နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးချုပ်တင်ကိုကိုက ပစ်မိန့်ထားထုတ်သည်ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆို

RB News
23.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ဒေသခံများနှင့် အစည်းအဝေးတွင် ရဲမှူးချုပ်တင်ကိုကိုက ပစ်မိန့်ထုတ်ထားသည်ဟု ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အုပ်စုရှိ မူလတန်းကျောင်းတွင် ကျီးကန်းပြင် အခြေစိုက် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး (ယခု ဂေါ်ဒူသာရ တံတားကင်းစခန်းနေ) ရဲမှူးချုပ်တင်ကိုကိုက ဒေသခံ အချို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲ အထိ နှစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် မောင်တောခရိုင်၊ ဥပဒေအရာရှိ၊ ကျီးကန်းပြင် အခြေစိုက် မကဖ အဖွဲ့ခွဲမှူး၊ အလယ်သံကျော် အခြေစိုက် အမှတ် (၁၃) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ခင်မောင်လှ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲစခန်းမှူး တို့တက်ရောက်ခဲ့ပြီး၊ ဒုချီရားတန်း ကျေးရွာ၏ အနီး ပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သည့် ပညောင်ပင်ကြီး (ဒေါ့မ်ခါလီ)၊ ဂေါ်ဒူသာရ၊ ဒုညောင်ပင်ကြီး (ချီ့ယာရာ ဖာရာ)၊ ပဒင်း (ဘောဒ္ဒေလ်)၊ တပ်ဦးချောင်း (ဘဂုံးနား)၊ ပန်းတောပြင် (နော်ဘောန္နါ) ကျေးရွာ အုပ်စု များမှ အုပ်ချုပ်ရေးမှူးများ၊ ၎င်းကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကြီးကြပ်မှု အဖွဲ့ (၅) ဦး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ဘာသာရေးဆရာများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ရဲမှူးချုပ်တင်ကိုကိုက ဇန်န၀ါရီလ ၁၃ ရက်နေ့ညတွင် လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို အကြမ်းဖက်မှုကြောင့် ၎င်း၏ လက်နက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံးနေသည်မှာ ယခုထိဖြစ်ကြောင်း၊ ၎င်းကို ရှာဖွေဖော်ထုတ် ပေးရန် အစည်းအဝေး ခေါ်ယူ ခဲ့သည်မှာ ယခုဆိုလျှင် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ မိမိကိုယ်တိုင် ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် အခြေစိုက် နေထိုင်လျက် ရှိသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ လာရောက်၍ အကြောင်းကြားခြင်း မရှိကြောင်း၊ ဒေသခံများ အနေဖြင့် ဤကိစ္စ ပြီးမြောက်သွားသည်ဟု မယူဆဘဲ ဆက်လက် ဖော်ထုတ်သွားမည်ကို မှတ်ယူရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် နှုတ်ဆိတ်နေ၍ ရမည် မဟုတ်ကြောင်း၊ ဒေသခံများ အနေဖြင့် ဤကိစ္စကို မဖြစ်မနေ ဖော်ထုတ် ပေးရမည် ဖြစ်ကြောင်း၊ မောရ၀တီရွာနှင့် ဥဒေါင်းရွာကြားသို့ ရဲတပ်ရင်း အမှတ် ၃၉ မကြာမှီ ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ လာမည့် ရဲတပ်ရင်း၏ အင်အားကို အသုံးချပြီး ရွာများအားလုံးကို ၀င်ရောက်ရှာဖွေမည် ဖြစ်ကြောင်း၊ အကယ်၍ အင်အားမလုံလောက်ပါက တပ်မမှူးကို အကူအညီတောင်းပြီး စစ်တပ် အင်အားကို ယူသုံးမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက ပဒင်းကျေးရွာတွင် အဒူရော်ဟိမ်း (ခ) မာဇီကို ဖမ်းရန်သွားသည့် အချိန်တွင် ရွာမှ အမျိုးသမီးငယ် များက ၀ိုင်း၍ လာခဲ့ကြောင်း၊ အဒူရော်ဟိမ်းသည် ဒုချီရားတန်း ကိစ္စကို ချုပ်ကိုင် ထားသူ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ၀ိုင်းလာပါက သေနတ်ဖြင့် ပစ်ရန် ဒုရဲအုပ်များကို ပစ်မိန့် ပေးထားပြီး ဖြစ်ကြောင်း၊ အဒူရော်ဟိမ်းသည် ၂၀၁၂ ခုနှစ် အရေးအခင်းတွင်လည်း ပါဝင်ခဲ့သည်ဟု ရဲမှူးချုပ်တင်ကိုကိုက စွပ်စွဲ၍ ထည့်သွင်းပြောကြား ခဲကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့နောက် မြို့နယ် ရဲတပ်ဖွဲ့မှူးက တရား ဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ် ရဲစခန်းမှူးက ရဲတပ်ကြပ်ကြီး သေဆုံး ပျောက်ဆုံး နေခြင်းနှင့် ပတ်သက်၍ မဖော်ထုတ် မပေးမချင်း ရွာသားများကို ညှဉ်းပန်း နှိပ်စက်သွားမည် ဖြစ်ကြောင်း၊ ရဲများသည် တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင် နေသူများ ဖြစ်ကြောင်း၊ အနောက်ရွာကို ရဲများက မီးရှို့သည်၊ အောင်ဇံဖြူက လူ ၈ ဦးကို သတ်သည်ဟု ဒေသခံများက ပြောဆို နေကြသော်လည်း နောက်ဆုံးတွင် ဒေသခံများ ကိုယ်တိုင် အလိမ်ခံ နေရပြီဖြစ်ကြောင်း၊ စသည်ဖြင့် ခြိမ်းခြောက်ခြင်း များစွာကို ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မကဖ အဖွဲ့ခွဲမှူးက ကလေး တစ်ယောက် မွေးဖွားလျှင် တစ်ပတ်အတွင်း အကြောင်းကြား၍ အထစ စာရင်းတွင် တင်သွင်းရမည် ဖြစ်ကြောင်း၊ အကယ်၍ ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ် အထိ ချမည်ဖြစ်ကြောင်း၊ ထိုနည်းတူစွာ လူတစ်ဦး သေဆုံးလျှင်လည်း တစ်ပတ်အတွင်း အထစမှ ပယ်ဖျက်ပြီး၊ ၎င်းကိုင်ဆောင်သော မှတ်ပုံတင် ကဒ်ပြားကို နီးစပ်ရာ စခန်းသို့ အပ်နှံရမည် ဖြစ်ကြောင်း၊ မအပ်နှံဘဲ တစ်စုံတစ်ဦး လက်ဝယ်တွင် တွေ့ရှိပါက ထောင်ဒဏ် နှစ်နှစ် အထိ ချမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသို့ ထွက်ခွာသွားပါကလည်း အထစမှ အမြန်ဆုံး ပယ်ဖျက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်ဝင်လာသူကို လက်ခံထားပါက အိမ်ရှင်ကို ထောင်ဒဏ် ၅ နှစ်အထိ ချမည်ဖြစ်ကြောင်း၊ နစက အဖွဲ့ ဖျက်သိမ်းလိုက်၍ ဆွဲ၊တင်၊စစ်ကို မပြုလုပ်တော့ဟု ယူဆလျှင် မှားမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် နေပြည်တော်သို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ မကြာမှီ ဆွဲ၊တင်၊စစ် လုပ်ခွင့် ကျလာမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ပေါင်းစုံနှင့် ပူးပေါင်း၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယခု ဒုချီရာတန်းတွင် လူ ၄၀ ကျော်သေဆုံးသည် ဟုဆိုကာ မီဒီယာများတွင် အမည်စာရင်းများ တွေ့ရကြောင်း၊ မိမိအနေဖြင့် ထိုစာရင်းမှ လူများသည် မိမိတို့၏ ဌာနချုပ်မှ အထစ ပေါင်းချုပ် စာရင်းတွင် မရှိသူများ ဖြစ်ကြောင်းကို နေပြည်တော်သို့ အစီရင်ခံပြီး ဖြစ်ကြောင်း၊ မကြာမှီ သန်းခေါင်စာရင်း ကောက်ခံပါက အချက် ၄၁ ချက်ကို မှန်ကန်စွာ ဖြေဆိုရန် လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခရိုင်ဥပဒေ အရာရှိက “ကျွန်တော်က မောင်တောခရိုင် ဥပဒေအရာရှိ၊ ယခုတော့ ညွန်ကြားရေးမှူး ဖြစ်တယ်။ ခင်ဗျားတို့ ၂၀၁၂ ခုနှစ် အရေးအခင်းမှာ ရခိုင်တိုင်းရင်းသား တွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တာ ဘာအကျိုးရှိလဲ။ အရင်က အဲဒီအိမ်တွေက သက္ကယ်မိုး ဆိုရင် အခုအဲဒီအိမ်တွေ နှစ်ထပ်အိမ် သွပ်မိုးအိမ် ဖြစ်သွားတယ်။ သူတို့မှာ အရင်က ပိုက်ဆံမရှိဘူး။ အခု ပိုက်ဆံအများကြီး ရှိသွားပြီ။ ခင်ဗျားတို့ ရခိုင်တွေရဲ့ အိမ်တွေကို မီးရှို့တော့ သူတို့ သူဌေး ဖြစ်သွားတယ်။ ကင်တားနား အကြိမ်ကြိမ်လာတယ်။ ခင်ဗျားတို့ကို ဘာအကျိုးမှ မလုပ်ပေးနိုင်ဘူး။ ကင်တားနား မတ်လ ၃၀ ရက်နေ့မှာ အလုပ်ပြုတ်မယ်။ ခင်ဗျားတို့ ခေါင်းဆောင် ဦးရွှေမောင်ကလည်း ရဲလုံခြုံရေးတွေ မီးရှို့တယ်လို့ ပြောတယ်။ ခင်ဗျားတို့ကို ဘာလုပ်ပေးလို့ ရလဲ။ ဘာမှလုပ် မပေးနိုင်ဘူး။ လုပ်ပေးရင် ငါတို့ဘဲ လုပ်ပေးလို့ရမှာ။ ကျွန်တော်တို့ နိုင်ငံမှာ ပဋိပက္ခ ဖြစ်ရင် တခြားနိုင်ငံက ဘာမှလုပ်ပေးလို့ မရဘူး။ လာကြည့်လို့ဘဲ ရမှာ။ ဒုချီရားတန်းမှာ လှည့်ကင်း တာဝန် ထမ်းဆောင် နေတဲ့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေတာ ခင်ဗျားတို့အတွက် ဘာအကျိုးရှိလဲ။ အကျိုးက ရဲစခန်း ၅ ခု ထပ်ရတယ်။ ဥဒေါင်းနဲ့ မောရ၀တီကြားကို ရဲတပ်ရင်း ၃၉ လာမယ်။ ခင်ဗျားတို့ရဲ့ အခြေအနေ ဒီထက် ပိုဆိုးလာမှာဘဲ။ ခင်ဗျားတို့ အပြင်တောင် ထွက်လို့မရတဲ့ အခြေအနေ ရောက်လာမယ်” ဟုပြောကြားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲစခန်းမှူး များကို ပဒင်း ကျေးရွာတွင် အဒူရော်ဟိမ်းကို ဖမ်းဆီးရန် သွားစဉ်က ၀ိုင်းလာသည့် အမျိုးသမီးငယ် များကို ဖမ်းဆီးရန် မှာကြား ခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ရကဖမှူး ရဲမှူးချုပ်တင်ကိုကိုက နိဂုံးချုပ် ပြောကြားရာတွင် “ကျွန်တော်တို့ ဂေါ်ဒူသာရ တံတား ရဲကင်းမှာ ရှိပါတယ်။ ဒုချီရားတန်း ကိစ္စ မပေါ်မချင်း ကျွန်တော် ပြန်မှာမဟုတ်ဘူး။ ခင်ဗျားတို့ ဖော်ထုတ် ပေးရမယ်။ ကျွန်တော်တို့ ဒုချီရားတန်းရွာကို ရဲတပ်ကြပ်ကြီးနဲ့ ပတ်သက်တဲ့ တရားခံတွေကို ရှာတဲ့အခါ မတွေ့ရင် အားလုံးကို တဖက်နိုင်ငံကို ထွက်ပြေးသွားတယ်လို့ လုပ်ပစ်မယ်။ ရွာကိုလည်း သိမ်းလိုက်မယ် ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ အစည်းအဝေး အပြီးမှာ ဒုချီရားတန်း အလယ်ရွာကို သွားပြီး ရဲတပ်ကြပ်ကြီးကို ဘယ်နေရာမှာ မြှပ်ထားတယ် ဆိုတာကို ရွာသား နှစ်ယောက်ကို ဂေါ်ဒူသာရ တံတား ရဲကင်းစခန်းကို လာပြောပါလို့ မှာလိုက်ပါ” ဟု ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်သည့် ဒေသခံများက ရကဖမှူး မှာကြားသည့်အတိုင်း ဒုချီရားတန်း အလယ်ရွာသို့ သွားရောက်၍ ဒေသခံများကို ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်၍ မေးမြန်းရာ ရွာသားများက ၎င်းတို့အနေဖြင့် ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်၍ သိရှိခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် ပြစ်မှုပေါင်းစုံကို ကျူးလွန်ကြပြီး၊ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများကို နေပြည်တော် အစိုးရ မသိရှိစေရန် အတွက် ဒေသခံ ပြည်သူများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ဖုံးဖိကြသည်။ ယခုလည်း ဒုချီရားတန်းနှင့် မသက်ဆိုင်သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက ၎င်းကိုယ်တိုင် ဒုချီရားတန်း အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ပူးပေါင်း၍ ကျူးလွန်ခဲ့သည့် ပြစ်မှုကို ဖုံးဖိရန် အတွက် သွားရောက်၍ ဒေသခံများကို ပစ်ခတ် သတ်ဖြတ်ရာမှ ပေါ်ပေါက်ခဲ့သည့် ပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်များက နေပြည်တော် အစိုးရသို့ အမှန်အတိုင်း အစီရင်မခံဘဲ လိမ်ညာ၍ အစီရင်ခံလျက်ရှိပြီး ဒေသခံများကို ခြိမ်းခြောက်နည်း ပေါင်းစုံဖြင့် ခြိမ်းခြောက်လျက် ရှိသည်။

နေပြည်တော် အစိုးရကလည်း အောက်ခြေ အာဏာပိုင်များ အစီရင်ခံသည့် အစီရင်ခံစာကို လက်ကိုင်လျက် နိုင်ငံတကာကို လိမ်ညာနေသည်မှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းနေသည်ကို သတိထားဟန် မပေါ်ဘဲ၊ သွားရောက် စုံစမ်းသူများကိုလည်း ဆက်လက် လိမ်ညာရန် ခိုင်းစေလျက်ရှိသည်။



Comment ရေးရန်

Rohingya Exodus