နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့တွင် ဓါးပြတိုက်သည့် စစ်သား ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိ



RB News
7.9.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဘဂုံးနား ကျေးရွာ အုပ်စုတွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီကျော်က စစ်သား (၃) ဦးမှ ရိုဟင်ဂျာ လူမျိုး အိမ်တစ်အိမ်ကို ၀င်ပြီး ဓါးပြတိုက်ရာ ရွာသား များ၏ ၀ိုင်းဝန်း ဖမ်းဆီးမှုကြောင့် စစ်သား ၂ ဦး ဖမ်းဆီး ရမိကြောင်း သတင်း ရရှိပါသည်။ 

သောကြာနေ့ (စက်တင်ဘာလ ၆ ရက်) ည ၁၁ နာရီ ၄၀ မိနစ်တွင် ဘူးသီးတောင် မြို့နယ်၊ ဘဂုံး နား ကျေးရွာ အုပ်စု၊ ဘဂုံးနား တောင်ပိုင်း ရွာရှိ ဦးအမ်နာ ရှားဟ်၏ နေအိမ် တံခါးကို ဖွင့်ပေးရန် လူသုံး ဦးမှ ပြော ဆိုရာ၊ ညအချိန် မတော် ဖြစ်၍ မဖွင့်ပေးဘဲ၊ လာသည့် အကြောင်းရင်းကို မေးရာ ဧည့်စာရင်း စစ် ရန် ဟု အဆိုပါ လူ သုံးဦးမှ ပြောဆိုသည်။ သို့သော်လည်း ဦးအမ်နာ ရှားဟ်မှ သံသယ ဖြစ်၍ တံခါး ဖွင့် မပေးသော အခါ၊ လူသုံးဦးက တံခါးကို ဖျက်၍ အိမ်ထဲသို့ ၀င်ပြီး ဦးအမ်နာ ရှားဟ်အား ချုပ်နှောင် ခဲ့သည်။ ထို့နောက် နေအိမ် အတွင်း ရှာဖွေ၍ ရွှေ ၇ ကျပ်သားခန့်၊ ငွေကျပ် တစ်သောင်းနှင့် လက်ကိုင်ဖုန်း တစ် လုံး ကို ယူဆောင် ခဲ့သည်။ ထိုသို့ ယူဆောင် နေသည့် အချိန်တွင် ဦးအမ်နာ ရှားဟ်မှာ လွတ်မြောက် သွားပြီး ရွာသား များကို အော်ဟစ်၍ အကူအညီ တောင်းခဲ့သည်။ 

“ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ အိမ်တံခါး ခေါက်တော့ ဖွင့်မပေးခဲ့ဘူး။ အဲဒါနဲ့ တံခါးဖျက် ၀င်ပြီး အမျိုးသားကို ချုပ်ထားတယ်။ ပြီးတော့ အိမ်မှာ ရှိတဲ့ အမျိုးသမီး နှစ်ဦးက လုယက်နေ တာကို တားဆီးနေ တဲ့အချိန်မှာ အမျိုးသားက လွတ်သွား ပြီးတော့ ရွာသွား တွေကို အကူအညီ တောင်းတယ်။ ရွာသား တွေက ၀ိုင်းဖမ်း လိုက်တာပါ။ တစ်ယောက် ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်။ ရွှေ ၇ ကျပ် သား၊ ငွေတစ်သောင်းနဲ့ လက်ကိုင်ဖုန်း တစ်လုံး ပါသွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ရွာသား များမှ ၀ိုင်းဝန်း ဖမ်းဆီးရာ စစ်ဝတ်စုံ ၀တ်ဆင် ထားသည့် စစ်သား ၂ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိ ရပါသည်။ ဖမ်းဆီး ပြီးနောက် စစ်တပ်နှင့် ရဲစခန်းသို့ အကြောင်းကြားရာ ညသန်းခေါင်ယံ ၁ နာရီ ကျော်ခန့်တွင် ရဲများ ရောက်ရှိ လာပြီး ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။ ဖမ်းဆီးမိသည့် စစ်ဝတ်စုံ ၀တ်ထားသည့် စစ်သား ၂ ဦးမှာ ဘူးသီးတောင် မြို့ နယ် အခြေစိုက် လျှပ်စစ်နှင့် စက်မှု လက်မှု (ဘီအီးတပ်) တပ်ရင်း ၉၀၈ မှ တပ်မတော် သား များ ဖြစ်ကြောင်း ရဲစခန်း အရောက်တွင် ၀န်ခံ ထွက်ဆိုချက် အရ သိခဲ့ကြောင်း ဗွီအိုအေ သတင်း ဌာနသို့ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောသည်။ 

ဘူးသီးတောင် မြို့နယ် အစွန် အဖျားရှိ ရွာများသို့ နယ်စပ်တွင် အခြေစိုက်သော ရခိုင် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ALA နှင့် ALP တို့ မကြာခဏ ၀င်၍ ဓါးပြတိုက်မှု များရှိကြောင်း ဒေသခံ များက ဆိုသည်။ ထို့ကြောင့် သောကြာနေ့ ညက ဓါးပြ တိုက်သူ များမှာ စစ်သား အတုများဟု ဒေသခံ များက ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်မှန်သည့် တပ်မတော် များဖြစ်ကြောင်း သိရှိ ခဲ့ရသည်။ 

ဗွီအိုအေ မြန်မာပိုင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ဆက်သွယ် မေးမြန်းချက် အ ပြည့် အစုံကို အောက်ပါ အသံဖိုင်တွင် နားဆင် နိုင်ပါသည်။ 


Comment ရေးရန်

Rohingya Exodus