူများ ထံရေဒီယို ကနေ တစ်ဆင့် အ သိပေး ပြော ကြား နေကျ ဖြစ်တဲ့ အတိုင်း ဇူလိုင်လ အတွင်း မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များ ကို ပြောကြား ရခြင်း ဖြစ်ပါတယ်။
မိဘ ပြည်သူများ သိကြပြီး ဖြစ်တဲ့ အတိုင်း ကျွန်တော်ဟာ ဗြိတိန် နိုင်ငံနဲ့ ပြင်သစ် နိုင်ငံ များကို ဇူလိုင်လ ၁၄ ရက်နေ့ ကနေ ၂၀ ရက် နေ့ထိ အလုပ် သဘောခရီး သွားရောက် ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သ မိုင်းကြောင်း ရှည်ကြာ ပတ်သက် မှုတွေ ရှိခဲ့ကြတဲ့ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံ များကို မြန်မာ နိုင်ငံရဲ့ သမိုင်း အ လှည့် အပြောင်း ဖြစ်တဲ့ ယခုလို အချိန်မှာ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။
အစိုးရ အဖွဲ့ ခေါင်းဆောင်များ၊ လွှတ်တော် ခေါင်းဆောင် များနဲ့ တွေ့ဆုံပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေနဲ့ မြန်မာ နိုင်ငံမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ခဲ့ ပါတယ်။ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များထဲမှာ အဓိက လုပ်ငန်းစဉ် တစ်ရပ် ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေ အတွက် တပ်မတော် အချင်းချင်း ပူးပေါင်း ဆောင်ရွက် နိုင်မယ့် ကိစ္စတွေ ကိုလည်း ဆွေးနွေး ခဲ့ပါတယ်။
ဒါ့အပြင် စီးပွားရေး အသင်း အဖွဲ့များ၊ ကုမ္ပဏီကြီး များနဲ့လည်း တွေ့ဆုံပြီး မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အလိုအပ်ဆုံး ဖြစ်တဲ့ တာဝန် သိပြီး တာဝန်ယူမှု ရှိတဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ် မှုတွေ တိုးတက် စေဖို့ ဆွေးနွေး ဆောင်ရွက် နိုင်ခဲ့ ပါတယ်။ နှစ်နိုင်ငံ ပြည်သူများ အကြား ရင်းနီး ချစ်ကြည်မှု တိုးတက် စေဖို့ အတွက် အရပ်ဘက် အဖွဲ့ အစည်း များကိုလည်း တွေ့ဆုံ ခဲ့ပါတယ်။
အပြောင်း အလဲ ကာလမှာ လိုအပ်တဲ့ နိုင်ငံတကာ အကူ အညီတွေ၊ ထောက်ခံ မှုတွေနဲ့ နား လည် ပေး မှု တွေကို ရရှိဖို့ အတွက် အရေးကြီးတဲ့ နိုင်ငံခြား ခရီးစဉ် များကိုလည်း ကျွန်တော့် အနေနဲ့ အချိန်ပေး သွားရောက် နေခြင်းလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ဟာဆိုရင် မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ခက်ခဲ ကြမ်းတမ်းတဲ့ အချိန် ကာလ တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဝမ်းနည်း စရာတွေ၊ သံဝေဂ ရစရာတွေ ရှိနေသလို တိုင်းပြည်ရဲ့ အနာဂတ် အတွက် သမိုင်း သင်ခန်းစာ ယူစရာ တွေလည်း အပြည့်ရှိ နေပါတယ်။ နိုင်ငံရေး အကျပ် အတည်း တွေကို အကြမ်းဖက်တဲ့ နည်း လမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကို ကြုံတွေ့ ခဲ့ရပြီး နောက်ဆုံးမှာ တိုင်းပြည် အတွက် ဘယ်လောက် ထိခိုက် နစ်နာ စေခဲ့တယ် ဆိုတာ မိဘ ပြည်သူများ အသိပဲ ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ဒီမိုကရေစီ အလေ့ အထရဲ့ အဓိက စံတန်ဖိုး တွေဖြစ်တဲ့ မတူညီတဲ့ အယူအဆ တွေကို ထုတ်ဖော် ပြော ဆိုခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေး ငြင်းခုံခွင့် တွေကို လက်မခံ နိုင်တဲ့ သူများ အစွန်းရောက် နိုင်ငံရေး သမား များရဲ့ အန္တရာယ်ဟာ တိုင်းပြည် အတွက် ဘယ်လောက်တောင် ဆိုးကျိုး ကြီးမား နိုင်တယ် ဆိုတာကို အမြဲ သတိ ပေးနေ တာလည်း ဖြစ်ပါတယ်။
တိုင်းပြည် လွတ်လပ်ရေး ရအောင် ဆောင်ကြည်း ပေးခဲ့တဲ့ ခေါင်းဆောင်ကြီး တွေဖြစ်တဲ့ ဗိုလ်ချုပ် အောင် ဆန်း နဲ့တကွ အာဇာနည် ကြီးတွေ ကျဆုံး ခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဆိုရင် မြန်မာ့ သမိုင်းမှာ မမေ့ ထိုက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည် ကြီးများ၊ ကျဆုံးလေ ပြီးတဲ့ ခေါင်းဆောင် များ ရဲ့ ကျေးဇူး တရား တွေကို အမြဲအမှတ် ရနေ ရမယ့် နေ့ရက် တစ်ရက်လည်း ဖြစ်ပါတယ်။ ဒီလို ဂုဏ်ပြု ထိုက်တဲ့ ပုဂ္ဂိုလ်ေ တွကို အစိုးရ အနေနဲ့လည်း နိုင်ငံတော် အဆင့် ခမ်းခမ်း နားနား ဂါရ၀ ပြုခဲ့သလို အများ ပြည်သူ လူထု ကလည်း အထူး သဖြင့် လူငယ်တွေ ကိုယ်တိုင် တက်တက် ကြွကြွနဲ့ တစ်ခဲနက် ဂုဏ်ပြု နိုင် ခဲ့တာ ဟာလည်း မြန်မာ့ နိုင်ငံရေး အပြောင်း အလဲ တွေရဲ့ အောင်မြင်မှု တစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပြည်သူ အများ သိရှိပြီး ဖြစ်တဲ့ အတိုင်း ကျွန်တော်တို့ အစိုးရ အဖွဲ့ အနေနဲ့ နိုင်ငံခြား ခရီးစဉ်မထွက် ခွာမီမှာ တစ်ကြိမ်၊ နိုင်ငံခြား ခရီးစဉ်က ပြန်ရောက် ရောက်ချင်း ၂၂ ရက် နေ့မှာ တစ်ကြိမ် ဘာသာ ပေါင်းစုံ ချစ် ကြည် ညီညွတ်ရေး အဖွဲ့ ခေါင်းဆောင် လူကြီးများ၊ လွှတ်တော် ရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူ့အခွင့် အရေး ကော်မရှင်က တာဝန်ရှိ သူများနဲ့ တွေ့ဆုံပြီး ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ပဋိပက္ခ ကာ ကွယ် တားဆီးရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။
အကြောင်း တိုက်ဆိုင်တဲ့ အတွက် ဒီနေရာမှာ ကျွန်တော့် အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အလယ် ပစ္စယံ ညီလာခံ မိန့်ခွန်းကို ကိုးကားပြီး ပြောကြား လိုပါတယ်။ အဲ့ဒီ မိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာ ကိုးကွယ် နိုင်မှုဟာ နိုင်ငံသား အခွင့် အရေး တွေထဲက တစ်ခု ဖြစ်တယ် ဆိုတာ မြွက်ကြား ခဲ့တဲ့ အပြင် ဘာသာ တရားက သစ္စာ၊ မေတ္တာ နဲ့ သမ္မာ အာဇီဝ၊ သမ္မာက မ္မန္တတို့ကို ဓမ္မ အနေနဲ့ ဟောကြားပြီး လူမှု မှာလည်း ဒီဓမ္မတွေကို လေးစားကြောင်း လူမှု တိုးတက် ရေးနဲ့ ဘာသာ ရေးတို့ဟာ တစ်ခုနဲ့ တစ်ခု ဆန့် ကျင်ဘက် သဘော မဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာ တရားရဲ့ နာမကို အလွဲ သုံးစား လုပ်ပြီး၊ ဆင်ခြင် တုံတရား ကင်းမဲ့ ခြင်းကို အကြောင်း ပြုပြီး၊ မတရားတဲ့ အမှု တွေကို ပြုရင်တော့ လူ့အဖွဲ့ အစည်းက အဲဒီ မတရားမှုကို လျစ်လျူ ရှုနိုင်မှာ မဟုတ် ဘူးလို့ အတိ အလင်း ပြောကြား ခဲ့ပါတယ်။
လူအများကို နစ်နာ စေမယ့် တရားဓမ္မ ဖြစ်လေဟန် ဟောပြော မှုတွေ၊ လုပ်ဆောင် မှုတွေ ကိုလည်း တားမြစ် သွားရ မယ်လို့ အဲဒီ မိန့်ခွန်းမှာ ထင်ထင် ရှားရှားကြီး ဖော်ပြ ခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာ ကိုးကွယ် နိုင်မှုဆိုတဲ့ အခွင့် အရေးကို ပေးတဲ့ နေရာ မှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာ သာရေး နှစ်ဌာန စပ်ကြား စည်းတား ရပေ လိမ့်မည်လို့ ဆိုခဲ့ ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ကို ရော စပ်ပါမူ ဘာသာရေး၏ သဘော တရားကို ဆန့်ကျင်ရာ ရောက်ပေ ၏လို့ ဆိုခဲ့ ပါတယ်။ ဗိုလ်ချုပ်ရဲ့ အ လယ်ပစ္စယံ ညီလာခံ မိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံ အခြေ အနေမှာ များစွာ စဉ်စား စရာ၊ များစွာ သင်ခန်းစာ ယူစရာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိုးတက် လာမှု အချို့ ကိုလည်း အသိပေး ပြောကြား လိုပါတယ်။ လတ်တလော အခြေ အနေမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင် များဟာ SSPP/SSA အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ဆောင်ရွက် နိုင်ခဲ့ ပါတယ်။ “ဝ” အထူး ဒေသ (၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံဆွေး နွေးနိုင် ခဲ့သလို နှစ်ဖက် သဘော တူညီချက် တွေလည်း ထုတ်ပြန် ကြေညာ နိုင်ခဲ့ ပါတယ်။ မြစ်ကြီးနား မြို့မှာလည်း ကေအိုင်အေ အဖွဲ့ရဲ့ နည်းပညာ အဖွဲ့အကြံပေးရုံးကိုလည်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် ငြိမ်း ချမ်း ရေးဆွေး နွေး ရာမှာ ထိထိ ရောက်ရောက် ရှိစေမယ့် ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လင်း လာပြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။။ တိင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနဲ့ လိုအပ်တဲ့ ဆွေးနွေး ညှိနိုင်း မှုတွေ ဆက်လက် လုပ်ဆောင် နေပြီး မကြာမီမှာ တစ်တိုင်း ပြည်လုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီမှု လက်မှတ် ရေးထိုး နိုင်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည် ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေး ဆွေးနွေး မှုတွေ ပြုလုပ်တဲ့ အခါ မှာလည်း သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက် နိုင်ဖို့ အတွက် လိုအပ်တဲ့ ပြင်ဆင် မှုတွေကို ဆောင်ရွက် လျက်ရှိ နေပါတယ်။
ကျွန်တော် တို့ရဲ့ ပြုပြင် ပြောင်းလဲ့ရေး လုပ်ငန်း စဉ်မှာ အဓိက ကျတဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ် ရေးကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ကနေ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေး ခဲ့ပါတယ်။ ဆက်လက်ပြီး ကျွန်တော့် အနေနဲ့ ကျွန်တော် ကတိ ပေးထားတဲ့ အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦး တစ်ယောက်မှ မကျန် ရှိစေ ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တဲ့ အကြောင်း မိဘ ပြည်သူ များကို အသိပေး ပြောကြား လိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး တစ်ချို့ မြို့နယ် တွေမှာ မိုးခေါင်မှု တွေကြောင့် စိုက်ပျိုး ထားတဲ့ သီးနှံအချို့ ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း သိရှိ ရပါတယ်။ တောင်သူ လယ်သမားများ ဆုံးရှုံး နစ်နာမှု မရှိစေ ရန်နှင့် သီးနှံ အသစ်များ ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် ကျွန်တော်တို့ အစိုးရ အဖွဲ့ အနေနဲ့ ကွင်းဆင်း စစ်ဆေးပြီး လိုအပ် သည်များကို ကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင်၊ ဆင်းရဲ နွမ်းပါးမှု လျော့ကျပြီး စီးပွားရေး ပြန်လည် ဖွံ့ဖြိုး တိုးတက် လာအောင် ကျွန်တော် တို့ရဲ့ မျိုးဆက်သစ် လူငယ် တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်ဖို့ တစ်စိုက် မတ်မတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိတဲ့ အကြောင်း ပြော ကြားရင်း နိဂုံးချုပ် ပါတယ်။
မိဘ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။