နောက်ဆုံးသတင်း/ဆောင်းပါးများ

လ.၀.က ၀န်ကြီး ဦးခင်ရီက သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး သွယ်ဝိုက်၍ ခြိမ်းခြောက်

Hla
RB News
18.2.2014

စစ်တွေ ။ ။ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်သည့် အဖွဲ့သည် စစ်တွေမြို့၌ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ သန်းခေါင် စာရင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့ရာတွင် ဒေသခံများကို သွယ်ဝိုက်၍ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် စစ်တွေမြို့တွင် ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်သည့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၄၇ ဦးကို ခေါ်ယူ တွေ့ဆုံ၍ မတ်လတွင် ကျင်းပမည့် သန်းခေါင် စာရင်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ၊ ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကုလ သမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့သည်။ 

လ.၀.က ၀န်ကြီး ဦးခင်ရီက မတ်လတွင် ကျင်းပမည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံရာတွင် အစ္စလာမ် ဘာသာဝင် အားလုံး ပါဝင်စေ လိုကြောင်း၊ လူမျိုး ဖြည့်ရာတွင် စဉ်းစား၍ ဖြည့်စေ လိုကြောင်း၊ မည်သည့် လူမျိုး ဖြည့်လျှင် ပြဿနာ ဖြစ်မည်ကို စိုးရိမ်ရန် မလိုသည်ကို သဘောပေါက်ရန် လိုကြောင်း၊ အကယ်၍ ရိုဟင်ဂျာဟု ဖြည့်လျှင် ပြဿနာများ ဖြစ်ပေါ် လာပါက ဖြည့်သူများမှ ပြဿနာကို တာဝန်ယူ ရမည် ဖြစ်ကြောင်း၊ အစည်း အဝေး တက်ရောက် လာသူများ အနေဖြင့် နားလည် သဘောပေါက်ရန် လိုကြောင်း စသည်ဖြင့် သွယ်ဝိုက်၍ ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တဖန် ဦးခင်ရီက ဘင်္ဂလီဟု ရေးသားရန် ပြောကြားရာ ရပ်မိရပ်ဖ ဦးအောင်ကျော်က မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်ပြီး၊ ဤမြန်မာ နိုင်ငံတွင်သာ ခေတ်အဆက်ဆက် မွေးဖွား ကြီးပြင်း လာသူများ ဖြစ်သည့် အတွက် ဘင်္ဂလီဟု ဖြည့်နိုင်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟုသာ ဖြည့်မည် ဖြစ်ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်း ကောက်ခဲ့သည့် အခါကလည်း ရိုဟင်ဂျာဟု သာဖြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ဦးခင်ရီက ၎င်းအနေဖြင့် နိုင်ငံတော်မှ ပြောဆို ခိုင်း၍သာ ပြောရခြင်း ဖြစ်ကြောင်း၊ ၎င်းအား အထင်အမြင် မလွှဲမှားရန် လိုကြောင်း၊ ၎င်း၏ အကျိုးအတွက် ပြောကြားခြင်း မဟုတ်ကြောင်း၊ ဒေသခံများ ကြိုက်နှစ်သက်ရာ ရေးမယ် ဆိုပါက လွှတ်တော်က ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း ထားသည့် ဥပဒေ အရ လ.၀.က ၀န်ကြီး ကိုယ်တိုင် ယခုကဲ့သို့ ပြောဆိုခွင့် မရှိသော်လည်း ရိုဟင်ဂျာ သမိုင်းကို ဖျက်ဆီးပစ် နေသည့် အစိုးရမှ ၎င်းတို့ ကိုယ်တိုင် ချမှတ် ထားသည့် ဥပဒေကို ချိုးဖောက်၍ ယခုကဲ့သို့ ပြောဆို နေခြင်းသာ ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus