နောက်ဆုံးသတင်း/ဆောင်းပါးများ

အမေသို့ တမ်းချင်း



ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
15.1.2014

အမေသို့ တမ်းချင်း

စုံလင်သော မိသားစုဝင်တွေ
အိမ်နန်းရဲ့ တစ်နေရာမှာ
တစ်ဝိုင်းတည်း ထိုင်ပြီး
မြိန်ရှက်စွာ စားပျော်ခဲ့တဲ့ အခိုက်လေးကို
သတိရတဲ့အခါ ... ။

မိုးမလင်းခင်တည်းက
အမေတစ်ယောက် အလုပ်ရှုပ်
သားတို့အိပ်ရာထဲမှာ မလှုပ်
ကျောင်းတက်ချိန် နီးလာတော့
သားတို့ကို လာလှုပ်နိုးပြီး
ပင်ပင်ပန်းပန်း အမေတစ်ယောက်တည်း
ပြင်ဆင်ခဲ့တဲ့ စားစရာပူပူလေးတွေ
သားတို့အား ကျွေးမွေးရင်း
အမေပီတိဖြစ် ပြုံးပျော်ခဲ့တာတွေ
သတိရတဲ့အခါ ... ။

အဖေက ဆိုင်သွား
အစ်ကိုအစ်မတွေ ကျောင်းသွား
ညီမက  အမေနှင့်နီးရာ
အချိန်တန်တော့
ကိုယ့်အလုပ် ကိုယ်လုပ်ပြီး
ပင်ပန်းစွာနဲ့ အိမ်ပြန်လာချိန်
အမေ့ မျက်နှာမှာ အပြုံးပန်းတွေ ပန်ရင်း
နွေးထွေးစွာ ကြိုဆိုခဲ့တာတွေ
သတိရတဲ့အခါ ... ။

နွေရာသီ၏ ပူအိုက်မှုဒဏ်
မိုးရာသီ၏ စိုစွတ်မှုဒဏ်
ဆောင်းရာသီ၏ အေးမြမှုဒဏ်
ဘယ်ဒဏ်ကိုမှ မမှုရ
အမေ့ရဲ့ hot & cool ရင်ခွင်ထဲ တိုးဝင်ရင်း
တစ်မှိတ်လောက် မှေးစက်ခွင့် ရခဲ့ရင်ဘဲ
အရာရာ မေ့ပျောက်သွားတတ်
အိပ်ရာဝင်တိုင်း ပြောခဲ့တဲ့
ပုံပြင်လေး တစ်စွန်း တစ်စကို
သတိရတဲ့အခါ ... ။

အကြမ်းဖက်သမား တွေရဲ့ ရက်စက်မှု
လူမဆန်တဲ့ ပြုကျင့်မှုတွေ နာကျင်စွာ အံတုရင်း
သားတို့ အသက်ရှင်ရေး
အမေ့အသက်ကို အကြမ်းဖက်သူလက်ထဲ
ပေးဆပ် စတေးလိုက်ရတဲ့
အခိုက်လေးကို
မြင်ယောင်မိတဲ့အခါ ... ။

အမေရေ ... အခုတော့
အမေ့ အပြုံးတွေ မြင်နိုင်ခဲ့တဲ့ဘဝ
အမေ့ hot & cool ရင်ခွင်ထဲ
မှေးစက်ခွင့် ဆုံးရှုံးသွားတဲ့ဘဝ
ဥကွဲသိုက်ပျက်နေတဲ့ ဘ၀မျိုးမှာ
စိတ်အနာ ကိုယ်အနာ များစွာနဲ့
အောက်စီဂျင်တွေ မ၀တ၀ရှုရှိုက်ရင်း
အပီပြင်ဆုံး ဒုက္ခသည်အဖြစ်
အလူးအလိမ့် ခံနေရရင်း
အထီးကျန်စွာ ဖြတ်သန်းနေတဲ့
နေ့ရက်တွေကို ကျောခိုင်းပြီး
တမလွန် အမေ့ဆီ
သားအမြန် ရောက်ချင်လွန်းနေပါပြီ ... ။

*** အမေ့များနေ့ အတွက် အမှတ်တရ ခံစား ရေးဖွဲ့သည်။

Comment ရေးရန်

Rohingya Exodus