နောက်ဆုံးသတင်း/ဆောင်းပါးများ

MAPIM အဖွဲ့ဝင် ၃ ဦး အကြမ်းဖက်ခံရမည့် စက်ကွင်းမှ လွတ်မြောက်၍ မလေးရှားသို့ ပြန်ရောက်ရှိသွား

(ဓါတ်ပုံ - MAPIM Facebook)

Hla
RB News
22.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒုက္ခသည်များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီရန် လာရောက်ခဲ့သည့် မလေးရှားနိုင်ငံ အခြေစိုက် MAPIM မှ ကိုယ်စားလှယ် ၃ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရခိုင်အစွန်းရောက် များက အကြမ်းဖက်ရန် ကြိုးစားခဲ့ရာမှ လွတ်မြောက်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိ သွားကြောင်း သတင်းရရှိပါသည်။

မလေးရှားနိုင်ငံ အခြေစိုက် အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်သည့် MAPIM မှ အဖွဲ့ဝင် ၇ ဦးတို့သည် မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့သည်။ အဖွဲ့ဝင် ၃ ဦးသည် မြ တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီတွင် မိုဟာမတ် မိုဟာမင်း ဆာမတ်နှင့် မိုဟာမတ် ဖီသရီ အဟမတ်တို့သည် အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်၍ ဒေသခံများ၏ အခြေအနေကို လေ့လာခဲ့သည်။

အောင်မင်္ဂလာမှ အပြန် မြ တည်းခိုခန်းသို့ ရောက်ရှိပြီးနောက် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး ၎င်းတို့၏ ကင်မရာများကို စစ်ဆေးရန် တောင်းဆိုပြီး၊ အကြမ်းဖက်မည့် အသွင်သို့ ပြောင်းလဲရန် ကြိုးစားနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ ခန့်ရောက်ရှိ လာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ရခိုင်အစွန်းရောက် အချို့၏ မေးခွန်းများကို အဆိုပါ MAPIM အဖွဲ့ဝင်များမှ ဖြေကြားခဲ့ ရကြောင်း၊ ကံကောင်းထောက်မ၍ မလေးဘာသာ စကားတတ်ကျွမ်း တစ်ဦးကို တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ ဘာသာပြန် နိုင်ခဲ့မှုကြောင့် ၎င်းတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သိရှိခဲ့ကြပြီး၊ အန္တရာယ် စက်ကွင်းမှ လွတ်မြောက် လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား နိုင်ငံမှ သတင်းစာ တစ်စောင်တွင် ရေးသား ဖော်ပြထားသည်။

၎င်းတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် လင်းအားကြီး ၁ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက မြ တည်းခိုခန်းမှ စစ်တွေမြို့ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ပြီး၊ ထိုမှတဆင့် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင် ပေးခဲ့သည်။ ရန်ကုန်မြို့မှ တဖန် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လေကြောင်းခရီးဖြင့် တင်ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

MAPIM သည် စစ်တွေမြို့တွင် အခြေစိုက်၍ နှစ်ဖက် လူမှုအသိုင်းအ၀ိုင်း များကို လူသားချင်း စာနာ ထောက်ထားသည့် အထောက်အပံ့ များကို ကူညီဆောင်ရွက် ပေးနေသည်မှာ အချိန်ကြာမြင့် နေပြီ ဖြစ်သော်ငြားလည်း၊ ရခိုင်အစွန်းရောက် အုပ်စုမှ ရိုဟင်ဂျာ ဒုက္ခသည်များကို ကူညီပေးခြင်းကို မလိုလားသည့် အတွက် ယခုကဲ့သို့ တိုက်ခိုက်ရန် ကြိုးစားခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်တွင်း သတင်းမီဒီယာများမှ ဝေဖန် ပြောဆိုနေကြသည်။ ထို့အပြင် အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မှီ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် အကြောင်းကြား ခဲ့သော်လည်း လုံခြုံရေး ရအောင် ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus