ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေ
RB News
17.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူး ဦးရွှေသိန်းသည် ဒေသခံ ရိုဟင်ဂျာ များထံမှ နည်းလမ်း မျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းသည် ရွာထွက် ထောက် ခံစာ တစ်စောင်လျှင် ၅၀၀ ကျပ်၊ ဧည့်စာရင်း တစ်စောင်လျှင် ၅၀၀ ကျပ်၊ လက်ထပ်ခွင့် လျှောက်လွှာ တစ်စောင်လျှင် ၃ သောင်းကျပ် ယူလျက် ရှိသည့် အပြင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ခန့်ထား၍ ခန့်ထား ခံရသူ များထံမှ ငွေကျပ် ၅ သောင်းမှ ၂ သိန်းထိ တောင်းခံ လျက်ရှိသည်။
ထို့အပြင် ကလေး တစ်ဦး မွေးဖွားလျှင် မွေးတိုး အတွက် ၁၅၀၀၀ ကျပ် ယူလျက်ရှိပြီး၊ အိမ်ထောင်စု စာရင်း မှ လူတစ်ဦး လျော့သွားလျှင်လည်း ၁၅၀၀၀ ကျပ် ယူလျက်ရှိကြောင်း ဒေသခံ များမှ RB News သို့ ပြော ပါသည်။
“ကျွန်တော်တို့ ဒေသမှာ ဒေသခံ တွေအတွက် လူသား တွေရဲ့ အခြေခံ အခွင့် အရေး ဆိုတာ မရှိသလို၊ လူ့အခွင့် အရေးနဲ့ တရား ဥပဒေ စိုးမိုးမှုလည်း မရှိဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင် တွေရဲ့ နေ့စဉ် ညှဉ်း ပန်း နှိပ်စက်မှု၊ မတရား ငွေညှစ် ယူမှုတွေကို မခံစား နိုင်တော့လို့ မိမိတို့ရဲ့ ဌာနေကို စွန့်ခွာပြီး အခြား နိုင် ငံတွေဆီ ထွက်ပြေးပြီး အသက်မွေး ၀မ်းကျောင်း ပြုနေတဲ့ လူတွေ တစ်နေ့ထက် တစ်နေ့ ပိုများ လာတယ်” ဟု ဒေသခံ တစ်ဦးမှ ပြောပါသည်။
ဒေသတွင်း ညှဉ်းပန်း နှိပ်စက် မျိုးစုံနှင့် မတရား ငွေညှစ်မှု များကြောင့် နိုင်ငံ စွန့်ခွာ သွားသော်လည်း ကျန် ခဲ့သည့် မိသားစု ၀င်များမှာ ထွက်ပြေးသွား သူကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် ပေးရန် ငွေကျပ် ၁၅၀၀၀ ပေးနေရသည်။
ဒေသခံ များသည် ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို လုံးဝ ယုံကြည်မှု မရှိကြောင်း၊ အဆိုပါ အာဏာပိုင် များသည် ဒေသခံ များကို ညှဉ်းပန်း နှိပ်စက် ၍ ငွေ ညှစ်သည့် လုပ်ငန်း များကို ကျွမ်းကျင် တတ်ကျွမ်းသူ များသာ ဖြစ်ပြီး၊ မတူကွဲပြားသော လူမျိုး များအကြား တည်ငြိမ်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ၊ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင် နိုင် သူ များမဟုတ်ဘဲ၊ ဘာသာရေး အရ ဖိနှိပ်၍ အုပ်ချုပ်သည့် လူတန်းစား များသာ ဖြစ်သည် ဟု ဆိုသည်။ ထို့ကြောင့် ဒေသခံ များအနေဖြင့် ဒေသတွင်းရှိ အခြားသော စစ်ဘက်နှင့် ရဲဘက် ဆိုင်ရာ အကြီးအကဲ များ မှ ယခု ဖြစ်ပေါ် နေသော မတရား ငွေညှစ်မှုနှင့် ညှဉ်းပန်း နှိပ်စက်မှု များတွင် ပါဝင် ကူညီ ဆောင် ရွက် ပေး ရန် လိုလားကြောင်း ပြောပါသည်။