နောက်ဆုံးသတင်း/ဆောင်းပါးများ

အိပ်မက်ထဲမှာဘဲ သုံးတော့မယ် Facebook ရယ် ..



နေဆန်းလွင်
RB News
14.12.2013

ဒုတိယနှစ် အင်္ဂလိပ်စာအဓိကနဲ့ ကျောင်းတက် နေတဲ့ မောင်ရိုဟန် အတွက်တော့ ၂၀၁၂ ဇွန်လမှာ ကျောင်း ပိတ်သွား ကတည်းက အလုပ် ဆိုတာ မယ်မယ်ရရ မရှိ။ မိဘတွေက ပညာတတ် ကြီး ဖြစ်စေ ချင်လို့ ဂုဏ် ထူး ၄ ဘာသာနဲ့ တက္ကသိုလ် ၀င်တန်း အောင် ခဲ့ ပေ မယ့်လည်း ဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီ ယာ ဆိုတာ အဖြူ ကဒ်ကြောင့် အိပ်မက်တောင် မမက်နိုင်။

ကျောင်းတက်ဖို့ မရှိတော့တဲ့ ရိုဟန်ကတော့ မိဘတွေရဲ့ လယ်တွေမှာ တနေကုန် အချိန် ဖြုန်းပြီး၊ အားတဲ့ အချိန် မြို့ပေါ်က ၀ယ်လာ လေ့ရှိတဲ့ ဂျာနယ်တွေ ဖတ်ရင်း ဗဟုသုတ ရှာဖွေ နေရ သူပေါ့။ 

ကျောင်းမပိတ် ခင်က စစ်တွေမှာ အင်တာနက် သုံးနေတာ မြင်ဖူး ခဲ့ပေမယ့် ကိုယ်တိုင်တော့ သုံးဖူးသူ မ ဟုတ်။ တစ်ရက်တော့ မောင်တော မြို့ပေါ်မှာ လယ်အတွက် ဓါတ်မြေသြဇာ ၀ယ်ရင်းနဲ့ သူငယ်ချင်း ဖြစ် သူ ကျော်ထင်ရဲ့ အိမ်ကို ၀င်မယ် ဆိုတဲ့ စိတ်ကူး ပေါ်လာပြီး ရောက်သွား ပါတော့တယ်။ ကျော်ထင်က မျိုး ရိုး စဉ်ဆက် ချမ်းသာတယ်၊ မိဘတွေက မြို့မဈေး ထဲမှာ ဆိုင် ၄ ဆိုင် ပိုင်ပြီး၊ ငွေကြေး အတွက် ပူပင် စရာ လိုသူ မဟုတ်။ 

ဟေ့ကောင် .. ကျော်ထင် ဖုန်းတစ်လုံးနဲ့ ဘာတွေ အလုပ်ရှုပ် နေလဲကွ ..

ဟ - ဟေ့ကောင် ရိုဟန် ပျောက်လှ ချည်လား .. ဒီမှာကွာ ငါ Facebook သုံးနေတာ .. မင်းသိတယ် မဟုတ်လား Facebook ဆိုတာ .. 

အေး .. ကြားဖူး တာပေါ့ .. ငါတို့ စစ်တွေမှာ တုန်းက လူပြော တော်တော် များတယ်လေ .. အင်တာနက် ဆိုင်မှာ သုံးကြတာ .. ငါတော့ ပိုက်ဆံကုန်မှာမို့မသုံးနိုင် ခဲ့တာလေ .. ပြောပါဦးကွ .. ထူးဆန်းတဲ့ အကြောင်း အရာတွေ .. 

အေးကွ .. သတင်းတွေ အကုန်ဖတ် လို့ရတယ် .. ပြီးတော့ငါဆိုကွာ .. ရန်ကုန်က အမျိုးတွေ .. နိုင်ငံခြားက အမျိုး တွေနဲ့ အခု အဆက် အသွယ် ရနေပြီ .. နေဦး .. မင်းကောင်မလေး လည်း သုံးနေ တယ်ကွ .. 

ဟ - ဟုတ်လား .. ဘယ်သူလဲ ငါ့ကောင်မလေး ဆိုတာ .. 

ဂျမီလာလေကွာ .. 

ရိုဟန် တစ်ယောက် မှင်သက် သွားပါ တော့တယ်။ ဂျမီလာ ဆိုတာ နာမည်နဲ့ လိုက်အောင် ချောမော လှပ တဲ့ကောင်မလေး။ ချမ်းသာတယ်။ ရိုဟန်ရဲ့ ဘ၀နဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်လို့ ရဲရဲဝံ့ဝံ့တောင် မကြည့် ဖြစ် ခဲ့ သူ။ 

အေးကွာ .. မင်းအချိန် ရရင် ဘယ်လို သုံးရလဲ ဆိုတာ နည်းနည်း သင်ပေးကွာ .. 

အာ .. ရတာပေါ့ .. မင်းအချိန် ရရင် တခါထဲ ငါသင် ပေးမယ်လေ .. မင်းလိုချင်ရင် ၂ သိန်းခွဲ ပေးရင် ဖုန်းနဲ့ ၁၅၀၀ တန် ဆင်းမ်ကဒ် ပါရတယ် .. သုံးတာ ကတော့ မင်းချွေတာ သုံးရင် တလ ၅ ထောင် နဲ့လည်း သုံးလို့ ရတယ် .. 

ရိုဟန်နဲ့ ကျော်ထင်ဆိုတာ အထက်တန်း ကျောင်းမှာ ညီအစ်ကို အရင်းလို ခင်မင် သွား ခဲ့တော့ ကျော် ထင်က ရိုဟန်ကို Facebook နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြတာ နှစ်နာရီ လောက် ကြာသွားတယ်။

အဲလိုနဲ့ ဓါတ်မြေသြဇာအထုပ် ထမ်းပြီး ရိုဟန် တစ်ယောက် မှီရာကားနဲ့ ရွာကို ပြန်သွား ခဲ့တယ်။ တနေကုန် သွားလာရင်း ပင်ပန်း သွားပြီး ညထမင်း စားပြီးတာနဲ့ အိပ်ပျော် သွားတော့တယ်။ 

“ဘာ status တင်ရင် ကောင်းမလဲ .. သတင်း ဖတ်မယ်ကွာ .. ဟာ .. ဟိုမှာ ဟိုသေနာ အောင်ကျော်ဇင် ဟိုနေ့က အဘိုးကြီး တစ်ယောက်ကို ရိုက်ပြီး ငွေညှစ်တဲ့ သတင်း ပါလာပြီ .. နေဦး .. အခုမှ သတိ ရတယ် .. ဂျမီလာကို အက်ကြည့်မယ် .. ဟ .. ရပြီ .. ဒါသူ့ ပရိုဖိုင်ဘဲ .. ဖွင့်မယ်ဗျာ .. ဟာ .. အ၀ိုင်းလေး လည်နေပြီ .. ဟိုကောင် ကျော်ထင် ပြောတာ အဲဒီ အ၀ိုင်းလည် နေရင် ပိုက်ဆံ ကုန်ပြီး အလုပ် မဖြစ်ဘူးတဲ့ .. ဟာ .. နာရီဝက် ကျော်နေပြီ .. ထည့်ထားတဲ့ ပိုက်ဆံတွေ ကုန်ပါပြီ ..” 

ဒီလိုနဲ့ ရိုဟန်တစ်ယောက် အိပ်မက်က မနက် ၄ နာရီမှာ လန့်နိုး သွားခဲ့တယ်။ 

အိပ်မက်ထဲ Facebook သုံးတာတောင် ငွေကုန်မှာကြောက်နေရတဲ့ငါ့ဘ၀ပါလားနော် .. ရိုဟန် တစ်ယောက် စိတ်ထဲက ငြီးတွားရင်း ပြန်အိပ် နိုင်အောင် ကြိုးစားလိုက် ပါတယ်။ 

မနက်မိုးလင်းတော့လယ်ထဲအသွားမှာ ငါ့မိဘကို ဒီနေ့ထိ ဘာမှ မပူဆာ ဖူးဘူး။ ဖုန်းတစ်လုံးနဲ့ အင်တာနက် သုံးဖို့ ငွေ ၂ သိန်းခွဲ ပူဆာ မယ်လို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ 

စိတ်ထဲ ကတော့ “ဖြစ်ပါ့ မလား။ လွန်ခဲ့တဲ့ နှစ်ကအဖေနဲ့အမေတို့လယ်ဧက ၂၀ သိမ်းခံရတာနဲ့ ၀င်ငွေနည်း နေတာ” ..

သို့သော်လည်း Facebook ကိုစူးစမ်းချင်နေတဲ့ရိုဟန်တစ်ယောက် Facebook သုံးချင်စိတ်ကြောင့် .. နေ့လည် အမေ ထမင်း လာပို့တော့ အဖေနဲ့ လယ်တဲ ထဲမှာ ထမင်း စားရင်း .. 

အဖေ ကတော့ငရုတ်သီး လက်သုတ်နဲ့ ထမင်း တွေကို ဆာလောင်စွာ စားနေတဲ့ အချိန် .. သားတော်မောင် ရိုဟန်ကို ကြက်သား အတုံးကြီး ထည့်ပေးတော့ .. 

ရိုဟန်ခမျာ အဖေရဲ့မေတ္တာ တွေကို အားနာ မိပါရဲ့ .. သူ့အဖေ ကတော့ အတုံးကြီး ဆိုရင်သားကိုဘဲ စားစေ ချင်တယ် .. သားကို ပညာ တတ်ကြီး ဖြစ်စေ ချင်တယ် .. 

အဖေ ထည့်ပေးတဲ့ ကြက်သား တုံးကြီးကို ကြည့်ရင်း ဘာလုပ် ရမှန်း မသိ .. မျက်ရည် ၀ဲနေတဲ့ ရိုဟန် ..

နောက်ဆုံးတော့ ဖုန်းလိုချင် လွန်းတဲ့ စိတ်နဲ့ .. 

အဖေ .. သားတစ်ခု ပြောစရာ ရှိတယ် .. 

ပြောလေ သားလေး .. 

သားကို ဖုန်းတစ်လုံး လောက် ၀ယ်ပေးပါလား .. အင်တာနက် သုံးချင်လို့ .. 

အင်တာနက် ဆိုတာဘာလဲ သားရယ် .. 

ပညာ ဆိုတာ စာဖတ် တတ်ရုံသာ တတ်ပြီး၊ တနေကုန် လယ်ထဲမှာ အချိန် ကုန်နေတဲ့ ရိုဟန်ရဲ့ ဖခင်က အင် တာနက် ဆိုတာ မသိ။ 

သတင်းတွေဖတ်လို့ရတယ် အဖေ .. ဗဟုသုတတွေ အများကြီး ရမယ် .. အခုခေတ်ကအင်တာနက် သုံးတတ်မှ အဖေရ .. သားလည်း သုံးကြည့် ချင်လို့ .. 

အေးပါ သားရယ် .. အဖေ ညကျရင် ပိုက်ဆံ ပေးမယ် .. မနက်ဖြန် သွားဝယ်ပေါ့ .. 

ညနေ အိမ်ပြန် ရောက်တော့ အဖေက ငွေ ၂ သိန်းခွဲကို ဘီဒို ထဲကနေ ထုတ်ပေးတော့ ရိုဟန် ကတော့ မ နက်ဖြန်ရယ် မြန်မြန် ရောက်ပါ တော့လို့ တမ်းတပြီး တစ်ညလုံး အိပ်လို့ မပျော်။

အဲဒါနဲ့ နောက်နေ့မှာ ကျော်ထင်ရဲ့ ကူညီမှုကြောင့် ရိုဟန် တစ်ယောက် ဖုန်းလေးကို လွယ်အိတ်ထဲ သေချာ ထည့်ပြီး ရွာကို ကားစီးပြီး ပြန်ရောက် လာတယ်။ 

ရွာထိပ်ကနေအိမ်ကိုမိုင်ဝက်လောက်လမ်းလျှောက်ရမယ်ဆိုတော့ရိုဟန်ခမျာလမ်းသွားရင်း ကလိချင် နေပြီ။ အဲဒါနဲ့ လွယ်အိတ် ထဲက ဖုန်းကိုထုတ် Facebook အကောင့် တစ်ခု ဖွင့်ဖို့ Facebook ပေ့ခ်ျကို ဖွင့်တုန်း .. 

ဖြောင်း .. ဖြောင်း .. ဖြောင်း .. 

အဲဒီ နေရာ မှာဘဲ ရိုဟန် တစ်ယောက်လဲ ကျသွားတယ်။ နောက်ကနေ နဘန် သုံးချက်ဆင့် ကျင်းခံ လိုက် ရတာ ဖြစ်ပါတယ်။ ဖုန်းကတော့ လက်ထဲက လွှတ်ထွက် သွားတယ်။ ရိုဟန်က လက်ထောက်ပြီး ထဖို့ လုပ်တော့ တင်ပါးကို ခြေထောက်နဲ့ ထပ်ကန် ခံလိုက် ရတယ်။ 

ဟေ့ကာင် ကုလား .. မထနဲ့ .. အဲဒီ နေရာမှာ ငြိမ်ငြိမ်နေ .. မနေရင် ထပ်ရိုက် ခံရမယ် .. 

ရိုဟန် တစ်ယောက် SB အောင်ကျော်ဇင်ရဲ့ အသံ ဆိုတာ သိလိုက် ပါပြီ။ နေရာက မရွှေ့ဘဲ ခေါင်းလေးကို အသာ လှည့်ပြီး ဖုန်းကိုရှာနေ မိတယ်။ ခေါင်းကို နည်းနည်း ထပ်လှည့်တော့ အောင်ကျော်ဇင် တစ်ယောက် ဖုန်းနဲ့ အ လုပ်ရှုပ် နေတာကို တွေ့လိုက်တယ် .. ခဏ ကြာတော့ .. 

ဟေ့ကောင် ကုလား .. ထ .. လာ .. လိုက်ခဲ့ .. ဘင်္ဂလား ဖုန်းသုံး နေတဲ့ကောင် .. မင်းသိမယ် .. 

လဲနေတဲ့ နေရာကနေ ရိုဟန်တစ်ယောက် ထလိုက် ပါတယ်။ 

မဟုတ်ဘူး ဆရာ အောင်ကျော်ဇင် .. ကျွန်တော် ဒီနေ့မှ ၀ယ်လာတာ .. အဲဒါ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT က ၁၅၀၀ တန် ဆင်းမ်ကဒ်နဲ့ ၀ယ်လာတာ .. 

ဟေ့ကောင် .. အပို မပြောနဲ့ .. စခန်း လိုက်ခဲ့ .. 

SB အောင်ကျော်ဇင်ကရိုဟန်ရဲ့အင်္ကျီကော်လာကနေဆွဲပြီးခေါ်သွားပါတယ်။ ခဏ ကြာ တော့အောင်ကျော် ဇင် ရဲ့ ရုံးထဲက အချုပ်ခန်းမှာ ရိုဟန်ကို ဆောင့်တွန်းပြီး ထည့်လိုက်တယ်။ ပြီးတော့ အောင်ကျော် ဇင် က ဘောင်း ဘီက ခါးပတ်ကို ဆွဲဖြုတ်ပြီး ခါးပတ်နဲ့ ရိုက်ရင်း ..

ဟေ့ကောင် .. ပြော .. ဒါ ဘင်္ဂလား ကနေ သွားဝယ် လာတာ .. ဘယ်တုန်းက သွားပြီး ဘယ်လောက် ပေး ရလဲ မှန်မှန်ပြော .. 

မဟုတ် ရပါဘူး ဆရာ .. ကျွန်တော်ဒီနေ့ မနက်မှ မြို့တက်ပြီး ၀ယ်လာတာ .. မနေ့ ညကအဖေ ပိုက် ဆံ ပေးတာ .. 

ရှိုက်ကြီး တငင်နဲ့ ရိုဟန် တစ်ယောက် ပြောနေ ပေမယ့်လည်း .. 

အောင်ကျော်ဇင် ကတော့ ထပ်ရိုက်ပြီး .. 

ဟေ့ကောင် .. ပြော .. မင်းပြောစမ်း .. ဒါ ဘင်္ဂလားက၀ယ်လာ တယ်လို့ .. ပြီးရင် စာရွက်ပေါ်မှာလက် မှတ် ထိုးရမယ် .. 

မွေးကတည်းကတခါမှဒီလိုအရိုက်မခံရဘူးတဲ့ရိုဟန်တစ်ယောက်ဘာလုပ်ရမှန်းမသိ။နာကျင်တဲ့ ဒဏ်ကြောင့် ငိုကြွေးရုံ ကလွဲပြီး ဘာမှ မတတ် နိုင်တဲ့ အချိန်မှာ အောင်ကျော်ဇင်က …

အေး ငါ မင်းအဖေကို ခေါ်ဖို့ လွှတ်လိုက်မယ် .. 

ဒီလိုနဲ့ တစ်နာရီခွဲ လောက်ကြာတော့ ရိုဟန်ရဲ့ အဖေ ရောက်လာတယ်။ အောင်ကျော်ဇင်က 

ခင်ဗျားသားဘင်္ဂလား ဖုန်းသုံးလို့ ဖုန်းသိမ်းပြီး ဖမ်းထားတယ် .. ငွေ ၃ သိန်း မပေးရင် ရုံးတင်မယ် .. ထောင် ၃ နှစ် ကျမယ် .. ပေးမလား .. မပေး ဘူးလားပြော .. 

ရိုဟန် အဖေကတော့ ဘာဖြစ် သွားတယ်ဆိုတာနားမလည်နိုင်။ ဘယ်လို ဖြစ်ဖြစ် ဒီလောက် ချစ်ရတဲ့ သား ကို ထောင် ၃ နှစ် အကျ မခံနိုင်။ 

ဟုတ်ပြီ ဆရာ .. ကျွန်တော်တို့ မနက်ဖြန်ပေးပါမယ် .. ကတိပေးပါတယ် .. ကျွန်တော့်သားကို လွှတ် လိုက်ပါ .. 

မရဘူး .. ရော့ပတ္တမြားရော့ နဂါးဘဲ .. ငွေ ၃ သိန်းယူလာခဲ့ .. 

ဆရာ အိမ်မှာငွေမရှိဘူး .. မိန်းမရဲ့ ရွှေရောင်းပြီး ပေးရမှာ .. မနက်ဖြန် တကယ်ပေးပါမယ် .. သားကို လွှတ်ပေးပါဗျာ .. တောင်းပန်ပါတယ် .. 

အဖေ ဆိုတော့သားကို တစက္ကန့်မှ အချုပ်ခန်းထဲ မထားချင်။ 

ေ-ာက်ကုလား .. စကား မများနဲ့ .. ပိုက်ဆံပေးနိုင်မှ မင်းသားကို လာခေါ် .. 

အောင်ကျော်ဇင်ရဲ့ အသက် ၄၀ ထက်မပိုနိုင်။ ရိုဟန်အဖေရဲ့အသက်က ၅၀ ကျော်။ သို့ပေမယ့်ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံ တာကို ဘာမှ ပြန်ပြောခွင့် မရှိ။ 


ကောင်းပါပြီ .. ကျွန်တော် ဒီည အတွင်း ကြိုးစားပြီး လာပေးပါမယ် .. 

အပြေး တပိုင်းနဲ့ အိမ်ပြန်။ မိန်းမကို အကျိုး အကြောင်းတောင် မပြောနိုင်။ လည်ပင်းက ဆွဲကြိုးကို ဖြုတ် ခိုင်းပြီး ရွာထဲ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရောင်းတော့ ငါးမူးသား ဆွဲကြိုးလေးက ကာလ တန်ဖိုးနဲ့ ၃ သိန်းခွဲလောက် တန်ပေမယ့် ၃ သိန်းနဲ့ ရောင်းပြီး၊ အောင်ကျော်ဇင်ရဲ့ ရုံးကို ပြေးပါ တော့တယ်။ 

ဆရာ .. ဒီမှာပါ ငွေ ၃ သိန်း .. စစ်ကြည့်ပါ .. ကျွန်တော့် သားကို လွှတ်ပေးပါ ဆရာ .. 

ရိုဟန် အဖေ ငွေသွား ယူတုန်းလည်း ရိုဟန် ခမျာ နှစ်ကြိမ် တိတိ ထပ်ရိုက်ခံ ရပါ သေးတယ်။ ဒီလိုနဲ့ သား အဖ နှစ်ယောက် အိမ်ပြန် ရောက်တော့ ည ၉ နာရီ။ သားတော် မောင်ကို ဖခင် ဖြစ်သူက ရေချိုး ခိုင်းပြီး၊ မိခင် ဖြစ်သူကို အကျိုး အကြောင်းပြော။ မိသားစု ထမင်း လက်ဆုံ စားရင်း သားဖြစ်သူကို ဘင်္ဂလားဖုန်း ကိစ္စ မေးတော့မှ အောင်ကျော်ဇင်ရဲ့ လိမ်ဆင် အမှုကို ရိုးသားတဲ့ လယ်သမားကြီး နားလည် ပါတော့တယ်။ 

ထမင်းစား ပြီးတော့ အိမ်ရှေ့က ကွပ်ပျစ်မှာ ရိုဟန် တစ်ယောက် မှိုင်နေတော့ မိခင် ဖြစ်သူက မနေနိုင်။ 

သားလေး .. ဘာမှစိတ်မကောင်း မဖြစ်နဲ့ .. အမေ့ နားကပ်လေး ရောင်းပြီး သားဖုန်း ပြန်ဝယ်လိုက် .. 

နေပါစေ အမေရယ် .. အခုတောင်သားက ငွေ ၂ သိန်းခွဲနဲ့ အမေ့ ဆွဲကြိုးအတွက်စိတ်မကောင်း ဖြစ်နေ ရတာ .. ဥပဒေက သားတို့ လူမျိုးကို ကာကွယ် ပေးတဲ့ နေ့မှ သားဖုန်းကိုင် တော့မယ် အမေ .. 

“အိမ်မက် ထဲမှာဘဲ သုံးတော့မယ် Facebook ရယ်” လို့ ရိုဟန် တစ်ယောက် စိတ်ထဲ ရေရွတ်ရင်း .. 

(မှတ်ချက် ။ ။ ရခိုင် ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများ ဖိနှိပ်ခံ နေရသည်ကို ဇာတ်လမ်း ဖွဲ့၍ ခံစား တင်ပြ ပါသည်)

Comment ရေးရန်

Rohingya Exodus