နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်

RB News
27.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ တောင်ပြို ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး မျိုးမြင့်ဦးသည် ဒေသခံ ရိုဟင်ဂျာ များကို မတရား ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစုဈေးသို့ နာရီပြင်ရန် လာသည့် ကျောက်ချောင်း ကျေးရွာ အုပ်စု၊ ဂီးလာ တူလီရွာမှ ဇာဖရ် (ဘ) ဦးရေဖော်ထာ (အသက် ၂၄ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တပ်ကြပ်ကြီး မျိုးမြင့်ဦးက ဇာဖရ်ထံမှ ငွေကျပ် ၇၀၀၀၀ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း လူမျိုးရေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ 

“မင်းတို့ ဘင်္ဂလီ ကုလားတွေ ဒီနိုင်ငံမှာ နေချင်ရင် ငါတို့ ခိုင်းတာလုပ်၊ တောင်းတာ ပေးရမယ်။ မပေးဘူး ဆိုရင်၊ မင်းတို့ကို ထောင်ချဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ မယုံရင် စမ်းကြည့်၊ နေရာတကာမှာ မင်းတို့ ဘင်္ဂလီ တွေရဲ့ ပိုင်ဆိုင်မှု တွေကို ဖျက်ဆီး ပစ်နေတာ မင်းမကြားဘူးလား” ဟု ရဲတပ်ကြပ်ကြီး မျိုးမြင့်ဦးက ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဒေသခံ များက ယခုကဲ့သို့ ဥပဒေမဲ့ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ် နေခြင်းကို အရေးယူ ပေးရန် အာဏာပိုင် များကို အမြဲတစေ တိုင်ကြား သော်လည်း အာဏာပိုင်များ ကိုယ်တိုင်က ၎င်းတို့၏ လက်အောက် ငယ်သား များကို ယခု ကဲ့သို့ မတရား ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရန် အားပေး အားမြှောက် ပြုလုပ် နေခြင်း ဖြစ်သည့် အတွက် မည်သည့် အခါကမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus