နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News တွင်သတင်းပါသည့် အတွက်ဟုဆိုကာ ကာယကံရှင်များကို ဖမ်းဆီး ခြိမ်းခြောက်မှုများ ပြုလုပ်နေ

MYARF
RB News
22.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာနှင့် သရက်အုပ် ကျေးရွာ အကြားရှိ တံတားကင်းစခန်းတွင် အမျိုးသမီးငယ် ၃ ဦး မဖွယ်မရာ ပြုလုပ်ခံရပြီးနောက် ငွေညှစ်ခံရသူများထဲမှ နှစ်ဦးကို ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာနှင့် သရက်အုပ် ကျေးရွာ အကြားရှိ တံတားကင်းစခန်းမှ စခန်းအမှတ် (၁၂) လုံထိန်း စခန်းမှူးက သရက်အုပ်ရွာသို့ မင်္ဂလာဆောင်ပွဲ တက်ရန်သွားနေသည့် ရိုဟင်ဂျာ လူငယ် ၅ ဦးကို ဘင်္ဂလား မိုဘိုင်းဖုန်း ဆင်းမ်ကဒ် လက်ဝယ် ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။ အမျိုးသမီးငယ် ၃ ဦးကို မဖွယ်မရာ ပြောဆို ဆက်ဆံ၍ ကိုယ်ထိလက်ရောက် စော်ကားမှုများပါ ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းကို RB News တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြခဲ့သည်။ (http://bit.ly/1jTgPbA

ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငွေညှစ်ခံရသူ များထဲမှ မဇာဟီဒါဘေဂမ် (ဘ) ဦးဇော်ဟိရ် အာမတ် (အသက် ၁၇ နှစ်) နှင့် ရော်ရှိတ်အာမတ် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၁၉ နှစ်) တို့နှင့် ၎င်းတို့၏ ဖခင်များကို လုံထိန်းစခန်းသို့ ဆင့်ခေါ်၍ စခန်းမှူးက “ဟိုတစ်နေ့က ကိစ္စကို RB News ကိုဘာကြောင့် ပြောတာလဲ။ မင်းတို့ဆီက ယူခဲ့တဲ့ငွေ နှစ်သိန်းငါးသောင်းက အခုထိ ရွက်ညိုတောင် အုပ်ချုပ်ရေးမှူး ဆီမှာဘဲ ရှိသေးတယ်။ အဲဒါကို ဘာကြောင့် ငါယူတယ်ဆိုပြီး သတင်းပို့တာလဲ။ ခုတော့ မင်းတို့ဆီက ရတဲ့ ဘင်္ဂလား ဆင်းမ်ကဒ်နဲ့ တရားဆွဲမယ်” ဟု ပြောဆို ခြိမ်းခြောက်ရာ လူငယ်နှစ်ဦး၏ ဖခင်များက အဆိုပါ သတင်းကို ၎င်းတို့ ပို့ခဲ့ခြင်း မဟုတ်ကြောင်း၊ ဆင်းရဲ နွမ်းပါးသူ များဖြစ်၍ ယခုကဲ့သို့ စွပ်စွဲပြီး တရားဆွဲလျှင် နစ်နာဒုက္ခ ရောက်ရမည် ဖြစ်ကြောင်း၊ အမျိုးမျိုး ပြော၍ တောင်းပန်သော်လည်း စခန်းမှူးက ကြိမ်ချောင်း ရဲစခန်းတွင် ရဲမှူးကိုယ်တိုင် ဤကိစ္စကို စစ်ဆေးရန် ရှိသည်ဟုဆိုကာ နေ့လည် ၃ နာရီခန့်တွင် ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

စခန်းမှူးက ကြိမ်ချောင်း ရဲစခန်းတွင် မေးမြန်းပါက ဆင်းမ်ကဒ် တစ်ခုကို လမ်းတွင် ကောက်ရခဲ့သည်ဟု ထွက်ဆိုပါက အမှုလျှော့မည်ဟု လိမ်လည်ထွက်ဆိုရန် ပြောကြားခဲ့သည်။ ကြိမ်ချောင်း ရဲစခန်းတွင် လူငယ်နှစ်ဦးနှင့် ဖခင်တို့ကို စစ်ဆေးပြီးနောက် ညနေ ၅ နာရီတွင် မောင်တောရဲစခန်းသို့ ခေါ်ဆောင်လာ၍ လူငယ်နှစ်ဦး ဖြစ်သည့် မဇာဟီဒါဘေဂမ်နှင့် ရော်ရှိတ်အာမတ်တို့ကို ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

အဆိုပါ ရွက်ညိုတောင် ရွာသား လူငယ်များသည် RB News နှင့် ပတ်သက်သူများ မဟုတ်ဘဲ၊ ဒေသတွင်းရှိ သတင်းထောက်များ၏ စုံစမ်းမှုကြောင့် မတရားသဖြင့် မဖွယ်မရာ ပြုလုပ်ခံရမှုနှင့် ငွေညှစ်ခံရမှု အကြောင်း သတင်းအဖြစ် ပါလာခြင်း ဖြစ်သည်။ ဒေသတွင်းရှိ အာဏာပိုင် များသည် ဒေသခံ ရိုဟင်ဂျာ များကို မတရားညှင်းပန်း နှိပ်စက် ငွေညှစ်သည့် အပြင် ယခုကဲ့သို့ မီဒီယာတွင် သတင်းပါလာခြင်း အတွက် ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အောက်ခြေ အာဏာပိုင်များမှ မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုကြောင်း ဒေသခံများမှ RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ဗိုလ်မှူးရွာ လုံထိန်း ကင်းစခန်းမှ လုံထိန်းများက ငွေညှစ်ခြင်းကို ခံရသည့် ကျူရှင်ဆရာ တစ်ဦးကိုလည်း RB News တွင်သတင်းပါ လာသည့် အတွက်ဟုဆိုကာ မောင်တော ရဲစခန်းမှ စခန်းမှူးက ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရပါသည်။


Comment ရေးရန်

Rohingya Exodus