နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်ထပ်ခွင့် မတောင်းဟု စွပ်စွဲ၍ ရွာအုပ်ချုပ်ရေးများက ငွေညှစ်

Sindi Khan
RB News
19.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာ (ခါဆာဘီလ်) အုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ဒေသခံ ရွာသူရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ဦးဟိုက်ရုအာမီးန် (ဘ) ဦးအာစ်မောတ်အလီ (အသက် ၂၆ နှစ်) အား လက်ထပ်ခွင့် မရှိဘဲ လက်ထပ်ထားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးရန် လိုက်လံ ရှာဖွေခဲ့ပြီးနောက် မော်လ၀ီ ဦးမူဟီဘုလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၅၀ နှစ်) အား အစ္စလာမ် တရားတော်နှင့် အညီ နေကာရှာဒီ ပြုလုပ်ပေးခဲ့သည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် ဟာဖီးဇ် ဦးဆွေယာဒုလ် ဘော်ရှော်ရ် (ဘ) ဦးကာဒဲရ် ဘောက်ခ်ရှု (အသက် ၂၈ နှစ်) ကို လက်ထပ် ထိမ်းမြားရာတွင် သက်သေ အဖြစ် ပါဝင်ခဲ့သူဟု စွပ်စွဲ၍ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

အုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ဒေသခံ ရွာသားများကို တစ်ဖက်နိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲနေသည်၊ မိသားစုဝင် များထဲက နိုင်ငံခြားသို့ တရားမ၀င် ထွက်ခွာသွားသူများ ရှိနေသည်ဟု၍ အကြောင်း အမျိုးမျိုးဖြင့် စွပ်စွဲ၍ မကြာခဏ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူပင် မောင်တောမြို့နယ်၊ မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် နှစ်လကျော်က တရားဝင် လက်ထပ်ခွင့်ဖြင့် လက်ထပ်ထားသည့် မိုဟာမတ် အနိုဝါရ် (ဘ) ဦးဟူဆောင်းအာမတ်ကို လက်ထပ်ခွင့် မယူဘဲ လက်ထပ်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus