နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ၆ မိုင် တံတားဂိတ်မှ ရဲများက မတရားဖမ်းဆီး ငွေညှစ်




RB News
14.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၆ မိုင် တံတားဂိတ်သည် အဆိုးဝါးဆုံး ကင်းစခန်း တစ်ခု ဖြစ်နေပြီး၊ မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် ၆ မိုင် တံတားဂိတ်သည် အဆိုးဝါးဆုံး ကင်းစခန်း တစ်ခု ဖြစ်နေပြီး၊ တပိုင်တနိုင် စီးပွားရေး လုပ်ကိုင် နေသူများကို ပစ်မှတ်ထား ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သိရှိရပါသည်။

“န.စ.က မတိုင်ခင် တုန်းက ကျွန်တော်တို့ မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ရှိခဲ့တယ်။ န.စ.က လက်ထက်မှာ ဒီ ၆ မိုင် တံတားကနေ သွားရင် အမျိုးသား မှတ်ပုံတင် ကဒ်ပြား ဆိုရင် ပုံစံ (၄) မလိုဘူး။ ယာယီ ကဒ်ပြား ကိုင်ဆောင်သူ တွေလည်း အရေးကြီးရင် ပြောဆိုပြီး သွားလာလို့ ရခဲ့တယ်။ အခုတော့ သွားလာလို့ မရတဲ့ အပြင် တပိုင်တနိုင် စီးပွားရေး လုပ်ကိုင် စားသောက် နေတဲ့သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး ထောင်ချတာတွေ ရှိသလို၊ ငွေညှစ်တာတွေလည်း အများကြီးဘဲ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇွန်လ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန် ပုံစံ (၄) ဖြင့် တရားဝင် သွားလာ၍ တပိုင်တနိုင် စီးပွားရေး လုပ်ကိုင်နေသည့် ဘူးသီးတောင်မြို့မှ ဒေသခံ ရိုဟင်ဂျာ (၆) ဦးနှင့် မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာ (၁) ဦးကို ၆ မိုင် တံတားဂိတ်မှ ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။ ဘူးသီးတောင်မြို့နယ်မှ ဒေသခံ (၆) ဦးထံမှ ငွေညှစ်၍ ပြန်လွှတ်ပေးခဲ့သော်လည်း မောင်တောမှ ဒေသခံ တစ်ဦးကို တရားစွဲဆို၍ ထောင်ချရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

“ဘူးသီးတောင်က ဒေသခံ ၆ ယောက်ကိုတော့ ပြန်လွှတ်လိုက်တယ်။ သူတို့ ၆ ယောက်က တစ်ယောက်ကို ငွေကျပ် ၃ သိန်းကနေ ၅ သိန်းထိ ပေးခဲ့ရတယ်။ အဲဒီငွေတွေထဲက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဘာလီနဲ့ မြို့နယ် စခန်းမှူး တို့က ဝေစုရကြပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးကတော့ သူ့ရဲ့ လက်အောက်ငယ်သား တွေကို ထိန်းသိမ်းနိုင်မှု လုံးဝ မရှိဘူး။ အောက်ခြေက ၁၀ သိန်းလောက် စားပြီး၊ သူ့ကို ၅ သောင်းလောက် ခွဲပေးရင် ပျော်နေတယ်။ အဲဒီတော့ အောက်ခြေက ရဲတွေက ဒေသခံတွေကို မတရား ဖမ်းဆီးပြီး ငွေညှစ်တာတွေ ပိုများလာတယ်။ ပြီးတော့ နယ်ထိန်းခေါင်းဆောင်၊ တာဝန်ကျ စခန်းမှူးနဲ့ အခြားသော ရဲတွေက လုပ်ချင်သလို လုပ်ကြတယ်။ အဆိုးဆုံး ကတော့ ဒုရဲအုပ် ကျော်လှ ဖြစ်ပါတယ်။ သူငွေရဖို့ အတွက် နေ့စဉ်နဲ့ အမျှ ပြဿနာ ပေါင်းစုံ ဖန်တီးပါတယ်။ ဒုရဲအုပ် ကျော်လှက အခြားရဲတွေ ၃ သိန်းညှစ်ရင် သူက ၁၀ သိန်း ညှစ်တယ်။ အထက် အာဏာပိုင်တွေက သိပေမယ့်လည်း အဲဒီ ဒုရဲအုပ် ကျော်လှကို ဟန့်တားတာမျိုး မရှိဘူး။ အခုလို ရဲတွေက ဥပဒေမဲ့ ရိုက်နှက် ငွေညှစ်တာတွေကို ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်ထဲရေး ၀န်ကြီးနဲ့ ရဲချုပ်တို့က စုံစမ်း စစ်ဆေးမှုတွေလုပ်ပြီး အရေးယူ ဆောင်ရွက် ပေးဖို့ ကျွန်တော်တို့ ဒေသခံတွေ တောင်းဆိုပါတယ်။” ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

“ပြည်နယ် ရဲတပ်ဖွဲ့မှူးဆီမှာ နေ့စဉ် ဖြစ်ပျက် နေတဲ့ ငွေညှစ်မှုတွေ၊ ရိုက်နှက် နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာ တွေရှိပါတယ်။ ဒါပေမယ့် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိပါဘူး။ ဝေစုရနေလို့သာ အဲဒီလို ငြိမ်နေတယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ပြည်ထဲရေး ၀န်ကြီး ကိုယ်တိုင် ကိုင်တွယ်မှသာ အခု ဖြစ်ပျက် နေတဲ့ ပြဿနာတွေ ပြေလည်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

Comment ရေးရန်

Rohingya Exodus