နောက်ဆုံးသတင်း/ဆောင်းပါးများ

လ.၀.က ၀န်ထမ်းများက ဒေသခံတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်




RB News
15.7.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ၀န်ထမ်း များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ဦးထွန်းထွန်းနိုင်နှင့် အခြား ၀န်ထမ်းတစ်ဦး တို့သည် ဦးမာမတ်ရှား၊ ဦးချီဘီလီနှင့် ဦးရှော်ဘူလ္လာ တို့နှင့် အတူ အမည်းရောင် ဂျစ်ကား တစ်စီးဖြင့် လောင်ချောင်း ကျေးရွာ အုပ်စု၊ ခရုချောင်း ကျေးရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘဲ၊ ရာအိမ်မှူး ဖြစ်သူ ဦးဂုလ်အာမီးန်ကို ခေါ်ယူ၍ ဒေသခံ ရွာသား တစ်ဦး ဖြစ်သည့် ဦးနူရ်အစ္စလာမ် (ဘ) ဦးမာမတ်ဇော်လိလ်ကို ဖမ်းဆီးပြီး ခေါ်ဆောင်လာခဲ့သည်။

စစ်ဗျူဟာဂိတ် အရောက်တွင် ကားကို ရပ်၍ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ဦးနူရ်အစ္စလာမ်ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးနူရ်အစ္စလာမ်က ၎င်းသည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး သားသမီး ၁၀ ဦးကို အလုပ်ကျွေး ပြုနေသူ တစ်ဦး ဖြစ်သည့် အတွက် ပြန်လည် လွှတ်ပေးရန် အသနားခံ ပြောဆိုခဲ့သော်လည်း လ.၀.က ၀န်ထမ်းများက ပြန်လည် မလွှတ်ပေးဘဲ လ.၀.က ရုံးသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။

လ.၀.က ရုံးတွင် ဦးထွန်းထွန်းနိုင်နှင့် လ.၀.က ၀န်ထမ်းများသည် အရက်သေစာများ သောက်သုံး၍ ဦးနူရ်အစ္စလာမ်ကို လူမဆန်စွာ ရိုက်နှက်ပြီး၊ ဥပုသ်စောင့် ထားသော ဦးနူရ်အစ္စလာမ်ကို အရက်သောက်မှ ပြန်လည် လွှတ်ပေးမည်ဟု ပြောဆို၍ ဘာသာရေး စော်ကားမှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ လိုက်လာပြီး လ.၀.က ၀န်ထမ်းများကို ငွေကျပ် ၃ သိန်းပေးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ ပြန်လည် မလွှတ်ပေးမှီတွင် ဦးနူရ်အစ္စလာမ်ကို စာရွက်တစ်ရွက်ပေါ်၌ မည်သည့် ဌာနဆိုင်ရာ အရာရှိကိုမှ တိုင်ကြားခြင်း ပြုမည်မဟုတ်ဟု ခံဝန် လက်မှတ်ရေးထိုး ခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့က ထိုကဲ့သို့ လူမဆန်စွာ ပြုမှု၍ ငွေညှစ်ခြင်းကို ဦးစီးအရာရှိ ဖြစ်သူ ဦးခင်မောင်မြင့်က သိရှိသော်လည်း အရေးယူခြင်း မရှိကြောင်း သိရှိရပါသည်။ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ စီးနင်းသွားသည့် ဂျစ်ကားမှာ ခရိုင် လ.၀.က အရာရှိ ဦးစောနိုင် ပိုင်ဆိုင်သော ကားဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus