နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံများကို လူမဆန်စွာ ရိုက်နှက်



Rohingya Eye
RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ ဂုန္နားရွာသို့ ဇူလိုင်လ (၂၈) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) (၁၆) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေတို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ စစ်ဆေးခံရန် ငြင်းဆန်သူများကို နည်းမျိုးစုံဖြင့် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယခင် န.စ.က နေရာတွင် အစားထိုး ၀င်ရောက်လာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စာရင်း ကောက်ခံသည်ဟု ခေါင်းစဉ်တပ်၍ စစ်ဆေးလျက် ရှိသော်လည်း ၎င်းတို့ ဖြည့်သွင်းသည့် စာရင်းတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင်လျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်လျက် ရှိနေကြသည်။ ဇူလိုင်လ (၂၈) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ ဂုန္နားရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (၁၆) ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေတို့ ၀င်ရောက်၍ စစ်ဆေးခဲ့ရာ စစ်ဆေးခံရန် ငြင်းဆန်သူများကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နေ့လည် ၂း၃၀ နာရီအချိန်တွင် ဒေါ်မဟာဘူးဘာ (ဘ) ဦးအာယုပ် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ထောင်စု စာရင်းတောင်းခံရာ၊ ဒေါ်မဟာဘူးဘာက မရှိဟု ပြန်လည် ပြောဆိုသဖြင့် အဆိုပါ အမျိုးသမီးကို အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက တုတ်ဖြင့် လူမဆန်စွာ ပြင်းပြင်းထန်ထန် ရိုက်နှက်၍ စစ်ဆေးခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ဒေါ်မဟာဘူးဘာ၏ နောက်ကျောတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ဒေါ်မဟာဂျေရာ (ဘ) ဦးဂုလ်ဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးသည့်အခါ ဒေါ်မဟာဂျေရာက ၎င်း၏ အမျိုးသား ဖြစ်သူ ဦးဒိလ်မိုဟာမတ် မရှိသောကြောင့် အိမ်ထောင်ဦးစီး မရှိဟု ပြောဆိုရာ၊ ဦးအထွန်းချေက လူမဆန်စွာ ရိုက်နှက်၍ အတင်းဆွဲခေါ်ပြီး စစ်ဆေးခဲ့သည်။ ဦးအထွန်းချေ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒေါ်မဟာဂျေရာ၏ ပုခုံးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၂း၃၀ နာရီ အကျော်တွင် ဒေါ်ဘီဘီအာယေရှား (ဘ) ဦးဟူဆောင်း (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ထောင်စု စာရင်း တောင်းခံသည့် အခါ ဒေါ်ဘီဘီအာယေရှားက ၎င်း၏ အမျိုးသား ဖြစ်သူ ဦးအာဇီဇူ ရာမန် မရှိဟု ပြောဆိုသဖြင့် ဦးအထွန်းချေက ထင်းဖြင့် ရိုက်နှက်၍ အတင်းဆွဲခေါ်ပြီး စစ်ဆေးခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့များက မောင်ကိုက်ဆဲရ် (ဘ) ဦးရော်ဟိမ်း မူန်ရှီး (အသက် ၂၁ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်ရန် ကြိုးစားသည့် အခါ မောင်ကိုက်ဆဲရ်က တံခါး ဖွင့်မပေးသဖြင့်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အိမ်တံခါးကို အင်အားသုံး၍ ဖျက်ဆီး ၀င်ရောက်၍ နေအိမ်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ၊ ဗီဒိုများ၊ အိုးခွက် ပန်းကန်များကို ဖျက်ဆီးပစ် ခဲ့သည့် အပြင် ကလေးငယ်များ စားသောက်ရန် ချက်ပြုတ်ထားသည့် အစားအသောက်များကို အရှက်မဲ့စွာ လုယက် စားသုံး သွားကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်သစ် ဦးမောင်မောင်အုန်း တက်လာပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများကို ပိုမိုအတင့်ရဲစွာ ရက်ရက်စက်စက် ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံလာသည့် အပြင် လုယက်မှုများကိုလည်း ပိုမို လုပ်ဆောင်လာသည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus